ကျုံးကျုံးနွံနွံ
Vol. 95 Ch. 945
ကုချိန်းလွှာ ဆေးသောက်လိုက်သည်ကို မြင်သည်နှင့် စုချန်းကလည်း စတင်လှုပ်ရှားလိုက်၏။
သူ ကုချိန်းလွှာဆီသို့ တဟုန်ထိုး ပျံသန်းသွားရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။
“မင်း တာဝန်ကျေပြီဆိုတော့ ကျုပ်အလှည့်ရောက်ပြီပေါ့လေ”
ကုချိန်းလွှာ လှပစွာ ပြုံးလိုက်၏။
“ရှင် ဒီလိုအစွမ်းပြမှာကို ကျွန်မ စောင့်နေတာ ကြာရော့ပေါ့”
ထိုအချိန်မှာပင် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ ပြင်းထန်သော လေမုန်တိုင်းတခု စတင်တိုက်ခတ်လာပြီး သားရဲကြီးလေစွန်၏ပုံရိပ် ပေါ်ထွက်လာလေသည်။
သို့သော် ယခုထွက်ပေါ်လာသည့် ပုံရိပ်တွင် လေးဖက်လေးတန်မှ မျက်နှာလေးခုအပြင် ကြီးမားလှသော တိမ်တိုက်များကလည်း မျက်နှာအသီးသီး၏ အပေါ်တွင် ရစ်ဝဲနေကြ၏။ ထို့နောက် ထိုတိမ်တိုက်များသည် ချာချာလည်လှည့်ပတ်ကာ စုချန်၏ ခန္ဓာကိုယ်နောက်တွင် စုဝေးပေါင်းစပ်သွားတော့သည်။
ထိုအခါ စုချန်း၏ပုံရ်ိပ်သည် သီးခြားမဟုတ်တော့ပဲ ကောင်းကင်နှင့်ပင် ပေါင်းစပ်သွားပုံရ၏။ လေစွန်သည်လည်း သီးခြားဖြစ်တည်မှုမဟုတ်တော့ပဲ ကောင်းကင်၏ အစိတ်အပိုင်းတခုသဖွယ် တွေ့မြင်နေရလေသည်။
ထို့ပြင် အဆိုပါစုချန်း၏ ပုံရိပ်ကြီးနှင့် ကောင်းကင်နယ်နိမိတ်ကြားတွင် လျှပ်စီးကြောင်းများ၊ လှိုင်းတံပိုးများနှင့် တောက်လောင်နေသော မီးလျှံများ၏ အငွေ့အသက်၊ အရှိန်အဝါများကိုပါ ဝိုးတဝါး မြင်တွေ့နေရ၏။
လှိုင်းတံပိုးများသည် အောက်ခြေတွင်ရှိနေပြီး ပင်လယ်လှိုင်းအနိမ့်အမြင့်အတိုင်း တက်လိုက်ကျလိုက် လှုပ်ရှားနေ၏။ မီးလျှံများသည်ကား အပေါ်ဘက်တွင် နေမင်းကြီးသဖွယ် ဟုန်းဟုန်းတောက်လောင်နေလေသည်။
ဗဟိုတွင်မူ လေစွန်သည် အရပ်မျက်နှာအားလုံးကို မျက်နှာမူလျက် တည်ရှိနေ၏။ ၎င်း၏ မျက်နှာများတစ်လျှောက် အခါအားလျော်စွာ လျှပ်စီးများ လက်လက်ထလာတတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခတ်နေသော လေမုန်တိုင်းနှင့်ပေါင်းစပ်လိုက်သောအခါ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတခုကို ဖြစ်ပေါ်နေစေတော့သည်။
