ကြီးမြတ်လေသော
Vol. 95 Ch. 944
ဂျီဟန်းယင် တကယ်ကြီး ဒေါသထွက်နေ၏။
တကယ်တော့ သူမနှင့် ကုချိန်းလွှာတို့သည် နဂါးကျောင်းတော်ကတည်းက သိပ်ပြီး ရင်းရင်းနှီးနှီးရှိလှသည်မဟုတ်။ တဖက်တွင်လည်း ကုချိန်းလွှာတယောက် ဤမျှ ထူးချွန်သော အိမ်ထောင်ဖက်ကို ရှာတွေ့ခဲ့ခြင်းအတွက် သူမ မနာလိုဖြစ်မိသည့် အချိန်ကာလတခုပင် ရှိခဲ့ဖူး၏။
စုချန်းကိုယ်တိုင်လည်း ရေခဲဘုရင်မဂျီဟန်းယင် သူ့အပေါ် စိတ်ဝင်စားမှုရှိခဲ့ကြောင်း လားလားမျှ မသိခဲ့ချေ။ သူ မည်သို့သိနိုင်မည်နည်း။ တချိန်လုံးလိုလို သုတေသနလုပ်ငန်းများနှင့်သာ နစ်မွမ်းနေခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ကုချိန်းလွှာအပေါ် ဂျီဟန်းယင်၏ အမြင်မှာ အလွန်ပင် ကြားနေကျ၏။
သို့သော် ဤတကြိမ် သူမစိတ်ဆိုးသည်မှာ ကုချိန်းလွှာနှင့် သူမအကြား ဆက်ဆံရေးကြောင့် မဟုတ်ပဲ လက်ရှိအခြေအနေကို ကိုင်တွယ်ရန် စုချန်း ရွေးချယ်ခဲ့သည့် နည်းလမ်းကြောင့်ပင် ဖြစ်သည်။
ဂျီဟန်းယင်သည် စုချန်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။ သူမ၏ အကြည့်တချက်တည်းနှင့်ပင် စုချန်း သေမည်ဆိုလျင် သေ၍ရသည်။ ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့သည် တင်းမာလာသောအခြေအနေကြောင့် စုချန်းကို ကာကွယ်ရန် အသင့်ပြင်ထားကြ၏။
သို့သော် စုချန်းကား အနည်းငယ်မျှ ဂရုမစိုက်။ သူသည် လေပေါ်တွင် တင့်တယ်စွာရှိနေသော ကုချိန်းလွှာကို ကြည့်ရင်း တချက်ပြုံးကာ ပြောလိုက်၏။
"မင်း သူ့ဘက်ကနေ ဒီလို ရပ်တည်ပေးခဲ့တာကို ချိန်းလွှာ ကြားရင် ဝမ်းသာပါလိမ့်မယ် ဒါပေမဲ့ စိတ်မပူနဲ့ သူအဆင်ပြေမှာပါ”
ဂျီဟန်းယင် အံ့အားသင့်သွား၏။
“ရှင် သွေးဗီဇသားရဲပုံပြောင်းခြင်းကို ရပ်တန့်နိုင်ခဲ့ပြီလို့ ဆိုလိုတာလား”
စုချန်း ခေါင်းညိတ်လိုက်၏။
"အတိအကျ ပြောရရင် ကျုပ် လူသားသွေးဗီဇ စင်ကြယ်မှု ကန့်သတ်ချက်ကို မြှင့်တင်နိုင်တဲ့ နည်းလမ်းတမျိုးကို ရှာတွေ့ခဲ့တာ"
ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့နှစ်ယောက် ထိုစကားကြောင့် အကြီးအကျယ်ပင် စိတ်လှုပ်ရှားကုန်ကြ၏။
ဤသည်မှာ ကိစ္စကြီးပင် ဖြစ်သည်။
စုချန်း၏စကားက တော်ဝင်မျိုးနွယ်စုတိုင်း ၎င်းတို့၏ သွေးဗီဇစင်ကြယ်မှုကို နောက်တဆင့် မြှင့်တင်နိုင်ပြီဖြစ်ကြောင်း ဆိုလိုနေ၏။ တနည်းအားဖြင့် လူသားမျိုးနွယ်၏ အင်အားက နောက်ထပ် အဆင့်တဆင့် မြင့်တက်သွားခဲ့ပြန်လေပြီ။
