နယ်ပယ်သစ်
Vol. 95 Ch. 941
ဝူး!!
လိင်အင်္ဂါကို အရင်းမှ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ သံခွံနဂါး ကျယ်လောင်စွာ ဟိန်းဟောက်အော်ဟစ်နေ၏။ သို့သော် မည်သည့် အကျိုးသက်ရောက်မှုမရှိပဲ ခနတာမျှ ရုန်းကန်နေပြီး နောက်ဆုံးတွင် ငြိမ်သက်သွားတော့၏။
၎င်း၏ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာဟန် အငွေ့အသက်များသည်လည်း တဖြည်းဖြည်း ဖိနှိပ်ခြင်းခံလိုက်ရလေသည်။
ဤသို့ဖြစ်ရသည်မှာလည်း အဆင့်မြင့်တက်ခြင်းဖြစ်စဥ်အတွင်း စုချန်း မကြာခန ဝင်ရှုပ်နေခြင်း၏ ရလဒ်ဟု ဆိုနိုင်သည်။ ပုံမှန်အားဖြင့် အဆင့်မြင့်တက်ခြင်းဟူသည် စွမ်းအင်များစွာ သုံးစွဲရသော လုပ်ငန်းစဥ် ဖြစ်သည်။ ဤအနေအထားတွင် လုပ်ငန်းစဥ်ကို အောင်မြင်ရန် သံခွံနဂါးသည် ၎င်း၏ ခွန်အားကို အကုန်အစင် သုံးစွဲခဲ့ရ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် နောက်ဆုံးတော့ သားရဲမဟာဧကရာဇ်အဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့လေပြီ။ ထိုအချိန်ခနလေးမှာပင် စုချန်းတယောက် အဖြေကို သဘောပေါက်သွားတော့၏။
ပုံမှန်အားဖြင့်ဆိုလျင် စုချန်းဟူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ် နေတတ်သူ ဖြစ်သည်။ သို့သော် ဤတကြိမ်တွင်တော့ သူက စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။
“တွေ့ပြီ"
“ဘာတွေ့တာလဲသခင်”
သံမဏိ နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ခုလောလောဆယ်တော့ ကျုပ် သိပ်မသေချာသေးဘူး”
စုချန်း မရေရာဟန်ဖြင့် ခေါင်းခါပြလိုက်၏။
“ကျုပ်က ဖြစ်နိုင်ခြေရှိတာတခုကိုပဲ ရှာတွေ့သေးတာ ဒီ ခန့်မှန်းချက် မှန်မမှန် အတည်မပြုနိုင်သေးဘူး”
“ဒါပေမဲ့ သခင့်ဆီမှာ ခန့်မှန်းချက်တစ်တော့ ရှိနေပြီ ဟုတ်တယ်မလား”
သံမဏ်ိက စုချန်း၏စိတ်ကိုနားလည်ဟန်ဖြင့် မေးလိုက်သည်။ စုချန်း ရယ်မောလိုက်၏။
“မင်းကတော့ တနေ့တခြား ပိုပြီးလိမ္မာပါးနပ်လာပါလား သံမဏိ ဘာများဖြစ်နိင်မလဲ မင်းမှန်းကြည့်စမ်း"
သံမဏိ တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ပြောလိုက်လေသည်။
“ကျင့်ကြံခြင်းနယ်ပယ်သစ်များ ဖြစ်နေမလား သခင်"
စုချန်း ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“ပိုပြီး တိတိကျကျပြောရရင် အဲဒီနယ်ပယ်သစ်ကို ဘယ်လိုသွားရမလဲဆိုတဲ့ လမ်းစတချို့၊ အလင်းရောင်တချို့ပဲ”
အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်၏အထက်တွင် မည်သည့်အရာများ ရှိနေသနည်း။
မရေမတွက်နိုင်သောလူပေါင်းများစွာသည် ဤအိပ်မက်ကို မက်ခဲ့ကြ၏။
