တောက်ပခြင်းနဂါးသွေးဗီဇ
Vol. 95 Ch. 943
စုချန်၏စကားကို ကြားသည်နှင့် ကုချိန်းလွှာ မသိမသာ ပြုံးလိုက်၏။ တချိန်တည်းမှာပင် သူမ၏ တကိုယ်လုံး လေပေါ်သို့ အိခနဲ လွင့်တက်သွား၏။ သူမ၏အဖြူရောင်ဝတ်ရုံမှာကား လေနှင့်အတူ ညင်သာစွာ လွင့်မျောနေပြီး သူတော်စင်တပါး၏ အသွင်အပြင်ကို ဆောင်ကျဥ်းနေလေသည်။
ထိုအချိန်တွင် ရေတပ်အုပ်စု၏ ဌာနခွဲလေးခုသည်လည်း အသင့် နေရာယူထားပြီး ဖြစ်သည်။ ၎င်းတို့သည် ပင်လယ်သားရဲလှိုင်းကို ကျုံးသွင်းနိုင်ရန်အတွက် အိတ်ကပ်တခုသဖွယ် စုဝေးထားကြ၏။
သို့သော် အကြီးဆုံးဟုဆိုရမည့်အိတ်ကပ်တွင်ပင် တောင်တလုံးသို့မဟုတ် ပင်လယ်တစင်းကို သိုလှောင်ထားရန် ခက်ခဲပေလိမ့်မည်။
ယခုကဲ့သို့ အင်အားကြီးမားသော ပင်လယ်သားရဲလှိုင်းနှင့် ရင်ဆိုင်ရသောအခါ ဤအိတ်ကပ်သည် လိုအပ်သည်ထက် ပို၍ အားနည်းနေသည်မှာ ထင်ရှားနေ၏။
ကောင်းကင်ပေါ်ရောက်သည်နှင့် ကုချိန်းလွှာသည် ပင်လယ်သားရဲလှိုင်းကို ကြည့်ရင်း လက်နှစ်ဖက်ကို ဖြန့်ကာ လှပစွာ ပြုံးလိုက်၏။ သူမထံမှလည်း အလွန်နက်နဲသည့် ရှေးဟောင်း စွမ်းအင်အငွေ့အသက်တခု စတင်ပျံ့နှံ့လာလေသည်။
အဆိုပါ ရှေးဟောင်းစွမ်းအင်အငွေ့အသက်သည် ခန့်ညားထည်ဝါလှသော စွမ်းအင်ထုကြီးနှင့် သိပ်သည်းလှသောဖိအားတို့ကို သယ်ဆောင်လာ၏။
၎င်းမှာ ရှေးအတီတေဆီမှ မူလသားရဲတကောင် နိုးထလာပြီး စွမ်းအင်အငွေ့အသက်တချို့ကို ထုတ်လွှတ်လိုက်သည်နှင့်ပင် တူနေသေးသည်။
ကုချိန်းလွှာကို ကြည့်ရင်း ကျုံးကျန်းကျွန်၏ ပါးစပ်မှ အာမေဋိတ်သံတချက် ထွက်ပေါ်လာ၏။
“တောက်ပခြင်းနဂါးသွေးဗီဇပါလား"
ကုချိန်းလွှာထံမှ ထွက်ပေါ်နေသည့်စွမ်းအင်အငွေ့အသက်မှာ သံသယဖြစ်စရာမလိုပဲ မူလသားရဲကြီးဖြစ်သည့် တောက်ပခြင်းနဂါးသွေးဗီဇမှန်း သိသာနေ၏။
သတ်ဖြတ်သူမျိုးစိတ်များအတွက် နတ်ဘုရားဆေးမင်ရုပ်များသည် အထွတ်အထိပ်ဖြစ်သည့်နှယ် လူပျံတော်များအတွက် နတ်ဘုရားသားမွေးတောင်များသည်လည်း အထွတ်အမြတ် ဖြစ်သည်။ ထိုနည်းတူစွာ တောက်ပခြင်းနဂါးသွေးဗီဇသည် လူသားမျိုးနွယ်၏ အရေးအပါဆုံး ဝှက်ဖဲလက်နက်တမျိုးဟု ဆိုနိုင်၏။
တနည်းအားဖြင့် သွေးဗီဇ နိုးထလာသည့် ကုမျိုးနွယ်ဝင်တိုင်းသည် လူသားတို့ကမ္ဘာတွင် အစွမ်းထက်လက်နက်တစ်ခုအဖြစ် ရှုမြင်ခံရလေ့ရှိသည်။ ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွှဲရသည့်အခါတိုင်း ကုမျိုးနွယ်ဝင်များသည် အမြဲတစေ ပါဝင်ပတ်သက်ခဲ့ကြရ၏။
