← Chapters

အာဏာခွဲဝေခြင်း

Vol. 95 Ch. 936

အာဏာခွဲဝေခြင်း

Vol. 95 Ch. 936

စုချန်းတို့၏ ရေတပ်အုပ်စုကြီးသည် ပုံရိပ်တထောင်ကျွန်းတွင် သုံးရက်ကြာအောင် နေထိုင်ခဲ့၏။ ထို့နောက် သူတို့ အနက်ရောင်ရေတပ်ကို တပါတည်း ခေါ်ဆောင်ပြီး ကျွန်းမှ ထွက်ခွာလာခဲ့ကြလေသည်။

လက်ရှိအချိန်တွင် စုချန်း၏ ရေတပ်အုက်စု၌ မတူညီသော အဖွဲ့လေးဖွဲ့အထိ ပါဝင်နေခဲ့ပြီ ဖြစ်သည်။ ထိုလေးဖွဲ့မှာ အချုပ်အနှောင်မဲ့ဂိုဏ်းမှ ဂိုဏ်းသား၅၀,၀၀၀၊ ရေအလျင်နိုင်ငံ ပင်လယ်ထိန်းချုပ်ရေးဌာနခွဲမှ စစ်သည်ပေါင်း၂၁၀,၀၀၀၊ ပင်လယ်လူသားမျိုးစိတ်များ၏ စစ်သည်ပေါင်း ၃၀၀,၀၀၀နှင့် အနက်ရောင်ရေတပ်ဖွဲ့မှ စစ်သည်ပေါင်း၇၀,၀၀၀၊ စုစုပေါင်းစစ်သည် ၆၃၀,၀၀၀တို့ပင် ဖြစ်သည်။

ထို့ပြင် ၎င်းတို့တဦးချင်းစီတိုင်းသည် သာမန်အရပ်သားများ မဟုတ်။ မူလချီစွမ်းအားပညာရှင်များဖြစ်ကြ၍ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရှိသော စစ်သည်များဟု ဆိုနိုင်သည်။

ဤမျှ အင်အားကြီးမားသော တပ်မျိုးနှင့်ဆိုလျင် မည်သည့်နယ်မြေကိုမဆို ကျူးကျော်ဝင်ရောက်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။ ဤတပ်ပေါင်းစု၏ အင်အားကို ကောင်းကင်မြို့တော်ပင်လျင် မနည်းကြီး ခုခံရပေလိမ့်မည်။

သို့သော် ဤအရေအတွက်သည် ပင်လယ်ချောက်နက်ရှိ သားရဲများအားလုံးကို ရင်ဆိုင်ရန်တော့ မည်သို့မျှ မလုံလောက်သေးချေ။

ထို့ကြောင့် စစ်ဆင်ရေးတွင်ပါဝင်သည့် စစ်သည်တိုင်းသည် အဆိုးစွန်သောအနစ်နာခံမှုအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားပြီးကြလေပြီ။

နောက်ထပ် ဆယ့်နှစ်ရက်အကြာတွင်တော့ သူတို့၏သင်္ဘောအုပ်စု ချောက်နက်၏ အစွန်းပိုင်းသို့ ရောက်ရှိလာ၏။

ဤနယ်မြေကြီးသည် ပင်လယ်သားရဲကြီးများ၏ နယ်မြေဖြစ်သည်။ ၎င်းသည် မူလကမ္ဘာကြီးတခုလုံးရှိ အကြောက်စရာအကောင်းဆုံး နေရာများအနက်မှ တနေရာဖြစ်ပြီး နတ်ဘုရားများပင်လျှင် ဂရုတစိုက် လှုပ်ရှားရမည့် နေရာမျိုးဖြစ်သည်။

သင်္ဘောအုပ်စု၏ ကြောက်မက်ဖွယ်အရှိန်အဝါသည် ပင်လယ်ချောက်နက်၏ အစွန်းပိုင်းသို့ ချည်းနင်းဝင်ရောက်လာသည်နှင့်တပြိုင်နက် အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားခဲ့၏။

လှေများသည် ရေမျက်နှာပြင်တလျှောက် အလွန်ငြိမ်သက်စွာ ရွေ့လျားနေကြသည်။ လေတိုက်သံ နှင့် လှိုင်းပုတ်သံများမှအပ မည်သည့်အသံမှ မကြားရပဲ တိတ်ဆိတ်နေ၏။ ဤအဝိုင်းအဝန်းတွင် ပင်လယ်ကိုယ်တိုင်ပင် အလွန်အမင်း ရန်လိုလာနေဟန်ရှိ၏။

