ထုံရွှမ်နယ်ပယ်သို့ တက်လှမ်းခြင်း
Vol. 12 Ch. 178
“မိစ္ဆာကောင်... ဒီကောင်ရဲ့ အင်အားက ဘာလို့ ဒီလောက်သန်မာနေရတာလဲ... ဒါက ရွှေခန္ဓာအဆင့်ရဲ့ စွမ်းအားလား...”
လော့ချန်၏ လက်သီးတစ်ချက်ကြောင့် နောက်ဆုတ်သွားရပြီး ကျန်ရှင်းလီ အံ့အားသင့်သွားသည်။ သူ၏ အင်္ကျီလက်မောင်းထဲသို့ ဖုံးကွယ်ထားသည့် ညာလက်သည် အနည်းငယ် တုန်ယင်နေသည်။
လော့ချန်၏ ခန္ဓာကိုယ်အင်အား ဤမျှထိတ်လန့်ဖွယ်ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူသည် ချီစွမ်းအင်ကို အသုံးပြုပြီး တိုက်ခိုက်စွမ်းအားကို မြှင့်တင်ထားသည်။ လက်ဖဝါးတစ်ချက်ထဲဖြင့် ပေါင်တစ်သိန်းကျော်အင်အားကို ထုတ်လွှတ်နိုင်သည်။ ခံစစ်အင်အားမှာလည်း သိသိသာသာ တိုးတက်လာသည်။
သို့သော်လည်း ဤမျှတိုင်အောင် အောက်ကျနေဆဲဖြစ်ပြီး အသေစား ထိခိုက်မှုကို ခံစားလိုက်ရသည်။
ဤသည်မှာ ကျန်ရှင်းလီ တစ်ဝက်ထုံရွှမ်အဆင့်သို့ တက်လှမ်းပြီးနောက် လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိ သိုင်းသမားတစ်ဦးထံမှ ပထမဆုံးအကြိမ် ကြီးမားသော ဖိအားကို ခံစားရခြင်းဖြစ်သည်။
“သူ့ရဲ့ စွမ်းအားက ကျိတော့ဂိုဏ်းရဲ့ လီယွမ်ထက် အနည်းငယ်သာ သာလွန်တယ်…”
လော့ချန် စိတ်ထဲတွင် ကျန်ရှင်းလီအား အကဲဖြတ်လိုက်သည်။
စွမ်းအားအဆင့်အရ ကျန်ရှင်းလီသည် လီယွမ်ထက် အများကြီး သာလွန်သည်။
သို့သော် လီယွမ်သည် ကျိတော့ဂိုဏ်း၏ တပည့်ဖြစ်ပြီး သူလေ့ကျင့်ထားသည့် ကျင့်စဉ်နှင့် သိုင်းပညာများသည် အရည်အသွေးပိုမိုမြင့်မားသည်။ အထူးသဖြင့် ချီစွမ်းအင်ကို ဖျက်ဆီးနိုင်သည့် သွေးစုပ်လက်ဖဝါးသည် အလွန်ထိတ်လန့်ဖွယ်ရာဖြစ်သည်။
ဤသို့ ခြုံ၍တွက်လိုက်လျှင် ၎င်းတို့၏ စုစုပေါင်းတိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ ကွာခြားမှုမရှိပေ။
သို့သော် ကြည့်ရသည်မှာ ကျန်ရှင်းလီတွင် ဖုံးကွယ်ထားသည့် အင်အားတချို့ရှိနေသေးပြီး အပြည့်အဝထုတ်မပြသေးပုံရသည်။
“မင်းရဲ့ အထွတ်အထိပ်စွမ်းအားကို ထုတ်ပြစမ်း...” လော့ချန်က ပြောလိုက်သည်။
ကျန်ရှင်းလီ ဒေါသထွက်သွားသည်။
“ရိုင်းစိုင်းမနေနဲ့... အခုန ငါ စမ်းသပ်ကြည့်တာပဲ... အပြာရောင်အလင်းလက်ဖဝါးက ဒီလောက်နဲ့ မပြီးသေးဘူး... ငါ့လက်ဖဝါးတစ်ချက်ကို ခုခံနိုင်ခဲ့တာက မင်းမှာ ငါ့ရဲ့ အထွတ်အထိပ်စွမ်းအားကို မြင်တွေ့ဖို့ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြတာပဲ...”