ကုမျိုးနွယ်၏ သွေးဗီဇစွမ်းအားသည် အခြားသူများထက် များစွာ သာလွန်နေလေရာ ၎င်းတို့ကို အသက်ရှင်လျက်ရှိသော လူသားများထဲမှ အသန်မာဆုံးသူများအဖြစ် သတ်မှတ်ထားကြ၏။ ယုတ်စွအဆုံး ၎င်းတို့သည် ၎င်းတို့ထက် မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်များကိုပင် သတ်နိုင်စွမ်း ရှိကြသည်။
သို့သော် ကုမျိုးနွယ်ဝင်များ မည်မျှ အစွမ်းထက်သည်ဆိုစေကာမူ လက်ရှိအခြေအနေတွင် ကုချိန်းလွှာ တဦးတည်းကိုသာ အစွမ်းထက်လက်နက် အဖြစ် အသုံးပြုခြင်းသည် ဟာသသဖွယ် ဖြစ်နေ၏။
သူတို့သည် ပင်လယ်သားရဲလှိုင်းကြီးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်!
အကယ်၍ ကုချိန်းလွှာသည် အလွန်အားကောင်းလွန်း၍ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတဦးကို သူမတစ်ဦးတည်း ကိုင်တွယ်နိုင်သည်ဆိုစေအုံးတော့။ ဘာဖြစ်သွားမည်နည်း။
သူမ၏လုပ်ရပ်သည် ပင်လယ်ထဲမှ ရေတစက်ထက်ပင် ပိုလိမ့်မည်မဟုတ်။
သို့သော် တရစပ်မြင့်တက်လာသော စွမ်းအင်ပမာဏကိုကြည့်ရင်း ကုချိန်းလွှာ၏ သွေးဗီဇသည် အထူးပင် သိပ်သည်းနေကြောင်း လူတိုင်း လျင်မြန်စွာ သဘောပေါက်လိုက်ကြသည်။ တချိန်တည်းမှာပင် ကုချိန်းလွှာ၏ နောက်ကွယ်တွင် တောက်ပသော နဂါးပုံရ်ိပ်ကြီးတခု စတင် ပေါ်ပေါက်လာ၏။ ဤကြီးမားသောပုံရိပ်ကြီးသည် ကီလိုမီတာ ထောင်ချီရှည်လျားသော တောင်တန်းကြီးနှင့်ပင် အလားတူနေသေးသည်။ မြင်ကွင်းကိုကြည့်ရင်း ကြည့်ရှုသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ကုချိန်းလွှာကိုကြည့်ရင်း ကျန့်စီချွေ့က ထအော်လိုက်၏။
“သူ့ရဲ့ သွေးဗီဇ စင်ကြယ်မှုက ၂၀ရာခိုင်နှုန်းထိ ရောက်နေပြီ"
သွေးဗီဇ စင်ကြယ်မှုဟူသည် ကျင့်ကြံမှုအဆင့်အတန်းနှင့် သက်ဆိုင်ခြင်း မရှိ။ သင်သည် ကျင့်ကြံမှုအဆင့်အတန်းမြင့်မားရုံနှင့် သင့်သွေးဗီဇက အလွန်အမင်း စင်ကြယ်နေသည်ဟု ဆို၍မရချေ။
တချို့လူများအနေနှင့် ကျင့်ကြံခြင်းအဆင့်အတန်းက သာမာန်မျှသာဖြစ်သော်လည်း ၎င်းတို့၏ သွေးဗီဇ စင်ကြယ်မှုကမူ မြင့်မားကောင်းမြင့်မားနေနိုင်သည်။ ဥပမာအားဖြင့် ဂျီဟန်းယင်က်ိုပင် ကြည့်ပါ။ သူမ၏ သွေးဗီဇသည် တခြားလူများထက် ၅ရာခိုင်နှုန်းပို၍ သန့်ရှင်းစင်ကြယ်၍ မျိုးနွယ်စုသွေးဗီဇ၏ ဒုတိယအလွှာကို စောစီးစွာ ဝင်ရောက်နိုင်ခဲ့၏။ ဤနည်းအားဖြင့် သူမသည် နဂါးကျောင်းတော်သို့ စောစီးစွာ ဝင်ရောက်နိုင်ခဲ့၏။