တောင်တလုံးစာမျှ မြင့်မားလှသော လှိုင်းလုံးကြီးများသည် မကြာခနဆိုသလို ကောင်းကင်ဆီသို့ မြင့်တက်လာပြီး မဲမဲမှောင်သော တိမ်တိုက်များကို ဖြစ်ပေါ်လာစေသည်။ ရိုင်းစိုင်းကြမ်းတမ်းလှသည့် လေပြင်းများနှင့် ထစ်ချုံးရွာသွန်းနေသောမိုးများသည် သင်္ဘောအုပ်စုကို စိတ်ရှိလက်ရှိပင် နှိပ်စက်ကလူပြုနေ၏။ လျှပ်စီးများဖြတ်ဖြတ်လက်နေပြီး ကျယ်လောင်လှသော မိုးချုန်းသံများကလည်း သူတို့ပတ်ဝန်းကျင်ရှိ လေထုကို တုန်ခါနေစေလေသည်။

တစ်ခါတစ်ရံတွင် ကောင်းကင်တစ်လျှောက် ပျံသန်းနေသော နတ်ဆိုးငှက်ကြီးများသည် သူတို့အား အလောင်းကောင်များအား မြင်လိုက်ရသည့်ပမာ စိုက်ကြည့်နေတတ်၏။ လျှပ်စီးဝိညာဉ်များသည်လည်း ကောင်းကင်အနှံ့ ကခုန်နေပြီး တစ်ခါတစ်ရံ မီးလုံးကြီးများအဖြစ် ပေါက်ကွဲသွားလေသည်။ မိုးချုန်းဝိညာဉ်များ၊ အမှောင်လျှပ်စီးဝိညာဉ်များ၊ အထီးကျန်လေဝိညာဉ်များနှင့် အခြားသောဓာတ်ပေါင်းစုံဝိညာဉ်များသည်လည်း စိတ်မချမ်းမြေ့ဖွယ်အသံပေါင်းစုံနှင့် အော်ဟစ်ငိုယိုနေကြ၏။

တခါတရံတွင်ကား ပင်လယ်သားရဲများကိုယ်တိုင်ပင် ရေမျက်နှာပြင်သို့ တက်လာတတ်သည်။ ၎င်းတို့သည် ထွက်ပြေးရမည့်အစား သင်္ဘောအုပ်စုကို ဝိုင်းပတ်ကာ တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနေကြ၏။

"သုတေသနလုပ်ဖို့ တကယ် ကောင်းမွန်တဲ့နေရာပဲ"

စုချန်းက ကောင်းကင်တွင် ပျံဝဲနေသော ဝိညာဉ်များကို လှမ်းကြည့်ပြီး သက်ပြင်းချရင်း ပြောလိုက်သည်။

မိုးချုန်းဝိညာဉ်များသည် ပိုင်မျိုးနွယ်စု၏ မိုးကြိုးဓါးအတွက် အဓိက စွမ်းအားအရင်းအမြစ် ဖြစ်သည်။ အကယ်၍ စုချန်းသာ အချိန်ရပါက ဤဝိညာဥ်များကို သုတေသနလုပ်ပြီး မိုးကြိုးဓား၏ အစွမ်းကို အဆပေါင်းများစွာ မြင့်မားလာအောင် မြှင့်တင်ပေးနိုင်ဖွယ်ရာ ရှိနေ၏။ ကံမကောင်းအကြောင်းမလှစွာပင် ယခုတော့ စုချန်းတွင် အချိန်မရ။ ထို့ကြောင့် သူ့အနေနှင့် သက်ပြင်းချရုံမျှသာ တတ်နိုင်၏။

သုတေသနနှင့်ပတ်သက်လျင် လျှောက်လှမ်းရမည့် လမ်းကြောင်းများစွာ ကျန်နေသေး၏။ သို့သော် စုချန်း လုပ်နိုင်သည့် တခုတည်းသောအရာမှာ ရရှိလာသည့်အချိန်တွင် အရေးကြီးဆုံးတခုကိုသာ ရွေးချယ်သွားရန်သာ ဖြစ်လေသည်။

"သခင် သူတို့တွေ သခင့်ကို စောင့်နေကြပြီ"

