ပထမဆုံးတိုက်ပွဲ (၁)
Vol. 95 Ch. 937
ထိုနေ့မှာပင် ရေတပ်အုပ်စုကြီးသည် ပင်လယ်ချောက်နက်နယ်နိမိတ်အတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့တော့၏။
သူတို့သည် လှိုင်းများ၏ သဘာဝအတိုင်း ရွေ့လျားမှုအပေါ် အလိုက်သင့်လိုက်ပါလာခဲ့သည့်အနေအထားဖြစ်လေရာ ရွေ့လျားပုံမှာကား နှေးကွေးလှသည်။ ဤသို့ ချီတက်ရသည်မှာလည်း တက်သာဆုတ်သာအနေအထားကို မျှော်တွေးထား၍ပင် ဖြစ်လေသည်။
ကောင်းကင်ပေါ်တွင်ကား မိုးသားထုတို့ မဲမဲမှောင်နေလေရာ ပတ်ဝန်းကျင်တခုလုံးအပေါ် ဖိအားသက်ရောက်စေပြီး လူတိုင်းပင် အသက်ရှုရခက်သလို ခံစားရစေ၏။ လေမှာကား ဝုန်းဒိုင်းကြဲကာ တိုက်ခတ်နေလေသည်။
ချောက်နက်ဧရိယာအတွင်း ဝင်ရောက်မိသည်နှင့်ပင် ရေပြင်တဝန်းရှိ ပင်လယ်သားရဲများ အရေအတွက်မှာ ပို၍ပို၍ များပြားလာပြီး ၎င်းတို့သည် တပ်ပေါင်းစုကို ဝိုင်းအုံလှည့်ပတ်ပြီး တိုက်ခိုက်တော့မည့်ဟန် ပြင်နေကြ၏။
သို့သော် စုချန်းတို့၏ ရေတပ်ကား ပြန်လည်တုံ့ပြန်ခြင်းမရှိ။ ထိုအစား ခံစစ်ကိုသာ လုံအောင်ပြင်ထားပြီး တအိအိ ရှေ့သို့သာ ချီနေလေ၏။
ဤအပြုအမူသည် အနီးနားရှိ ပင်လယ်သားရဲတိုင်းကို ဒေါသထွက်စေလာဟန်ရှိသည်။
ဝုန်း!!!!
ရုတ်တရက်ဆိုသလိုပင် ဧရာမလှိုင်းလုံးကြီး ဝုန်းခနဲ ထိုးတက်လာပြီး ကြီးမားလှသော လူသတ်ဝေလငါးကြီးတကောင် ရေတပ်သင်္ဘောများအနက်မှတစင်းကို ခေါင်းဖြင့် ဝင်ဆောင့်လိုက်တော့၏။ ထိုသို့ ဆောင့်လိုက်သည့်အရှိန်ကြောင့် သင်္ဘောမှာ နောက်သို့ရွေ့လျားသွားတော့သည်။
“သေစမ်း ဒါ သားရဲနတ်ဆိုးဧကရာဇ်ပဲ"
မာလိန်မှုးက ကျိန်ဆဲလိုက်၏။
ထိုအချိန်မှာပင် ပတ်ပတ်လည်ရှိ သင်္ဘောအားလုံးသည် ၎င်းတို့၏ ကာကွယ်ရေးစနစ်များကို အသက်သွင်းလိုက်ကြသည်။ အားကောင်းလှသော ပင်လယ်သားရဲကြီးများ၏ ရှေ့မှောက်တွင် စစ်သင်္ဘောများသည် ဤမျှလောက်သာ စွမ်းဆောင်နိုင်၏။
အနှီလူသတ်ဝေလငါးသည် နောက်ထပ်အကြိမ်အနည်းငယ် ထပ်မံတိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း မည်သည့် တုံ့ပြန်မှုမှမရှိ၍ စိတ်ပျက်သွားဟန်ဖြင့် ရေအောက်သို့ ပြန်လည်ငုပ်လျှိုးသွားတော့သည်။
ထိုအခါကျမှ လူတိုင်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြ၏။ သို့သော် ရှေ့တွင် ပိုမိုကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရတော့မည်ကို လူတိုင်း မြန်မြန်ဆန်ဆန်ပင် သဘောပေါက်လိုက်ကြသည်။
သိပ်မကြာမီ နောက်ထပ် ဧရာမ ပင်လယ်သားရဲကြီးတကောင် ၎င်းတို့ရှေ့တွင် ထွက်ပေါ်လာပြန်၏။
