← Chapters

သေရမည်၊ ဆုလာဘ်

Vol. 13 Ch. 181

သေရမည်၊ ဆုလာဘ်

Vol. 13 Ch. 181

“ရိုင်းစိုင်းလိုက်တာ…”

ချန်ရွှမ်အကြီးအကဲက ဆွန်ချွမ်ဝူကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်လျက် ကိုယ်ပေါ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ သူ့ရင်ထဲတွင် ကြောက်ရွံ့မှုတစ်စ ကျန်ရစ်နေသေးသည်။

လော့ချန်သည် သူ၏တပည့်ရင်းဖြစ်သည်လေ။

အကယ်၍ စောစောက ဆွန်ချွမ်ဝူအောင်မြင်သွားခဲ့လျှင်၊ လော့ချန်ကို ထိုးဖောက်သတ်ဖြတ်လိုက်နိုင်ခဲ့လျှင် သူ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မျက်နှာဘယ်မှာထားရမည်နည်း။ ရွှမ်ယွမ်ဂိုဏ်း၏ ဂုဏ်သတင်းကား မည်သည့်နေရာ၌ ရှိတော့မည်နည်း။

ဒေါသအမျက်ချောင်းချောင်းထွက်လျက် ချန်ရွှမ်အကြီးအကဲသည် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာကာ ဆွန်ချွမ်ဝူဆီသို့ လက်ဖဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။

ရုတ်တရက် ကြီးမားသောချီစွမ်းအင်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အိမ်ခန်းတစ်ခုစာအရွယ်ရှိ ချီစွမ်းအင်လက်ဖဝါးရာတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဆွန်ချွမ်ဝူကို လွှမ်းမိုးလျက် ဖမ်းချုပ်လိုက်သည်။

“ဟုန်း…”

လက်ဖဝါးရာမရောက်မီ ဆွန်ချွမ်ဝူထုတ်လွှတ်ခဲ့သော ဓားရောင်စဉ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး အနီးဝန်းကျင်ဆယ်မီတာခန့်ရှိ ယှဉ်ပြိုင်ကွင်းမြေပြင်သည် တစွန်းတစ နိမ့်ဆင်းသွားသည်။

“ဘုန်း…”

ဆွန်ချွမ်ဝူသည် ချီစွမ်းအင်ကို အပြည့်အဝထုတ်လွှတ်ရန် ကြိုးစားခဲ့သော်လည်း ထိတ်လန့်ဖွယ်ဖိအားကြောင့် သွေးတစ်ပွက်ကို ချက်ချင်းပင် အန်ထွက်လိုက်ရသည်။

ဆွန်ချွမ်ဝူသည် လက်ဖဝါးတစ်ချက်ဖြင့် ဖိချသုတ်သင်ခံရတော့မည့်အချိန်။

“ရပ်လိုက်…”

အေးစက်သော အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး ဆွန်ယင်ယန်သည် ဆွန်ချွမ်ဝူရှေ့တွင် ရုတ်တရက်ပေါ်လာကာ လက်သည်းတစ်ချက်ဖြင့် ချီစွမ်းအင်လက်ဖဝါးရာကို ဖြတ်ထိုးဖျက်ဆီးလိုက်သည်။

“ဆွန်ယင်ယန်… မင်းတို့က လူကို ဒီလောက်အထိ အနိုင်ကျင့်ရဲတယ်ပေါ့… တံခါးဝရောက်လာပြီး ရန်စမှုလုပ်တာတောင် အားမရသေးဘူး… စည်းမျဉ်းတွေကို မလိုက်နာဘဲ လူသတ်ဖို့တောင် ရဲတင်းတယ်ပေါ့… ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို လက်ထဲမှာကိုင်ထားတဲ့ အရုပ်တစ်ခုလို့ထင်နေတာလား…”

ချန်ရွှမ်အကြီးအကဲ၏ ဒေါသမီးများမှာ မငြိမ်းသေးဘဲ ခြေတစ်လှမ်းတိုးလျက် ကိုယ်ပေါ်မှ ချီစွမ်းအင်များ လှိုင်းလုံးကြီးပမာ ထိုးထွက်လာပြီး နောက်ထပ်လက်ဖဝါးတစ်ချက်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဤတစ်ကြိမ်တွင် လက်ဖဝါးစွမ်းအားသည် ပိုမိုပြင်းထန်လှသည်။

