← Chapters

ပထမဆုံးတိုက်ပွဲ (၂)

Vol. 95 Ch. 938

ပထမဆုံးတိုက်ပွဲ (၂)

Vol. 95 Ch. 938

ချီစွမ်းအင်ကမ္ဘာလောကကြီးဝယ် ပျံသန်းနိုင်သော မူလကိရိယာတမျိုးမျိုး သို့မဟုတ် အထူးမူလစွမ်းရည်တမျိုး၏ အကူအညီမပါပဲ ပျံသန်းနိုင်သူဟူ၍ အလင်းတုန်ခါခြင်းနယ်ပယ်နှင့် ထိုထက်မြင့်သောနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များသာ ရှိကြ၏။

သို့သော် ယခုတော့ လှေတချို့နှင့် ရေပေါ်နန်းဆောင်အတွင်းမှ ချီစွမ်းအားပညာရှင်များသည် တောင်ကျချောင်းမှ ရေစီးကျသည့်နှယ် ကြည့်၍မကုန်လောက်အောင်ပင် ကောင်းကင်ဆီသို့ ပျံသန်းထွက်ပေါ်လာကြ၏။ ၎င်းတို့၏ အရေအတွက်မှာ များပြားလွန်း၍ နေမင်းကြီးကိုပင် ဖုံးအုပ်သွားပြီး ရုတ်တရက် နေကြတ်သွားသကဲ့သို့ပင် ထင်မှတ်ရသည်။ ဤမြင်ကွင်းကိုကြည့်ရင်း ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ၊ ပင်လယ်လူသားများနှင့် အနက်ရောင်ရေတပ်ဖွဲ့တို့သည့် ထူပူကုန်ကြ၏။

ကောင်းကင်ယံတွင် လေဟုန်စီးနေကြသော သောင်းဂဏန်းမျှ ချီစွမ်းအားပညာရှင်များသည် ခမ်းနားထည်ဝါသောအရှိန်အဝါကိုယ်စီနှင့် ပြင်းပြသောစိတ်အားထက်သန်မှုကို ဖော်ထုတ်နေကြ၏။ ၎င်းတို့၏ ကြာပန်းအုတ်မြစ်အသီးသီးသည် နဖူးရှေ့တွင် တဝီဝီလည်ပတ်နေလေရာ ၎င်းတို့အားလုံးသည် လေထဲတွင်ပျံသန်းနိုင်ရန် အထူးတလည်နည်းလမ်းတမျိုးမျိုးကို သုံးထားခြင်းမဟုတ်ပဲ တကယ့်တကယ် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များသာ ဖြစ်ကြောင်း ဖော်ပြနေ၏။ အတန်းလိုက်အတန်းလိုက် တွေ့မြင်နေရသော ကြာပန်းအုတ်မြစ်များသည် အထူးတလည်ထွန်းလင်းတောက်ပနေပြီး လူတိုင်းကို ဆက်သွယ်ပေးနေဟန်လည်း ရှိနေသည်။

ထိုသို့အောင် ပို၍များပြားသော အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များသည် ကောင်းကင်ဆီသို့ အဆက်မပြတ် ခုန်ထွက်ဝင်ရောက်နေကြဆဲပင် ဖြစ်သည်။ မြင်ကွင်းမှာ မိုးဦးကျ တောင်ကျချောင်းမှ ရေစီးကျနေသည်နှင့်ပင် တူနေသေးသည်။ ကျုံးကျန်းကျွန်ကား ပါးစပ်အဟောင်းသား ဖြစ်နေ၏။

"အယောက်ပေါင်း ရှစ်ထောင်တောင် ရှိနေပြီ"

အနက်ရောင်ရေတပ်ဖွဲ့မှ အဆင့်မြင့် ဗိုလ်ချုပ်တဦးက ထိတ်လန့်တကြားနှင့် ရေရွတ်လိုက်၏။

အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် ရှစ်ထောင်။

၎င်းသည် မည်သို့သော အဓိပ္ပာယ်ကို ဆောင်သနည်း။

ပင်လယ်ထိန်းချုပ်ရေးဌာနခွဲတွင် စစ်သည်စုစုပေါင်း၂၁၀,၀၀၀ ရှိ၏။ သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်မှာကား အယောက်လေးရာခန့်သာ ရှိလေသည်။

ပင်လယ်လူသားမျိုးစိတ်၏ ရေတပ်တွင် စစ်အင်အား ၃၀၀,၀၀၀အထိ ပါဝင်နေ၏။ သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်မှာကား ခုနစ်ရာထက် မပိုပေ။