၎င်း၏အရွယ်အစားမှာ ခန့်မှန်းခြေအားဖြင့် ပေခုနစ်ရာခန့် ရှည်လျားပြီး ၎င်း၏လုံးဝန်းသည့်ခန္ဓာကိုယ်သည် ရေခဲတောင်ထိပ်ဖျားသဖွယ် ရေပြင်မှ မို့မောက်ထွက်နေသည်။ ၎င်း၏ တကိုယ်လုံးဆီမှ သက်တံ့ရောင် အလင်းတန်းများ ထွက်ပေါ်နေ၏။
ဂျယ်လီငါးကြီးတကောင်ပေတည်း။
ပို၍တိကျစွာပြောရလျင် ပင်လယ်ဘုရင်ဂျယ်လီငါးကြီးတကောင်ပင် ဖြစ်သည်။
ပင်လယ်ဘုရင် ဂျယ်လီငါးများဟူသည် တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ပင်လယ်သားရဲတကောင်ပင် ဖြစ်သည်။ ၎င်းတို့သည် မွေးဖွားချိန်မှာပင် အဆင့်မြင့်သားရဲနတ်ဆိုးတကောင်အဖြစ် သတ်မှတ်နိုင်လောက်အောင် အစွမ်းထက်ပြီး နောက်ပိုင်းတွင် နတ်ဆိုးဘုရင်အဆင့်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိသွားကြလေသည်။
ဤပင်လယ်ဘုရင် ဂျယ်လီငါးသည်ကား အရွယ်ရောက်ပြီးသား ဖြစ်ပုံရ၏။ ဆိုလိုသည်မှာ ၎င်းသည် အနည်းဆုံး နတ်ဆိုးဘုရင်သားရဲတကောင်၏ အစွမ်းမျိုး ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ကံဆိုးလျင် ၎င်းသည် နတ်ဆိုးဧကရာဇ်တကောင်ကဲ့သို့ပင် အစွမ်းထက်နေနိုင်၏။
ချောက်နက်နယ်မြေသို့ ဝင်မိသည်မှမကြာသေး ပင်လယ်သားရဲနတ်ဆိုးဘုရင်တကောင်နှင့် တွေ့ဆုံခြင်းကိုကြည့်လျင် ဤနေရာတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်သားရဲများ ရှိနေကြောင်း မြင်သာနေသည်။
တကယ်တော့ ဤသားရဲနတ်ဆိုးဘုရင် ဂျယ်လီငါးသည်ပင် ဤနေရာတွင် နေထိုင်သော ပင်လယ်သားရဲများထဲတွင် အဆင့်နိမ့်ပင်လယ်သားရဲအဖြစ်သာ သတ်မှတ်ခံရ၏။ နတ်ဆိုးသခင်သားရဲများကတော့ အခြေခံအားဖြင့် အမြောက်ဆံကဲ့သို့ သဘောထားခံရလေ့ရှိသည်။ ထိုအဆင့်အောက် မည်သည့်သားရဲမဆိုမှာကား အဆင့်မြင့်သားရဲကြီးများအတွက် အစားအသောက်များပေတည်း။
ပင်လယ်သားရဲဘုရင်ဂျယ်လီငါးကိုကြည့်ရင်း ကျန့်စီချွေ့က အော်ဟစ်အမိန့်ပေးလိုက်၏။
“ရောင်ခြည်ဖွဲ့စည်းပုံကို အသက်သွင်းမယ်”
အမိန့်သံထွက်ပေါ်လာသည်နှင့်ရေတပ်၏ထိပ်ဆုံးရှိ သင်္ဘောဆယ်စင်းခန့်သည် ဂျယ်လီငါးဘက်သို့ လှည့်လိုက်ကြ၏။ ထို့နောက် သင်္ဘောတစင်းစီတိုင်းတွင် အလင်းလှိုင်းများ စတင်ထွက်ပေါ်လာပြီး ထိုအလင်းလှိုင်းများသည် ဂျယ်လီငါးဆီသို့ တိုးဝင်သွားတော့သည်။