“အထွတ်အထိပ်စွမ်းအား...”
လော့ချန်က ခေါင်းခါလိုက်သည်။
“အေး... ဒါပေမဲ့ သနားစရာပဲ... မင်းကတော့ ငါ့ရဲ့ အထွတ်အထိပ်စွမ်းအားကို မြင်တွေ့ဖို့ အရည်အချင်းမရှိဘူး...”
ယခုအချိန်ထိ လော့ချန်သည် ချီစွမ်းအင်ကို အသုံးမပြုသလို သိုင်းပညာကိုလည်း ထုတ်မသုံးသေးပေ။ သူထုတ်ပြသည့် စွမ်းအားမှာ ငါးပုံတစ်ပုံပင် မပြည့်စုံသေးချေ။
အခြားဖုံးကွယ်ထားသည့် အကွက်များကို အသုံးပြုရန်ရှိမရှိမှာလည်း ကျန်ရှင်းလီတွင် ထိုအရည်အချင်းရှိမရှိပေါ်တွင်သာ မူတည်သည်။
လော့ချန်ပြောသည်မှာ အမှန်ဖြစ်သော်လည်း ကျန်ရှင်းလီ၏ နားထဲတွင်မူ ၎င်းသည် ကြီးမားသော အရှက်ရမှုတစ်ခုအဖြစ် ထင်ဟပ်သွားသည်။
“ကောင်စုတ်လေး... မင်းက အရမ်းရိုင်းစိုင်းနေတယ်... ငါ့ရဲ့ အပြာရောင်အလင်းလက်ဖဝါးနဲ့ အရိပ်ခြေလှမ်းရဲ့ စစ်မှန်တဲ့စွမ်းအားကို မင်းကို မြင်တွေ့စေရမယ်...”
မျက်နှာပေါ်တွင် ရှက်ရွံ့ဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လာပြီး ကျန်ရှင်းလီသည် ချီစွမ်းအင်ကို အဆမတန် လည်ပတ်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် အပြာရောင်အလင်းစီးကြောင်းများ ထွက်ပေါ်လာပြီး ရောင်စဉ်တန်းများအဖြစ် တောက်ပနေသည်။
အော်ဟစ်သံတစ်ခုနှင့်အတူ ကျန်ရှင်းလီ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ လော့ချန်ဆီသို့ အလျင်အမြန် ပြေးဝင်လာသည်။
“အပြာရောင်အလင်းနဲ့ အရိပ်လှမ်းခြေလှမ်း…”
လမ်းတစ်ဝက်တွင် ကျန်ရှင်းလီသည် လက်ဖဝါးအကွက်များကို ခြေလှမ်းများနှင့် တွဲဖက်အသုံးပြုကာ ပြင်းထန်စွာ ထိုးထည့်လိုက်သည်။ လက်ဖဝါးအရိပ်များသည် အရပ်လေးမျက်နှာမှ လော့ချန်ကို ဝိုင်းရံလိုက်သည်။
“ဘမ်း... ဘမ်း... ဘမ်း... ဘမ်း…”
လက်ဖဝါးအရိပ်များသည် အစစ်အတုရောနှောနေပြီး လမ်းကြောင်းများမှာ မသေချာမရေရာဖြစ်ကာ အလွန်မြန်ဆန်သည်။ ပွဲကြည့်စင်ပေါ်ရှိ အပြင်စည်းတပည့်များစွာသည် အားကုန်ကြည့်နေရသော်လည်း ဝါးတားတားအရိပ်များကိုသာ မြင်နိုင်သည်။
“ဘယ်လောက်မြန်တဲ့ အမြန်နှုန်းလဲ... ဘယ်လောက်ထူးဆန်းတဲ့ လက်ဖဝါးအကွက်လဲ…”
လူတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“ဒါကမှ အပြာရောင်အလင်းလက်ဖဝါးနဲ့ အရိပ်လှမ်းခြေလှမ်းရဲ့ စစ်မှန်တဲ့စွမ်းအားပဲ... ဒီအကွက်တွေရဲ့ စွမ်းအားက ကြယ်ငါးပွင့်သိုင်းပညာနဲ့ ယှဉ်နိုင်တယ်…”