စုချန်းသည် ဘဝတလျှောက်လုံး သွေးဗီဇမလိုသည့် ကျင့်ကြံခြင်းနည်းစနစ်များကိုသာ အမြဲတမ်း လိုက်စားခဲ့သော်လည်း ယခုတော့ သူက သွေးဗီဇပိုင်ရှင်တိုင်း၏ စွမ်းအားကိုပါ တိုးမြှင့်ပေးလိုက်လေပြီ။
တကယ်လည်း စုချန်း၏ ရည်ရွယ်ချက်က သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုများကို ဖြုတ်ချရန် မဟုတ်ခဲ့ချေ။ သူ တကယ် လိုချင်ခဲ့သည်မှာ လူသားမျိုးနွယ်တရပ်လုံး၏ ခွန်အားကို တိုးမြှင့်ရန်သာ ဖြစ်လေသည်။
သူ၏ သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းစနစ်များနှင့် ပတ်သက်သည့် သုတေသနများသည်လည်း သွေးဗီဇစနစ်ကြီးကို ဖြိုဖျက်ပစ်ရန် မဟုတ်။ လူသားအားလုံး သွေးဗီဇ၏ သံကြိုးများလက်မှ လွတ်မြောက်စေရန်သာ ဖြစ်သည်။
သူ့အမြင်အရ အနာဂတ်တွင် လူသားများသည် မည်သည့်သွေးဗီဇမှ မလိုအပ်တော့ပဲ ကျင့်ကြံအားထုတ်လာနိုင်ပေလိမ့်မည်။ တချိန်တည်းမှာပင် သွေးဗီဇများသည်လည်း လူသားတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုမြှင့်တင်ရန်သာ အသုံးဝင်တော့မည်ဖြစ်ပြီး ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ် ဘယ်သောအခါမှ မဖြစ်နိုင်တော့ချေ။
လက်ရှိကာလတွင် စုချန်းသည် သူ့ ပန်းတိုင်၏ တစ်ဝက်ကျော်ကျော်သို့တိုင် ရောက်ရှိနေခဲ့လေပြီ။ သူ့အနေနှင့် မျိုးရိုးဗီဇမဲ့ကျင့်ကြံခြင်းနည်းစနစ်များ နှင့် တိုက်ခိုက်ရေးပေါင်းစပ်ပုံစံများကို ဖွဲ့စည်းထားပြီး ၎င်းတို့သည်လည်း တဖြည်းဖြည်း ပုံပေါ်လာနေခဲ့ပြီ ဖြစ်သည်။
ကုချိန်းလွှာတယောက် သူမ၏ သွေးဗီဇကို အပြည့်အဝ ဖော်ထုတ်လိုက်သည်နှင့် တပြိုင်နက် တောက်ပခြင်းနဂါး၏ အံ့မခန်းပုံရိပ်မှာ သိသိသာသာပင် လက်တွေ့ဆန်လာ၏။ ၎င်းထံမှ ထွက်ပေါ်နေသည့် ခန့်ညားထည်ဝါလှသော ဖိအားသည် ပင်လယ်သားရဲ ထောင်ပေါင်းများစွာကို တုန်လှုပ်သွားစေ၏။ သွေးပျက်သွားစေ၏။ သားရဲများကား စိတ်ဓာတ်ပျက်ပြားပြီး အသိစိတ်ပျောက်ကုန်ကြလေပြီ။
စစ်ရေယာဉ်အုပ်စု၏ ဌာနခွဲလေးခုကလည်း သားရဲများကို ပြိုင်တူပင် တိုက်ခိုက်နေကြလေရာ ပင်လယ်သားရဲအုပ်ကြီးသည် မူလစွမ်းအားလှိုင်းထုကြီးအောက်ဝယ် ဇကောထဲ ဇီးဖြူသီးထည့်ကာလှိမ့်သကဲ့သို့ဖြစ်နေပြီး တလောကလုံး သွေးနံ့ထောင်းထောင်းထနေ၏။
သားရဲမဟာဧကရာဇ်ကား သိသိသာသာပင် ဒေါသထွက်နေ၏။ ၎င်းသည် ဒေါသတကြီး အော်ဟစ်ပြီး ကုချိန်းလွှာကို စတင်တိုက်ခိုက်လာလေသည်။
သားရဲကား သူမကို သတ်ပစ်ရန်ကြံစည်နေခဲ့လေပြီ။
“တပ်မှုးကျုံး အခု ခင်ဗျား တိုက်ခိုက်ဖို့ အချိန်ကောင်းပဲ”
စုချန်းက ကျုံးကျန်းကျွန်ကို ပြောလိုက်၏။
