← Chapters

ပထမဆုံးတိုက်ပွဲ (၃)

Vol. 95 Ch. 939

ပထမဆုံးတိုက်ပွဲ (၃)

Vol. 95 Ch. 939

သို့သော် ပင်လယ်သားရဲမဟာဧကရာဇ်ခြောက်ကောင် ပေါ်ထွက်လာချိန်မှာပင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များ၏ ခါးအောက်ပိုင်းမှသည် ခြေထောက်အထိ ထူးထူးခြားခြားပင် အလင်းရောင်များ တောက်ပလာ၏။ အဆိုပါ အလင်းရောင်များကား မူလကိရိယာများမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

သို့သော် အဆိုပါ မူလကိရိယာများသည် သာမန်မူလကိရိယာများနှင့် မတူပဲ လက်နက်များထက် မှန်များနှင့် ပို၍တူနေ၏။ တကယ်လည်း ၎င်းမူလကိရိယာများမှာ ကြည်လင်ခြင်းမှန်ဟု အမည်ရသော မူလကိရိယာများပင် ဖြစ်သည်။

ကြည်လင်ခြင်းမှန်ဟူသည် အဆင့် (၆) မူလကိရိယာမျှသာ ဖြစ်သော်လည်း မှန်တချပ်လျင် မူလကျောက်တုံး သုံးသိန်း ခန့်တန်ဖိုးရှိလေရာ မှန်ချပ်ရေတသောင်းဆိုလျှင် မူလကျောက်တုံး သုံးဘီလီယံ ခန့်ထိ တန်ဖိုးရှိနေ၏။ ဤမှန်များအားလုံးကို သူဂိုဏ်းသားများအတွက် စုချန်းက ဖြည့်ဆည်းပေးထားခြင်းပင် ဖြစ်သည်။

တလောကလုံးတွင် တပည့်တပန်းများအတွက် ဤမျှ အကုန်ခံနိုင်သည်မှာ စုချန်းတယောက်တည်းသာလျင် ရှိပေလိမ့်မည်။

ဤသို့ မူလကျောက်တုံး သုံးဘီလျံမျှထိ အကုန်အကျခံသုံးစွဲရသည်မှာလည်း ကြည်လင်ခြင်းမှန်သည် အထူးတလည် အသုံးဝင်နေသောကြောင့်ပင် ဖြစ်သည်။

အတိုချုပ်ပြောရလျင် ၎င်းတို့သည် မူလစွမ်းအင်ချဲ့ထွင်ရေးကိရိယာများဖြစ်ပြီး မှန်တချပ်ချင်းစီသည် မူလစွမ်းအင်ကို ဆယ့်ငါးရာခိုင်နှုန်း ခန့်ထိ ချဲ့ထွင်ပေးနိုင်၏။ အဆင့် (၆) မူလကိရိယာအတွက်ဆိုလျှင် ဤပမာဏမှာ အတော်လေးနည်းပါးသည်ဟု ဆိုနိုင်သည်။

သို့သော် ကြည်လင်ခြင်းမှန်၏ ထူးခြားချက်မှာ ဤမှန်များသည် မူလချီစွမ်းအားပညာရှင်အုပ်စုကြီး၏ မူလစွမ်းအင်များနှင့် မည်သည့်အတားအဆီးမျှ မရှိပဲ တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်းပင်။ ဤနည်းအားဖြင့် ကြည်လင်ခြင်းမှန်သည် စစ်ပွဲကြီးများတွင် များစွာ အသုံးဝင်လာတော့၏။

ယခုလည်း ကြည်လင်ခြင်းမှန်များကို နှိုးဆွလိုက်သည်နှင့် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်၁၂၀၀၀၏အင်အားသည် ဆထက်တံပိုးပင် မြင့်တက်လာပြန်ရာ လွန်ခဲ့သည့် စက္ကန့်ပိုင်းခန့်ကမှ ခေါင်းထောင်လာသည့် သားရဲများ ရုတ်တရက် ထပ်မံဖိအားပေးခြင်း ခံလိုက်ကြရပြန်သည်။

သို့သော် ချောက်နက်အတွင်မှ သားရဲမဟာဧကရာဇ်များမှာ တကောင်ပြီးတကောင် ထွက်ပေါ်နေ၏။ ကနဦးသားရဲခြောက်ကောင်ပြီးနောက် နောက်ထပ် သားရဲနှစ်ကောင် ထပ်မံထွက်ပေါ်လာပြန်သည်။

