ပင်လယ်သားရဲလှိုင်း
Vol. 95 Ch. 942
အဝေးတစ်နေရာမှ ပင်လယ်ရေပြင်ကျယ်ကြီးသည် အပြင်းအထန် ဂယက်ထကာ လှိုင်းလုံးကြီးများ စတင်ပေါ်ပေါက်လာ၏။
ရေပြင်မှ စတင်တိုးထွက်လာသည့် ခန္ဓာကိုယ်မှာ အလွန်ကြီးမားပြီး အရေပြားမှာ နှင်းကဲ့သို့ ဖွေးဖွေးဖြူနေ၏။ မြင်ကွင်းမှာ ရေခဲတောင်ကြီးတလုံး သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသည်ဟု ထင်မှတ်ရသည်။
၎င်း၏နောက်တွင် မရေမတွက်နိုင်သော ပင်လယ်သားရဲများ ကပ်လျက် လိုက်ပါလာကြ၏။ သားရဲများသည် ရေပြင်တခုလုံးကို လွှမ်းခြုံထားနိုင်အောင် များပြားလှပြီး နေရာတိုင်းတွင် ဖွေးဖွေးလှုပ်နေ၏။
သားရဲများ၏ ရှေ့ဆုံးတန်းတွင် ကြီးမားသည့် ပင်လယ်သားရဲလေးကောင် ရှိနေသည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များအရ အဆိုပါသားရဲများသည် နတ်ဆိုးဧကရာဇ်အဆင့် ရှိနေကြောင်း ထင်ရှားနေ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူ ဝေလငါးဖြူ ကြီးကား သားရဲမဟာဧကရာဇ်အဆင့်ပေတည်း။
နောက်ဆုံးတော့ သားရဲမဟာဧကရာဇ်တကောင် ပင်လယ်ချောက်နက်အပြင်ဘက်သို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေပြီ။
အတိအကျပြောရလျှင် အသက်အရွယ် လိုအပ်ချက်ပြည့်မီသော သားရဲဧကရာဇ်ပင် ဖြစ်သည်။
ဓမ္မတာအတိုင်း ပင်လယ်ချောက်နက်ဆီမှ သားရဲမဟာဧကရာဇ်တကောင်သည် မကြာခဏဆိုသလိုပင် အပြင်လောကသို့ ထွက်လာလေ့ရှိ၏။ ဤထုံးတမ်းစဉ်လာမှာ နောင်နှစ်ပေါင်းများစွာကတည်းက သားရဲမဟာဧကရာဇ်များအကြား အမြစ်တွယ်နေသော ထုံးတမ်းစဥ်လာပင် ဖြစ်သည်။
မှန်ပါသည်။ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် ပင်လယ်သားရဲများ၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးစဥ်တွင် ၎င်းတို့အပေါ် စည်းမျဉ်းပေါင်းများစွာကို ပြဋ္ဌာန်းခဲ့၏။ ရလဒ်မှာကား ခန့်မှန်းခြေအားဖြင့် ငါးနှစ်တကြိမ် သားရဲမဟာဧကရာဇ်တကောင်စီ အပြင်လောကသို့ ထွက်လာနိုင်ခြင်းပင် ဖြစ်လေသည်။
အခြေအနေပေါ်မူတည်၍ ကွဲပြားမှုအနည်းငယ် ရှိနိုင်သော်လည်း ဤကွာခြားချက်များသည် အများအားဖြင့် လပိုင်းခန့်သာ ကွာခြားတတ်၏။
စုချန်းတို့၏ စစ်ရေယာဉ်အုပ်စု ထာဝရကြည်လင်ကျွန်းသို့ မရောက်မီကပင် သားရဲမဟာဧကရာဇ်တကောင် ပင်လယ်လူသားများကို တိုက်ခိုက်ခဲ့သည်မှာ လေးနှစ်ကြာမြင့်ခဲ့လေပြီ။ ထို့ကြောင့် ယခုနှစ် တချိန်ချိန်တွင် သားရဲမဟာဧကရာဇ်တကောင် အပြင်လောကသို့ ထွက်လာလိမ့်မည်ဟု စုချန်းအနေနှင့် ကြိုတင်မျှော်လင့်ထားပြီးသားပင်။
သို့သော် ယခုနှစ်အတွက် အချိန်ဇယားကတော့ အနည်းငယ် ပိုစောနေပုံရ၏။
၎င်းသည် စစ်ရေယာဉ်အုပ်စု ရောက်ရှိလာခြင်းနှင့် သက်ဆိုင်၏၊ မသက်ဆိုင်၏ ဟူသည်ကိုတော့ စုချန်း မသိချေ။
သူသိသည်မှာ ဤနေ့ သေချာပေါက်ရောက်လာမည်ကိုပင်။ ထို့အတွက်ကြောင့်လည်း သူ အစစအရာရာ ကြိုတင်ပြင်ဆင်ထား၏။
ဒေါင်!!!