ကျုံးကျန်းကျွန်သည် လက်ရှိ စုချန်းတို့လူစုအနက် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသည် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်းပညာရှင်ဖြစ်လေရာ သားရဲမဟာဧကရာဇ်ကို တိုက်ခိုက်ရမည့်တာဝန်မှာ သူမှလွဲ၍ တခြားသင့်တော်သူ မရှိချေ။ ယခုလည်း စုချန်က သူ့အား အစွမ်းပြရန် အခွင့်အရေး ပေးလိုက်သည့်သဘောပင်။
သို့သော် သားရဲမဟာဧကရာဇ်များသည် နတ်ဆိုးဧကရာဇ်သားရဲများ၏ မဟာဧကရာဇ် ဖြစ်လေရာ ကျုံးကျန်းကျွန် တဦးတည်းအနေနှင့် သားရဲမဟာဧကရာဇ်ကို မည်သ်ို့မှ ကိုင်တွယ်နိုင်မည်မဟုတ်။
ထိုအခါ ဝက်မင်စတာ နှင့် ဖရော့စ်ပွိုင့်တို့သည် တဦးကိုတဦး ကြည့်လိုက်ကြပြီး ကောင်းကင်သို့ တဟုန်ထ်ိုး ပျံတက်သွားကြ၏။ ပင်လယ်လူသားမျိုးနွယ် စစ်သူကြီးလေးဦးသည်လည်း သူ့နောက်ကွယ်မှ ကပ်လျက်လိုက်ပါသွားကြသည်။
သူတို့ခြောက်ဦးလုံးသည် အတွေးပုံဖော်ခြင်းနယ်ပယ်အဆင့် ချီစွမ်းအားပညာရှင်များနှင့် အင်အားချင်းတူညီကြ၏။ မည်သို့ဆိုစေ ၎င်းတို့အုပ်စုသည် သားရဲမဟာဧကရာဇ်ကို အနိုင်မယူနိုင်သည့်တိုင် နာရီတချို့ကြာအောင် အချိန်ဆွဲထားနိုင်လျင် တော်ပေပြီ။
တဖက်မှ ရန်သူများ ထပ်မံရောက်ရှိလာသည်ကို မြင်သည်နှင့် သားရဲမဟာဧကရာဇ်သည် တချက်ဟိန်းဟောက်ပြီး ကြီးမားသော လှိုင်းလုံးကြီးများ ကို ဖန်တီးလိုက်၏။ ဤလှိုင်းလုံးများသည် ရေတံတိုင်းကြီးများသဖွယ် ကုချိန်းလွှာ၊ ကျုံးကျန်းကျွန်နှင့် တခြားသူများဆီသို့ လျင်မြန်စွာ တိုးဝင်လာလေသည်။
ပင်လယ်သားရဲမဟာဧကရာဇ်သည် ဉာဏ်ရည်ဉာဏ်သွေးနိမ့်ပါးသော်လည်း မွေးရာပါ တိုက်ခိုက်ရေးဗီဇကတော့ ကောင်းကောင်းကြီး အလုပ်လုပ်နေဆဲပင်။ ရေတံတိုင်းကြီးများတွင် သားရဲမဟာဧကရာဇ်၏ စွမ်းအားများ အပြည့်အဝ ပါဝင်နေပြီး ရေစက်တိုင်းသည် သံဘောလုံးတလုံးကဲ့သို့ အရှိန်ပြင်းထန်လှသည်။ တောင်ကြီးတလုံးကဲ့သို့ ပြင်းထန်သောဖိအားက ကုချိန်းလွှာတို့ရှစ်ဦးအပေါ် လွှမ်းမိုးလာခဲ့လေပြီ။
ကျုံးကျန်းကျွန် မသိမသာ မျက်နှာပျက်သွား၏။ သို့သော် မည်သည့်အခြေအနေတွင်မဆို ကုချိန်းလွှာကို ကာကွယ်ထားရန်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း သူ ကောင်းကောင်းသိထား၏။ ထိုအခါ သူက အံတချက်ကြိတ်ပြီး အသက်ကိုဝအောင် ရှုသွင်းလိုက်သည်။
သူ့အသက်ရှုပုံမှာ ကြာရှည်ပြီး အားပါလှပေရာ သူ့ပတ်ဝန်းကျင်တွင် လေလှိုင်းဝဲဂယက်ငယ်တခုပင် စတင်ဖြစ်ပေါ်လာတော့၏။
ထို့နောက် ကျုံးကျန်းကျွန်က ရှုသွင်းထားသောလေများအား တဟုန်ထိုး မှုတ်ထုတ်လိုက်လေသည်။
ဟိန်း!!!