မည်သို့ဆိုစေ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်၏အလွန်တွင် ပိုမိုမြင့်မားသော အဆင့်အတန်းတခု၊ နယ်ပယ်တခု ရှိနေသည်ကိုတော့ လူတိုင်း သဘောတူထားကြသည်မှာ အမှန်ပင်။
ထိုနည်းတူစွာ လူပေါင်းများစွာသည် အနှီ ကျင့်ကြံခြင်းနယ်ပယ်သစ်သို့ ရောက်နိင်မည့် နည်းလမ်းမှာ သဘာဝစွမ်းအားသာ ဖြစ်ရမည်ဟု ယုံကြည်ထားကြ၏။
သို့သော် စုချန်းကတော့ ဤအချက် မှားယွင်းနေကြောင်း ကောင်းကောင်းကြီး နားလည်ထားပေသည်။
သဘာဝစွမ်းအားနှင့် ကျင့်ကြံခြင်းနယ်ပယ်သည် လုံးဝမတူညီသော လမ်းကြောင်းနှစ်ခုသာ ဖြစ်သည်။ သဘာဝစွမ်းအားဟူသည် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်ပြီး ကျင့်ကြံခြင်းနယ်ပယ်များဟူသည် မိမိ၏ ကိုယ်ပိုင်ခွန်အားကို တိုးမြှင့်ခြင်းနှင့်သာ သက်ဆိုင်၏။ ဤလမ်းကြောင်းနှစ်ခုသည် သဘောသဘာဝအားဖြင့် တခြားစီသာ။
တနည်းအားဖြင့် ၎င်းသည် အရာရှိတဦးနှင့် ပညာရှင်တဦးအကြား ခြားနားချက်နှင့် တူ၏။ အရာရှိများသည် ဥပဒေကို ကျင့်သုံးပြီး ပညာရှင်များကတော့ ၎င်းတို့၏ အသိပညာအခြေခံကို ကျယ်ပြန့်အောင် ကြိုးစားကြရင်း မိမိကိုယ်ကို ပို၍တိုးတက်လာစေရန် ကြိုးပမ်းလေ့ရှိကြသည်။
သဘာဝစွမ်းအားကို နားလည်ရန်နှင့် ထိန်းချုပ်ရန်အတွက် ကျင့်ကြံခြင်းအဆင့်အတန်းတရပ် လိုအပ်၏။ မည်သို့ပင်ဆိုစေကာမူ အစိုးရအရာရှိများအနေနှင့်လည်း ရာထူးတက်ရန်အတွက်အတိုင်းအတာတခုအထိ ပညာရေးကို လေ့လာလိုက်စားထားရန် လိုအပ်ပေသည်။
သို့သော် အရာရှိတိုင်းသည် မွေးရာပါ ပညာရှိများ မဟုတ်သလို ကြီးမြတ်သူပညာရှင်တိုင်းသည်လည်း အရာရှိ ဖြစ်လာမည် မဟုတ်။
ထို့ကြောင့် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးသည့်တိုင် သဘာဝစွမ်းအားကို နားမလည်နိုင်သူများ ရှိနေသလို စုချန်းကဲ့သို့ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်သို့ မရောက်ပဲနှင့် သဘာဝစွမ်းအားကို နားလည်သွားသူများလည်း ရှိကြ၏။
အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်၏ အလွန်တွင် မည်သည့်အရာမျိုးရှိနေမည်ကို မည်သူမှ အတိအကျ မပြောနိုင်ချေ။
ကျင့်ကြံခြင်းလမ်းခရီး၌ အဆုံးဟူ၍ မရှိ။ ထိုအဆင့်ထိုနယ်ပယ်သို့ မရောက်မချင်း ဘာကဘာမှန်း မည်သူမျှ အတိအကျ ပြောနိုင်မည်မဟုတ်ချေ။
လူအများ သိရှိကြသည်မှာ အဆင့်မြင့် သားရဲသွေးဗီဇများ ရရှိခဲ့ပြီးနောက်ပိုင်းတွင် လူသားများအနေနှင့် ရောက်ရှိနိုင်သည့် အမြင့်ဆုံးကျင့်ကြံမှုနယ်ပယ် ကန့်သတ်ချက်ကို အလင်းတုန်ခါခြင်းနယ်ပယ်မှ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်သို့ မြှင့်တင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