ထို့ကြောင့် သွေးဗီဇ စင်ကြယ်မှုသည် တိုက်ခိုက်ရေးစွမ်းအားအပေါ်တွင် သက်ရောက်မှုရှိ၏။ လူနှစ်ဦးတွင် ကျင့်ကြံမှုအဆင့်အတန်း တူညီပြီး ၎င်းတို့၏ သွေးဗီဇများသည်လည်း ပျမ်းမျှခွန်အားအရ တူညီနေသည်ဟု ဆိုပါစို့၊ ပိုမိုမြင့်မားသော သွေးဗီဇ စင်ကြယ်မှုကို ပိုင်ဆိုင်ထားသူက အသာရသွားမည်မှာ မုချပင်။
ထိုမျှသာမကသေး သွေးဗီဇ စင်ကြယ်မှုသည် ကျင့်ကြံခြင်းနယ်ပယ် အဆင့်တိုးမြှင့်ရာတွင်လည်း များစွာအထောက်အကူပြု၏။ ထို့ကြောင့်လည်း ကျင့်ကြံခြင်းနည်းစနစ်များအားလုံးက သွေးဗီဇများပေါ်တွင် မှီခိုနေကြခြင်း ဖြစ်သည်။ ယခုမှသာ စုချန်းကြောင့် သွေးဗီဇများအပေါ် မှီခိုအားထားမှုများ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။
ပုံမှန်အားဖြင့် လူတဦး၏ မျိုးရိုးဗီဇ စင်ကြယ်မှုသည် ငါးဆယ်ရာခိုင်နှုန်း ထက် ကျော်လွန်သွား၍ မရချေ။ အကြောင်းမှာ သွေးဗီဇစင်ကြယ်မှုသာ ငါးဆယ်ရာခိုင်နှုန်းထက် ကျော်လွန်သွားပါက လူသားဗီဇကို သားရဲသွေးဗီဇက အနိုင်ရသွားပေလိမ့်မည်။ ထို့နောက်တွင်တော့ ထိုလူသည်လည်း သားရဲအဖြစ်သို့ ထာဝရပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ကမ္ဘာကြီးပေါ်တွင် အမျိုးမျိုးအဖုံဖုံသော သားရဲသွေးဗီဇများ တည်ရှိနေကြလေရာ သွေးဗီဇစင်ကြယ်မှုကန့်သတ်ချက်မှာလည်း သွေးဗီဇအမျိုးအစားအလိုက် ကွဲပြားခြားနားကြ၏။
မူလသားရဲ သွေးဗီဇ ၏ ကန့်သတ်ချက်မှာကား ၅၀% မဟုတ်။ ၃၀%သာ ဖြစ်သည်။
မှန်ပါသည်။ မူလသားရဲသွေးဗီဇ၏ ကန့်သတ်ချက်မှာ ၃၀%သာ ဖြစ်သည်။
မူလသားရဲများသည် အလွန်အမင်း အစွမ်းထက်လေရာ လူသားတဦး၏ ဗီဇကုဒ်တွင် ၃၀ရာခိုင်နှုန်းထ်ိ ပါဝင်ပေါင်းစပ်သွားသည်နှင့်တပြိုင်နက် ၎င်းတို့သည် လူသားအစိတ်အပိုင်းကို လွှမ်းမိုးပြီး စတင်ထိန်းချုပ်လာနိုင်တော့၏။
ဤသို့ဆိုရုံနှင့် ကုချိန်းလွှာတယောက် တောက်ပခြင်းနဂါး ဖြစ်သွားမည်ဟု ဆိုလိုခြင်း မဟုတ်။ ကုချိန်းလွှာ၏ လူသားဗီဇစိတ် ပျောက်ဆုံးသွားမည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။
ဤအချက်ကို ကျန့်စီချွေ့တယောက် ရှင်းရှင်းလင်းလင်းပင် သိရှိထား၏။ အကြောင်းမှာ ကျန့်မျိုးနွယ်၏ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇ ကန့်သတ်ချက်မှာ ၄၀% ဖြစ်နေသောကြောင့်ပင်။
သို့သော် ၃၀%တည်းဟူသော စင်ကြယ်မှုအဆင့်အတန်းတွင်ပင် မူလသားရဲသွေးဗီဇများ သည် အလွန်အစွမ်းထက်ကြ၏။