ခေါင်းလောင်းသံတသံ ကျယ်လောင်စွာ မြည်ဟည်းလာ၏။
ထို့နောက်တွင်တော့ ထာဝရကြည်လင်ကျွန်းသည် စတင်လှုပ်ရှားလာတော့သည်။ ကျွန်းပေါ်မှ မရေမတွက်နိုင်သော လူများသည် ကောင်းကင်ဆီသို့ ပျံတက်သွားကြ၏။ အဟုန်ပြင်းပြင်းနှင့် ချီတက်လာနေသော ပင်လယ်သားရဲလှိုင်းလုံးများကို မြင်သောအခါ သူတို့အားလုံး၏ အမူအရာ ပြောင်းလဲကုန်ကြလေသည်။
သိပ်မကြာမီ ပင်လယ်သားရဲလှိုင်းလုံး သူတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာတော့မည်တည်း။
အသက်အရွယ်ကန့်သတ်ချက်ပြည့်မှီသွားသော သားရဲမဟာဧကရာဇ်တကောင်ကို ချောက်နက်အပြင်ထွက်၍ တိုက်ခိုက်ရန် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုက စတင်အမိန့်ပေးလိုက်သည်နှင့် ၎င်း၏ အကြွင်းအကျန် ဉာဏ်ရည်ဉာဏ်သွေးသည်လည်း အသက်ဝင်လာတော့၏။ ထို့နောက်တွင်တော့ အဆိုပါသားရဲမဟာဧကရာဇ်သည် တခြားပင်လယ်သားရဲများအားလုံးကို ၎င်းနှင့်အတူ ပါဝင်တိုက်ခိုက်ရန် အချက်ပြပေလိမ့်မည်။
ဤအချက်ပြမှုသည် သားရဲမဟာဧကရာဇ်၏ အမိန့်နှင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ဆန္ဒ နှစ်ရပ်လုံးမှ လာခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့်သားရဲမှ ဤအမိန့်ကို မလွန်ဆန်ရဲချေ။
ဤနည်းနှင့် စုချန်းတို့ မြင်တွေ့နေရသည့် သားရဲလှိုင်းကြီး စတင်ဖြစ်တည်လာခြင်းဖြစ်သည်။
ထိုအချိန်တွင် ပင်လယ်ချောက်နက်အတွင် လွတ်ဟာသွားသော သားရဲများ၏ နေရာကို အခြားဒေသမှ ပင်လယ်သားရဲများက အစားထိုးဝင်ရောက်လာတတ်ကြ၏။
ဤသည်မှာလည်း ပင်လယ်ချောက်နက်အတွင်း စဥ်ဆက်မပြတ် ဖြစ်ပေါ်နေသည့် သားရဲသံသရာဟုပင် ဆိုရပေလိမ့်မည်။
ဤသို့ ပင်လယ်သားရဲလှိုင်းလုံး ထွက်ပေါ်လာတတ်တိုင်း ဉာဏ်ရည်မြင့်မျိုးစိတ်များတွင် ပေးဆပ်မှု ကြီးမားလေ့ရှိသည်။ ဤတိုက်ပွဲမျိုးနှင့် နှစ်ထောင်ပေါင်းများစွာ အသားကျလာသည့်တိုင် သားရဲလှိုင်းများအကြောင်းကို တွေးမိလိုက်တိုင်း ယခုအချိန်ထိ လူတိုင်း ကြောက်ဒူးတုန်မိနေကြဆဲပင်။
ယခုလည်း ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့နှစ်ယောက်က အချက်ပြခေါင်းလောင်းသံကို ပထမဆုံး တုံ့ပြန်သူများ ဖြစ်နေကြ၏။
ကောင်းကင်ပေါ်အရောက်မှာပင် မြင်ကွင်းကိုကြည့်ပြီး ဝက်မင်စတာနှင့် ဖရော့စ်ပွိုင့်တို့ အကြီးအကျယ် မျက်နှာပျက်သွား၏။