“ဒါတွေကို မမြင်နိုင်ဘူးဆိုရင် ဘယ်လိုခုခံမှာလဲ…”
လူများစွာသည် အလိုလို သက်ပြင်းချလိုက်ကြသည်။
“လက်ဖဝါးအကွက်က အတော်လေး ကောင်းမွန်တာပဲ... သနားစရာက ငါ့အတွက်ကတော့ အသုံးမဝင်ဘူး…”
လော့ချန်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ လက်သီးများကို ဆက်တိုက်ထိုးထည့်လိုက်သည်။
“ဘမ်း... ဘမ်း... ဘမ်း... ဘမ်း... ဘမ်း…”
လက်သီးနှင့် လက်ဖဝါးများ ထိတွေ့တိုက်မိရာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေထုထဲတွင် လှိုင်းလုံးများ ထကြွလာသည်။
ထူထပ်လှသော လက်ဖဝါးအရိပ်များသည် ထိုးဖောက်ခံလိုက်ရပြီး လူရိပ်တစ်ခုသည် အလျင်အမြန် နောက်ဆုတ်သွားသည်။
ထိုသူမှာ ကျန်ရှင်းလီပင်ဖြစ်သည်။
သူ၏ နှုတ်ခမ်းထောင့်မှ နီရဲသော သွေးစီးကြောင်းတစ်ခု စိမ့်ထွက်လာသည်။
“ဘာလဲ... အပြာရောင်အလင်းနဲ့ အရိပ်လှမ်းခြေလှမ်းကို အကုန်လုံး ခုခံလိုက်နိုင်တယ်ဟုတ်လား…”
ဆွန်ချွမ်ဝူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ဖြစ်နေသည်။
သူ ဤမျှထိ အံ့အားသင့်သွားခြင်းမှာလည်း အံ့ဩစရာမဟုတ်ပေ။ အပြာရောင်အလင်းနှင့် အရိပ်လှမ်းခြေလှမ်းသည် အပြာရောင်အလင်းလက်ဖဝါးနှင့် အရိပ်ခြေလှမ်းကို တွဲဖက်အသုံးပြုထားသည့် ပေါင်းစပ်သတ်ဖြတ်အကွက်ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် ကြယ်ငါးပွင့်သိုင်းပညာနှင့် ယှဉ်နိုင်သည်။
ဤအကွက်သည် စွမ်းအားအလွန်ပြင်းထန်ရုံသာမက အစစ်အတုရောနှောနေသည့် လှည့်စားမှုအင်အားလည်း ပိုင်ဆိုင်ထားပြီး ကာကွယ်ရန် မဖြစ်နိုင်သလောက်ဖြစ်သည်။
ဤအကွက်ကို အသုံးပြုလိုက်သည်နှင့် စစ်မှန်သော ထုံရွှမ်အဆင့်တစ်ရှိ သိုင်းသမားပင်လျှင် ခုခံရန် မဖြစ်နိုင်သော်လည်း လော့ချန်ကမူ ၎င်းကို တစ်ခုချင်း ဖျက်ဆီးပစ်လိုက်သည်။
“မိစ္ဆာကောင်…”
ကျန်ရှင်းလီလည်း ဒေါသထွက်လွန်းလှပြီး မျက်လုံးများသည် သွေးရောင်သန်းနေကာ သွေးစက်များ စီးကျလာတော့မည့်အလား ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ချက်တုန်လှုပ်လိုက်ရာ နောက်ကွယ်တွင် ကြယ်ရှစ်ပွင့်ပါဝင်သည့် ငွေဦးချိုငါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။
“ငါ မင်းကို အကုန်လုံး ခုခံနိုင်တယ်လို့ မယုံဘူး…”