လူတဦး၏ သွေးဗီဇ စင်ကြယ်မှု ၂၀% သို့ ရောက်ရှိသည်နှင့် တပြိုင်နက် ထိုလူအနေနှင့် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်သို့ သေချာပေါက်ရောက်လိမ့်မည်ဟု ဆို၍ရပေပြီ။ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇရှိသူများအတွက် ၄၀% စင်ကြယ်မှုသည်လည်း အလားတူပင်။
ယခုတော့ ကုချိန်းလွှာ၏ သွေးဗီဇစင်ကြယ်မှုက ၂၀% သို့တိုင် ရောက်ရှိနေခဲ့လေပြီ။ ဤအနေအထားမျိုးကို ကျန့်စီချွေ့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ချေ။ ဆိုလိုသည်မှာ သူမသည် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်သို့ ဦးတည်သော လမ်းကြောင်းပေါ် ရောက်ရှိနေခဲ့လေပြီ။
သို့သော် ကုချိန်းလွှာ၏ သွေးဗီဇ နိုးထလာသည်မှာ ဆယ်စုနှစ်တခုစာပင် မရှိသေး။ သူမ ဤအဆင့်သို့ ဤမျှ မြန်မြန်ဆန်ဆန် မည်သို့ ရောက်သွားခဲ့လေသနည်း။
ကျန့်စီချွေ့က စုချန်းကို ဖြတ်ခနဲ လှည့်ကြည့်လိုက်၏။
စုချန်း ပြုံးလိုက်လေသည်။
“ကျုပ်က နိုင်ငံခုနှစ်နိုင်ငံရဲ့သွေးဗီဇကို အဆင့်မြှင့်တင်ပေးခဲ့ပြီးပြီ ကုမျိုးနွယ်အတွက်လဲ အလှည့်ပေးအုံးမှပေါ့"
မှန်ပါသည်။ စုချန်း၏ စကားက များစွာ ယုတ္တိရှိ၏။ သို့သော် ဤအကြောင်းနှင့်ပတ်သက်၍ တခါမှ မပြောဖူးသောကြောင့် လူတိုင်း အငိုက်မိကုန်ကြသည့် သဘောပင်။
“ဒါဆိုရင် သခင်လေးစုရဲ့အစီအစဉ်က မူလသားရဲရဲ့ အစွမ်းနဲ့ သားရဲမဟာဧကရာဇ်ရဲ့ ထိန်းချုပ်မှုကို အနှောင့်အယှက်ပေးဖို့လား”
မင်းသမီး ဝက်မင်စတာက ကုချိန်းလွှာ ဘာလုပ်နေရန်ကြိုးစားမှန်း ချက်ချင်းသဘောပေါက်လိုက်ဟန်တူသည်။
ပင်လယ်သားရဲလှိုင်းကို တားဆီးရန်တဲ့လား။
ကုချိန်းလွှာတွင် ဤစွမ်းရည်မျိုး ရှိရန် မှာ လုံးဝ မဖြစ်နိုင်။
သို့သော် မူလသားရဲ၏ စွမ်းအင်အငွေ့အသက်သည် သားရဲမဟာဧကရာဇ်ထက် အဆပေါင်းများစွာ ပိုမို လွှမ်းမိုးနိုင်စွမ်းရှိ၏။ ၎င်း ပေါ်ပေါက်လာမှုသည် အခြားသားရဲများအပေါ် သားရဲမဟာဧကရာဇ်၏ ထိန်းချုပ်မှုကို မလွဲမသွေ သက်ရောက်မှုရှိစေမည်ဖြစ်သည်။
ပင်လယ်သားရဲလှိုင်းများ ကြောက်မက်ဖွယ်ကောင်းရခြင်းမှာလည်း ဤပင်လယ်သားရဲများအားလုံးသည် သားရဲမဟာဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။ သို့သော် သားရဲမဟာဧကရာဇ်ထက် ပိုမိုမြင့်မားသော စွမ်းအားတခု တည်ရှိနေခြင်းသည် ၎င်း၏ထိန်းချုပ်မှုကို သေချာပေါက် အနှောင့်အယှက်ပေးနိုင်ပေလိမ့်မည်။