ဤတကြိမ်တွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များ၏ အခြေအနေမှာ သိပ်မဟန်လှတော့ချေ။

ကျုံးကျန်းကျွန်က မနေနိုင်မထိုင်နိုင်တော့ပဲ ဝင်ပြောလိုက်၏။

"ဒီလောက်အခြေအနေဆိုးနေမှတော့ သူတို့ကို ပြန်ဆုတ်ခိုင်းသင့်ပြီထင်တယ် သခင်လေးစု"

သူသည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားကို မနာလိုမှု ဖြစ်နေ၏။ မကျေနပ်မနပ် ဖြစ်နေ၏။ သို့တိုင်အောင် အခြေအနေ၏ အရေးပါမှုကိုတော့ သူ ကောင်းကောင်းနားလည်ထားပေသည်။

မည်သို့ဆိုစေ အချုပ်အနှောင်မဲ့ဂိုဏ်း၏ ထိပ်တန်းစစ်သည်တသောင်းသည် ဤစစ်ဆင်ရေး အောင်မြင်ရန် အကြီးအကျယ် အရေးပါနေသည် မဟုတ်ပါလား။

သို့တိုင်အောင် စုချန်းက ပြုံးပြရင်း ပြောလိုက်သည်။

"ကျုပ်ပြောခဲ့သလိုပဲ သူတို့ နောက်ဆုံးအခြေအနေကို မရောက်သေးဘူး"

ဒါက ဘာစကားလဲ...

ဒီလိုအခြေအနေကြီးမှာ သူတို့ စွမ်းအားမျိုးကို ထပ်ပြီး ထုတ်ပြနိုင်အုံးမှာတဲ့လဲ...

သို့သော် တခနအကြာ ချူယင်ဝမ်၏ အမိန့်သံထွက်ပေါ်လာပြီး ဂိုဏ်းဝင်များအားလုံး ဆေးလုံးတချို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ကြတော့၏။ ဆေးလုံးများဝင်သွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက်ပင် ရဲရဲနီလာပြီး သူတို့၏ ခွန်အားမှာလည်း ချက်ချင်းပင် ပြန်လည်ပြည့်ဖြိုးလာပြန်သည်။

"ဒါ... ဒါက...ဘာလဲ"

ကျုံးကျန်းကျွန် တအံ့တသြနှင့် မေးမြန်းလိုက်၏။

"ဆေးတွေလေ"

စုချန်းက ပြနဖြေလိုက်သည်။

ဒါ ဆေးဆိုတာတော့ ငါသိတာပေါ့ ဒါပေမဲ့ ဒီဆေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်အစွမ်းထက်နေရတာလဲလို့ သိချင်တာလေ...

မည်သို့ဆိုစေ နေမင်းဆေးလုံးများ၏ အစွမ်းကြောင့် သားရဲမဟာဧကရာဇ်ရှစ်ကောင်လုံး လုံးဝ ဖိအားပေးခံလိုက်ရတော့သည်။

လူတိုင်း နောက်ထပ် သားရဲမဟာဧကရာဇ်ထွက်ပေါ်လာနိုးနိုး စောင့်ကြည့်နေကြသေး၏။ သို့သော် ချောက်နက်၏ အဝင်ပေါက်မှာကား သားရဲရှစ်ကောင်တည်းနှင့်ပင် ပိတ်ဆို့သွားခဲ့လေပြီ။

ချောက်နက်၏ တခုတည်းသော ဝင်ပေါက်သည် မကျဉ်းမြောင်းလှသော်လည်း သားရဲရှစ်ကောင်ထိသာ ဝင်ဆံ့နိုင်၏။ ဤရှစ်ကောင် ဝင်ပေါက်ကို ပိတ်ဆို့ထားခြင်းကြောင့် ကျန်သားရဲကြီးများအနေနှင့် မည်မျှပင် ဒေါသတကြီး အော်ဟစ်နေကြစေကာမူ ၎င်းတို့အနေနှင့် ထပ်မံတိုက်ခိုက်ရန် မည််သို့မှမဖြစ်နိုင်တော့ချေ။