ဖြစ်ပေါ်လာတော့မည့် တိုက်ခိုက်မှုကို ဂျယ်လီငါး အာရုံခံမိပုံရဟန်ဖြင့် အကာအကွယ်အဖြစ် ရေပြင်ကိုတဝုန်းဝုန်းရိုက်ချရင်း လှိုင်းလုံးကြီးများကို ပေါ်ပေါက်လာစေ၏။ သို့သေူ် အလင်းတန်းသည် မည်သည့်ပင်လယ်လှိုင်းလုံးများကိုမှ ဂရုမစိုက်ပဲ ပုံသဏ္ဌာန်မဖော်နိုင်သည့် လက်တဖက်သဖွယ် ဂျယ်လီငါးကို လွှမ်းခြုံလိုက်၏။ ဂျယ်လီငါးကား အပြင်းအထန် ရုန်းကန်ရန် ကြိုးစားနေသေး၏။ သို့သော် အလင်းလက်ကြီး၏ ချုပ်ကိုင်မှုမှာ ပို၍ တင်းကျပ်လာပြီး ဂျယ်လီငါး၏ ကြီးမားဖောင်းပွနေသော ကိုယ်ကာယကြီးသည်လည်း အလင်း၏ ဖိအားအောက်တွင် တဖြည်းဖြည်း ကျစ်လျစ်လာလေသည်။ နောက်ဆုံးတွင် ဂျယ်လီငါးသည် လုံးဝမလှုပ်ရှားနိုင်တော့သည့်အထိ တင်းတင်းကျပ်ကျပ် ဖိသိပ်ခံလိုက်ရ၏။
ပွဲဦးထွက်တွင် နတ်ဆိုးဘုရင်သားရဲတကောင်ကို အလွယ်တကူ အနိုင်ရခဲ့လေပြီ။ ဤသည်ကား အဖွဲ့လိုက် တိုက်ခိုက်ခြင်း၏ စွမ်းအားပေတည်း။
ထိန်းချုပ်ခံထားရသော ပင်လယ်ဘုရင် ဂျယ်လီငါးသည် ရေအောက်သို့တိတ်ဆိတ်စွာ နစ်မြုပ်သွား၏။ အလင်းလက်ကြီး၏ စွမ်းအင် မပြိုကွဲမီအချိန်အထိ ၎င်းအနေနှင့် ပင်လယ်ကြမ်းပြင်တွင် အတိုင်းသား လဲလျောင်းနေရပေတော့မည်။
ရေတပ်သည် ဖြည်းဖြည်းချင်းပင် ရှေ့သို့ချီတက်နေ၏။ သိပ်မကြာမီ ၎င်းတို့ရှေ့တွင် ဧရာမ ရေဝဲကြီးတခုကို လူတိုင်း မြင်လိုက်ရသည်။
ပင်လယ်ချောက်နက်။
နာမည်ကျော် ပင်လယ်ချောက်နက်ပင် ဖြစ်သည်။
၎င်းသည် ဘီလူးကြီးတစ်ကောင်က ပင်လယ်ကို ဝါးမြိုနေသည်နှင့်ပင် တူနေသေး၏။ စုချန်းအနေနှင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို လေ့လာလိုပါက ဤတားမြစ်နယ်မြေအတွင်းသို့ မဖြစ်မနေ ဝင်ရပေလိမ့်မည်။
သို့သော် မည်သည့်အချိန်တွင် ဝင်ရောက်မည်၊ မည်သည့်နည်းလမ်းနှင့် ဝင်ရောက်မည်ဟူသော မေးခွန်းများကိုတော့ အဖြေရှာရန် လိုအပ်နေဆဲပင် ဖြစ်သည်။
ထိုသို့မလုပ်ဆောင်မီ ပထမဦးစွာ ပြင်ဆင်မှုတချို့ ပြုလုပ်ရန် လိုအပ်နေသေး၏။
ထိုပြင်ဆင်မှုများအနက် သားရဲမဟာဧကရာဇ်တကောင်ကို ဖမ်းဆီးပြီး သုတေသနပြုလုပ်ရန်မှာ အရေးကြီးဆုံးသော တာဝန်တရပ် ဖြစ်သည်။ ပင်လယ်သားရဲမဟာဧကရာဇ်တကောင်ကို မည်သည့်နည်းနှင့်မျှ သဘာဝအတိုင်း ဆွဲဆောင်နိုင်ဖွယ်ရာမရှိ။ ထို့ကြောင့် သူတို့အတွက် တခုတည်းသော နည်းလမ်းမှာ ၎င်းတို့၏ ကြီးထွားမှုဖြစ်စဥ်ကို အရှိန်မြှင့်တင်ပေးရန်ပင် ဖြစ်သည်။
ဆိုလိုသည်မှာ သူတို့အနေနှင့် သင့်လျော်သောအခွင့်အရေး ပေါ်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရန် လိုအပ်၏။
တကယ်တော့ ပင်လယ်သားရဲမဟာဧကရာဇ်အများစုသည် ပင်လယ်ကြမ်းပြင်တွင်သာ နေထိုင်လေ့ရှိ၏။ ချောက်နက်နယ်မြေအစွန်အဖျားသို့ တော်ရုံနှင့် လာလေ့မရှိပေ။