အနက်ရောင်မီးလျံတပ်ဖွဲ့တွင်တော့ ပို၍များပြားသော အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များကို ပိုင်ဆိုင်ထား၏။ အနက်ရောင်ရေတပ်ဖွဲ့သည် စစ်သည်၇၀,၀၀၀ သာ ခေါ်ဆောင်လာသော်လည်း ထိုအထဲတွင် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် တထောင်အထိ ပါဝင်နေပေသည်။ ဤအချက်ကြောင့်လည်း ကျုံးကျန်းကျွန်က မိမိတွင် စကားပြောပိုင်ခွင့်ရှိသည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် ရှစ်ထောင်ပင် ရှိနေသည်ဆိုပါကလား။

မဟုတ်ချေ။ ၎င်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်း၏ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အရေအတွက် အပြည့်အစုံ မဟုတ်သေးချေ။

ယခင် ကောင်းကင်ဘုံလက်သီးတပ်ရင်းတွင် စစ်သည် ရှစ်ထောင် ရှိခဲ့ဖူး၏။ ယခုတော့ ထိုလူများအားလုံးအလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးကြလေပြီ။ ထိုမျှသာမကသေး နောက်ထပ်ဂိုဏ်းသားသစ်များတွင်လည်း ထိုရှစ်ထောင်ကို အမှီလိုက်နိုင်သူ အများအပြား ရှိနေသေး၏။ ထိုအင်အားမှာလည်း အရေအတွက်အားဖြင့် လေးထောင်ခန့်အထိ ရှိပေသည်။

ထို့ကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အနည်းဆုံး အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် ၁၂,၀၀၀ထိ ပါဝင်နေ၏။

စုချန်းသည် ထိုဂိုဏ်းဝင်များအားလုံးကို သူနှင့်အတူ တပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုအချက်ကို လျှို့ဝှက်ထားနေရန် မလိုအပ်တော့။

အကြောင်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းသည် နေ့စဉ်နှင့်အမျှ အလင်းတုန်ခါခြင်းနယ်ပယ် တပည့်များကို မွေးထုတ်ပေးနေသောကြောင့်ပင်တည်း။

ထို့ကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်းအတွက် ကန့်သတ်ချက်ကိုပြောပါဆိုလျင် အချိန်ဟုသာ ပြောရပေလိမ့်မည်။ အချိန်သာ အလုံအလောက်ရပါက စုချန်းအနေနှင့် တဂိုဏ်းလုံးကို အလင်းတုန်ခါခြင်းနယ်ပယ် သို့မဟုတ် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ပင် ပို့ဆောင်ပေးနိုင်ကြောင်း အာမခံနိုင်၏။

ဂိုဏ်းဝင် စုစုပေါင်း၅၀,၀၀၀ အနက် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ၁၂,၀၀၀။

ဤအင်အားသည် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ် စိုက်ပျိုးသူ ၁၂ ဦးခန့်ကို တစ်ချိန်တည်း ရင်ဆိုင်နိုင်သည့်အနေအထားမှာပင် ရှိနေ၏။ ဤသည်မှာပင် အချုပ်အနှောင်မဲ့ဂိုဏ်း တဂိုဏ်းလုံး၏ အင်အားမဟုတ်သေးချေ။ ဤအနေအထားတွင် တခြားသူများ မည်သို့ မအံ့သြပဲ နေနိုင်မည်နည်း။

စုချန်းကား သူ့အင်အားကို ထုတ်ဖော်ပြသလိုက်လေပြီ။ ဤစစ်အင်အားသည် နိုင်ငံငယ်တနိုင်ငံ၏ စစ်တပ်ကို တိုက်ခိုက်ရန် လုံလောက်သည်ထက် ပိုနေ၏။

မြင်ကွင်းကို ကြည့်ရင်း ကျုံးကျန်းကျွန်တယောက် ပို၍ပို၍ ထိတ်လန့်တုန်လှုပိလာသည်မှာ အမှန်ပင်။ ယုတ်စွအဆုံး ဖရော့စ်ပွိုင့်၊ ဝက်မင်စတာ၊ ကျန့်စီချွေ့ နှင့် ဂျီဟန်းယင်တို့ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