မြေရောင်လက်ဖဝါးကြီးသည် ယှဉ်ပြိုင်ကွင်း၏ ထက်ဝက်ကျော်ကို လွှမ်းမိုးထားပြီး လမ်းတစ်လျှောက် မြေပြင်များ အလွှာလိုက်ပေါက်ကွဲကာ သဲမှုန်လေဆင်နှာမောင်းများ ဖြစ်ပေါ်လာသည်။

ဆွန်ယင်ယန်သည် မပေါ့ဆရဲဘဲ မျက်နှာပေါ်တွင် အစိမ်းရောင်အရိပ်တစ်ခုဖြတ်သန်းသွားပြီး လက်ချောင်းငါးချောင်းကို ဆုပ်လျက် လက်သည်းတစ်ချက်ထုတ်လွှတ်လိုက်သည်။

“ရွှမ်လင်းယုန်လက်သည်း…”

ကြီးမားသော ချီစွမ်းအင်သည် အစိမ်းရောင်လက်သည်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချီစွမ်းအင်လက်ဖဝါးကြီးနှင့် ရိုက်ခတ်မိသွားသည်။

“ဟုန်း…”

အာကာသတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး ယှဉ်ပြိုင်ကွင်း၏ထက်ဝက်ကျော်သည် ထိခိုက်မှုကြောင့် ဖုန်မှုန့်များအဖြစ် ပြိုကွဲပျက်စီးသွားသည်။

“ဘုန်း…”

ဆွန်ချွမ်ဝူသည် တိုက်ပွဲဗဟိုချက်နှင့် သိပ်မဝေးသဖြင့် လှိုင်းလုံးအကြွင်းအကျန်များက ထိမှန်ကာ နောက်သို့ ဆက်လက်ဆုတ်ခွာသွားပြီး သွေးတစ်ပွက်ထပ်မံအန်ထွက်လိုက်ရသည်။

လော့ချန်က ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် အံ့သြထိတ်လန့်မိသည်။

ဤသည်ပင် အကြီးအကဲများအကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။ လက်တစ်ချက်မြှောက်ရုံဖြင့် တောင်ကို ဖြိုခွဲ၊ မြစ်ကို ဖြတ်ပိုင်းကာ မြေပြင်ကို အက်ကွဲစေနိုင်သော စွမ်းအားကြီးမားလှသည်တကား။

ဆွန်ယင်ယန်သည် ဒဏ်ရာရထားသော ဆွန်ချွမ်ဝူကို သတိပြုမိပြီး ချန်ရွှမ်အကြီးအကဲက ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။

“ချန်ရွှမ်… မင်းက ငါတို့ လျှပ်ယွမ်ဂိုဏ်းနဲ့ စစ်ဖြစ်ချင်နေတာလား… အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားကြည့်ပါဦး… မင်းရဲ့ ရွှမ်ယွမ်ဂိုဏ်းအတွက် ဘေးဒုက္ခတွေ မဖိတ်ခေါ်မိစေနဲ့…”

ချန်ရွှမ်၏မျက်နှာမှာ အေးစက်လျက်။

“ဟာသပဲ… မင်းတစ်ယောက်တည်းနဲ့ လျှပ်ယွမ်ဂိုဏ်းကို ကိုယ်စားမပြုနိုင်ဘူး… ထပ်ပြီးပြောလိုက်မယ်... စစ်ဖြစ်လာရင်တောင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဘာကို ကြောက်ရမှာလဲ…”

ထိုအချိန်တွင် ပဉ္စမအကြီးအကဲသည် ချန်ရွှမ်အကြီးအကဲဘေးတွင် ရုတ်တရက်ပေါ်လာပြီး ပြင်းထန်စွာ ပြောလိုက်သည်။

“ဆွန်ယင်ယန်… အခုချက်ချင်း ထွက်သွားမလား မသွားဘူးလား… တစ်ခွန်းပဲပြောလိုက်... ဒီနေ့ မျက်နှာပြောင်တိုက် ရိုင်းဆိုင်းရတာ မလုံလောက်သေးဘူးလား…”

သူသည် ချန်ရွှမ်အကြီးအကဲ၏ ဒေါသမီးများကို မထိန်းနိုင်ဖြစ်ပြီး ကိစ္စများကို မထိန်းသိမ်းနိုင်သည်အထိ ဖြစ်သွားမည်ကို စိုးရိမ်နေသည်။

ကျန်ရှင်းလီသည် လော့ချန်နှင့် မျှတသော ယှဉ်ပြိုင်မှုတွင် သေဆုံးသွားခြင်းဖြစ်သည်။ သေသွားလျှင်လည်း သေသွားပြီပင်။