နယ်မြေအနေအထားကိုကြည့်ရင်း ဤနည်းအတိုင်း ပင်လယ်သားရဲများကို အနိုင်ယူနိုင်မလားဟု လူတိုင်း အတွေးပေါက်လာကြသည်။ သို့သော် ထိုအချိန်တွင် စုချန်းက သူ့တပည့်များကို ပြန်ခေါ်ရန် ပြင်ဆင်နေခဲ့လေပြီ။

ဤသားရဲမဟာဧကရာဇ်များကို ပညာပေးရခြင်းသည် အလွန်အားရကျေနပ်စရာကောင်းသော်လည်း ကုန်ကျစရိတ်ကတော့ မသေးလှချေ။ ဤနှုန်းအတိုင်းသာ ဆက်သွားလျင် စွမ်းအင်ပြတ်လက်ပြီး သူတို့ အမှန်တကယ်ပင် သေဆုံးသွားနိုင်၏။

ဆုတ်ခွာရန် အမိန့်ရရသည်နှင့် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်၁၂၀၀၀သည် ကျန်ရှိသမျှ စွမ်းအင်များကို ထုတ်သုံးပြီး ကြီးမားသော မူလစွမ်းအင်ပိုက်ကွန်ကြီးကို ဖော်ထုတ်ကာ ပင်လယ်သားရဲများ၏ ခေါင်းပေါ်သို့ အုပ်ချလိုက်တော့သည်။ သားရဲမဟာဧကရာဇ်ရှစ်ကောင် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ သို့သော် သူတို့ မည်မျှသန်မာပါစေ ပိုက်ကွန်အောက်တွင် ရုန်းမရပြုမရ ဖြစ်နေမည်ကတော့ သေချာနေသည်။

အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များမှာ ထိုအခွင့်အရေးကို အသုံးချပြီး တချိုတည်း ထွက်ပြေးလာခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် မူလစွမ်းအင်ပိုက်ကွန်ကလည်း စုတ်ပြဲသွားလေရာ

သားရဲရှစ်ကောင်သည် ရေတပ်ပေါင်းစုရှိရာသို့ ပြိုင်တူပင် ပြေးဝင်လာကြ၏။

သို့သော် ရေတပ်ပေါင်းစုမှာ အချိန်အတော်ကြာကတည်းက ချောက်နက်အပြင်သို့ ရောက်ရှိနေခဲ့ပြီးလေပြီ။ သားရဲကြီးရှစ်ကောင်သည် ချောက်နက်နယ်နိမိတ်မျဥ်းသို့ ရောက်သည်နှင့် မမြင်နိုင်သော နံရံတခု က ၎င်းတို့အား တားဆီးထားသကဲ့သို့ နေရာမှာပင် ရပ်တန့်သွားကြ၏။

ဤသည်မှာ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း၏ အာနိသင်ပေတည်း။

နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို ပင်လယ်လူသားများ မရရှိခြင်းငှာ သေချာစေရန်အတွက် ကောနီဂါသည် ကာကွယ်ခြင်းကို ဦးစားပေးခဲ့၏။ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု ဆက်လက်လည်ပတ်နိုင်မည်သာဆိုလျင် ပင်လယ်လူသားများအား တိုက်ခိုက်ရန် အခွင့်အလမ်းများကို လက်လွှတ်လိုက်ရမည်ကိုပင် သူဂရုမစိုက်ချေ။

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ အာနိသင်မှာကား အံ့မခန်းပင်တည်း။ ရန်သူများ သူတို့ရှေ့မှောက်တွင် အရှင်လတ်လတ် တွေ့နေရသည့်တိုင် သားရဲများအနေနှင့် ဒေါသတကြီး အော်ဟစ်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြချေ။

ယခုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ချောက်နက်ကြီး၏ဝင်ပေါက်ပွင့်သွားပြီဖြစ်လေရာသားရဲမဟာဧကရာဇ်ကြီးများ၏ ဦးခေါင်းများသည် ရေပြင်ပေါ်သို့ စတင်ထွက်ပေါ်လာကြ၏။ မကြာမီမှာပင် ရာပေါင်းများစွာသော သားရဲများဖြင့် ရေပြင်တခုလုံး ဖွေးဖွေးလှုပ်နေတော့သည်။