အောက်အလွှာများသည် အပေါ်အလွှာများအတွက် အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ကြ၏။ လုံလောက်သော အခြေခံအုတ်မြစ်ရှိမှသာပိရမစ်၏ အပေါ်အလွှာများကို ရောက်ရှိနိုင်မည်ဖြစ်သည်။
သို့သော် ဉာဏ်ရည်မြင့် မျိုးစိတ်များတွင် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်များဟူ၍ အနည်းငယ်သာ ရှိနေသေး၏။ ထို့ကြောင့် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်၏ အလွန်သို့ ယခုအချိန်ထိ မည်သူမှ မလေ့လာမဆန်းစစ်နိုင်သေးခြင်းပင် ဖြစ်သည်။
သို့သော် စုချန်း၏ ဤတွေ့ရှိချက်က ပြောင်းလဲမှု၏ အစကို မီးမွှေးလိုက်ပုံရနေ၏။ သို့သော် ဤပြောင်းလဲမှုသည် အလွန်သေးငယ်လွန်းသေး၏။
အကယ်၍ သူ့တွင်သာ ပရမတ်မျက်လုံးများကို မပိုင်ဆိုင်ထားခဲ့လျင် သို့မဟုတ် သူသာ သံခွံနဂါး၏ ကြီးထွားမှုဖြစ်စဥ်ကို ကိုယ်တိုင် မြှင့်တင်ပေးခြင်းမပြုခဲ့လျင် ဤသေးငယ်လှသော ပြောင်းလဲမှုကို စုချန်း မည်သို့မှ တွေ့နိုင်ဖွယ်ရာ မရှိချေ။
စုချန်း ရှင်းပြနေသည်ကို နားထောင်ရင်း သံမဏိ ရယ်မောလိုက်၏။
“ဒါဆိုရင်တော့ နောက်ထပ် သုတေသနလုပ်ဖို့ ကုန်ကြမ်းတွေ ထပ်လိုအုံးမဲ့သဘောပဲသခင်”
မည်သို့ဆိုစေ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ လျှို့ဝှက်ချက်ကို မဖြေရှင်းရသေးသည့်တိုင် ဤသေးမွှားလှသည့် တွေ့ရှိချက်အသစ်က စုချန်း၏ စိတ်ဓာတ်ကို မြှင့်တင်ရန် လုံလောက်နေခဲ့လေပြီ။
“မှန်တယ် နောက်ထပ် သားရဲမဟာဧကရာဇ်တွေ ထပ်ပြီးဖမ်းခေါ်လာဖို့ သူတို့ကို ပြောရလိမ့်မယ်”
စုချန်းက သံခွံနဂါးကို ချစ်သူတဦးသဖွယ် ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေ၏။
အစာကွင်းဆက်၏ ထိပ်ဆုံး၌ ရှိနေသော ဤနတ်ဆိုးမဟာဧကရာဇ်များကိုငါးကလေးဖားကလေးကဲ့သို့ ဖမ်းယူရန် စုချန်း ရည်ညွှန်းနေခြင်း ဖြစ်သည်။ သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်၁၂၀၀၀၏ အင်အားက ဤသို့ပြောဆိုရန် လုံလောက်နေ၏။
“ဒါနဲ့ သခင် ကျုပ်တို့ ထာဝရကြည်လင်ကျွန်းကို ရောက်နေပြီ သူတို့ သခင်ကို အပြင်မှာ စောင့်နေတာ အတော်ကြီးကို ကြာနေပြီ"
သစ္စာရှိ အစေခံတဦးပီပီ သံမဏိအနေနှင့် သတိပေးရမည့်အချိန်တွင် သတိပေးရန် လိုအပ်၏။
စုချန်း အံ့အားသင့်သွားလေသည်။
“ကျုပ်တို့ ထာဝရကြည်လင်ကျွန်းကိုတောင် ရောက်နေပြီလား အချိန်က တကယ်အကုန်မြန်တာပဲကိုး”
ထို့နောက် သူက စမ်းသပ်ခန်းထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် သူက တစုံတရာကို တွေးမိဟန်ဖြင့် ပြောလိုက်၏။