ခန့်ညားထည်ဝါသော၊ အံ့သြစရာကောင်းသော၊ အားကောင်းလှသော အသံလှိုင်းထုကြီးသည် ရေတံတိုင်းကို ပြင်းထန်စွာ ဝင်တိုက်မ်ိ၏။ ပဲ့တင်ထပ်သံများ အရပ်ရှစ်မျက်နှာသို့တိုင် မြည်ဟီးသွားလေသည်။
ရေတံတိုင်း၏ အပြာရောင်နံရံများ သည် အဖြူရောင်အသံလှိုင်း နှင့် ထိတွေ့မိသည့်ခနမှာပင် စူးရှတောက်ပသော အလင်းရောင်တန်းကြီး ထွက်ပေါ်လာ၏။ အနီးနားတွင် ကူးခတ်နေသည့် ကံမကောင်းရှာသော နတ်ဆိုးဘုရင်သားရဲတကောင်မှာ ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအင်ကြောင့် အရိုးစုပင် မကျန်ခဲ့ပဲ ပြာကျသွားလေသည်။
ဤတကွက်နှင့်ပင် စစ်တပ်ကြီးကို တုန်လှုပ်စေသော အော်သံဟူသော ကျုံးကျန်းကျွန်၏ ဘွဲ့အမည်ကို အပြည့်အဝ မြင်သာစေ၏။
သို့သော် သားရဲမဟာဧကရာဇ်ကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူသော အရာမဟုတ်။ ပြန်ကန်လာသောစွမ်းအားကြောင့် ကျုံးကျန်းကျွန်တယောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရပြီး နာကျင်စွာ ငြီးတွားလိုက်သည်။
သို့သော် တဖက်မှာ သားရဲမဟာဧကရာဇ်ကား အယားပင် ပြေဟန်မတူ။ သူက နောက်တကြိမ် အော်ဟစ်လိုက်ပြန်ရာ ရေတံတိုင်ကြီး ထပ်မံ ပေါ်ပေါက်လာပြီး ကျုံးကျန်းကျွန်တို့လူစုဆီ လျင်မြန်စွာ ရွေ့လျားလာပြန်၏။
ဖရော့ပွိုင့်နှင့် ဝက်မင်စတာတို့ ရှေ့သို့ ပြိုင်တူခုန်ထွက်ပြီး တိုက်ခိုက်လိုက်ကြရာ ရေတံတိုင်းကြီး၏ ရွေ့လျားမှုမှာ သိသိသာသာပင် နှေးကွေးသွား၏။
သို့သော် သားရဲဧကရာဇ်၏ ထပ်မံ အော်ဟစ်သံနှင့်အတူ ရေတံတိုင်းကြီးသည် ဆက်လက် ရွေ့လျားလာပြန်သည်။ ပင်လယ်လူသားမျိုးစိတ်ဝင်ခြောက်ဦး ရေတံတိုင်းကို မတားဆီးနိုင်သည်မှာ မြင်သာနေ၏။
ကျေးဇူးတင်စရာကောင်းသည်မှာ ကျုံးကျန်းကျွန် အချိန်မီ ပြန်လည်သက်သာလာပြီး ဝင်ရောက်တိုက်ခိုက်နိုင်လိုက်ခြင်းပင်။ ထိုအခါကျမှသာ ရေတံတိုင်း၏ ရွေ့လျားမှုကို ရပ်တန့်နိုင်ခဲ့၏။
ဤအခြေအနေမျိုးတွင် အမျိုးမျိုးအဖုံဖုံသော နည်းစနစ်များကို ပြောင်းလဲအသုံးပြုနေရန် အချိန်မရှိချေ။ သူတို့အနေနှင့် ကျင့်ကြံခြင်းနယ်ပယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်အရသာ ယှဥ်ပြိုင်နေကြရ၏။