သံမဏိက စုချန်းနောက်တွင် ရပ်ရင်း ပြောလိုက်သည်။

"အင်း"

စုချန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ ကောင်းကင်ကို ခေတ္တ စိုက်ကြည့်ပြီး ရေပေါ်နန်းဆောင်ထဲသို့ ပြန်ဝင်လာခဲ့လေသည်။

နန်းဆောင်ထဲတွင် လီကုံးရှန်၊ ဖရော့စ်ပွိုင့်နှင့် တခြားသူများ စုချန်းကို အသင့်စောင့်ဆိုင်းနေကြ၏။ တပ်ပေါင်းစု၏ လှုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များကို အမြဲတစေ ချိန်သားကိုက်စေရန် သူတို့အားလုံး စုချန်းခေါင်းဆောင်သည့် ကိုးဦးပါအဖွဲ့တဖွဲ့ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအဖွဲ့တွင် စုချန်းအပြင် မတူညီသော အဖွဲ့လေးဖွဲ့မှ လူနှစ်ဦးစီ ပါဝင်နေ၏။ ထိုလူများမှာကား လီကုံးရှန်၊ ချူယင်ဝမ်၊ ကျန့်စီချွေ့၊ ဂျီဟန်းယင်၊ ဖရော့စ်ပွိုင့်၊ ဝက်မင်စတာ၊ ကျုံးကျန်းကျွန် နှင့် တင်းဖန်တို့ ဖြစ်ကြလေသည်။

စုချန်းသည် အနက်ရောင်မီးလျံအဖွဲ့မှ တင်းဖန်ကိုသာ ဤခရီးစဉ်အတွက် တောင်းဆိုခဲ့သော်လည်း ကျုံးကျန်းကျွန်သည်လည်း စေတနာ့ဝန်ထမ်း လိုက်ပါလာခဲ့၏။

ဤသို့လိုက်ပါလာရခြင်းမှာလည်း အကြောင်းရှိပေသည်။ အနက်ရောင်ရေတပ်ဖွဲ့သည် အနက်ရောင်မီးလျံအဖွဲ့၏ အဓိက စစ်ရေးအင်အားပင် ဖြစ်သည်။ ဤတပ်ဖွဲ့ကို ကွပ်ကဲရန် ကျုံးကျန်းကျွန်က တင်းဖန်ကိုသာမဟုတ် မည်သူတဦးတယောက်ကိုမှ မယုံကြည်နိုင်။ ထို့ကြောင့် အခြေအနေကို စောင့်ကြည့်ရန် ကျုံးကျန်းကျွန်က ကိုယ်တိုင် လိုက်ပါလာခြင်းပင်ဖြစ်လေသည်။

ဤကိုးဦးခေါင်းဆောင်မှုအဖွဲ့ သည် အုပ်ချုပ်မှုအရ အမြင့်ဆုံးအာဏာပိုင် ဖြစ်သည်။ အရေးကြီးသော ဆုံးဖြတ်ချက်တိုင်းကို ဤအဖွဲ့က ချမှတ်၏။ ဤအကြံသည် ကျုံးကျန်းကျွန်၏ အကြံဖြစ်ပြီး ပင်လယ်လူသားမျိုးစိတ်များကလည်း သူ၏ အကြံဥာဏ်ကို ထောက်ခံခဲ့ကြ၏။

တကယ်တော့ ပင်လယ်လူသားများသည်လည်း အာဏာခွဲဝေမှုနှင့်ပတ်သက်လျင်တော့ စုချန်းကို အာဏာ အလွန်အကျွံ ပေးလိုခြင်းမရှိချေ။

သူတို့ စုချန်းအပေါ် မျှော်လင့်ချက်များ ထားသည်မှာ မှန်၏။ ထိုသို့ မျှော်လင့်ချက်ထားရုံနှင့် အရာအားလုံးက စုချန်း၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်ရမည်ဟု မဆိုလိုချေ။