ထို့နောက် ဝက်မင်စတာက စုချန်းထံသို့ ဆင်းသက်လာပြီး ပြောလိုက်သည်။
“သခင်လေးစု ပင်လယ်သားရဲလှိုင်းရောက်လာပြီ ကျွန်မတို့ အခုချက်ချင်း ခွာစစ်ဆင်မယ်”
"ခွာစစ်ဆင်မယ် ဟုတ်လား”
စုချန်းက ဝက်မင်စတာကို ကြည့်ရင်း ပြောလိုက်သည်။
ဝက်မင်စတာက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် ခွာစစ်ဆင်မယ် သားရဲမဟာဧကရာဇ်ဟာ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့ လွှမ်းမိုးမှုကြောင့် ပင်လယ်လူသားတွေကိုပဲ ပစ်မှတ်ထားလိမ့်မယ် ကျွန်မတို့ ဆုတ်သွားမယ်ဆိုရင် သားရဲလှိုင်းက ကျွန်မတို့နောက်ကိုပဲ လိုက်လာလိမ့်မယ်"
ဝက်မင်စတာသည် ထွက်ပြေးရန် စိတ်ကူးနေခြင်းမဟုတ်။ သားရဲလှိုင်းကို လမ်းကြောင်းပြောင်းရန်သာ ရည်ရွယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သူမ၏ ရက်ရောမှုဟု ဆိုနိုင်၏။
သို့သော် စုချန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ ဘာလို့ ဒီလိုအချိန်ကိုမှ ရွေးချယ်ပြီး လာခဲ့တာလဲ ပင်လယ်သားရဲလှိုင်းရဲ့ အစွမ်းကို ကိုယ်တိုင် မြင်ချင်လို့ပေါ့ ကျုပ်တို့အနေနဲ့ ပင်လယ်သားရဲလှိုင်းကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် နောက်ပိုင်းအစီအစဉ်တွေကို ကျုပ်တို့ ဘယ်လို ဆက်လုပ်မလဲ”
ဝက်မင်စတာ စိတ်လှုပ်ရှားလာ၏။
“သခင်လေးစု ပင်လယ်သားရဲလှိုင်းက ရှင် ထင်တာထက် အများကြီး ပိုအစွမ်းထက်တယ်ရှင့် အချုပ်အနှောင်မဲ့ဂိုဏ်း အင်အားကြီးမှန်း ကျွန်မ သိပါတယ်ဒါပေမဲ့ ဒီနေရာမှာ သားရဲတွေနဲ့ အသက်ပေးတိုက်ခိုက်နေစရာတော့ မလိုဘူးထင်တယ်"
“ကျုပ် နားလည်ပါတယ်”
စုချန်းက ပြန်ဖြေလိုက်သည်။ သို့သော် သူ ဘာမှဆက်မပြောပဲ နှုတ်ဆိတ်သွားပြန်၏။
ဝက်မင်စတာက သက်ပြင်းချရင်း ထပ်ပြောလိုက်ပြန်သည်။
“သခင်လေးစု ဒါကိုနားလည်ပြီးသားဖြစ်မယ်ဆိုတာ သိပါတယ် ကျွန်မတို့သာ အခု အချိန်မီဆုတ်ခွာနိုင်ခဲ့ရင် နက်ပ်ကျွန်းခံတပ်ကို ရောက်တဲ့အချိန်မှာ အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့အင်အားနဲ့ပင်လယ်မျိုးစိတ်တွေရဲ့အင်အားပူးပေါင်းလိုက်ရင် သားရဲလှိုင်းကို လွယ်လွယ်ကူကူ ကာကွယ်နိုင်ပါလိမ့်မယ်"
“ဒါပေမဲ့ ကျုပ်အနေနဲ့ အဲဒီလို လုပ်ချင်စိတ် မရှိပြန်ဘူး”
စုချန်းက ပြန်ဖြေလိုက်၏။
ဟမ်...