သားရဲမဟာဧကရာဇ်၏ အင်အားကား တကယ်ပင် ကြောက်စရာကောင်းလှသည်။ နှစ်ကြိမ်ခန့် ထိပ်တိုက်တွေ့ပြီးသည်နှင့် ကျုံးကျန်းကျွန်နှင့် ဖရော့စ်ပွိုင့်ဦးဆောင်သည့် ပင်လယ်လူသားခြောက်ဦးတို့အနေနှင့် သားရဲမဟာဧကရာဇ်ကို မယှဥ်နိုင်မှန်း မြင်သာနေ၏။ ဤအနေအထားတွင် တခြားပင်လယ်သားရဲများကို ထည့်တွက်ထားသေးသည် မဟုတ်ချေ။
ထိုအချိန်မှာပင် ကျန့်စီချွေ၊ ဂျီဟန်းယင်၊ လီကုံးရှန်၊ ရှီကိုင်းဟွမ်နှင့် တခြားလူများကလည်း စတင်လှုပ်ရှားရန် ဟန်ပြင်လိုက်ကြသည်။
ကုချိန်းလွှာတယောက် ပင်လယ်သားရဲလှိုင်းကို ထိန်းထားသည့်အချိန်တွင် သူတို့အနေနှင့် သားရဲမဟာဧကရာဇ်ကို လူအားသုံးကာ အပြတ်ဖြတ်ရပေလိမမ့မည်။ သို့သော် တကယ်တမ်းတွင် အင်အားအရယှဥ်လျင် သားရဲများဘက်မှ သိသိသာသာ အသာစီးရထားပြီးသား ဖြစ်လေသည်။
အခြေအနေကို ကြည့်ရင်း ကြိတ်မနိုင်ခဲမရဖြစ်လာသော ဂျီဟန်းယင်က စုချန်းကို လှမ်းအော်လိုက်၏။
“စုချန်း ရှင် ကျွန်မတို့ကို ကူညီဖို့ စစ်ကူလေးဘာလေး ပြန်မခေါ်တော့ဘူးလား”
စုချန်း ခေါင်းခါပြလိုက်သည်။
"ချိန်းလွှာအနေနဲ့ ဒီအခြေအနေကို အကြာကြီး ဆက်ပြီး ထိန်းထားဖို့ ခက်တယ် ဒီအနေအထားမှာ ကျုပ်တို့ ပင်လယ်သားရဲလှိုင်းလုံးကို ဖျက်ဆီးပစ်နိုင်သလောက် ဖျက်ဆီးထားမှရမယ် ဒီကောင်တွေနဲ့ နှိုင်းယှဥ်ရင် သားရဲမဟာဧကရာဇ်က သိပ်ပြသနာမဟုတ်ဘူး"
“ပြဿနာက ကျုပ်တို့ ဒီကောင်ကြီးကို သိပ်ကြာကြာ ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး မင်းမှာ လျှို့ဝှက်လက်နက် တခုခုရှိရင် အခုပဲ ထုတ်သုံးလိုက်တာ ကောင်းလိမ့်မယ်”
ကျန့်စီချွေ့က စိုးရိမ်တကြီးနှင့် ပြောလိုက်၏။
စုချန်း မသိမသာ ပြုံးလိုက်သည်။
"ကျုပ် သိပါတယ် ကျုပ်က ဘယ်လို လျှို့ဝှက်လက်နက်မျိုးကို သုံးရင်ကောင်းမလဲ စဉ်းစားနေတာ”
စုချန်း၏ စကားကြောင့် လူတိုင်း သွေးအန်လုမတတ် ဖြစ်သွားကြသည်။
သုံးစရာ လျှို့ဝှက်လက်နက် ရှိလျင် စုချန်း ဘာကို စောင့်နေသနည်း။
တကယ်တော့ စုချန်းအနေနှင့် လူတိုင်း မခံချိမခံသာဖြစ်အောင် တမင်လုပ်နေခြင်းမဟုတ်။ သူ့အဖို့ သားရဲမဟာဧကရာဇ်မည်မျှ အားကောင်းသည်၊ ကျုံးကျန်းကျွန်နှင့်တခြားလူများ မည်မျှ အားကောင်းသည်ကို သိထားချင်၍ စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။