“သံခွံနဂါးကို မင်းနဲ့ပဲ ထားခဲ့လိုက်တော့မယ် မင်း ပျင်းနေရင် စိတ်ကြိုက်သာစမ်းသပ်ပေတော့”
“ဘာကို စမ်းသပ်ရမှာလဲသခင်”
သံမဏိ အံ့အားသင့်သွား၏။
“မင်း သဘောပဲ သံခွံနဂါးရဲ့ခုခံရေးနည်းစနစ်တွေကိုအတုခိုးပြီး တောင်ရိုးကမ်းပါးမျိုးနွယ်စုတွေအတွက် အထူးနည်းစနစ်တရပ် ဖမ်တီးပေးဖို့ကြိုးစားမလား ဒါမှမဟုတ် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့ ထိန်းချုပ်မှုကနေ ဒီသားရဲတွေကို ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲ ဒါမှမဟုတ် သူတို့ကို မင်းကိုယ်တိုင်တောင် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို ရှာဖွေချင်ရင်လဲ ရှာဖွေနိုင်တယ်… မင်း သဘောပဲ”
စုချန်း အားရပါးရ ပြုံးပြရင်း ပြောလိုက်သည်။
သုတေသနပြုလုပ်ရာတွင် ဖြစ်နိုင်ခြေများစွာ ရှိနေ၏။ စုချန်းအနေနှင့် ထိုဖြစ်နိုင်ချေအားလုံးကို သူတစ်ဦးတည်း ရှာဖွေနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် သူသည် သူ့အရိုက်အရာကို ဆက်ခံမည့်သူများကို စတင်လေ့ကျင့်ပေးခဲ့၏။
သံမဏိသည်လည်း ၎င်းတို့ထဲမှ တဦးပင် ဖြစ်သည်။
ယခင်က အတော်လေး မိုက်မဲခဲ့သော သံမဏိသည် ယခုအချိန်တွင် စုချန်း၏ အရိုက်အရာဆက်ခံရန် အလားအလာအရှိဆုံးသူတဦး ဖြစ်နေခဲ့လေပြီ။ ဤသတင်းသာ ပျံ့နှံ့သွားပါက လူတိုင်းအံ့အားသင့်သွားမည်မှာ သေချာလှသည်။
သို့သော်လည်း ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။
သံမဏိအပြင် အခြားတပည့်အချို့ကိုလည်း စုချန်းက လေ့ကျင့်ပေးထားသေး၏။
ခေတ္တ စဉ်းစားပြီးနောက် စုချန်းက ထပ်ပြောလိုက်သည်။
“အချိုလေးနဲ့ တခြားသူတွေကိုလည်း ခေါ်ထားလိုက် သူတို့ကို မင်းလက်ထောက်အနေနဲ့ ခိုင်းရင် အဆင်ပြေလောက်တယ်”
အချိုလေးဟူသည်မှာ ဓါးတစ်သောင်းတောင်သို့အသွားလမ်းတွင် စုချန်းတို့အား လမ်းပြပေးခဲ့သည့် မိန်းကလေးငယ်ဖြစ်သည်။ သူမသည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ ပထမဆုံး တပည့်များထဲမှ တဦးဖြစ်ပြီး ယခုဆိုလျင် သူမသည် ဆေးဘုရင်တောင်ထိပ်တာဝန်ခံတဦးအပြင် ဒုတိယခန်းမသခင်ပင် ဖြစ်နေခဲ့လေပြီ။
နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပြသနာကို ဖြေရှင်းရသည့် ဤတာဝန်ကို စုချန်းအား ငယ်ဘဝကို ပြန်ပို့ပေးလိုက်သည်နှင့်ပင် တူနေသေး၏။ အကြောင်းမှာ သူသည် သားရဲများကို အဆက်မပြတ် ဖမ်းဆီးတိုက်ခိုက်ပြီး သုတေသနပြုနေရသည် မဟုတ်ပါလား။