စုချန်း၏ပုံရိပ် စတင်ပေါ်ထွက်လာသည်နှင့် ကုချိန်းလွှာနောက်ကျောရှိ တောက်ပခြင်းနဂါးပုံရိပ်သည်ပင် မသိမသာ မှေးမှိန်သွားပုံရသည်။ သို့သော် သိပ်မကြာမီ အခြားသော အစွမ်းထက်သည့် သြဇာအရှိန်အဝါတခုက ထပ်မံ ပေါက်ကွဲထွက်လာပြီး တောက်ပခြင်းနဂါးကို ဝန်းရံသွားပြန်လေရာ ပင်လယ်သားရဲအပေါင်းတို့မှာ ထိတ်လန့်ခြောက်ခြားကုန်ကြ၏။ ထိုပုံရိပ်မှာ တောက်ပခြင်းနဂါး ကောင်းကင်ယံရှိ တိမ်တိုက်များကြားမှ ထိုးဖောက်ထွက်လာပုံကို ပြသနေသည့်အလား မှတ်ထင်ရသည်။
“အဲဒါ ဘာကြီးလဲ”
လူတိုင်း မြင်ကွင်းကိုကြည့်ရင်း နဝေတိမ်တောင်ဖြစ်ကုန်ကြ၏။
“ဂိုဏ်းချုပ်ရဲ့ သွေးဗီဇခုနစ်ပါး မဟာပုံရိပ်လောကငယ်က နောက်ဆုံးတော့ အောင်မြင်သွားပြီပေါ့လေ”
မြင်ကွင်းကိုကြည့်ကာ လီကုံးရှန် ရယ်မောရင်း ရေရွတ်လိုက်လေသည်။
“သွေးဗီဇခုနှစ်ပါးမဟာပုံရိပ်လောကငယ် ဟုတ်လား”
ထိုအမည်၏ နောက်ကွယ်မှ အဓိပ္ပာယ်ကိုတွေးရင်း ကျန့်စီချွေ့၏ နှလုံးသားသည် ပြင်းစွာတုန်ယင်သွား၏။
“ခင်ဗျား ပြောနေတာ……”
“ဟုတ်တယ် စုချန်းဟာ ဒီစွမ်းရည်ကို နိုင်ငံခုနှစ်နိုင်ငံရဲ့ သွေးဗီဇတွေကို ပေါင်းစပ်ပြီး ဖန်တီးခဲ့တာပေါ့”
ရှီကိုင်းဟွမ်က အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
နိုင်ငံခုနှစ်နိုင်ငံ၏ သွေးဗီဇများကို တိုးတက်စေမည့် နည်းလမ်းများ ရှာဖွေနေစဉ် စုချန်းအနေနှင့် အဘယ်ကြောင့် ဆရာစားမချန်ပဲ နေလိမ့်မည်နည်း။ စုချန်း၏ ဗီဇအရ ဤအချက်မှာ မေးခွန်းထုတ်စရာပင်မလိုအောင် များစွာ သဘာဝကျနေ၏။
“ကံမကောင်းတာက ဂိုဏ်းချုပ်မှာ သုတေသနလုပ်ဖို့ အချိန်အများကြီးမရဘူး ဒါကြောင့် အခြေခံအဆင့်လောက်ပဲ အောင်မြင်ခဲ့သေးတယ်”
ချူယင်ဝမ်က သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
“လင်ကျွေ့လျူသာ ရှိရင် ဒီလို ဘယ်ဖြစ်မလဲ”
လီကုံးရှန်က မှတ်ချက်ပြုလိုက်ပြန်သည်။
လင်ကျွေ့လျူသည် သွေးဗီဇများ ပေါင်းစပ်ခြင်းပညာကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သူဖြစ်သည်။ သူ၏ အတွေ့အကြုံနှင့် စုချန်၏ ဉာဏ်ပညာတို့သာ ပေါင်းစပ်နိုင်ခဲ့လျင် စုချန်း၏ သွေးဗီဇခုနစ်ပါး မဟာပုံရိပ်လောကငယ်သည် အခြေအနေတခုသို့ ပေါက်မြောက်သွားနိုင်၏။ ဤအချက်ကြောင့်လည်း စုချန်းအနေဖြင့် လင်ကျွေ့လျူကို ရှာဖွေတွေ့ရှိရန် အလွန်အမင်း စိတ်အားထက်သန်နေရခြင်းပင်။ သို့သော် လင်ကျွေ့လျူကား ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။
မည်သို့ဆိုစေ စုချန်၏ မဟာပုံရိပ်သည် အခြေခံအဆင့်မျှသာ အောင်မြင်သေးသည်ဟု ဆိုသော်လည်း ၎င်း၏ အစွမ်းသတ္တိကတော့ ထူးခြားလှ၏။