မည်သူက သူတို့၏အုပ်ချုပ်ခွင့်အာဏာကို အခြားတဦးလက်ထဲသို့ အလွယ်တကူ ထည့်ပေးမည်နည်း။

သို့သော် စုချန်းကတော့ ဂရုမစိုက်ချေ။ အတိအကျပြောရလျှင် ပင်လယ်မျိုးစိတ်များအနေနှင့် သူ့ကို လုံလုံလောက်လောက် မျက်နှာသာပေးထားပြီးလေပြီ။ ကိုးဦးအဖွဲ့တွင် အချုပ်အနှောင်မဲ့ဂိုဏ်းမှ အဖွဲ့ဝင်သုံးဦးရှိပြီး ကျန့်စီချွေ့နှင့် ဂျီဟန်းယင်သည်လည်း စုချန်း၏ ဘက်တော်သားများ ဖြစ်သည်။ စုချန်းကသာ ပင်လယ်လူသားများကို လှည့်ဖြားရန် မကြိုးစားသရွေ့ သူတို့ကလည်း သူ့ကို ဆန့်ကျင်မည်မဟုတ်။ ထို့ကြောင့် ဤကိုးဦးခေါင်းဆောင်မှုအဖွဲ့ သည် တဦးတည်း၏စိတ်ဖြင့် လည်ပတ်နေသည်ဟု ဆိုနိုင်သည်။

သင်္ဘောအုပ်စုကား ပင်လယ်ချောက်နက်နယ်မြေသို့ ယခုမှရောက်ရှိလာခြင်းဖြစ်၍ သူတို့၏နောက်ထပ်ဆောင်ရွက်မည့်အစီအစဥ်များကို ဆွေးနွေးတိုင်ပင်ရန် လိုအပ်လျက်ရှိလေပြီ။

စုချန်း ဝင်လာသည့်အချိန်တွင် ကျုံးကျန်းကျွန်သည် စကားပြောနေရင်းတန်းလန်းအနေအထားတွင် ရှိနေ၏။

"ကျုပ်အထင်ကတော့ ပထမဆုံးအနေနဲ့ သားရဲဧကရာဇ်တပါးတည်းကို မျှားခေါ်ပြီး သူ တစ်ယောက်တည်းရှိတဲ့အချိန်ကျမှ ချေမှုန်းသင့်တယ် ထင်တာပဲ"

ဖရော့စ်ပွိုင့်က ခေါင်းခါလိုက်သည်။

"ဒီသားရဲဧကရာဇ်တွေကို မျှားခေါ်ပြီးသတ်ပစ်ဖို့ ဒီလောက် လွယ်နေတယ်ဆိုရင် ကျုပ်တို့ရဲ့အခြေအနေက ဒီလောက်ထိ ဆိုးရွားနေမှာမဟုတ်ဘူး တခုခုမှားနေမှန်းသိတာနဲ့ သူတို့ စစ်ကူခေါ်လိမ့်မယ် ကျုပ်တို့က အခု ပင်လယ်ချောက်နက်ရဲ့ ဘေးမှာရှိနေတာ ဒါ ပျားအုံကို ကန်လိုက်သလို ဖြစ်သွားလိမ့်မယ်"

ကျုံးကျန်းကျွန် ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"ဒါဆိုရင်တော့ သခင်လေးစုရဲ့အကြံညဏ်ကို နားထောင်ဖို့ပဲ ရှိတော့တယ် သူ့အနေနဲ့ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်နေတော့ ဒီလိုကိစ္စက သူ့အတွက် ဘာမှမဟုတ်လောက်ဘူး"

လူတိုင်း ကျုံးကျန်းကျွန်ကို ကြိတ်၍ ကျိန်ဆဲလိုက်ကြ၏။

ဘာမှမဟုတ်လောက်ဘူးတဲ့လား...ပိုပြီးအရေးပါတဲ့ကိစ္စမျိုးတောင် ဖြစ်နေအုံးမယ်...

ပင်လယ်သားရဲဧကရာဇ်တကောင်ကို ဖမ်းဆီးနိုင်ပါက နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ ပြသနာကို ဖြေရှင်းရန် လမ်းစပေါ်လာမည် မဟုတ်ပါလား။

သို့သော် ကျုံးကျန်းကျွန်၏ စကားက အလုံးစုံ မှားယွင်းနေသည်တော့ မဟုတ်ချေ။ တခါတရံတွင် အပျက်သဘောဆောင်သော စကားများသည် အမှန်တရားကို ဖော်ပြနေတတ်၏။

ယုတ်စွအဆုံး စုချန်းပင်လျှင် ကျုံးကျန်းကျွန်၏စကား ယုတ္တိရှိသည် ဟု ဝန်ခံရပေလိမ့်မည်။

ထို့နောက် စုချန်းက အလယ်ဗဟိုရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း အောက်ပါအတိုင်း ပြောလိုက်၏။