အော်ဟစ်သံတစ်ခုနှင့်အတူ ကျန်ရှင်းလီသည် လော့ချန်ဆီသို့ ထပ်မံပြေးဝင်လာပြီး လက်ဖဝါးအကွက်များသည် တစ်ဆက်တည်းဖြစ်နေကာ လော့ချန်ကို သက်စွန့်ဆံဖျား တိုက်ခိုက်လာသည်။
ထိုအခါ လေဟာနယ်ထဲတွင် လက်ဖဝါးအင်အားများ ထူထပ်စွာ ပြည့်နှက်လာပြီး လေထုပေါက်ကွဲသံများသည် ဆက်တိုက်ထွက်ပေါ်လာသည်။
“ဟား... ဟား... ရူးသွားပြီလား…”
လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။
ဤလက်ဖဝါးအကွက်သည် အမှန်တကယ် ကောင်းမွန်လှသည်။ တခြားလူသာဆိုလျှင် မလွဲမသွေ ထိမှန်သွားနိုင်သည်။
သို့သော် သူ့ရှေ့တွင်မူ အနည်းငယ်မျှပင် အခွင့်အရေးမရှိပေ။
မျက်လုံးများထဲတွင် ထက်ရှသောအရိပ်အယောင်များ ပေါ်ထွက်လာပြီး လော့ချန်သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ကျောက်စိမ်းကဲ့သို့ တောက်ပနေသည့် လက်သီးများဖြင့် လေးဖက်လေးတန်သို့ ပြင်းထန်စွာ ထိုးထည့်လိုက်သည်။
“ဘမ်း... ဘမ်း... ဘမ်း... ဘမ်း... ဘမ်း…”
ထိုအခါ လက်သီးနှင့် လက်ဖဝါးများ အကြိမ်ပေါင်းမည်မျှ ထိတွေ့သွားသည်ကို မသိနိုင်ဘဲ ဆက်တိုက်ပေါက်ကွဲသံများသာ ထွက်ပေါ်လာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ... ဒီလိုတောင် အကုန်လုံး ခုခံလိုက်နိုင်တယ်ဟုတ်လား…”
ဤအချိန်တွင် ဆွန်ချွမ်ဝူတစ်ဦးတည်းသာမက ပွဲကြည့်နေသူများအားလုံး အံ့အားသင့်သွားကြသည်။
ကျန်ရှင်းလီ၏ တိုက်ခိုက်မှုများသည် ခြေလှမ်းအကွက်များနှင့် တွဲဖက်ထားသဖြင့် ပြောင်းလဲမှုများမှာ မထင်မရှားဖြစ်နေပြီး အစီအစဉ်တကျမရှိသလိုပင် ဖြစ်နေသည်။
သို့သော် လော့ချန်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် မျက်လုံးများပေါက်နေသလို လက်ဖဝါးအကွက်တစ်ခုချင်းကို လွယ်ကူစွာ ခုခံလိုက်သည်။
ပဉ္စမအကြီးအကဲက အံ့အားသင့်စွာ ပြောလိုက်သည်။
“ဘယ်လောက်ထူးခြားတဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ ထိုးထွင်းမြင်နိုင်စွမ်းလဲ... ဒီလို တိုက်ခိုက်မှုတွေကို အကုန်လုံး ခုခံနိုင်တဲ့သူဆိုလို့ အပြင်စည်းထဲမှာ အနည်းငယ်ပဲ ရှိမှာ…”
ချန်ရွှမ်အကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်။