အထူးသဖြင့် ကုချိန်းလွှာ၏ တောက်ပခြင်းနဂါးသွေးဗီဇနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏ ခွန်အားမှ ပို၍ပင် တိုးပွားလာခဲ့လေသည်။
ထိုအချိန်မှာပင် သွေးဗီဇခုနစ်ပါး မဟာပုံရိပ်လောကငယ်၏ အတွင်းဆီမှ မီးခိုးရောင် စွမ်းအင်လုံးကြီးတလုံး ထွက်ပေါ်လာပြီး ပင်မကိုယ်ထည်မှ အတောင်ပံများ စတင်တိုးထွက်လာ၏။ ၎င်းမှာ စုချန်၏ တောက်လောင်နေသောမီးလျံငှက်ပင် ဖြစ်သည်။
သို့သော် ဤတကြိမ် မီးလျံငှက်၏ ပုံစံမှာ ယခင်အကြိမ်များနှင့် သိသိသာသာ ပင် ကွဲပြားနေ၏။ ၎င်း အတောင်ပံများကို ဖြန့်ကျက်လိုက်ချိန်တွင် အတောင်ပံအနားစွန်းများသည် မီတာ သောင်းနှင့်ချီ၍ ဆန့်ထွက်သွားပြီး ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကိုပင် ဖုံးလွှမ်းသွား၏။ တချိန်တည်းမှာပင် တောက်ပခြင်းနဂါးပုံရ်ိပ်နှင့် ၎င်း၏ဆက်စပ်မှုက ပိုမိုအားကောင်းလာကာ ကြောက်မက်ဖွယ် သြဇာအရှိန်အဝါတရပ်ကို ပေးစွမ်းနေတော့သည်။
မီးလျံငှက် ပေါ်ထွက်လာသည်နှင့် လူတိုင်း၏ စိတ်ထဲတွင် သားရဲဧကရာဇ်တစ်ပါး၏ စွမ်းအားနှင့်တူညီသော အခြား နတ်ဆိုးသားရဲတကောင် ထပ်မံပေါ်ပေါက်လာပြီဟု ခံစားလိုက်ကြရ၏။
သို့သော် ဤသည်မှာ အစပိုင်းမျှသာ ရှိသေးလေသည်။
သာမာန်အားဖြင့်ဆိုလျင် သွေးဗီဇပုံရိပ်များသည် အရာဝတ္ထု၊ သားရဲ သို့မဟုတ် ဒြပ်စင်တခု၏ ပုံရိပ်ယောင်အဖြစ်နှင့်သာ ပေါ်ထွက်လာလေ့ရှိ၏။
သို့သော် စုချန်း၏ သွေးဗီဇခုနစ်ပါးပုံရိပ်ကတော့ လောကငယ်တခုကို ဖန်တီးပေးထားသည့်ပုံပေါ်နေသည်။
ထိုလောကငယ်ထဲတွင် ပုံရိပ်ယောင် နယ်မြေကို ထိန်းချုပ်ခြင်းလည်း ပါဝင်နေလေရာ အိပ်မက်သခင်၏ အိပ်မက်နယ်ပယ်နှင့်ပင် တချို့နေရာများတွင် ခပ်ဆင်ဆင်တူနေ၏။ မည်သို့ဆိုစေ
သွေးဗီဇခုနစ်ပါးမဟာပုံရိပ်က ပုံဖော်ထားသည့် မဟာပုံရ်ိပ်လောကငယ်သည် သဘာဝတရား၏ ခမ်းနားထည်ဝါသော အလှကို ပြသနေသည်ကတော့ အမှန်ပင်။
လူပေါင်းများစွာသည် ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြ၏။ ၎င်းတို့၏စိတ်ထဲတွင်လည်း အမြင်ကျယ်သွားသည့်နှယ် ခံစားနေကြရလေသည်။
တချိန်တည်းမှာပင် မဟာပုံရိပ်ကြီးသည် တောက်ပခြင်း နဂါးသွေးဗီဇ၏ စွမ်းအားကိုလည်း ချဲ့ထွင်ပေးနေ၏။
တောက်ပခြင်းနဂါးသည် မီးကို အထူးပြုသောမူလသားရဲကြီးဖြစ်ပြီး ၎င်း၏ မွေးရာပါ အခြေခံ မူလစွမ်းရည်တမျိုးကို တချို့က ညကို အလင်းပေးသော ဖယောင်းတိုင်ဟု ခေါ်ဆိုလေ့ရှိကြ၏။ ၎င်းမှာ အမှောင်ထုထဲမှာပင် တောက်ပစွာ အလင်းပေးနိုင်စွမ်းကို ညွှန်းဆိုနေခြင်း ဖြစ်သည်။