"ကျုပ်အနေနဲ့ တပ်မှုးကျုံးရဲ့ အကြံပြုချက်ကို နားလည်သလို လက်လည်းလက်ခံပါတယ် ကျုပ်ကိုယ်တိုင်လဲ ဒီပြဿနာကို မကြာခင် ဖြေရှင်းနိုင်မယ့် အစီအစဉ်တခုတော့ တွေးထားတာရှိတယ်"

ကျုံးကျန်းကျွန်က စုချန်းကို မျက်မှောင်ကုတ်ရင်း ကြည့်လိုက်သည်။

"အိုး ကျုပ်က သခင်လေးစုကို မယုံတာတော့ မဟုတ်ဘူး ဒါပေမယ့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်နေလဲဆိုတာကိုတော့ သိချင်တယ်"

စုချန်း စိတ်အေးလက်အေးနိုင်သောအမူအရာနှင့် ပြန်ဖြေလိုက်သည်။

"လွယ်ပါတယ် နက်ရှိုင်းဝမ်းနည်းမှုက သားရဲဧကရာဇ်တွေကို ချောက်နက်အပြင်မထွက်နိုင်အောင် တားမြစ်ထားတယ် သေခါနီးသက်ကြီးသားရဲတွေသာ ချောက်နက်အပြင်ကို ထွက်ခွာနိုင်တယ် ကျုပ် သားရဲဧကရာဇ်တွေရဲ့ သက်တမ်းကို တိုးမြှင့်ပေးနိုင်မဲ့ဆေးတမျိုးကို တီထွင်နေတာ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီဆေးက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့တယ်"

ဖရော့စ်ပွိုင့် မျက်ခုံးပင့်လိုက်၏။

"ဒီတော့ သခင်လေးစုရဲ့ဆေးက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို ပိုပြီးမြန်ဆန်စေတာပေါ့ ဟုတ်လား"

"ဟုတ်တယ်"

စုချန်း ခေါင်းညိတ်လိုက်သည်။

ယခုတော့ စုချန်း ဘာကိုဆိုလိုမှန်း လူတိုင်း နားလည်သွားခဲ့လေပြီ။

နုပျိုသော သားရဲဧကရာဇ်များကို ချောက်နက်အပြင်သို့ မျှားခေါ်ရန်မှာ မည်သို့မှ လွယ်ကူလိမ့်မည်မဟုတ်။ သို့သော် သူတို့သာ သားရဲဧကရာဇ်တကောင်၏အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို အရှိန်တင်ပေးနိုင်ပါက ၎င်းသည် ချောက်နက်အပြင်ဘက်သို့ အလိုအလျောက် ထွက်ခွာလာပေလိမ့်မည်။

"ဒီလိုဆိုရင်လဲ အဲဒီ သားရဲဧကရာဇ်အားလုံးကို တစ်ပြိုင်နက်တည်း သက်တမ်းရင့်အောင် လုပ်လိုက်ရင် ပိုပြီးမလွယ်ဘူးလား"

ဂျီဟန်းယင်က စိတ်ဝင်တစားနှင့် မေးခွန်းထုတ်လိုက်၏။

စုချန်းက ပြန်ဖြေလိုက်လေသည်။

"ပင်လယ်သားရဲဧကရာဇ်တွေဟာ အရွယ်အစား ကြီးမားလွန်းလို့ သူတို့ထဲက တကောင်ကို သက်တမ်းရင့်အောင်လုပ်ဖို့တောင် အရင်းအမြစ်တွေ အများကြီး လိုအပ်တယ် ကျုပ် ငါးနှစ်ကျော် အရင်းအမြစ်တွေ စုဆောင်းခဲ့တာတောင် ပင်လယ်သားရဲနှစ်ကောင်အတွက်ပဲ စုဆာင်းနိုင်ခဲ့တယ် ဒါ့အပြင် ပင်လယ်သားရဲတွေ အိုမင်းရင့်ရော်လာတာနဲ့ ပင်လယ်လူသားမျိုးစိတ်တွေကို စပြီး တိုက်ခိုက်လာလိမ့်မယ် ကျုပ်ကသာ သားရဲဧကရာဇ်ငါးရာကို တပြိုင်နက်တည်း အိုမင်းအောင် လုပ်မိခဲ့ရင်...... ဟဲဟဲ"