ဝက်မင်စတာ နားမလည်နိုင်တော့ချေ။
စုချန်းက ထပ်ပြောလိုက်ပြန်သည်။
“ကျုပ်ရဲ့အဓိကပစ်မှတ်က ပင်လယ်ချောက်နက်ပဲ ကျုပ်တို့ လက်ရှိအင်အားနဲ့သာ ပင်လယ်သားရဲလှိုင်းကို မကိုင်တွယ်နိုင်ဘူးဆိုရင် ချောက်နက်ထဲကို ဘယ်လိုမှ ဝင်နိုင်စရာအကြောင်းမရှိတော့ဘူး”
ဝက်မင်စတာက နာနာကျည်းကျည်း ပြုံးရင်း ပြောလိုက်၏။
“ကျွန်းပေါ်က ကျွန်မတို့ရဲ့ လက်ရှိ အင်အားက ပင်လယ်လူသားမျိုးစိတ်တစိတ်လုံးရဲ့ အင်အားနဲ့ ဘယ်လိုမှနှိုင်းယှဉ်လို့ မရတာတော့ အမှန်ပါပဲရှင်”
ထိုအချိန်တွင် ဖရော့စ်ပွိုင့်၊ ကျုံးကျန်းကျွန်နှင့် တခြားလူများလည်း ရောက်လာကြ၏။
ဖရော့စ်ပွိုင့်က စုချန်းကို ကြည့်ရင်း ပြောလိုက်သည်။
“သခင်လေးစုမှာ ဒီလို ဆုံးဖြတ်ချက်မျိုး ရှိနေတယ်ဆိုတော့ ပင်လယ်သားရဲလှိုင်းလုံး ရှေ့တိုးလာတာကို ရပ်တန့်ဖို့ သခင်လေးစုမှာ အကြံတခုခုများ ရှိနေသလား”
စုချန်က ပြန်ဖြေလိုက်၏။
“အမှန်အတိုင်း ပြောရရင် ကျုပ်အနေနဲ့ သိပ်တော့မသေချာဘူး”
“မသေချာဘူး ဟုတ်လား”
လူတိုင်း အံ့အားသင့်သွားကြ၏။
“ဟုတ်တယ် မသေချာဘူး ရလဒ်ကိုသိဖ်ို့ အချိန်တခု လိုနေသေးတယ်”
သူ့အနေနှင့် ပင်လယ်သားရဲလှိုင်းကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့သည်မှာ အမှန်ပင်။ သို့သော် ဤပြင်ဆင်မှုများ မည်မျှ ထိရောက်မည်ကိုတော့ သူ မသိချေ။
ထို့နောက်တွင်တော့ စုချန်းက အမိန့်ပေးလိုက်တော့၏။
“အားလုံး တိုက်ပွဲအတွက် ပြင်ဆင်ပါ အရင်တခေါက်ကလိုပဲ ပင်လယ်ထိန်းချုပ်ရေးဌာနခွဲနဲ့ အနက်ရောင်ရေတပ်ဖွဲ့က ဘယ်ညာ နှစ်ဖက်ကနေ ညှပ်တိုက်မယ် ပင်လယ်လူသားတွေက အောက်ကနေ တိုက်ခိုက်မယ် အချုပ်အနှောင်ဂိုဏ်းကတော့ လေပေါ်ကနေ တိုက်ခိုက်မယ်”
ဖရော့စ်ပွိုင့် ချက်ချင်းပင် နောက်သို့လှည့်ပြီး သူ့လက်အောက်ခံများထံ အမိန့်ထုတ်ပြန်လိုက်၏။
ခရုသင်း၏ တိုးညင်းသော၊ ဝမ်းနည်းဖွယ်ရာ အသံသည် လေထဲတွင် ပဲ့တင်ထပ်သွား၏။
“ဘာ? ကျုပ်တို့ ဆုတ်မှာ မဟုတ်ဘူးလား”
ပင်လယ်သားရဲလှိုင်း၏ အစွမ်းကို ကိုယ်တိုင် မြင်ဖူးသော ပင်လယ်လူသားမျိုးစိတ်ဝင်စစ်သည်များအားလုံး အံ့အားသင့်သွားကြ၏။ သို့သော် လေ့ကျင့်သားပြည့်ဝနေသူများဖြစ်၍ အချိန်တိုအတွင်းမှာပင် အားလုံးပြင်ဆင်ပြီးသွား၏။