ရာဂဏန်းဟူသည် အရေအတွက်အားဖြင့် အများကြီး မဟုတ်။ သို့သော် သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များကြောင့် ရေပြင်တခုလုံး အကြားအလပ်မရှိအောင်ပင် ပြည့်နှက်သွားတော့သည်။

သူတို့သည် ဒေါသတကြီး အော်ဟစ်မြည်တမ်းနေကြ၏။ တခါတရံတွင်လည်း ဒီရေလှိုင်းများသည် တောင်တလုံးစာခန့်ထိ မြင့်တက်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားတော့မည်ဟု ထင်မှတ်ရသည်။

မည်သို့ဆိုစေ သားရဲများသည် ချောက်နက်နယ်နိမိတ်လိုင်း၏ အပြင်သို့ မည်သည့်နည်းနှင့်မျှ ထွက်ခွာနိုင်စွမ်း မရှိကြချေ။ သူတို့အနေနှင့် မည်မျှပင် ဒေါသထွက်နေစေကာမူ အရာအားလုံးမှာ အချည်းနှီးသာတည်း။

စုချန်းသည် ဒေါသထွက်နေကြသော၊ သွေးဆာနေကြသော သားရဲများကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

"ဒီကောင်တွေဟာ ဒေါသထွက်နေတဲ့ တိရစ္ဆာန်တွေပါပဲလေ"

"မှန်ပါတယ် ဒါပေမဲ့ ဒီလိုကြောက်စရာသတ္တဝါတွေရဲ့ဖိအားကိုဂရုမစိုက်ပဲ အထဲကိုခိုးဝင်ဖို့ ကြိုးစားနေတဲ့လူတချို့ကတော့ ဧကန်ရှိနေတုန်းပဲလေ"

ကျုံးကျန်းကျွန်က အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

မည်သို့ဆိုစေ အနက်ရောင်မီးလျံခေါင်းဆောင်သည် လူမိုက်တယောက်တော့ မဟုတ်ချေ။ ကနဦး အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားပြမှုကြောင့် သူ တုန်လှုပ်သွားသော်လည်း အင်အားပြန်လည်ထိန်းညှိနိုင်မည့် နည်းလမ်းကိုတော့ သူ ကြိုးစားရှာဖွေနေအုံးမည်သာ။

သို့သော် စုချန်းကတော့ အနည်းငယ်မျှပင် ဂရုမစိုက်ဟန်မရှိ။

"ဒါကတော့ နောက်ပိုင်း အစီအစဉ်ပါ ကျုပ််အနေနဲ့ ကျေနပ်အောင် မပြင်ဆင်ရသေးပဲ နောက်ထပ်လှုပ်ရှားဖို့ အစီအစဥ် မရှိသေးဘူး"

ကျုံးကျန်းကျွန်က ချက်ချင်းမေးလိုက်သည်။

"ဒီလိုဆိုရင် ကျုပ်တို့အနေနဲ့ ဘယ်လိုအခြေအနေထိ ပြင်ဆင်မှုတွေလုပ်ဖို့လိုမလဲ"

စုချန တိတ်ဆိတ်သွား၏။

သူ့အနေနှင့် အားအကောင်းဆုံး လျှို့ဝှက်လက်နက်ကို ထုတ်ပြပြီးသွားလေပြီ။ ဤသို့ ထုတ်ပြရသည်မှာလည်း ဤမျှ ကြီးမားလှသောအင်အား၏ ဖြစ်တည်မှုကို ဖုံးကွယ်ထားရန်မှာ အလွန်ခက်ခဲသောကြောင့်ပင်။

သို့သော် အခြေအနေတချို့တွင် လုံလုံခြုံခြုံ သိမ်းဆည်းထားနိုင်သည့် ဝှက်ဖဲတချို့လည်း ဧကန်ပင် ရှိနေသေး၏။

ချောက်နက်ကြီးထဲသို့ မည်သို့ ခိုးဝင်မည်နည်း။ ထိုအချိန်တွင် သားရဲများတိုက်ခိုက်လာခြင်းကို မည်သို့ ခုခံကာကွယ်မည်နည်း။