အပြင်စည်းတပည့်တစ်ဦးသာဖြစ်သဖြင့် မည်သူမျှ ဂရုမစိုက်ပေ။

သို့သော် ဆွန်ယင်ယန်သည် လျှပ်ယွမ်ဂိုဏ်း၏ အပြင်စည်းအကြီးအကဲဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။ အကယ်၍ သားအဖနှစ်ဦးတွင် တစ်စုံတစ်ရာ မမျှော်လင့်ထားသည့်အဖြစ်မျိုး ဖြစ်ပေါ်လာခဲ့လျှင် ကိစ္စများကို ထိန်းသိမ်းရန် မလွယ်ကူတော့ပေ။

“ထွက်မသွားသေးရင် ရောက်လာသလို ပြန်မထွက်နိုင်အောင် လုပ်ပစ်မယ်…”

“ပြန်သွား…”

အခြားအကြီးအကဲများလည်း ဒေါသတကြီး ဆဲဆိုကြပြီး သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။

ဆွန်ယင်ယန်၏ ရင်ဘတ်ထဲတွင် ဒေါသတစ်ခုကို မျိုသိပ်ထားရပြီး မျက်နှာမှာ ဒေါသတကြီး နီရဲလာသည်။

သူ၏အဆင့်အတန်းဖြင့် မည်သည့်နေရာသို့ရောက်ရောက် လူအများက လေးစားခံရသူဖြစ်သည်။ ဤသို့သော ဆက်ဆံမှုကို ဘယ်သောအခါမှ မခံခဲ့ရဖူးပေ။

ယနေ့သည် သူ့ဘဝတွင် အရှက်ရဆုံးသောနေ့ဖြစ်သည်တကား။

“ဟူး… ဟူး…”

လော့ချန်ကို စူးစူးဝါးဝါးကြည့်ရင်း ဆွန်ယင်ယန်သည် ရင်ဘတ်ထဲမှ ဒေါသမီးများကို မျိုသိပ်ရန် အားထုတ်လျက် ဆွန်ချွမ်ဝူကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“သွားမယ်…”

အင်အားနှင့် အနေအထားမှာ သူတို့ထက် အားနည်းနေသည်။ ဆွန်ချွမ်ဝူက လော့ချန်ကို သတ်ဖြတ်ရန် ကြိုးစားမှုမအောင်မြင်သည့်အချိန်မှစ၍ ဆွန်ယင်ယန်သည် ဤတစ်ကြိမ်တွင် အခွင့်အရေးမရှိတော့မှန်း သိလိုက်သည်။

ဤနေရာတွင် ဆက်လက်ရောက်နှောင့်ယှက်နေမည့်အစား သူ့တွင် ပိုမိုအရေးကြီးသော ကိစ္စတစ်ခုရှိသေးသည်။ ထိုကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းရမည်ဖြစ်သည်။

“ဟူး…”

လက်တစ်ချက်ဝှေ့လျက် ဆွန်ယင်ယန်သည် ကျန်ရှင်းလီ၏ ရုပ်ပျက်ဆင်းပျက်အလောင်းနှင့် ဒဏ်ရာပြင်းထန်စွာရထားသော ရှူးလီတို့လူစုကို ခေါ်ဆောင်ကာ မီးငှက်ကြီးပေါ်သို့ ခုန်တက်သွားသည်။

ဆွန်ချွမ်ဝူ၏မျက်နှာမှာ ဖြူဖျော့လျက်။ မီးငှက်ကြီး၏ပုခုံးပေါ်တွင် ရပ်နေရင်း လော့ချန်ကို အမြင့်မှ ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ကောင်စုတ်လေး… မင်းကို ငါမှတ်ထားပြီး…”

လော့ချန်သည် မျက်နှာအမူအရာမပါဘဲ မျက်ခွံဖွင့်ပိတ်လှုပ်လျက် ထူးထန်သော သတ်ဖြတ်လိုစိတ်များက တစ်ကယ့်အရာဝတ္ထုတစ်ခုအလား ဆွန်ချွမ်ဝူကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့… မင်းနဲ့ငါ မကြာခင် တွေ့ကြသေးတာပေါ့…”

ယနေ့ဤဖြစ်ရပ်မရှိခဲ့လျှင်တောင် လော့ချန်သည် ထိုသူကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။