သို့သော် စုချန်း၏ တကယ့်ပစ်မှတ်ကလည်း သားရဲမဟာဧကရာဇ်တကောင် မဟုတ်။ ၎င်းအစား သူက သားရဲနတ်ဆိုးဧကရာဇ်တကောင်ကိုသာ ပစ်မှတ်ထား၏။
အထူးသဖြင့် သားရဲမဟာဧကရာဇ်အဆင့်သို့ ရောက်လုဆဲဆဲ အစွမ်းထက်သားရဲနတ်ဆိုးဧကရာဇ်တကောင်ကို စုချန်း ပစ်မှတ်ထားနေခြင်းပေတည်း။
ဤသို့သော ပစ်မှတ်ကို ရှာဖွေရန်မှာကား မည်သို့မှ မလွယ်ကူချေ။
ထိုအတွက် အကောင်းဆုံး နည်းလမ်းမှာ စောင့်ဆိုင်းနေရန်သာ ရှိသည်။
သို့သော် ဤသို့ စောင့်ဆိုင်းနေရသည်မှာ သုံးရက်တိုင်တိုင်ပင် ကြာမြင့်သွားခဲ့၏။ ဤအချိန်မှာ စုချန်း မျှော်လင့်မထားသော အချိန်ဖြစ်သည်။
ဤသုံးရက်အတွင်း ပင်လယ်သားရဲများသည် စုချန်းတို့၏ ရေတပ်အနီးတွင် လှည့်ပတ်သွားလာနေကြ၏။ ၎င်းတို့ထဲမှ အများစုသည် ရေတပ်ကို စုံစမ်းထောက်လှမ်းရုံမျှသာ ဖြစ်ပုံရသည်။ ဉာဏ်ရည်အနည်းငယ်ရှိပုံရသော သားရဲတချို့သာလျင် ရေတပ်ကို တိုက်ရိုက် တိုက်ခိုက်လာကြ၏။
သို့သော် တိုက်ခိုက်မှုတိုင်းကို ရေတပ်ပေါင်းစုအနေနှင့် အောင်အောင်မြင်မြင်ပင် ခုခံကာကွယ်နိုင်ခဲ့လေသည်။
သုံးရက်ဟူသော အချိန်သည် အထူးတလည် ကြာမြင့်လှသည်တော့ မဟုတ်ချေ။ သို့သော် ပင်လယ်သားရဲများ၏ ဖိအားနှင့် အမြဲတမ်းရင်ဆိုင်နေရသော အနေအထားကြောင့် သင်္ဘောသားအားလုံးမှာ စိတ်ပျက်လာကြသည်မှာတော့ အမှန်ပင်။
သားရဲလှိုင်းကြီးကို ရင်ဆိုင်နေရသည့် အခြေအနေမျိုး မဟုတ်သော်လည်း စဉ်ဆက်မပြတ် ကြီးမားသော ဖိအားကို ခုခံနေရခြင်းမှာ ရေတပ်၏ အဆင့်အတန်းအသီးသီးတွင် သဘောထားကွဲလွဲများ စတင်ပေါ်ပေါက်လာတော့၏။
အဖွဲ့တစ်ဖွဲ့ကမူ နယ်မြေမှ ထွက်ခွာပြီး ခနတဖြုတ် အနားယူပြီးမှ ပြန်လာရန် စတင်အဆိုပြုလာသည်။ ထိုအယူအဆကို ဦးဆောင်သူမှာကား ကျုံးကျန်းကျွန်ပင် ဖြစ်သည်။
နောက်တဖွဲ့ကမူ ပင်လယ်ချောက်နက်နယ်မြေတွင် ဆက်လက်နေထိုင်ပြီး သင့်လျော်သော ပစ်မှတ်ကို ဆက်လက် ရှာဖွေလိုကြ၏။ ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့က ထိုအယူအဆကို ဦးဆောင်သူများဖြစ်သည်။
နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုအပေါ် မူလက သဘောထားတူညီခဲ့သော အဖွဲ့နှစ်ဖွဲ့ကား ဆန့်ကျင်ဘက်လမ်းဆီသို့ အသီးသီး စတင်လျှောက်လှမ်းစပြုနေခဲ့လေပြီ။
ကံကောင်းသည်မှာ ဤအခြေအနေသည် ရေရှည်တော့ တည်မြဲနေခြင်း မရှိခဲ့ချေ။
သိပ်မကြာမီ နတ်ဆိုးဧကရာဇ်တကောင် စုချန်းတို့ရှေ့မှောက်သို့ အရှင်လတ်လတ်ပင် ရောက်ရှိလာ၏။
ဗွမ်း!!!