သေရေးရှင်ရေးတိုက်ပွဲတွင်သာ စစ်မှန်သော ခွန်အားကို လေ့လာကြည့်ရှုပြီးမှ ဆုံးဖြတ်ချက် ချနိုင်မည်မဟုတ်ပါလား။
နောက်ဆုံးတော့ မည်သို့မှ အခြေအနေမဟန်တော့သည့် ကျုံးကျန်းကျွန်တို့အုပ်စုကိုကြည့်ရင်း စုချန်း အော်ပြောလိုက်၏။
"ချိန်းလွှာ မင်း အခု အဲဒါကို ထုတ်သုံးလို့ရပြီ”
“ဟင်...အခုလား”
ကုချိန်းလွှာ အံ့အားသင့်သွားလေသည်။
“ဒီမှာက သားရဲမဟာဧကရာဇ်တကောင်ပဲ ရှိနေတာလေ ရှင့်မှာ တခြားနည်းလမ်း မရှိတော့ဘူးလား"
“မင်းရဲ့ကန့်သတ်ချက် ဘာလဲဆိုတာကို ကျုပ် မြင်ချင်တယ်”
စုချန်း၏ စကားကို ကြားသည်နှင့် ကုချိန်းလွှာက ပြုံးပြီး ပြန်ပြောလိုက်သည်။
“ဒါဆိုရင်လဲ ကောင်းပြီလေ"
ထို့နောက် သူမ ရယ်မောရင်း မူလလက်စွပ်အတွင်းမှ ပစ္စည်းတခုကို ထုတ်ယူဝတ်ဆင်လိုက်၏။ ထိုပစ္စည်းကား တခြားမဟုတ်။ ကောင်းကင်သံချပ်ကာပင် ဖြစ်သည်။
ကောင်းကင်သံချပ်ကာကို သူမ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်မိသည်နှင့် ကုချိန်းလွှာ၏ ပုံစံမှာ နတ်သမီးတပါးအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။ ထို့နောက် ကိုးကွယ်ခံထိုက်ဖွယ် သန့်ရှင်းသော စွမ်းအင်တော်အငွေ့အသက်တခုသည်လည်း သူမ၏ ခန္ဓာကိုယ်မှ စတင် ထွက်ပေါ်လာ၏။
တချိန်တည်းမှာပင် ပင်လယ်သားရဲလှိုင်းသည် ပို၍ပင် ရှုပ်ထွေးကုန်ကြလေသည်။ အဆင့်နိမ့်သော ပင်လယ်သားရဲတချို့သည် အချင်းချင်းပင် ပြန်လည်တိုက်ခိုက်စပြုလာကြ၏။ နတ်ဆိုးဘုရင်အဆင့်သားရဲများ ပင်လျှင် ရွေ့လျားရန် ခက်ခဲလာလေသည်။ ယုတ်စွအဆုံး နတ်ဆိုးဧကရာဇ်များသည်ပင် ထိတ်လန့်တုန်လှုပ်စပြုလာကြ၏၏
သို့သော် သားရဲများအဖို့ ဤအခြေအနေမှာ အဆိုးဆုံးမဟုတ်သေးချေ။ တခနအကြာတွင် ကုချိန်းလွှာက သွေးပုလင်းငယ်တလုံးကို ထုတ်ယူလိုက်ပြန်၏။
ထို့နောက် သူမက ပုလင်းထဲမှ သွေးစက်အနည်းငယ်ကို တို့ကာ သူမ၏ မျက်ခုံးများကြားရှိ အစက်ချလိုက်သည်။ တဖန် သူမက သူမ၏လက်ကို ရင်ဘတ်ပေါ် တင်ထားလိုက်ပြန်ရာ တောက်ပခြင်းနဂါး ကိုယ်ရောင်ကိုယ်ဝါ ပိုမို တောက်ပလာ၏။ တချိန်ထဲမှာပင်ကြီးမားလှသည့် နဂါးခေါင်းကြီးတခေါင်းသည် အခြားနယ်ပယ်တခုမှ ထွက်ပေါ်လာသကဲ့သို့ပင် ပုံရိပ်အဆင့်မှ အစစ်အမှန်ရုပ်ဒြပ်ထုအဆင့်သို့ ပြောင်းလဲလာပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ ထိုနေရာတွင် လူတိုင်းကို သွေးပျက်သွားစေ၏။