စုချန်းက သူ့စကားကို တဝက်တပျက်နှင့် ရပ်ထားလိုက်၏။ သို့သော် ဤအတိုင်းသာ တကယ်ဖြစ်ခဲ့ပါက ပင်လယ်လူသားများနှင့် အနက်ရောင်မီးလျံအဖွဲ့အတွက် ကပ်ဘေးကြီး ဖြစ်လာမည်ကို လူတိုင်း သဘောပေါက်လိုက်၏။ ပင်လယ်လူသားမျိုးစိတ်များသည် လွတ်လပ်သောလေကြောင့် အသက်ရှင်ကောင်းရှင်ပေလိမ့်မည်။ သို့သော် နက်ပ်ကျွန်းခံတပ်နှင့် ပုံရိပ်တထောင်ကျွန်းတို့ကတော့ ထာဝရ ပျောက်ဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် သားရဲအားလုံးကို အိုမင်းရင့်ရော်စေမည့်အကြံမှာ ကိုယ့်သေတွင်းကိုယ်တူးသောအကြံမျိုး ဖြစ်နေ၏။

"ဒါကြောင့် ဒီဆေးကို အချည်းနှီး မဖြုန်းတီးသင့်ဘူး တချို့ ပင်လယ်သားရဲတွေဟာ အဆိပ်ဒဏ်ခံနိုင်စွမ်းရှိတယ် တချို့ကျတော့လဲ အသက်စွမ်းအား မြင့်မားလွန်းတယ် ဒါကြောင့် ကျုပ်တို့အနေနဲ့ သင့်တော်တဲ့ပစ်မှတ်ကို ရွေးချယ်ဖို့ လိုတယ်"

စုချန်းက အကြံပြုလိုက်၏။

ဖရော့စ်ပွိုင့်က ခေါင်းညိတ်လိုက်သည်။

"ဒါက မလွယ်ပေမယ့် ဖြစ်နိုင်ချေရှိသေးတယ် သခင်လေးစုက တကယ်ကို ပြင်ဆင်လာခဲ့တာပဲ"

သူလေသံတွင် စုချန်းအပေါ် လေးစားဟန်များ ယှက်သန်းနေ၏။

သို့သော် ကျုံးကျန်းကျွန်က အေးစက်စက်အမူအရာနှင့် ပြောလိုက်ပြန်သည်။

"သခင်လေးစုမှာ တခြားအစီအစဉ်တွေရှိရင် အငိုက်မမိရလေအောင် ကျုပ်တို့ကို အခုပဲ ပြောပြပါ"

"အချိန်တန်ရင် ကျုပ် ပြောပြပါ့မယ်"

"ဒီလိုဆိုရင်လဲ ရပါတယ် ဒါပေမဲ့ ကျုပ် တခြားတခု ဆွေးနွေးချင်သေးတယ်"

"ပြောပါ"

"ကျုပ်တို့ရဲ့ အနာဂတ် အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေမလဲဆိုတာ သိချင်တယ်"

ထိုစကားကို ကြားသောအခါ လူတိုင်း မျက်မှောင်ကုတ်သွားကြ၏။

အနက်ရောင်ရေတပ်ကို သိမ်းသွင်းရာတွင် စုချန်းသည် အကျိုးအမြတ်များကို ခွဲဝေပေးမည်ဟု ပြောခဲ့၏။

ဤစကားမှာ သွေးဆောင်ခြင်းဖြစ်သလို လက်တွေ့ကျသော စကားလည်း ဖြစ်သည်။

လောကဓမ္မတာအရဆိုလျင် အများဆုံး ပံ့ပိုးကူညီသူသည် အကျိုးအမြတ်အများဆုံး ရရှိသင့်၏။ မည်မျှ ပံ့ပိုးကူညီသည်ကိုလည်း လူအင်အားအပေါ်တွင်သာ မူတည်၍ ဆုံးဖြတ်ရပေလိမ့်မည်။

ဤအတိုင်းဆိုလျင် အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် ရရှိမည့်ဝေစုမှာ အတော်လေး ဆုံးဖြတ်ရခက်နေသော အနေအထားပင် ဖြစ်နေ၏။

အချုပ်အနှောင်မဲ့ဂိုဏ်းသည် စစ်သား ၆၃၀,၀၀၀ အင်အားရှိသော တပ်ကြီးအတွက် လူပေါင်း ၅၀,၀၀၀သာ ပံ့ပိုးပေးခဲ့၏။ အကယ်၍ ဘယ်မလိုက်ပဲသာ ဝေစုခွဲခဲ့ပါက အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် ဘာဝေစုမျှပင် ရလိမ့်မည်မဟုတ်ချေ။