ဧရာမသားရဲတစ်ကောင် ထွက်ပေါ်လာခြင်းကြောင့် ဗွမ်းခနဲ အသံကြီးကို လူတိုင်းကြားလိုက်ရ၏။ ထို့နောက်ပင်လယ်သားရဲတကောင်သည် လူတိုင်း၏ မျက်စိရှေ့တွင် စတင်ပေါ်ပေါက်လာလေသည်။
ဤသားရဲကား လိပ်ကြီးတကောင်နှင့် တူနေ၏။ ၎င်း၏ အရေပြားကို တြိဂံပုံ အကွက်များဖြင့် ဖုံးအုပ်ထားပြီး ကျောပေါ်တွင် သံကဲ့သို့သော အခွံရှိကာ ကြီးမားလေးလံသည့် အမြီးကြီးက ဟိုမှသည်မှ လှုပ်ယမ်းနေသည်။ ဤ သားရဲ လိပ်တကောင်နှင့်မတူပဲ ကွဲပြားနေသည့် တခုတည်းသောအရာမှာ ၎င်း၏အခွံမာဖွဲ့စည်းပုံပင် ဖြစ်လေသည်။
၎င်း၏ ကျောပေါ်မှ အခွံမာသည် တဆက်တစပ်တည်းမဟုတ်ပဲ အပိုင်းအစကြီး ဆယ့်သုံးပိုင်းဖြင့် ဖွဲ့စည်းထား၏။
ဤသားရဲကား သံခွံနဂါးပင် ဖြစ်လေသည်။ တချို့ကလည်း ၎င်းကို သံခွံလိပ်ဟုလည်း ခေါ်ဆိုကြ၏။
နတ်ဆိုးဧကရာဇ်အဆင့် သားရဲတကောင်အနေနှင့် သံခွံနဂါး၏ ခန္ဓာကိုယ်မှာ ထူးထူးခြားခြား ကြီးမားနေခြင်းမရှိ။ ၎င်း၏ အရွယ်အစားမှာ ပေ၄၀ခန့်သာ ရှိ၏။ အခြားသောပင်လယ်သားရဲများစွာနှင့် နှိုင်းယှဉ်လျင် သံခွံနဂါး၏ အရွယ်အစားက သေးငယ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။
သို့သော် သံခွံနဂါးတို့၏ သဘာဝမှာ အကောင်ငယ်လေလေ ပို၍အားကောင်းလေပင် ဖြစ်သည်။ ၎င်းတို့၏ ကြီးထွားမှုပုံစံသည်လည်း ကျန်သားရဲအများစု၏ ပုံမှန် ကြီးထွားမှုပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။
ထို့ကြောင့် ယခု သံခွံနဂါး၏ အရွယ်အစားအရ ၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့် အထွတ်အထိပ်အလွှာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတိုင်းသား မြင်သာနေ၏။ ၎င်း၏ အနေအထားအရ နတ်ဆိုးမဟာဧကရာဇ်အဆင့်သို့ ရောက်ရှိရန်မှာ သိပ်မလိုလှတော့ပေ။
၎င်းသည် ပင်လယ်သမုဒ္ဒရာပေါ်တွင် မျောလွင့်နေသည့် အစက်ကလေးမျှသာဖြစ်သော်လည်း ရေတပ်စစ်သည်တိုင်း ခံစားမိသော ဖိအားမှာ ကြီးမားလှ၏။
“နောက်ဆုံးတော့ ပေါ်လာပြီ”
စုချန်း မသိမသာ ပြုံးရင်း ရေရွတ်လိုက်သည်။
ဝူး!!!