ပင်လယ်ချောက်နက်ရှိ သားရဲမဟာဧကရာဇ်များသည် အလွန်အစွမ်းထက်သော်လည်း ညဏ်ရည်ညဏ်သွေးမှာကား နိမ့်ပါးလှ၏။ ထို့ပြင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ ကန့်သတ်ချက်ကြောင့် သားရဲများအနေနှင့် ချောက်နက်နယ်နိမိတ်မှအပြင်သို့ ထွက်ခွင့်မရှိကြလေရာ ထာဝရကြည်လင်ခြင်းကျွန်းတွေ အခြေစိုက်နေသော စုချန်းတို့လူစုအဖို့ သားရဲများ လာရောက်တိုက်ခိုက်မည်ကို အထူးတလေ စိတ်ပူစရာမလိုပဲ သက်တောင့်သက်သာ ရှိလှ၏။ ထိုမျှသာမကသေးပဲ ချောက်နက်နယ်နိမိတ်အစွန်အဖျားမှနေ၍ သားရဲကိုများကို သူတို့အနေနှင့် စိတ်တိုင်းကျ အမဲလိုက်နိုင်သော အားသာချက်ကလည်း ရှိနေသေး၏။ ဤအချက်ကိုကြည့်လျင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို သားရဲများအား အားသာချက်ပေးနေသလို အားနည်းချက်လည်း ဖြစ်ပေါ်စေမှန်း မြင်သာနေသည်။
ဤအခြေအနေများအောက်တွင် ရေတပ်အုပ်စုသည် ၎င်းတို့၏ သုတေသနအစီအစဉ်ကို ကျကျနနပင် စတင်အကောင်အထည်ဖော်နိုင်ခဲ့၏။
မကြာခဏဆိုသလိုပင် စစ်ရေယာဉ်အုပ်စုသည် နတ်ဆိုးသခင်အဆင့်မှသည် နတ်ဆိုးဧကရာဇ်အဆင့်အထိ အမျိုးမျိုးသော သားရဲများစွာကို ချောက်နက်နယ်နိမိတ်အတွင်းသို့ ဝင်ချီထွက်ချီနှင့် ဖမ်းဆီးနိုင်ခဲ့ကြ၏။ ထိုသားရဲများသည် စုချန်းလက်ထဲသို့ တကောင်ပြီးတကောင် ရောက်လာပြီး ခွဲစိတ်ရန်နှင့်စမ်းသပ်ရန်အတွက် ပုံစံအမျိုးမျိုးနှင့် အသုံးတော်ခံကြ၏။ ထိုမျှသာမကသေး နောက်ဆုံးတွင် ထိုသားရဲများ၏ သွေးဗီဇထုတ်ယူခြင်းလုပ်ငန်းကိုပါ စတင်နိုင်ခဲ့ပြီး အကျိုးအမြတ်များပင် စတင်ဖြစ်ထွန်းစပြုလာခဲ့လေပြီ။
အချုပ်အနှောင်မဲ့ဂိုဏ်းကား ဤလုပ်ငန်းနှင့် ပတ်သက်ပြီး အတော်လေး အတွေ့အကြုံ များပြားနေခဲ့လေပြီ။ ဤလုပ်ငန်းမျိုးအတွက် သီးခြားတာဝန်ပေးအပ်ထားသည့် ကျွမ်းကျင်သူအမျိုးမျိုးလည်း ရှိနေ၏။
ဤသို့နှင့် ထာဝရကြည်လင်ကျွန်း သည် စနစ်တကျ လည်ပတ်နေသော စက်ရုံတရုံနှင့်ပင် တူလာတော့သည်။ နေ့စဉ်နှင့်အမျှ များပြားသော ပင်လယ်သားရဲများသည် ကျွန်းထဲသို့ အဆက်မပြတ် စီးဝင်နေ၏။ ထို့နောက် သူတို့သည် ၎င်းတို့၏ အဖိုးတန်အစိတ်အပိုင်းများကို ခုတ်ထစ်၏။ ဖယ်ရှား၏။ ထုပ်ပိုး၏။ တနံတလျားသို့ ဖြန့်ဝေကြ၏။
တဖက်တွင်လည်း ကုမျိုးနွယ်သည် ပျံသန်းရေးကွန်ရက်လုပ်ငန်းမှနေ၍ အမြတ်အစွန်းများစွာကို သပိတ်ဝင် အိတ်ဝင်ပင် ရရှိနေ၏။ ၎င်းတို့သည် ကျွန်းအတွက် အဓ်ိကလိုအပ်သော လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြ၏။ ထို့နောက် ကျွန်းပေါ်မှ ထုတ်လုပ်သည့် အဖိုးတန်အရင်းအမြစ်များကို ပြည်မသို့ ပြန်သယ်သွားကြလေသည်။