စုချန်း၏ အရေးပါမှုကို ထည့်သွင်းတွက်ချက်ပြီး အချုပ်အနှောင်မဲ့ဂိုဏ်း၏ဝေစုကို နှစ်ဆတိုးခဲ့လျင်ပင် အကျိုးအမြတ်စုစုပေါင်း၏ နှစ်ဆယ်ရာခိုင်နှုန်းအောက်ကိုသာ သူတို့ ရရှိပေလိမ့်မည်။

ပင်လယ်ချောက်နက်၏ ဗဟိုချက်ကို ဖျက်ဆီးရန် တာဝန်ယူထားသူ၊ ဤစစ်ဆင်ရေးကြီးတခုလုံး၏ ကြိုးကိုင်သူအနေဖြင့် အကျိုးအမြတ် အနည်းငယ်သာရရှိခြင်းမှာ ရယ်စရာပင် ကောင်းနေသေး၏။

ဤအတိုင်းသာစဥ်းစားလျင် စုချန်း၏ အခွင့်အာဏာက အားလုံးထဲတွင် အနည်းဆုံးပင် ဖြစ်နေပုံရ၏။

တကယ်တော့ လက်ရှိခေတ်ကာလကြီးသည် အခွင့်အရေးကို လက်သီးနှင့် ဆုံးဖြတ်သော ကာလကြီးဟု ဆိုနိုင်၏။

သင့်အနေနှင့် အစာတစ်ကိုက်စာမျှပင် မရရှိသေးပါက သင့်လက်သီးများ မသန်မာသေးဟု အဓိပ္ပါယ်ရနေသည်။ သင့်လက်သီးကို မည်သူမျှ မကြောက်လျင် အကျိုးအမြတ်နှင့်ပတ်သက်၍ သင့်တွင် ငြင်းခုန်ရန် အခွင့်အရေးပင် မရှိချေ။

ထို့ကြောင့် လူတိုင်းက ဤမေးခွန်းကို ရှောင်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း ခက်ခဲသော အခြေအနေဟူသည်မှာ ထာဝစဉ် ရှောင်လွှဲနေ၍ မရချေ။ အချိန်တခုကျလျင် သေချာပေါက် ဖြေရှင်းရလိမ့်မည်သာ။

ဤနေရာတွင် ကျုံးကျန်းကျွန်က လူမိုက်ဝင်လုပ်လိုက်သည့် သဘောပင် ဖြစ်သည်။ သူ့ မေးခွန်းထုတ်သည့်ပုံစံသည် စိတ်ပျက်ဖွယ်ရာတော့ ဖြစ်နေ၏။ သို့သော် သူ မေးသောမေးခွန်းများ၏ အဖြေကို ကြိုတင်စဥ်းစားထားရန် လိုအပ်နေသည်မှာ အမှန်ပင်။

လူတိုင်း စုချန်းကို လှမ်းကြည့်လိုက်ကြ၏။

သို့သော် စုချန်းက အလွန်တည်ငြိမ်အေးဆေးသော အမူအရာနှင့် ပြန်ဖြေလိုက်လေသည်။

"အကျိုးအမြတ်တွေ ခွဲဝေမဲ့ကိစ္စက ပြောဖို့စောနေသေးတယ်"

"ဒါဆို ဘယ်အချိန်က အချိန်ကောင်းဖြစ်မလဲ သခင်လေးစု"

ကျုံးကျန်းကျွန်က ချက်ချင်း ပြန်မေးလိုက်သည်။

"ရှင်းပါတယ် တိုက်ပွဲတွေ ပြီးဆုံးသွားတဲ့အချိန်မှာပေါ့ဗျာ"

ဝှက်ဖဲများကို လက်ထဲတွင် ကိုင်ထားခြင်းသည် မိမိကို အားသာစေသော ဗျူဟာတရပ် ဖြစ်သည်။ သို့သော် ညှိနှိုင်းဆွေးနွေးရာတွင်တော့ မိမိဝှက်ဖဲများကို အမြဲတမ်း ဖွက်ထား၍ မရပေ။ ထို့ကြောင့် သင့်တော်သော အချိန်တွင် ဝှက်ဖဲတချို့ကို ထုတ်ပြရန်ကား လိုအပ်နေဆဲပေတည်း။

All Chapters