အံ့သြစရာကောင်းလှချေသည်တကား။ ဤမျှ ကြောက်စရာအင်အားကို ပိုင်ဆိုင်ထားရလောက်အောင် အချုပ်အနှောင်မဲ့ဂိုဏ်းသည် မည်သည့်အဖွဲ့အစည်းမျိုးများ ဖြစ်နေသနည်း။

သို့သော် စုချန်း၏ အင်အားကြောင့် ကျုံးကျန်းကျွန်မှအပ ဖရော့စ်ပွိုင့်အပါအဝင် တခြားလူများအဖို့ သိပ်ပူပန်စရာတော့မရှိချေ။ အကြောင်းမှာ သူတို့အားလုံးသည် မဟာမိတ်များဖြစ်ပြီး အချုပ်အနှောင်မဲ့ဂိုဏ်း အင်အားကြီးလေလေ သူတို့အတွက် အကူအညီဖြစ်လေလေ ဖြစ်နေမည်မှာ သေချာနေသည် မဟုတ်ပါလား။

သို့သော် စုချန်းကို မကြာခနဆိုသလို ကတုံးကတိုက်လုပ်နေသော ကျုံးကျန်းကျွန်ကား အကြီးအကျယ်ပင် မျက်နှာပျက်နေ၏။ ၎င်းကိုကြည့်ရင်း စုချန်းက ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"တပ်မှုးကျုံးကိုကြည့်ရတာ ဒီမြင်ကွင်းကို သိပ်ပြီးဘဝမကျတဲ့ပုံပဲ"

ကျုံးကျန်းကျွန် တကိုယ်လုံး ဆတ်ခနဲ တုန်ယင်သွား၏။

"မ...မဟုတ်ပါဘူး ဘယ့်နှယ် သခင်လေးစုကလဲ ကျုပ်တို့ မဟာမိတ်တွေ အားကောင်းလေလေ တာဝန်အောင်မြင်ဖို့ ပိုပြီးအခွင့်အရေးများလေလေပဲမလား"

"မှန်ပါတယ်ဗျာ"

စုချန်းက ခေါင်းတချက်ညိတ်ရင် သူ့လူများကို အလုပ်စရန် အချက်ပြလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်၁၂၀၀၀က ပြိုင်တူလှုပ်ရှားလိုက်ကြရာ ခမ်းနားထည်ဝါလှသော မြင်ကွင်းတခု ကောင်းကင်ယံကို လွှမ်းခြုံသွား၏။

အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များသည် ဂိုဏ်း၏ အလံတော်အောက်တွင် တသွေးတည်းတသားတည်း ရဲဘော်ရဲဘက်များ ဖြစ်နေကြလေပြီ။ အထူးသဖြင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ စစ်သည်ရှစ်ထောင်သည် ယခင်က တပ်ထဲတွင် အတူတကွ တာဝန်ထမ်းဆောင်ဖူးကြသူများ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အဖို့ ပူးပေါင်းတိုက်ခိုက်ခြင်းဟူသောဗျူဟာနှင့် အသားကျပြီးသားပင် ဖြစ်သည်။

ယခုလည်း စုချန်း ဖန်တီးပေးထားသည့် တိုက်ခိုက်ရေးပုံစံကွက်ကြီး၏ အထောက်အပံ့အောက်တွင် ဂိုဏ်းဝင်တဦးစီ၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်းနှင့် ပို၍ပို၍ တောက်ပလာ၏။ အနီးကပ်သာ ကြည့်လိုက်မည်ဆိုလျင် ၎င်းတို့၏ ခြေထောက်များ၌ပင် မှိန်ပျပျ အလင်းရောင်များ တောက်ပနေကြောင်း မြင်တွေ့ရပေလိမ့်မည်။

ဤသည်ကား ရေစီးတထောင်ပုံစံကွက်ပေတည်း။

ဤပုံစံကွက်၏ အဓိကဂုဏ်သတ္တိမှာ ၎င်းသည် ချီစွမ်းအားပညာရှင်တိုင်း၏ မူလစွမ်းအင်များကို အတူတကွ ဆက်သွယ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ထိုမျှသာမကသေးပဲ စုချန်းသည် ပုံစံကွက်အတွင်း မူလစွမ်းအင်စီးဆင်းပုံကို ပို၍ချောမွေ့စေခဲ့ပြီး လူတိုင်း၏ စုပေါင်းတိုက်စွမ်းအားကို ပိုမိုမြှင့်တင်နိုင်ခဲ့လေသည်။