အချုပ်အနှောင်မဲ့ဂိုဏ်း နှင့် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ နှစ်ခုလုံးသည်လည်း စတင်လှုပ်ရှားလာကြသည်။
အနက်ရောင်ရေတပ်ဖွဲ့သာ အတော်လေး ကသောင်းကနင်းနိုင်နေ၏။
တကယ်တော့ ပင်လယ်လူသားများပြီးလျင် အနက်ရောင်ရေတပ်ဖွဲ့သည် ပင်လယ်သားရဲလှိုင်းလုံး၏ သက်ရောက်မှုကို အများဆုံး ခံရလေ့ရှိသော တပ်ဖွဲ့ဖြစ်သည်။ ထို့ကြောင်း သားရဲလှိုင်း မည်မျှကြောက်စရာကောင်းမှန်း အနက်ရောင်ရေတပ်ဖွဲ့မှ စစ်သည်တိုင်းလိုလို သိထားကြ၏။ ယခုတော့ သူတို့အားလုံး သားရဲလှိုင်းတလှိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။ ပို၍ဆိုးသည်မှာ သူတို့သည် ပင်လယ်သားများနှင့်စာလျင် ခံယူချက်အပိုင်းတွင် များစွာ နိမ့်ကျနေကြခြင်းပင်။ ဤအနေအထားတွင် သူတို့ မကြောက်ပဲ အဘယ်မှာ ခံနိုင်မည်နည်း။
၎င်းကိုကြည့်ရင်း စုချန်းက ကျုံးကျန်းကျွန်ကို ကြည့်ကာ ပြောလိုက်၏။
“တပ်မှုးကျုံး ခင်ဗျားရဲ့ လူတွေ သိပ်ပြီး စည်းကမ်းမရှိဘူးနဲ့ တူတယ်”
ကျုံးကျန်းကျွန်၏ မျက်နှာ နီရဲသွား၏။ ထိုအချိန်မှာပင် အနက်ရောင်မီးလျံ၏ စတုတ္တခေါင်းဆောင်က ကောင်းကင်သို့ ခုန်တက်ပြီး အော်လိုက်လေသည်။
“နားထောင်ကြစမ်း အနက်ရောင်ရေတပ်ဖွဲ့က စစ်သည်တွေ”
ထိုအခါကျမှ အားလုံးသတိဝင်လာပြီး စတင်လှုပ်ရှားကြကုန်တော့သည်။ ဤသို့နှင့် သိပ်မကြာမီ အနက်ရောင်ရေတပ်ဖွဲ့သည်လည်း အချိန်မီပင် ကြိုတင်ပြင်ဆင်နိင်ခဲ့တော့၏။ သူတို့အားလုံးသည် ချီစွမ်းအားပညာရှင်များဖြစ်ကြပြီး အသားတကျ လေ့ကျင့်ထားသူများချည်းသာ ဖြစ်ကြသည် မဟုတ်ပါလား။
ကျုံးကျန်းကျွန်အဖို့ကတော့ စုချန်းအပေါ် မျှော်လင့်ချက်ထားရုံမှအပ တခြား ဘာမှမတတ်နိုင်တော့။
သူ စုချန်းကို ကြည့်ရင်း မေးလိုက်လေသည်။
"သခင်လေးစုမှာ ဘာအစီအစဉ်များ ရှိသလဲ”
စုချန်း မသိမသာ ပြုံးလိုက်၏။
“ဒီလောက်လဲ အလျင်မလိုပါနဲ့လေ သူတို့ နည်းနည်း ပိုနီးလာအောင် စောင့်စမ်းပါ"
လူတိုင်း စုချန်း၏ စကားကြောင့် စိုးရိမ်တကြီးနှင့် သက်ပြင်းကိုယ်စီ ချမိကြ၏။