သံခွံနဂါးသည် တပ်ပေါင်းစုဘက်သို့လှည့်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ဟိန်းဟောက်သံနှင့်အတူ မရေမတွက်နိုင်သော အရိပ်များ စုဝေးလာပြီး လေထုကိုဖြတ်ကာ ရေတပ်ဆီသို့ လှိမ့်၍လှိမ့်၍ ဝင်လာလေသည်။
သံခွံနဂါး၏ ကျော်ကြားမှုသည် ဟိန်းဟောက်သံကြောင့် မဟုတ်။ သို့သော် ဤ ဟိန်းဟောက်သံ၏ နောက်ကွယ်ရှိ စွမ်းအားမှာကား အထင်ကြီးစရာကောင်းလှ၏။ တချို့ စစ်သည်များမှာ ၎င်း၏ စွမ်းအားကိုကြည့်ရင်း ထိတ်လန့်ကုန်ကြတော့သည်။
“တယ်လဲ ဉာဏ်ရည်နိမ့်ပါးတဲ့ သတ္တဝါပါလား”
သံခွံနဂါး၏ အပြုအမူကို ကြည့်ရင်း စုချန်း တီးတိုးရေရွတ်လိုက်၏။
သာမာန်အားဖြင့်ဆိုလျင် သားရဲများသည် နတ်ဆိုးသားရဲအဆင့်သို့ ရောက်လာသည်နှင့်အမျှ ပို၍ ညဏ်ရည်မြင့်မားလာတတ်၏။
သို့သော် ပင်လယ်သားရဲများအတွက်တော့ ဤ စည်းမျဉ်းက မှားယွင်းနေပုံရသည်။ ပင်လယ်သားရဲများသည် အထွားမြန်သော်လည်း ၎င်းတို့၏ ဉာဏ်ရည် ရင့်ကျက်လာရန်ကတော့ အချိန်ယူတတ်ရ၏။ ထိုကြောင့် ၎င်းတို့သည် ကုန်းမြေပေါ်ရှိ နတ်ဆိုးသားရဲများထက် စာလျင် ပို၍ မိုက်မဲကြသည်မှာ အမှန်ပင်။
ဤကွာဟချက်ကလည်း နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ သက်ရောက်ခြင်းကြောင့် ပိုမိုသိသာလာခဲ့ပုံရပေသည်။
ပင်လယ်သားရဲများကို ထိန်းချုပ်နိုင်ရန် ကောနီဂါသည် ၎င်းတို့၏ ကြီးထွားနိုင်စွမ်းနှင့် ခွန်အားကို တိုးမြှင့်ပေးခဲ့သော်လည်း တဖက်တွင်လည်း သားရဲများ၏ ဉာဏ်ရည်ညဏ်သွေးကို လျှော့ချခဲ့ရ၏။ ထို့ကြောင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ ပတ်လည်တွင် ကြီးပြင်းလာသော မည်သည့် ပင်လယ်သားရဲမဆို ဉာဏ်ရည်ချို့တဲ့နေမည်မှာ ဧကန်ပင်။ သံခွံနဂါးသည်လည်း ဘာမို့လို့ ခြွင်းချက်ရှိရမည်နည်း။
ယခုလည်း သံခွံနဂါးသည် ရန်သူ၏ အင်အားကို အနည်းငယ်မျှ ထည့်သွင်းတွက်ချက်ထားခြင်းမရှိ။ ၎င်း၏ မျက်လုံးအစုံမှာ သွေးဆာဟန်ဖြင့် ရဲရဲနီနေခဲ့လေပြီ။
၎င်း၏ ဟိန်းဟောက်သံမှာလည်း ၎င်းအတွက်တော့ တိုက်ပွဲခေါ်သံပင် ဖြစ်သည်။
ထိုအချိန်တွင် ရေတပ်မှ စစ်သည်များကား တိုက်ပွဲအတွက် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြလေပြီ။ ဤတပွဲသည် ပထမဆုံး ကြုံတွေ့ရမည့် အကြီးစား တိုက်ပွဲဖြစ်သည်။ တာထွက်ကောင်းမှ ရပေလိမ့်မည်။ အထက်ပါအတိုင်းတွေးရင်း စစ်သည်တိုင်းသည် တိုက်ပွဲကို အထူးပင် အာရုံစိုက်ထားကြ၏။