ချီစွမ်းအားပညာရှင်၁၂၀၀၀ပြိုင်တူလှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယံတွင် ဧရာမ လှံကြီးတစ်ချောင်းပေါ်ပေါက်လာပြီး သံခွံနဂါးဆီသို့ တိုးဝင်သွားတော့၏။

သံခွံနဂါးကလည်း ကျယ်လောင်စွာ အော်ဟစ်ပြီး လှံကြီးဆီသို့ ပြေးဝင်သွားလေသည်။ သံခွံနဂါးတို့မည်သည် ကိုယ်ခံအားအလွန်ကောင်းပြီး အရွယ်ငယ်လေလေ ပို၍ အားကောင်းလေလေပင် ဖြစ်သည်။ နတ်ဆိုးဧကရာဇ်အဆင့်သားရဲတကောင်၏ တိုက်ခိုက်မှုပင် သံခွံနဂါးကို အပေါ်ယံဒဏ်ရာမျှသာ ရစေနိုင်သည်ဆိုလျင် ၎င်း၏ ကိုယ်ခံအားမည်မျှအားကောင်းကြောင်း မြင်သာပေသည်။

ကြားရသလောက် သံခွံနဂါးသည် နတ်ဆိုးဧကရာဇ်လေးကောင်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှပင် ထွက်ပြေးလွတ်မြောက်နိုင်သည်ဟူ၏။

ထို့ကြောင့် လောကကြီးဝယ် သံခွံနဂါး ကြောင်ရွံ့သောအရာဟူ၍ သိပ်များများစားစား မရှိလှချေ။

မူလစွမ်းအင်အလင်းလှံတဲ့လား။

သံခွံနဂါးကား မကြောက်ရေးချမကြောက်။

ထို့ကြောင့် သူက လှံကြီးဆီသို့ မဆင်မခြင် ပြေးဝင်သွားခြင်းပင် ဖြစ်သည်။ သူ့စိတ်ထဲတွင်လည်း လှံကြီးကို အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးလိုက်မည်ဟု ရည်ရွယ်ထား၏။

လှံကြီးနှင့် သံခွံနဂါးသည် တည့်တည့်ကြီးပင် ရင်ဆိုင်မ်ိကြ၏။ ထိုခနမှာပင်

မျက်စိကျိန်းစပ်မတတ် အလင်းရောင်များ ပတ်ဝန်းကျင်တခုလုံးကို ပျံ့နှံ့သွားတော့သည်။

အကန့်အသတ်မဲ့ အလင်းရောင်များ။

အားကောင်းလှသောအလင်းရောင်ကြောင့် အရာအားလုံး ဖွေးဖွေးဖြူသွား၏။ ယခင်က ပင်လယ်မျက်နှာပြင်ပေါ်သို့ အရိပ်ကျနေသော တိမ်မဲညိုများပင်လျင် အဖြူရောင်အဖြစ် ပြောင်းလဲသွားလေသည်။

ဤအလင်းရောင်သည် တိမ်တိုက်များကိုပင် ထိုးဖောက်၍ စကြာဝဋာတိုက်တသောင်းသို့တိုင် ပျံ့နှံ့သွားသည်ဟု ထင်မှတ်ရ၏။ ကောင်းကင်ယံတွင် ပျံသန်းနေကြသော နတ်ဆိုးသားရဲများအားလုံး ထိတ်လန့်တကြား အော်ဟစ်ထွက်ပြေးကုန်ကြလေသည်။

အလင်းရောင်သည် ပင်လယ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးအစိတ်အပိုင်းများအထိပင် ထိုးဖောက်ဝင်ရောက်သွားပြီး အမှောင်မိုက်ဆုံးနေရာများကိုပင် လင်းထိန်သွားစေ၏။ ပင်လယ်သားရဲများအားလုံးသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ကြသည်။

ထို့နောက် အလင်းရောင်သည် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ကမ္ဘာလောကကြီးကား ဘာမှမဖြစ်ခဲ့သယောင် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိလေသည်။

သို့သော် သံခွံနဂါးကား အားပြတ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေပြီ။

၎င်းကား အသက်ရှင်နေသေး၏။ သို့သော် တိုက်ခိုက်နိုင်စွမ်းမူ မရှိရှာတော့။

လီကုံးရှန်းက ချက်ချင်းပင် စစ်သည်များကို အချက်ပြပြီး လက်ဖြင့် အချက်ပြကာ သံခွံနဂါးကို ဖမ်းယူခိုင်းလိုက်၏။ သံခွံနဂါးကို ဖမ်းမိသည်နှင့် သူက ချက်ချင်းအော်ဟစ်အမိန့်ပေးလိုက်တော့သည်။