ကျွန်းပေါ်မှ ထုတ်လုပ်သည့်အရင်းအမြစ်များသည် အထူးသဖြင့် ပင်လယ်ထဲတွင်သာ ရရှိနိုင်သော အရင်းအမြစ်များဖြစ်လေရာ ပြည်မတွင် များစွာဝယ်လိုအား ကောင်းလှသည်။
ဤသို့ ကုမျိုးနွယ်များ ငွေအမြောက်အများ မြတ်စွန်းနေချိန်ဝယ် စစ်ရေယာဉ်အုပ်စုက ပို၍ပင် အမြတ်ကြမ်းနေသေးသည်။
နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် ပင်လယ်သားရဲများ၏အသက်စွမ်းအင်ကို စားသုံးနေ၍ အနှီသားရဲများထံမှ တန်ဖိုးကြီးမူလသလင်းများ ရရှိရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ သို့သော် ၎င်းတို့၏ အသား၊ အရိုးနှင့် အရေခွံများပင်လျှင် ရတနာများ ဖြစ်သည်။
နတ်ဆိုးမဟာဧကရာဇ် တစ်ပါး၏ အရေခွံကို ရှားပါးသံချပ်ကာဝတ်စုံများ တည်ဆောက်ရန် အသုံးပြုနိုင်၏။ ယုတ်စွအဆုံး သံခွံနဂါး၏ အရေခွံကိုပင် အတော်လေး မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချလိုက်ရသည်။
ပင်လယ်သားရဲများအပြင် ပင်လယ်ချောက်နက်ကြီး ပတ်ဝန်းကျင်တွင် အခြားတန်ဖိုးကြီး အရင်းအမြစ်များစွာလည်း ရှိနေသေး၏။
ပင်လယ်သမုဒ္ဒရာကြမ်းပြင်မှာ ရတနာသိုက်ကြီးနှင့်ပင် တူနေသေးသည်။ နတ်ဆိုးနယ်မြေမှ သက်တံ့ခရုခွံများပင်လျင် ဤနယ်မြေမှ ရတနာများနှင့် နှိုင်းယှဉ်လျှင် ဘာတန်ဖိုးမှ မရှိတော့ချေ။
စစ်ရေယာဉ်အုပ်စုအဖို့ ဤရတနာများမှာ သပိတ်ဝင်အိတ်ဝင်ပင် ဖြစ်နေ၏။ ဤရတနာသိုလှောင်ရုံကား လူသူကင်းမဲ့သောနေရာတွင် တည်ရှိနေခဲ့သည်မှာ ကြာပေပြီ။ ထို့ကြောင့် ပင်လယ်ကြမ်းပြင်ကို လက်သည်းခွံမျှ ခြစ်မိရုံဖြင့်ပင် တစုံတဦးသည် ချမ်းသာကြွယ်ဝလာနိုင်၏။
တဖက်တွင်လည်း ပင်လယ်လူသားမျိုးစိတများနှင့် စုချန်းတို့သည် တိုက်ပွဲတပွဲအတွက် စနစ်တကျပင် ပြင်ဆင်နေကြ၏။
စစ်ရေယာဉ်အုပ်စု ထာဝရကြည်လင်ကျွန်းသို့ ရောက်ရှိပြီး တတိယလတွင် ဖြစ်သည်။
ပင်လယ်သည် အထူးပင်တည်ငြိမ်နေ၏။ ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးများပင် ဂယထနေခြင်းမရှိ။
ဤယနေ့တွင် စုချန်းသည် သုတေသနလုပ်ငန်းတွင် နစ်မြုပ်နေခြင်းမရှိပဲ ကုချိန်းလွှာနှင့်အတူ ကမ်းခြေတွင် စကားတပြောပြောနှင့် လမ်းလျှောက်လျက်ရှိသည်။
သို့သော် ဘာကြောင့်မှန်းမသိ သူတို့နှစ်ယောက်လုံး လမ်းလျှောက်ခြင်းကို ရုတ်တရက်ရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်ကြ၏။
ထို့နောက် သူတို့နှစ်ဦး တယောက်ကိုတယောက် လှည့်ကြည့်လိုက်ကြသည်။
ကုချိန်းလွှာ နှုတ်ခမ်းကိုတချက်ကိုက်ပြီး ပြောလိုက်၏။
“လာနေပြီ”
စုချန်းကလည်း ခေါင်းတချက်ညိတ်ရင်း အောက်ပါအတိုင်း ပြန်ပြောလိုက်သည်။
“ကျုပ် ဒီအချိန်ကို စောင့်နေတာ အတော်လေးကြာနေပြီ"