ဤမေးခွန်းများမှာ ရှုပ်ထွေးသော မေးခွန်းများ ဖြစ်သည်။

လက်ရှိအချိန်တွင် စုချန်းအနေနှင့် ဤမေးခွန်းများကို ဖြေကြားရန် ဆန္ဒမရှိသေးချေ။

ထိုအခါ စုချန်းက အောက်ပါအတိုင်း ပြောလိုက်၏။

"အကျိုးအမြတ်တွေ ဘယ်လိုခွဲဝေမလဲဆိုတာကို ကျုပ်တို့ အရင်ဆုံး ဆွေးနွေးကြတာ ပိုကောင်းလိမ့်မယ်"

စုချန်း၏ စကားကို ကြားသောအခါ ကျုံးကျန်းကျွန်၏ မျက်နှာသည် ကတ္တရာစေးနှင့်ပက်သကဲ့သို့ မဲခနဲ ဖြစ်သွား၏။

ကျုံးကျန်းကျွန်တယောက် ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်ရသလို ခံစားလိုက်ရသည်။

ဖရော့စ်ပွိုင့် ရယ်မောရင်း ဝင်ပြောလိုက်၏။

"တကယ်တမ်းစဥ်းစားကြည့်ရင် ဘာမှ ဆွေးနွေးစရာ မရှိပါဘူးဗျာ အကျိုးအမြတ်ဆိုတာ ဘယ်လိုပဲနေနေ အင်အားနဲ့ပဲ အချိုးချရမယ်မလား အချုပ်အနှောင်မဲ့ဂိုဏ်းမှာ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင် ၁၂,၀၀၀ ရှိတယ် ကျွန်တော်တို့ အားလုံးပေါင်းရင်တောင် ၂,၀၀၀ မပြည့်ဘူး ပြီးတော့ သခင်လေးစုတယောက်တည်းကို နောက်ထပ် ခြောက်ထောင်နဲ့ညီတယ်ထား ဒါကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်းဟာ အကျိုးအမြတ်စုစုပေါင်းရဲ့ ကိုးဆယ်ရာခိုင်နှုန်း ရသင့်တယ်လို့ ပြောလို့ရနေပြီ"

ကျန်စီချွေ့ လက်ခုပ်တီးရင်း ရယ်မောလိုက်၏။

"ဒီအဆိုကို ကျုပ်ကတော့ လုံးဝ သဘောတူတယ်"

ကျုံးကျန်းကျွန်းကား အကြီးအကျယ် မျက်နှာပျက်နေခဲ့လေပြီ။ ဤအတိုင်းဆိုလျင် သူတို့က အကျိုးအမြတ်၏ သုံးရာခိုင်နှုန်းမျှကိုသာ ရတော့မည့်ပုံပေါ်နေ၏။

ဒါကတော့တရားလွန်သွားပြီ...

ကျုံးကျန်းကျွန် အေးစက်စက်လေသံနှင့် ဝင်ပြောလိုက်သည်။

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေသက်သက်နဲ့ပဲ ရေတွက်တာကတော့ မဟုတ်သေးဘူးနဲ့တူတယ် ပြီးတော့ ကျုပ်ကိုကျုပ်ရော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် တထောင်အနေနဲ့ မရေတွက်သင့်ဘူးလား"

ကျုံးကျန်းကျွန်သည် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်ဖြစ်လေရာ သူ့ကို အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တထောင်နှင့် ညီမျှသည်ဟု သတ်မှတ်ခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

မှန်ပါသည်။ အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များသည် သာမန်ကျင့်ကြံသူများထက် ပို၍သန်မာကြပြီး မတူညီသော စွမ်းရည်များ ရှိကြကာ အားတိုးဆေးအမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားကြသေး၏။ ကျုံးကျန်းကျွန်သာ အချုပ်အနှောင်မဲ့ဂိုဏ်းဝင်တထောင်နှင့် တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျင် သူ ရှုံးသွားကောင်းရှုံးသွားနိုင်ပေသည်။

မည်သို့ဆိုစေ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်တဦး၏ ဂုဏ်သိက္ခာကိုတော့ လေးစားရန် လိုအပ်သေး၏။

ထို့ပြင် ကျုံးကျန်းကျွန်းကိုယ်တိုင်သည်လည်း လက်ရှိ အစုအဖွဲ့ထဲတွင် ကျင့်ကြံခြင်းနယ်ပယ်အရ အမြင့်ဆုံးဟု ဆိုနိုင်သူလည်း ဖြစ်သည်။