ရန်ငြိုးဟောင်းနှင့် ရန်ငြိုးသစ်များကို တွက်ချက်ပြီးလျှင် ဤသူသည် သေရမည်ဖြစ်သည်။

ဆွန်ယင်ယန်က လော့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ပိုမိုတိကျစွာပြောရလျှင် လော့ချန်၏အနောက်တွင်ရှိသော သိုင်းဝိညာဉ်ကို ကြည့်လိုက်ခြင်းဖြစ်သည်။ ထို့နောက် လက်ကြီးတစ်ချက်ဝှေ့လိုက်သည်။

“ရွှီ…”

မီးငှက်ကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အိမ်ပြန်ခွေးတစ်ကောင်ပမာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။ လာစဉ်ကထက် မာန်ဖီလှသောအရိပ်အယောင်များ မရှိတော့ပေ။

“ဟားဟား… ကြည်နူးစရာပဲ… တကယ်ကို ကြည်နူးစရာပဲ… ဒီကောင်တွေ နောက်ထပ် ငါတို့ရွှမ်ယွမ်ဂိုဏ်းကို လာပြီး မာန်ဖီရဲဦးမလားကြည့်စမ်းပါဦး…”

ဆွန်ယင်ယန်၏ ရှက်ရွံ့စွာထွက်ခွာသွားပုံကို ကြည့်ရင်း ပဉ္စမအကြီးအကဲသည် ပြည့်ဝစွာ ရယ်မောလျက် လော့ချန်ကို လှည့်ကြည့်ပြီး ချီးကျူးလိုက်သည်။

“လော့ချန်… မင်းကောင်းကောင်းလုပ်ခဲ့တယ်… တကယ့်ကို ကောင်းကောင်းလုပ်ခဲ့တယ်… ဒီနေ့ဖြစ်ရပ်တွေ သတင်းထွက်သွားရင် မင်းက တစ်ပွဲတည်းနဲ့ နာမည်ကြီးသွားမှာပဲ…”

လော့ချန်က နှာခေါင်းကိုရှုတ်လိုက်ရင်း ခပ်တိုးတိုး ပြန်ဖြေသည်။

“အကြီးအက ချီးကျူးလွန်းနေပါပြီ…”

ပဉ္စမအကြီးအကဲက ခေါင်းခါလိုက်သည်။

“လွန်ကျူးတာမဟုတ်ဘူး… လူသာမန်ဘဝဖြတ်ကျော်အဆင့်နဲ့ ထုံရွှမ်အဆင့်ကို အနိုင်ယူနိုင်တဲ့သူဆိုတာ တာယွဲ့မင်းဆက်မှာ ရှားရှားပါးပါးပဲ… ထူးချွန်သူတွေထဲက ထူးချွန်သူပဲ… ဒါပေမဲ့ ရွှေခန္ဓာအဆင့်ကိုလည်း ရောက်နှင့်ပြီးသားဆိုတော့…”

ပဉ္စမအကြီးအကဲက လော့ချန်၏သိုင်းဝိညာဉ်ကို တစ်ချက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူလည်း သတိပြုမိသည်မှာ လော့ချန်၏သိုင်းဝိညာဉ်သည် ကြယ်တစ်ပွင့်မျှမရှိသည့် အသုံးမကျသိုင်းဝိညာဉ်ဖြစ်သည်။

ချန်ရွှမ်အကြီးအကဲက အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး မေးလိုက်သည်။

“လော့ချန်… မင်းဘယ်လိုနေသေးလဲ…”

သူသည် လော့ချန်၏မျက်နှာအရောင်မကောင်းသည်ကို မြင်ပြီး ဆွန်ချွမ်ဝူထံမှ ဒဏ်ရာပြင်းထန်စွာ ရထားသည်ဟု ထင်မိသည်။

ဆွန်ချွမ်ဝူသည် ထုံရွှမ်နယ်ပယ် အဆင့်သုံး အထွတ်အထိပ်ရှိ ထိပ်တန်းသိုင်းသမားဖြစ်ပြီး သူ၏အရှိန်အဟုန်သည် လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိသူများ ခုခံနိုင်စွမ်းမရှိပေ။

လော့ချန်၏ခန္ဓာကိုယ်မှာ သန်မာလှသဖြင့် စောစောက သွေးစွမ်းအင်အနည်းငယ်သာ လှုပ်ခတ်သွားခဲ့ပြီး သိသာထင်ရှားသော ဒဏ်ရာမရခဲ့ပေ။