ခုခံနိုင်ခြင်းနှင့် အကုန်လုံးကို ပိတ်ဆို့ခုခံနိုင်ခြင်းသည် သဘောတရားနှစ်ခုဖြစ်သည်။ ဤမျှထူထပ်သော တိုက်ခိုက်မှုများကို အကုန်လုံး ပိတ်ဆို့ရန် ထူးခြားသော မျက်စိအာရုံ၊ စိတ်စွမ်းအင်နှင့် အမြန်နှုန်းတို့ လိုအပ်သည်။
ဤသုံးခုအနက် တစ်ခုမျှလျော့၍ မဖြစ်ပေ။
ပဉ္စမအကြီးအကဲက မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
“ဟား... ဟား.... ဟား... ဒီတစ်ပွဲမှာ လော့ချန်က အနိုင်ရတော့မှာပဲ... ဆွန်ယင်ယန်ဆိုတဲ့ အဘိုးကြီးက နောက်မှာ ဘယ်လို မျက်နှာပြရဲအုံးမလဲဆိုတာ ကြည့်ရမယ်…”
ပြိုင်ပွဲစင်မြင့်ပေါ်တွင်။
“ဘမ်း... ဘမ်း... ဘမ်း…”
ကျန်ရှင်းလီသည် ဆက်တိုက် တွန်းထုတ်ခံလိုက်ရသည်။
ဤအချိန်တွင် သူ၏ နှုတ်ခမ်းနှင့် နှာခေါင်းမှ သွေးများစီးကျလာပြီး လက်ဖဝါးနှစ်ဖက်လုံးရှိ အရေပြားများ အက်ကွဲကာ သွေးများစီးကျလာသည်။ သူ၏ ကိုယ်ပေါ်ရှိ ချီစွမ်းအင်သည် လှုပ်ရမ်းခံရသဖြင့် မရေမရာ ဖြစ်နေပြီး မည်သည့်အခါမဆို ပြိုကွဲသွားတော့မည့်အလား ဖြစ်နေသည်။
ဤအဆင့်သို့ ရောက်ရှိလာချိန်တွင် မည်သူမဆို ကျန်ရှင်းလီသည် ချီစွမ်းအင်ဖြင့် အတင်းအကြပ်ထောက်ထားရုံသာဖြစ်ပြီး အနိုင်ရရန် အခွင့်အလမ်းမရှိတော့ကြောင်း မြင်နိုင်သည်။
ကျန်ရှင်းလီလည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။
သို့သော် သူ၏ စိတ်ထဲရှိ မာန်မာနများက သူ့ကို အရှုံးပေးခွင့် မပြုပေ။
“ဒီလောက်ဆို လုံလောက်ပြီ…”
လော့ချန်သည် ကျန်ရှင်းလီ၏ အခြေအနေသည် အကွက်ကုန်သွားပြီဖြစ်ကြောင်း မြင်လိုက်ရပြီး ထပ်မံအချိန်ဆွဲမနေတော့ဘဲ ကောင်းကင်အိုးလက်သီးစွမ်းရည်ကို အသုံးပြုကာ တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင်ပင် မထင်မှတ်ထားသည့် ဖြစ်ရပ်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။
“ဗြီး…”
အဆုံးစွန်အထိ ရောက်ရှိနေသည့် ကျန်ရှင်းလီ၏ နောက်ကွယ်မှ ငွေဦးချိုငါးကြီးသည် ရုတ်တရက် ထူးဆန်းသော အော်ဟစ်သံတစ်ခုထုတ်လွှတ်လိုက်ပြီး ပါးစပ်ကြီးဖွင့်ကာ အင်အားပြင်းစွာ စုပ်ယူလိုက်သည်။
ထိုအခါ မိုးမြေချီစွမ်းအင်များသည် ထိန်းမနိုင်သိမ်းမရ စုစည်းလာပြီး ပေါ်လွင်သော လေပြွန်ပုံစံဖြစ်ပေါ်ကာ ကျန်ရှင်းလီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ ၎င်းကြောင့် သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် မျှောလွင့်နေသည်။
“ဘာလဲ…”