အားလုံးထဲတွင် ဂျီဟန်းယင်ကတော့ အပြောမတတ်ဆုံးသူ ဖြစ်ပုံရသည်။ သူမက တဟုန်ထိုးလာနေသော သားရဲလှိုင်းလုံးကို စိုက်ကြည့်ရင်း စုချန်းကို အောက်ပါအတိုင်း ပြောလိုက်၏။
“စုချန်း ရှင် ဖင်မနိုင်ပဲ ပဲကြီးဟင်းစားလို့ ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ အကြီးအကျယ် ထိခိုက်သွားရင် ကျွန်မ ခွင့်လွှတ်မှာမဟုတ်ဘူး"
သို့သော် စုချန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။
"တိုက်ပွဲရဲ့ ရလဒ်ကိုတော့ ကျုပ် ဘာကတိမှ မပေးနိုင်ဘူး ဒါပေမဲ့ ကျုပ်ကတိပေးနိုင်တာ တခုတော့ရှိတယ် ရလဒ် ဘယ်လိုပဲ ဖြစ်ပါစေ အချုပ်အနှောင်မဲ့ဂိုဏ်း က တခြားသူတွေထက် အရင်စောပြီး ဆုတ်ခွာမှာ မဟုတ်ဘူး”
လူတိုင်း ဤစကားကို ကြားလိုက်သည်နှင့် နှုတ်ဆိတ်သွားကြ၏။
စုချန့်အနေနှင့် တကယ်ပင် သူ အောင်မြင်လိမ့်မည်ဟု ယုံကြည်မှုမရှိ၍ ဤစကားမျိုးကို ပြောလိုက်ခြင်းပေလား။
ဒါကလည်း ရာနှုန်းပြည့်တော့ မမှန်နိုင်ချေ။
စုချန်းသည် ဤအချိန်အတွက် ငါးနှစ်ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့၏။ အကယ်၍ သူသာ လူပေါင်း သိန်းချီ၏ အသက်ကို လောင်းကြေးထပ်ပြီး ကံကောင်းခြင်းကို မျှော်လင့်နေပါက များစွာ ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
စုချန်းသည် ဤသို့သော လူစားမျိုးမဟုတ်။ ထို့ကြောင့် သူ့အနေနှင့် ဤအခြေအနေကို ကိုင်တွယ်နိုင်မည်ဟု ၉၉ ရာခိုင်နှုန်းခန့် ယုံကြည်မှုရှိပြီး ဖြစ်ပေလိမ့်မည်။
သို့သော် အာမခံပါသည်ဟူသော စကားမျိုးကို စုချန်း ဘယ်တော့မှ ထုတ်ပြောလိမ့်မည်မဟုတ်ချေ။
တိုက်ပွဲဟူသည် သဘောသဘာဝအရ အမြဲတမ်း ကြမ်းတမ်းနေတတ်ပြီး သားရဲမဟာဧကရာဇ်များနှင့် တိုက်ခိုက်ရသည့်အခါမျိုးတွင် ပို၍ပင် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေ၏။ သေရေးရှင်ရေးတိုက်ပွဲတွင် စိတ်ကူးယဉ်သမားတို့အတွက် နေရာမရှိ။ ထို့ကြောင့် တိုက်ပွဲတွင် ပါဝင်နေသည့် စစ်သည်တိုင်းအနေနှင့် မည်သည့်အခြေအနေတွင်မဆို သေဘေးကို မျှော်လင့်ထားပြီးသား ဖြစ်နေရန် လိုအပ်၏။