"တပ်ဆုတ်"

အမိန့်သံထွက်ပေါ်လာသည်နှင့် တပ်ပေါင်းစုသည် ချက်ချင်းပင် ခွာစစ်ဆင်ကြတော့၏။

တိုက်ပွဲမှာ စက္ကန့်ပိုင်းမျှသာ ကြာလိုက်သည်။ သို့သော် အလင်းရောင်ကြောင့်ချောက်နက်အတွင်းမှ ပင်လယ်သားရဲများ သတိပြုမိသွားမည်မှာ သေချာနေခဲ့လေပြီ။

သူတို့အားလုံး ချောက်နက်အပြင်ဘက်သို့ ချက်ချင်းဆုတ်ခွာမှ ရပေလိမ့်မည်။ သို့သော် ကောင်းကင်ယံရှိ အချုပ်အနှောင်မဲ့ဂိုဏ်းဝင် ၁၂,၀၀၀ကတော့ ခွာစစ်ဆင်သူများ အချိန်ရစေရန် နေရာမှာပင် အသင့်စောင့်ဆိုင်းနေကြ၏။

ဝူး!!!

ထင်သည့်အတိုင်း ပြင်းထန်သော ဟိန်းသံနှင့်အတူ ဧရာမသားရဲကြီးတကောင်သည် ရေဝဲဗဟိုအနီး ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာ၏။ ဘာမှမမြင်ရသေးခင်မှာပင် သားရဲကြီး၏ ကြောက်မက်ဖွယ် အရှိန်အဝါမှာ လူတိုင်းကို ထိတ်လန့်သွားစေလောက်သည်။

သားရဲမဟာဧကရာဇ်တကောင်ပင် ဖြစ်သည်။

၎င်း၏ ဦးခေါင်းသည် တောင်တလုံးစာခန့် အရွယ်အစားရှိပြီး ပါးစပ်ဖြဲလိုက်တိုင်း ဘလိတ်ဓားကဲ့သို့ ချွန်မြနေသော သွားများကို အတိုင်းသား မြင်တွေ့နေရသည်။ အနီးအနားရှိ နတ်ဆိုးသခင်အဆင့် ပင်လယ်သားရဲတစ်ကောင်သည်ပင် ၎င်း၏ပါးစပ်ထဲသို့ရောက်သွားပြီး အသက်ပျောက်သွားရရှာ၏။

ဧရာမဦးခေါင်းသည် ဆက်လက်မြင့်တက်လာနေ၏။ လေထဲရှိ ဖိအားမှာလည်း ပို၍ များပြားလာလေသည်။

ထိုအခါ အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဂိုဏ်းဝင်၁၂၀၀၀ကလည်း အချိန်မဆိုင်းပဲ ပြိုင်တူတိုက်ခိုက်လိုက်ကြပြန်သည်။ မှန်းဆရန်ခက်ခဲလှသည့်ဖိအားကြီးတစ်ခု သားရဲမဟာဧကရာဇ် ဦးခေါင်းဆီသို့ တိုးဝင်သွား၏။

သားရဲမဟာဧကရာဇ်ကား ဤဖိအားကို မခံနိုင်ပဲ နာကျင်စွာအော်ဟစ်ပြီး ရေအောက်ကို ပြန်လည်ငုပ်လျှိုးသွားရှာသည်။

ထိုအခိုက်အတန့်မှာပင် နောက်ထပ် ဧရာမသားရဲကြီး နှစ်ကောင်သည် ရေနက်ပိုင်းမှ ထွက်ပေါ်လာပြန်၏။ ဤနှစ်ကောင်မှာလည်း သားရဲမဟာဧကရာဇ်များပင် ဖြစ်သည်။

သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များက အထက်ပါအနည်းအတိုင်း ဆက်လက်တိုက်ခိုက်လိုက်ကြပြန်၏။

ရှာမှရှားတိုက်ပွဲကြီးကား စတင်နေခဲ့လေပြီ။

ဤတိုက်ပွဲသည် အရေအတွက်နှင့် အရည်အသွေးတို့၏ စစ်မှန်သော တိုက်ပွဲ ဖြစ်သည်။

မည်သို့ဆိုစေ သားရဲမဟာဧကရာဇ်သုံးကောင်သည် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် ၁၂,၀၀၀ ကို မည်သို့မှမယှဥ်နိုင်ပဲ ဖြစ်နေသည်မှာ အမှန်ပင်။