ဤမြင်ကွင်းကို မြင်လိုက်ရသည့် ရွှမ်ယွမ်ဂိုဏ်း၏ တပည့်များစွာသည် အံ့အားသင့်လွန်းလှသဖြင့် ထိုင်ခုံများပေါ်မှ ထရပ်လိုက်ကြသည်။
မျက်နှာမှာ တစွန်းတစ မည်းမှောင်နေခဲ့သည့် ဆွန်ယင်ယန်သည် ဤအချိန်တွင် နောက်ဆုံးတွင် ပြုံးလိုက်သည်။ “
ဒီအချိန်မှာ အဆင့်တက်လှမ်းနိုင်ခဲ့တာ အတော်လေး အချိန်ကိုက်ပဲ…”
မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ကြီးမားသော ဖိအားအောက်တွင် ကျန်ရှင်းလီသည် လူသာမန်ဘဝဖြတ်ကျော်အဆင့်နှင့် ထုံရွှမ်အဆင့်ကြား အတားအဆီးကို ချိုးဖျက်ပြီး စစ်မှန်သော ထုံရွှမ်အဆင့်သိုင်းသမားတစ်ဦး ဖြစ်လာနိုင်ခဲ့သည်။
“ထုံရွှမ်အဆင့်အောက်မှာ အားလုံးက ပုရွက်ဆိတ်တွေပဲ... ကျန်ရှင်းလီက ထုံရွှမ်အဆင့်ကို တက်လှမ်းလိုက်ပြီဆိုတော့ လော့ချန်ကို အစိတ်စိတ်အမွှာမွှာ ဖြတ်ထုတ်နိုင်တာမြင်နေရပြီ…”
ဆွန်ချွမ်ဝူက မကောင်းဆိုးဝါးပုံစံဖြင့် ပြုံးလိုက်ပြီး မျက်လုံးများထဲတွင် ရက်စက်သောအရိပ်များ ပေါ်ထွက်လာကာ လော့ချန်၏ ကိုယ်လက်အစိတ်အပိုင်းများ သွေးသားများဖြင့် ပြန့်ကျဲနေသည့် မြင်ကွင်းကို မြင်ချင်လွန်းလှသည့်အလား ဖြစ်နေသည်။
“မိစ္ဆာကောင်... ဒီအချိန်မှာ အဆင့်တက်လှမ်းလိုက်တယ်လား…”
ပဉ္စမအကြီးအကဲသည် အလွန်တရာမျက်မှောင်ကြုတ်သွားပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။
ယခုအချိန်တွင် သူပင်လျှင် လော့ချန်အနိုင်ရရန် မျှော်လင့်ချက် မထားနိုင်တော့ပေ။
“ထုံရွှမ်အဆင့်အောက်မှာ အားလုံးက ပုရွက်ဆိတ်တွေပဲ…”
ဤစကားသည် ပြောရုံသက်သက်မဟုတ်ပေ။
၎င်းသည် သံမဏိစည်းမျဉ်းဖြစ်သည်။
လော့ချန်သည် ရွှေခန္ဓာအဆင့်ကို ကျင့်ကြံပြီးစီးခဲ့သည်ပင်ဖြစ်စေ၊ ဤအချက်ကို ဖျက်ဆီးနိုင်ရန် ခက်ခဲလှသည်။
“ဟုန်း…”
ချီစွမ်းအင်လေပြွန်သည် ကျန်ရှင်းလီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
ခြေနှစ်ဖက်ဖြင့် မြေပေါ်သို့ ပြန်လည်ဆင်းသက်လိုက်ရာ ကျန်ရှင်းလီ၏ ခန္ဓာကိုယ်မှ ကြီးမားသော အရှိန်အဟုန်တစ်ခု တက်လာပြီး တောင်တန်းကြီးတစ်ခုနှယ် ဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြာရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး ထုတ်လွှတ်လာသည့် ချီစွမ်းအင်လှိုင်းများသည် ယခင်ကထက် ဆယ်ဆကျော်ပို၍ ပြင်းထန်လာသည်။