အကယ်၍ သင်သာ ဤတိုက်ပွဲတွင် အနိုင်ရရန် သေချာနေပါက မည်သည့်အတွက် သတ္တိရှိရန် လိုအပ်တော့မည်နည်း။ မည်သည့်အတွက် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားရန် လိုအပ်တော့မည်နည်း။
အောင်မြင်မှုအတွက် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုတချို့ လိုအပ်လာမည့် အခြေအနေများ သို့မဟုတ် အောင်မြင်မှုအတွက် အာမခံချက် မရှိသည့်တိုင် မာန်တင်းကာ ကြိုးစားလုပ်ဆောင်ရမည့် အခြေအနေများဟူ၍ အမြဲတမ်း ရှိနေ၏။ စုချန်းသာ ဤအခြေအနေမျိုးကို ကိုင်တွယ်ရန် ပြင်ဆင်ထားခြင်း မရှိလျင် သူ့ကိုယ်သူ စစ်သားဟု မည်သို့ ခေါ်နိုင်တော့မည်နည်း။
ယခုလည်း စုချန်း၏ တပ်ပေါင်းစုကြီးထဲတွင် ထိုသို့မျှော်တွေးပြီး ကြိုတင်ပြင်ဆင်ရန် လိုအပ်နေသေးသည့် ဝါနုစစ်သည် အများအပြားပင် ပါဝင်နေ၏။ ထိုအတွက်ကြောင့် စုချန်းက အထက်ပါအတိုင်း စကားကို မတင်မကျ ပြောထားလိုက်ခြင်းပင် ဖြစ်လေသည်။
သူ့အနေနှင့် သူ့မဟာမိတ်များ သူ့အပေါ် ယုံကြည်ထားရန်သာမကပဲ သူနှင့်အတူ အန္တရာယ်များကို အတူတကွ ရင်ဆိုင်ရဲရန်လည်း လိုလားပေသည်။ ဤကား စုချန်း၏ ရည်ရွယ်ချက်ပေတည်း။
ပင်လယ်သားရဲလှိုင်းကား ပို၍ပို၍ နီးကပ်လာနေခဲ့လေပြီ။ ရှေ့ဆုံးမှ ဦးဆောင်နေသော သားရဲမဟာဧကရာဇ်သည် တိုက်ပွဲခေါ်သံအနေနှင့် တချက် ဟိန်းဟောက်လိုက်ရာ လှိုင်းတံပိုးများ တောင်ကဲ့သ်ို့ မြင့်တက်သွားပြီး ကျွန်းပေါ်သို့ပင် အရိပ်လွှမ်းသွားလေသည်။
၎င်းကိုကြည့်ရင်း စစ်သည်များ၏ မျက်နှာများမှာ ဖြူဖွေးကုန်ကြ၏။
သူတို့၏ စိတ်ထဲတွင်လည်း ဤသို့ ကြောက်စရာသားရဲလှိုင်းကို ဖျက်ဆီးရန် မည်သည့် ခွန်အားမျိုး လိုအပ်မည်နည်းဟု တွေးမိနေကြ၏။
ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်ပင်လျင် ဤသို့စွမ်းဆောင်ရည်ရှိမည်မှာ သိပ်မသေချာလှ။
အကယ်၍ မူလသားရဲကြီးတကောင်ဆိုလျင်ရော.....
ထိုအချိန်မှာပင် စုချန်းက လှိုင်းလုံးကြီးကို ကြည့်ရင်း ကုချိန်းလွှာကို ခေါင်းညိတ်ပြလိုက်၏။
“ကဲ ချိန်းလွှာ ဒီအချိန်က မင်းအစွမ်းကို ထုတ်ပြဖို့ အချိန်ကောင်းပဲ"