ခရုသင်းမှုတ်သံများသည် လေထဲတွင် ပျံ့လွင့်နေ၏။ ပင်လယ်လူသားမျိုးစိတ်များသည်လည်း စတင်စုဝေးနေကြလေပြီ။ ၎င်းတို့သည် ရေမျက်နှာပြင်တလွှား ဟိိုဟိုသည်သည် ကူးခတ်နေကြ၏။ သာမာန်လှုပ်ရှားမှုဟု ထင်ရသော်လည်း ပင်လယ်လူသားများကား ကြီးမားသော စွမ်းအားကို ထုတ်ဖော်ရန် ပြင်ဆင်နေကြခြင်းပေတည်း။
ပင်လယ်ထိန်းချုပ်ရေးဌာနခွဲနှင့် အနက်ရောင်ရေတပ်ဖွဲ့တို့သည်လည်း သံခွံနဂါးကို ဘေးနံနှစ်ဘက်မှ တိုက်ခိုက်နိုင်ရန် အသီးသီး ခွဲထွက်လိုက်ကြ၏။
ကျုံးကျန်းကျွန်က စုချန်းကို တချက်ကြည့်ရင်း ရယ်မောကာ အောက်ပါအတိုင်း ပြောလိုက်၏။
“အလယ်လမ်းကြောင်းကို အချုပ်အနှောင်မဲ့ဂိုဏ်းအတွက် ထားခဲ့ပြီး ကျုပ်တို့က စစ်နံနှစ်ဖက်ကနေ ညှပ်တိုက်မယ် သခင်လေးစု ဘယ်လိုသဘောရသလဲ"
ဤစကားက စုချန်းက သက်သက်မဲ့ ရန်စလိုက်သည့်စကားမျိုး ဖြစ်သည်။
အနှီအဖိုးကြီးကား တခြားလူများကို မည်သို့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရမည်ကို ကောင်းကောင်းကြီး နားလည်ထားပုံရ၏။
သို့သော် စုချန်းကတော့ စိတ်ဆိုးသည့်ပုံမပြပဲ တည်ငြိမ်အေးဆေးသော လေသံနှင့် ပြန်ပြောလိုက်သည်။
“ဒီလောက်ကြီးလဲ မလိုပါဘူးလေ နတ်ဆိုးဧကရာဇ်အဆင့် သားရဲတကောင်တည်းပဲကို ခင်ဗျားတို့အားလုံး ငြိမ်ငြိမ်လေးသာ နေကြပါ”
ဟင်...ငြိမ်ငြိမ်နေရမယ်တဲ့လား...
စုချန်း၏ စကားကြောင့် လူတိုင်း မျက်မှောင်ကုတ်လိုက်ကြသည်။
နတ်ဆိုးဧကရာဇ်သားရဲတကောင်သည် သူတို့အားလုံး၏ မျက်လုံးထဲတွင် တကယ်လည်း သိပ်ပြီးအရေးမပါလှချေ။ သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းတဂိုဏ်းတည်းက ဤသားရဲကို ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျင်တော့ ထင်သလောက် လွယ်လိမ့်မည်မဟုတ်ချေ။
မည်သို့ဆိုစေ အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင် တဦးတည်းသာ ရှိထားသည် မဟုတ်ပါလား။
သို့သော် စုချန်းကတော့ ရာဇဝင်တွင်လောက်မည့်စကားမျိုးကို ခပ်တည်တည်နှင့် ပြောနေ၏။ ၎င်းမှာ အဘယ်ကြောင့်ပေနည်း။
ထို့နောက် စုချန်းက ပြောလိုက်လေသည်။
“ကျုပ်တို့ အလယ်လမ်းကြောင်းကနေ ဝင်မယ်”
ထိုအချိန်မှာပင် အံ့သြတုန်လှုပ်ဖွယ်ရာ မြင်ကွင်းတခုကို လူတိုင်း မြင်တွေ့လိုက်ရတော့၏။
ထိုမြင်ကွင်းမှာကား...
မရေမတွက်နိုင်သော ချီစွမ်းအားပညာရှင်အုပ်ကြီး နန်းဆောင်ဆီမှ ကောင်းကင်သို့ ပျံသန်းထွက်ပေါ်လာကြခြင်းပေတည်း။