တကယ်လည်း ကုချိန်းလွှာ သူမ၏သွေးဗီဇကို စတင်ဖော်ထုတ်လိုက်သည့် အချိန်မှစ၍ ပင်လယ်သားရဲလှိုင်းသည် သိသိသာသာပင် ရှုပ်ထွေးစပြုလာ၏။ အားနည်းသော ပင်လယ်သားရဲအချို့ဆိုလျင် ကြောက်လန့်တကြားနှင့် စတင်အော်ဟစ်နေကြလေပြီ။
တောက်ပခြင်းနဂါး ၏ လွှမ်းမိုးနိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုအချိန်မှာပင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော တင်းဖန်က ရုတ်တရက် မှတ်ချက်ပြုလိုက်၏။
“နှစ်အနည်းငယ်အတွင်း သွေးဗီဇစင်ကြယ်မှု ၂၀% ထိရောက်နိုင်တာ တကယ်ကို အထင်ကြီးစရာပဲ ဒါပေမဲ့ ဒါ တခုတည်းနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး”
မူလသားရဲ၏ စွမ်းအင်အငွေ့အသက်သည် သားရဲမဟာဧကရာဇ်ထက် များစွာ ပိုမိုအားကောင်းသော်လည်း မူလသားရဲသွေးဗီဇကတော့ မူလသားရဲ မဟုတ်ချေ။
ထို့အပြင် ကုချိန်းလွှာသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်တွင်သာ ရှိနေသေး၏။ ကုချိန်းလွှာမဆိုထားနှင့် ကုချင်းရုံပင်လျှင် သားရဲမဟာဧကရာဇ်ထံမှ အာဏာကို လက်လွှဲယူနိုင်လိမ့်မည်မဟုတ်။
မည်သို့ပင်ဆိုစေကာမူ တဦးက သားရဲ ဖြစ်ပြီး ကျန်တဦးက လူသား ဖြစ်သည်။ ထို့ကြောင့် သဘောသဘာဝချင်းမှာ များစွာ ကွာခြားနေ၏။
ထို့ကြောင့် တင်းဖန်၏ အဆိုးမြင်သဘောထားက နားလည်နိုင်လောက်စရာပင် ဖြစ်လေသည်။
သို့သော် စုချန်းက ပြောလိုက်၏။
“သူ့ကန့်သတ်ချက်က ၂၀% လို့ ကျုပ် တစ်ခါမှလဲ မပြောမိပါလား”
တခနအကြာမှာပင် ကုချိန်းလွှာ၏ စွမ်းအင်အငွေ့အသက်က ဆက်လက်မြင့်တက်လာပြီး တောက်ပခြင်း နဂါးပုံရိပ်သည်လည်း ပို၍ ပို၍ သိသာထင်ရှားလာလေသည်။ အစောပိုင်း ရုပ်ပုံရိပ်သည် ဝါးနေခဲ့သော်လည်း ယခုမူ အနုစိတ်အရေးအကြောင်းများကိုပင် ပို၍ ပို၍ ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ရလေပြီ။
ဖိအား ရုတ်တရက် တိုးပွားလာခြင်းကြောင့် ပင်လယ်သားရဲလှိုင်း၏ လှုပ်ရှားမှုမှာ သိသိသာသာပင် နှေးကွေးသွားကြ၏။ ထ်ို့နောက် သူတို့တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“သုံးဆယ်ရာခိုင်နှုန်း သုံးဆယ်ရာခိုင်နှုန်း”
လူတိုင်း ကျောထဲတွင် စိမ့်ခနဲ ဖြစ်ကုန်ကြ၏။
လက်ရှိအချိန်တွင် ကုချိန်းလွှာ၏ သွေးဗီဇ စင်ကြယ်မှုက ၃၀%သို့ ရောက်ရှိသွားခဲ့လေပြီ။
ဤအဆင့်ထိ ရောက်ရှိနိုင်ခဲ့သော နောက်ဆုံးကုမျိုးနွယ်ဝင်မှာ လွန်ခဲ့သော နှစ်သုံးရာခန့်က ဖြစ်သည်။ ၎င်းသည် ကုမျိုးနွယ်တွင် အငယ်ဆုံးနှင့်အစွမ်းအထက်ဆုံး အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံသူ ဖြစ်ခဲ့ဖူး၏။