ဤစွမ်းရည်သည် ရုတ်တရက်ဆိုလျင် သာမန်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်တော့ အမှောင်ထုကို မောင်းထုတ်ကာ အလင်းရောင်ကို ဆောင်ကြဉ်းပေးနိုင်သည်ဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းနေ၏။ ယခုလည်း ပင်လယ်ကြီးပေါ်တွင် ပြူထွက်လာသော နေမင်းသည် တောက်ပခြင်းနဂါး၏ လွှမ်းမိုးမှုကြောင့် ပို၍ပင် လင်းထိန်နေသည်ဟု ထင်မှတ်ရ၏။
တချိန်တည်းမှာပင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင် တပည့်များသည် အဆောင်လက်ဖွဲ့ပုံစံတခုကို ဖွဲ့စည်းလိုက်ကြ၏။ ထိုအဆောင်လက်ဖွဲ့ပုံစံသည် ရိုးရှင်းပုံရသော်လည်း အတွင်းထဲတွင် မရေမတွက်နိုင်သည့် နက်နဲဆန်းကြယ်မှုများကို သိုဝှက်ထားပေသည်။
မဟာပုံရိပ်ကြီးမှ ထုတ်လွှတ်လိုက်သည့် မီးလျှံလှိုင်းကား အောက်သို့ နိမ့်ဆင်းလာခဲ့ပြီ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်သည် ပွက်ပွက်ဆူလာပြီး ပင်လယ်သားရဲများ နာကျင်စွာ အော်ဟစ်ကြကုန်၏။ ရေမျက်နှာပြင်မှ အဖြူရောင် ရေနွေးငွေ့များ တလူလူထွက်ပေါ်နေကြောင်း အတိုင်းသား မြင်တွေ့နေရသည်။
ဤတိုက်ခိုက်မှု လွှမ်းခြုံနိုင်သော ဧရိယာသည် အလွန်ကြီးမားလေရာ စစ်မြေပြင်တခုလုံးကို ဖုံးသွားပြီး ပင်လယ်သားရဲများအားလုံး စက်ကွင်းအတွင်းသို့ ကျရောက်သွားကြတော့သည်။
သွေးပျက်ဖွယ်ရာမြင်ကွင်းကြောင့် ဖရော့စ်ပွိုင့်၊ ကျုံးကျန်းကျွန်နှင့် တခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကျုံးကျန်းကျွန် ချက်ချင်းဆိုသလို ရေရွတ်လိုက်သည်။
"ဒါက ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ် ဖြစ်နိုင်မတဲ့လား”
ကီလိုမီတာ ရာပေါင်းများစွာရှိသော ပင်လယ်သမုဒ္ဒရာကို မီးရှို့ခြင်းဟူသည် နှယ်နှယ်ရရ ကိစ္စမဟုတ်ချေ။ စုချန်းသာ ဤတိုက်ခိုက်မှုမျိုးကို အကြိမ်များစွာ ဆက်တိုက် ပြုလုပ်ခဲ့လျင် နိုင်ငံတနိုင်ငံကိုပင် ဖျက်ဆီးပစ်နိုင်ဖွယ်ရာ ရှိနေ၏။
ဤသို့သော ဖျက်ဆီးမှုမျိုးကို ကျုံးကျန်းကျွန်ကဲ့သို့ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတဦးပင်လျှင် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်။