သို့သော် နောက်ထပ် သားရဲမဟာဧကရာဇ်နှစ်ကောင် ထပ်မံပေါ်ထွက်လာသည့်နောက်တွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်းဝင်တချို့ ၎င်းတို့အပေါ် ကျရောက်လာသည့်ဖိအားကို စတင်ခံစားမိကြရလေပြီ။ သူတို့ကိုယ်ခန္ဓာမှ ချွေးသီးချွေးပေါက်များ ကျစပြုလာ၏။ သူတို့၏ ကြာပန်းအုတ်မြစ်များသည်လည်း ပို၍ပို၍ ထွန်းလင်းတောက်ပလာလေသည်။ သူတို့၏ မျက်နှာများလည်း ဖြူဖတ်ဖြူရော် ဖြစ်လာ၏။ အားနည်းသောဂိုဏ်းဝင်တချို့ဆိုလျင် သိသိသာသာ ယိမ်းယိုင်နေခဲ့လေပြီ။

ထိုမြင်ကွင်းကို မြင်တွေ့နေရသော ဖရော့စ်ပွိုင့်က စုချန်းကို အောက်ပါအတိုင်း တိုက်တွန်းလိုက်၏။

"သခင်လေးစု သူတို့ကို ပြန်ခေါ်လိုက်ပါ ကျုပ်တို့အားလုံးလဲ ချောက်နက်အပြင်ကို ရောက်လုနီးပါး ဖြစ်နေပြီ ဒီပင်လယ်သားရဲတွေကိုတိုက်ခိုက်ရင်း အသေခံသွားဖို့မလိုပါဘူး"

သို့သော် စုချန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မပူပါနဲ့ဗျာ သူတို့ရဲ့နောက်ဆုံးခံနိုင်ရည်ကို မရောက်သေးပါဘူး ပြီးတော့ ဒါက ရှားပါးအခွင့်အရေးလေ"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ၁၂၀၀၀အ မည်မျှ အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်နိုင်မည်ကို သီအိုရီအရ တွက်ချက်နိုင်၏။ သို့သော် တကယ့်အဖြေမှန်ကိုတော့ တိုက်ပွဲဖြင့်သာ အဖြေထုတ်နိုင်ပေလိမ့်မည်။

ဝက်မင်စတာ က စိုးရိမ်တကြီးဖြင့် ထပ်ပြောလိုက်ပြန်သည်။

"တော်ကြာ သူတို့ သေကြေကုန်မှာကို ကျုပ် တကယ်စိုးရိမ်မိတယ်"

စုချန်း ပုခုံးတွန့်လိုက်၏။

"သူတို့နောက်ဆုံးခံနိုင်ရည်ကို မကျော်သေးဘူးလို့ ကျုပ် ပြောပြီးပြီပဲ"

စုချန်း ပြောနေစဉ်မှာပင် နောက်ထပ် ဧရာမသားရဲ မဟာဧကရာဇ်တကောင် ရေထဲမှ ထပ်မံထွက်ပေါ်လာပြန်၏။

ဤတကြိမ်တွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်း၏ တပည့်များသည် ကြီးမားသော ဖိအားကို မခံနိုင်တော့သည်မှာ မြင်သာနေ၏။ ၎င်းတို့ထဲမှ အများအပြားသည် သွေးများပင် အန်ထုတ်ကုန်ကြလေပြီ။

ကောင်းကင်တွင် သွေးမိုးစတင်ရွာသွန်းစပြုလာ၏။

အားနည်းသောတပည့်တချို့၏ ကြာပန်းအုတ်မြစ်များသည် သိသိသာသာ ပင် မှေးမှိန်ကုန်ပြီး အခြေအနေမကောင်းတော့မှန်း မြင်သာနေ၏။

သားရဲမဟာဧကရာဇ်ခြောက်ကောင်သည် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်၁၂၀၀၀ ယှဥ်ပြိုင်နိုင်သည့် အများဆုံးအရေအတွက်ပင် ဖြစ်ပုံရ၏။

မြင်ကွင်းကိုကြည့်ရင်း အချုပ်အနှောင်မဲ့ဂိုဏ်းချုပ်စုချန်းမှလွဲ၍ ပစ္စုပ္ပန်ရှိ လူတိုင်း အကြီးအကျယ် စိုးရိမ်ပူပန်နေကြလေပြီ။

All Chapters