ယခုလည်း ကုချိန်းလွှာက သမ်ိုင်းမှတ်တမ်းသစ်ကို ရေးထိုးလိုက်နိုင်သည့် သဘောပင်။
သို့သော် ကုချိန်းလွှာကိုကြည့်ရင်း ကျန့်စီချွေ့တယောက် ဝမ်းမြောက်ရမည့်အစား ဒေါသထွက်လာ၏။ ထို့နောက် သူ စုချန်းကို လှည့်ကြည့်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။
"စုချန်း မင်း ရူးသွားတာလား သွေးဗီဇစင်ကြယ်မှု တိုးလာတာရဲ့နောက်မှာ အန္တရာယ်လဲကပ်ပါလာတယ်ဆိုတာ မင်းက ပိုသိသင့်တာပေါ့ တခါတလေ မင်း မလိုချင်တဲ့အခါမျိုးမှာ ဒါက တိုးချင်တိုးလာနိုင်တယ် အခု မင်း သူ့ကို ကန့်သတ်ချက်အထိ ရောက်အောင် လုပ်ခဲ့ပြီးပြီ တကယ်လို့ သူ နောင်နှစ်ပေါင်းရာချီအတွင်း မတော်တဆ သွေးဗီဇ ထပ်ပြီး နိုးထလာခဲ့မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်သွားမလဲ မင်း သူ့ကို ထိခိုက်စေမှာပဲ မဟုတ်ဘူးလား”
တော်ဝင်မျိုးနွယ်စုဝင်အများစုသည် ၎င်းတို့၏ သွေးဗီဇ စင်ကြယ်မှု ထပ်မံနိုးထလာမည်ကို စိုးရိမ်သောကြောင့် အဆုံးစွန်သော ကန့်သတ်ချက်အထိ ဘယ်တော့မှ မြှင့်တင်လေ့မရှိကြချေ။
ယခုတော့ စုချန်းက ကုချိန်းလွှာ၏ သွေးဗီဇစင်ကြယ်မှုကို အသက်ငယ်နုစဥ်မှာပင် အဆုံးစွန်သော ကန့်သတ်ချက်အထိ မြှင့်တင်ပေးခဲ့လိုက်လေပြီ။ နောင်နှစ်ပေါင်းရာချီအတွင်း သူမ၏သွေးဗီဇသာ ထပ်မံနိုးထလာပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
သို့သော် စုချန်းက ခပ်တည်တည်နှင့် ပြန်ဖြေလိုက်၏။
“တကယ်တော့ သူ့ကန့်သတ်ချက်က ၃၀ရာခိုင်နှုန်းလဲ မဟုတ်သေးဘူးဗျ"
ဘာ?
လူတိုင်း အံ့အားသင့်သွားကြပြန်၏။
ထိုအချိန်မှာပင် ကုချိန်းလွှာ၏ စွမ်းအင်အငွေ့အသက်က တစ်ဖန် ပြန်လည် မြင့်တက်လာပြန်၏။
အလွန်ရှေးကျလှသော စွမ်းအင်အငွေ့အသက် ပိုမို အားကောင်းလာသည်နှင့်အမျှ ၎င်းသည် ပစ္စုပ္ပန်ရှိ လူတိုင်းအပေါ် စတင်လွှမ်းမိုးလာ၏။ ပင်လယ်သားရဲများကား ကြောက်ရွံ့ဖွယ်တည်ရှိမှုတခုကို မျက်ဝါးထင်ထင်ကြုံတွေ့ရသည့်နှယ် ကြောက်လန့်တကြားနှင့် အော်ဟစ်ကုန်ကြတော့သည်။ နတ်ဆိုးဘုရင်သားရဲများပင်လျှင် ဂဏာမငြိမ်ဟန် လက္ခဏာများ ပြသလာ၏။
“လေးဆယ်ရာခိုင်နှုန်း လေးဆယ်ရာခိုင်နှုန်း”
ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