သို့မဟုတ်လျင်လည်း သူ စုချန်းနှင့် ဤသို့ယှဥ်ပြိုင်ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။

ဖရော့စ်ပွိုင့် မျက်ခုံးပင့်လိုက်၏။

"မမျှတဘူးလို့ ထင်ရင် ပင်လယ်လူသားတွေအနေနဲ့ ပင်လယ်ဘုရင်နှစ်ပါး ဒီတာဝန်မှာ ပူးပေါင်းပါဝင်ဖို့ လှမ်းခေါ်လိုက်လို့ရတယ် ဒါပေမဲ့ ကျုပ်တို့က အကျိုးအမြတ် ခွဲဝေမှုမှာ သူတို့ကို ထည့်မတွက်ပဲ လျော်ပေးပါ့မယ်"

"ပင်လယ်ဘုရင်များ"ဟူသည် ပင်လယ်လူသားမျိုးစိတ်များအနက် အမြင့်ဆုံးကျင့်ကြံခြင်းနယ်ပယ်ပညာရှင်ဖြစ်ပြီး လူသားတို့၏ အနှိုင်းမဲ့ဧကရာဇ်ပညာရှင်တပါးနှင့် အင်အား ညီမျှနေ၏။

ဖရော့စ်ပွိုင့်၏ စကားကြောင့် ကျုံးကျန်းကျွန်း ဒေါသထွက်သွား၏။ သို့သော် သူ ဘာမှပြန်မပြောနိုင်ပဲ တခါတည်း ပါးစပ်ပိတ်သွားတော့သည်။

ကျန်းစီချွေ့အနေနှင့်ကား ရေအလျင်နိုင်ငံမှ မည်သည့် အနှိုင်းမဲ့ဧကရာဇ် ပညာရှင်ကိုမျှ အမိန့်ပေးရန် မတတ်နိုင်လေရာ စကားဖြင့်သာ ထောက်ခံနိုင်ရှာ၏။

"ပင်လယ်ထိန်းချုပ်ရေးဌာနခွဲအနေနဲ့လဲ ဒီအစီအစဉ်ကို သဘောတူပါတယ်"

သို့သော် စုချန်းက ပြောလိုက်၏။

"ထားလိုက်ပါ ကျုပ်တို့ရဲ့ တပ်မှုကျုံးက သူ့ကိုယ်သူ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် တထောင်လို့ သတ်မှတ်တာ ကျုပ်လက်ခံပါတယ် နောင်အခါ ပင်လယ်ဘုရင်တွေ ရောက်လာခဲ့ရင်လဲ ကျုပ်က သူတို့ကို ထည့်သွင်းတွက်ချက်ပေးပါ့မယ် ကျုပ်ကိုတော့ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တယောက်အနေနဲ့ပဲ တွက်ချက်ရင် လုံလောက်ပါပြီ

"

ဖရော့စ်ပွိုင့်က စိတ်လှုပ်ရှားကြီးစွာနှင့် ရေရွတ်လိုက်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဆုချန်က ပြန်ဖြေလိုက်သည်။

"တိုက်ခိုက်နိုင်စွမ်းက တိုက်ခိုက်နိုင်စွမ်းပါပဲ ကျုပ်ရဲ့ သုတေသနကြောင့် ရသင့်တဲ့ အကျိုးအမြတ်အတွက်ကတော့ နောက်မှ ထပ်ပြီးဆွေးနွေးကြတာပေါ့ တချို့အရာတွေကို ခုကတည်းက ရှင်းရှင်းလင်းလင်း ပြောထားတာ ပိုကောင်းတယ် ဟုတ်တယ်မလား တပ်မှုးကျုံး"

ကျုံးကျန်းကျွန် မသ်ိမသာ ပြုံးလိုက်၏။

"မှန်ပါတယ် သခင်လေးစု"

သို့သော် စုချန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝနေသော မျက်နှာထားကို မြင်လိုက်ရသောအခါ စုချန်းသည် တကယ်ကြီး အလျှော့ပေးနေခြင်း မဟုတ်ပဲ ပို၍ အကျိုးအမြတ်ရနိုင်မည့်အခြေအနေတရပ်ကို ဖန်တီးနေခြင်းဟု ကျုံးကျန်းကျွန် ရုတ်တရက် ခံစားလိုက်ရလေသည်။

All Chapters