ရှီကိုင်းဟွမ်က ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။
“ဒါ စုပေါင်းစွမ်းအားပါလေ လူတယောက်တည်းရဲ့ စွမ်းအား မဟုတ်ဘူး”
မှန်ပါသည်။ ဤသည်မှာ စုချန်းတဦးတည်း၏ စွမ်းအားမဟုတ်။ တောက်ပခြင်းနဂါးသွေးဗီဇနှင့် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်တပည့်များ၏ အထောက်အပံ့ကြောင့်သာ ဤစွမ်းဆောင်ရည်မျိုးကို စုချန်း ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။
မီးလျှံများသည် အချိန်အတော်ကြာအောင် တောက်လောင်နေပြီး နောက်ဆုံးတွင် ငြိမ်းသွား၏။ ထိုအချိန်တွင် ပင်လယ်ရေပြင်တဝှမ်းလုံး မီးလောင်ထားသော အလောင်းများ ပြန့်ကျဲနေပြီး လေထုထဲတွင် အသားညှော်နံ့များ စူးရှစွာ ပျံ့လွင့်နေသည်။
စုချန်း၏ တိုက်ခိုက်မှုကြောင့် မသေပဲကျန်ခဲ့သည့် တကောင်တည်းသော သားရဲမဟာဧကရာဇ်မှာလည်း နောက်ဆုံးတွင် ကျုံးကျန်းကျွန်နှင့် တခြားလူများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အသက်ပေးလိုက်ရတော့၏။
ဤသည်မှာပင် ချောက်နက်အတွင်းရှိ သားရဲမဟာဧကရာဇ်တိုင်း၏ ရှောင်လွှဲမရနိုင်သော ကံကြမ္မာပေတည်း။
ပြင်းထန်သော တိုက်ပွဲတခုသည် ဤပုံဤနှယ် ပြီးဆုံးသွားခဲ့၏။
ထို့နောက် စုချန်းနှင့် ကုချိန်းလွှာတို့သည်လည်း ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာကြလေသည်။
ယခုတော့ စုချန်းအပေါ် လူတိုင်း၏ အကြည့်က ယခင်နှင့်မတူပဲ များစွာကွဲပြားသွားခဲ့လေပြီ။ လူတိုင်း၏ အကြည့်ထဲတွင် လေးစားမှု၊ ကြောက်ရွံ့မှု၊ သဘောကျနှစ်သက်မှုနှင့် မနာလိုမှုတို့ဖြင့် ပြည့်နှက်နေ၏။
စုချန်း၏ အစွမ်းကိုကြည့်ရင်း ကျုံးကျန်းကျွန်ကတော့ ကြိတ်၍မနာလိုဖြစ်လျက်ရှိသည်။ သူ့ကဲ့သို့ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတဦးအနေဖြင့် အငယ်တန်းတဦးကို မနာလိုဖြစ်ရခြင်းမှာ နည်းနည်းတော့ ရှက်စရာကောင်းနေ၏။ သို့သော် စုချန်း၏ စွမ်းဆောင်ရည်က သူ့ကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်မှာ အမှန်ပင်။
တချိန်တည်းမှာပင် စုချန်းတယောက် သိပ်မကြာမီ မဟာပုံရိပ်လောကငယ်၏ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ဖော်ထုတ်သွားနိုင်လိမ့်မည်ဟူသောအတွေးကို ကျုံးကျန်းကျွန် မတွေးပဲ မနေနိုင်အောင်ပင် ဖြစ်နေ၏။
အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင်.......