၎င်းတို့အနေနှင့် ဤမျှ မြင့်မားသောစွမ်းအင်မျိုးကို ကိုယ်တိုင်မြင်ဖူးကြသည်တော့ မဟုတ်။ သို့သော် ကုချိန်းလွှာထံမှ ထွက်ပေါ်နေသည့် ရှေးဟောင်း စွမ်းအင်အငွေ့အသက် သည် သူတို့၏ မသ်ိစိတ်ထဲတွင် ကိန်းအောင်းနေသော အကြောက်တရားကို နှိုးဆွပေးနေဟန်ရှိ၏။
ထိုအချိန်တွင် ပင်လယ်သားရဲလှိုင်းကား အကြီးအကျယ် ပွက်လောရိုက်နေပြီ ဖြစ်သည်။ ကုချိန်းလွှာ၏ သွေးဗီဇ၂၀% စင်ကြယ်မှုသည် လှိုင်းရွေ့လျားမှု အနည်းငယ်သာ နှေးကွေးစေခဲ့၏။ ၃၀%သည် ရှုပ်ထွေးမှုတချို့ကို စတင် ဖြစ်ပေါ်စေခဲ့၏။ ၄၀%ကတော့ လှိုင်းလုံး၏ ရှေ့ဆက်တိုးမှုကို သိသိသာသာ နှေးကွေးသွားစေပြီး သားရဲလှိုင်းကို သိသိသာသာပင် ရှုပ်ရှက်ခတ်သွားစေလေသည်။
ထိုအချိန်တွင် နတ်ဆိုးဘုရင်အဆင့် ထက်နိမ့်သည့် ပင်လယ်သားရဲများ အားလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေကြလေပြီ။ နတ်ဆိုးဘုရင်အဆင့်နှင့် ထိုထက်မြင့်သော သားရဲများသာလျင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်ကြ၏။ သို့တိုင် ၎င်းတို့ကိုယ်တိုင်ပင် အခြေအနေမှာ သိပ်မဟန်လှ။
ဤအကျိုးသက်ရောက်မှုသည် အကွာအဝေးနှင့်လည်း ဆိုင်လေရာ ကုချိန်းလွှာနှင့် အနီးဆုံး ပင်လယ်သားရဲများ သည် ချီတက်မှု ရပ်တန့်လုနီးပါး နှေးကွေးကုန်ကြ၏။ ထိုအချိန်တွင် အဝေးမှ ပင်လယ်သားရဲများမှာ တပ်ပေါင်းစု၏ အိတ်ကပ်ထဲသို့ အတင်းပြွတ်သိပ်ဝင်ရောက်နေကြလေသည်။
အခြေအနေမှာ ရှူပ်ထွေးနေလေရာ လူတိုင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ဖြစ်နေကြ၏။
ထိုအချိန်မှာပင် စုချန်၏စကားသံ စတင်ထွက်ပေါ်လာသည်။
“ဘာကို စောင့်နေကြတာလဲ”
ထိုအခါကျမှ ဖရော့စ်ပွိုင့်၊ ကျုံးကျန်းကျွန်၊ ကျန့်စီချွေ့နှင့် တခြားသူများသည် သတိပြန်ကပ်လာပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးထံ အမိန့်များ ထုတ်ပြန်လိုက်ကြသည်။
ကောင်းကင်တခွင်လုံး မူလစွမ်းအင်များ ပျံ့နှံ့သွားပြီး လေ၊ မီး၊ လျှပ်စီး နှင့် အခြားသော မူလစွမ်းရည်များ၊ အာကင်နာနည်းစနစ်များ လေထဲတွင် ပလူပျံကာ ပင်လယ်သားရဲလှိုင်းဆီသို့ ဝုန်းဒိုင်းကြဲ တိုးဝင်ကုန်ကြသည်။
တဖက်မှ ပင်လယ်သားရဲလှိုင်းကား လုံးဝဖွဲ့စည်းပုံပျက်ကာ ကမောက်ကမ ဖြစ်နေပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိကြတော့ချေ။
သို့သော် ဂျီဟန်းယင်က စုချန်းကို ဒေါသတကြီးစိုက်ကြည့်ကာ အောက်ပါအတိုင်း ပြောလိုက်လေသည်။
“စုချန်း ရှင် အောင်ပွဲအတွက် ကုချိန်းလွှာကို စတေးပစ်ဖို့များ ကြံစည်နေတာလား"