သားရဲမဟာဧကရာဇ်ပင် တုန်လှုပ်သွားလေရာ ကျန် နတ်ဆိုးဧကရာဇ်များမှာမူ ဆိုဖွယ်ရာပင် မရှိတော့။ ကျုံးကျန်းကျွန်ကိုယ်တိုင်သည်လည်း သူ့အပေါ် ကြီးမားသောဖိအားကြီးတခု လွှမ်းမိုးလာသည်ကို ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်ဝယ် ကျုံးကျန်းကျွန်၊ ကျန့်စီချွေ့၊ လီကုံးရှန်၊ ဖရော့စ်ပွိုင့်နှင့် လူတိုင်းလိုလိုသည် မူလစွမ်းအင်ကို သုံးနိုင်ခြင်းမရှိတော့ပဲ လေဖြတ်သကဲ့သို့ ဖြစ်ကုန်ကြသည်။
သားရဲများအပေါ်တွင်လည်း သက်ရောက်မှုချင်းက အတူတူပင် ဖြစ်လေရာ သားရဲမဟာဧကရာဇ်တကောင်တည်းသာ ဆက်လက် အော်ဟစ်နေလေသည်။
ထို့နောက် တောက်ပခြင်းနဂါးသည် မျက်လုံးအစုံကို ခနမျှ မှိတ်ထားပြီး ရုတ်တရက်ပင် ၎င်း၏ပါးစပ် ကို ဖွင့်လိုက်၏။
အားကောင်းလှသော မီးလျှံလှိုင်းလုံးကြီး ၎င်း၏ပါးစပ်ထဲမှ ပန်းထွက်လာလေသည်။
ဤ မီးလျှံများမှာ ပုံရိပ်ယောင်မဟုတ်။ အရာအားလုံးကို ပြာကျသွားစေတတ်သည့် တောက်ပခြင်းနဂါး၏ မီးလျံများ ဖြစ်သည်။
သားရဲမဟာဧကရာဇ်ဝေလငါးကြီး နာကျင်စွာ အော်ဟစ်လိုက်၏။ သို့သော် မည်သို့မှ မတတ်နိုင်ရှာပဲ နဂါးမီးကြောင့် အရေပြားများ စတင်မီးလောင်ကျွမ်းစပြုလာလေသည်။
“မြန်မြန် တိုက်ကြတော့”
စုချန်း၏ အော်သံသည် လူတိုင်း၏ စိတ်ကို ရှင်းလင်းသွားစေ၏။ ထို့နောက် လူတိုင်း မူလစွမ်းအင်များကို ပြန်လည်ထိန်းချုပ်သွားနိုင်ကြလေသည်။
“ဘာကို စောင့်နေကြတာလဲ တိုက်ကြစမ်း”
အမည်မဖော်နိုင်သည့် အော်သံတသံသည် လူတိုင်းကို တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားစေ၏။
မရေမတွက်နိုင်သော မူလစွမ်းရည်များ သားရဲမဟာဧကရာဇ်ထံ တိုးဝင်သွားကြလေသည်။
အဖြူရောင်မီးလျှံများကို မှုတ်ထုတ်ပြီးသည်နှင့် နဂါးခေါင်းကြီးသည် မှေးမှိန်စပြုလာ၏။ ထို့နောက် ၎င်း၏ ရုပ်ဒြပ်ထုခန္ဓာသည်လည်း ပုံရိပ်ယောင်အဖြစ် ပြန်လည်ပြောင်းလဲသွားလေသည်။
ထိုအချိန်တွင် ကုချိန်းလွှာ၏ မျက်နှာမှာ သိသိသာသာပင် ဖြူလျော်နေ၏။
သူမ ချက်ချင်းပင် ဆေးလုံးတချို့ကို ပါးစပ်ထဲပစ်ထည့်လိုက်ရာ စက္ကန့်ပိုင်းမျှအကြာတွင် ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့လေသည်။