နောက်ဆက်တွဲ ဘာတွေဖြစ်လာမည်ကို သူ ဆက်မတွေးရဲတော့။
လွန်ခဲ့သည့်တနှစ်ခန့်ကသာ လူတဦး ဤသို့စွမ်းဆောင်နိုင်ကြောင်း တစုံတယောက်က သူ့ကို လာပြောခဲ့လျင် သူ မည်သို့မှ ယုံလိမ့်မည်မဟုတ်။ သို့သော် စုချန်း၏ ယနေ့ စွမ်းဆောင်ရည်က ထိုအမှန်တရားကို မေးခွန်းပင်မထုတ်ရဲအောင် ဖန်တီးခဲ့လေပြီ။
ဤသို့သော ပါရမီရှင်တဦးနှင့် ရင်ဆိုင်ရသောအခါ ဖြစ်နိုင်ခြေမှာ နှစ်မျိုးသာ ရှိ၏။ ပထမတမျိုးမှာကား ယခုပင် သူ့ကို သတ်ပစ်လိုက်ရန် ဖြစ်သည်။ သို့မဟုတ်ပါက ယခုပင် သူ့နှင့် ကောင်းမွန်သော ဆက်ဆံရေးတရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။
ကျုံးကျန်းကျွန်ကတော့ ဒုတိယတမျိုးကိုပင် အလွယ်တကူ ရွေးချယ်လိုက်၏။
ထို့နောက် သူ စုချန်း မြေပေါ်ရောက်သည်နှင့် အပြေးအလွှားပင် သွားရောက် နှုတ်ဆက်လိုက်တော့သည်။
“ညီလေးစု မင်းရဲ့အစွမ်းကတော့ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲလား သွေးဗီဇခုနစ်ပါး မဟာပုံရိပ်လောကငယ်တဲ့လား ဒီနေ့အဖို့တော့ ကျုပ် အမြင်တွေ ပွင့်သွားခဲ့ပြီ အံ့သြစရာပဲဟေ့”
စုချန်းကလည်း ပြုံးပြုံးရယ်ရယ်ပင် ပြန်နှုတ်ဆက်လိုက်သည်။
“တပ်မှူးကျုံးကလဲ တကယ်ကို ထူးချွန်ပါပေတယ် တပ်မှုးသာ သားရဲမဟာဧကရာဇ်ကို မတားဆီးခဲ့ရင် ကျုပ်ကိုယ်တိုင်လဲ အတော်ကို အကြပ်ရိုက်သွားနိုင်တယ်”
စုချန်းက သူ့လုပ်ရပ်ကို အသိအမှတ်ပြုသဖြင့် ကျုံးကျန်းကျွန် အလွန်ပျော်ရွှင်သွား၏။
သို့သော် စုချန်းက ထပ်ပြောလိုက်ပြန်သည်။
“သားရဲမဟာဧကရာဇ်ကို ခင်ဗျားတို့တတွေပဲ သတ်ခဲ့တာဆိုတော့ သူနဲ့ပတ်သက်တဲ့အကျိုးအမြတ်ကိုတော့ ခင်ဗျားတို့ပဲ ယူလိုက်ပေါ့”
သူ့ဘက်က သားရဲမဟာဧကရာဇ်ကို ကျုံးကျန်းကျွန်အား ပေးလိုက်ခြင်းမှာ ကျန်ရှိသောသားရဲအသေကောင်များက အချုပ်အနှောင်မဲ့ဂိုဏ်းနှင့်သာ သက်ဆိုင်သည်ဟု ဆိုလိုက်သည်နှင့် အတူတူသာ။
သို့သော် စုချန်း၏ ခွဲဝေပုံအတွက် ကျုံးကျန်းကျွန်တွင် မည်သည့်ပြသနာမှ ရှိပုံမပေါ်ချေ။ သူ အလွယ်တကူပင် သဘောတူလိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ် ညီလေးစု"
ဤသည်မှာ မိမိ၏ ခွန်အားကို ပွင့်ပွင့်လင်းလင်း ပြသလိုက်ခြင်း၏ အကျိုးကျေးဇူးများအနက်မှ တခုပင် ဖြစ်သည်။
ဤခေတ်ကာလကြီးတွင် လူများသည် ဉာဏ်ရည်ထက်မြက်သူထက် ခွန်အားရှိသူ၏ စကားကို အမြဲ နားထောင်တတ်ကြ၏။
ကျုံးကျန်းကျွန်တယောက် စုချန်းကို ယခင်က ကန့်လန့်တိုက်နေရခြင်းမှာလည်း သူ့ခွန်အားကြောင့်ပင် ဖြစ်သည်။
ယခုတော့ သူ့ယူဆချက်များ မှားယွင်းနေကြောင်း သူ သဘောပေါက်သွားပေပြီ။
ထိုအခါ သူသည်လည်း စုချန်း၏ လက်အောက်ခံဘဝသို့ အလိုအလျောက်ပင် ရောက်ရှိသွားတော့၏။