သို့သော် သူသည် အလွန်အံ့သြဖွယ်ဖြစ်မှုများကို မပြလိုသဖြင့် ပြောလိုက်သည်။

“ဒဏ်ရာသေးသေးလေးပါ… ရက်အနည်းငယ် အနားယူရင် ပျောက်သွားမှာပါ… ဆရာဖြစ်သူရဲ့ ဂရုစိုက်မှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်…”

ချန်ရွှမ်က ရယ်မောလျက် ဆက်ပြောသည်။

“မင်းက ငါ့အတွက် ဂုဏ်ယူစရာဖြစ်အောင် လုပ်ပေးခဲ့ပြီး ဂိုဏ်းအတွက်လည်း ကြီးမားတဲ့အကျိုးပြုခဲ့တာ… ဂရုမစိုက်လို့ ဘယ်ဖြစ်မလဲ…”

ဤစကားကြောင့် နေရာယူထားသော အကြီးအကဲများအားလုံး ရယ်မောကြသည်။

ယနေ့တွင် လော့ချန်မရှိခဲ့လျှင် သူတို့၏ဂုဏ်သတင်းမှာ ပြိုလဲပျက်စီးသွားနိုင်သည်။

ချင်တို့ယွမ်တစ်ဦးတည်းသာ မျက်နှာမပျော်ဘဲ အေးစက်စွာ စိုက်ကြည့်နေသည်။

စောစောကအထိ သူ၏စိတ်ထဲတွင် လော့ချန်သည် ကျန်ရှင်းလီနှင့် အခြားသူများထံမှ အရိုက်ခံရသောဒဏ်ရာများရပြီး သေဆုံးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် ဆန္ဒမပြည့်ဝခဲ့ပေ။

ထိုအချိန်တွင် ပဉ္စမအကြီးအကဲသည် တစ်စုံတစ်ရာကို သတိရသွားသည့်အလား သိုလှောင်ဝိညာဉ်လက်စွပ်ထဲမှ သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

“လော့ချန်… ဒါကို ယူထားလိုက်…”

လော့ချန်က အံ့သြစွာ။

“ဒါက ဘာပါလဲ…”

ပဉ္စမအကြီးအကဲက ပြုံးလျက် ပြောလိုက်သည်။

“ဒီထဲမှာ ချီစွမ်းအင်ဆေးလုံး နှစ်ထောင်ပါတယ်… ငါအရင်က ကြေငြာခဲ့ဖူးတယ်… လျှပ်ယွမ်ဂိုဏ်းရဲ့ တပည့်တွေကို အနိုင်ယူနိုင်သူတိုင်း တစ်ပွဲအနိုင်ရတိုင်း ချီစွမ်းအင်ဆေးလုံး သုံးရာဆုပေးမယ်လို့… မင်းက ငါးပွဲအနိုင်ရထားတော့ ဆေးလုံးတစ်ထောင့်ငါးရာရမှာ… ကျန်တဲ့ ငါးရာကတော့ ငါကိုယ်တိုင် မင်းကို ဆုချလိုက်တာ…”

ပဉ္စမအကြီးအကဲ၏စကားသံများ ထွက်ပေါ်လာသည်နှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လျက် ဆူညံသံများ ထွက်ပေါ်လာသည်။

အပြင်စည်းတပည့်များသည် သစ်သားသေတ္တာကို မျက်လုံးများ လက်လျက် စိုက်ကြည့်နေကြပြီး အားကျနေကြသည်။ အချို့မှာ မနာလိုစိတ်များပင် ဖြစ်ပေါ်နေသည်။

ချီစွမ်းအင်ဆေးလုံး နှစ်ထောင်ဆိုသည်မှာ ငွေကျပ်နှစ်ကုဋေဖြစ်ပြီး သေးငယ်သော ပမာဏမဟုတ်ပေ။

အပြင်စည်းတပည့်များအတွက်ဆိုလျှင် ဤသည်မှာ ကြီးမားသော စည်းစိမ်ဥစ္စာပင်ဖြစ်သည်။

သို့သော် အားကျနေကြသည့်တိုင် ထိုဆုလာဘ်ကို ရယူနိုင်ရန် ထိုသူများတွင် ထိုသို့သော စွမ်းအားမရှိပေ။

လော့ချန်လည်း အံ့သြသွားသည်။

သူရောက်လာစဉ်က ပဉ္စမအကြီးအကဲက ဤကိစ္စကို ကြေငြာပြီးသွားပြီဖြစ်သဖြင့် ဆုလာဘ်အကြောင်း မသိခဲ့ပေ။

ချန်ရွှမ်က လော့ချန်က ဘာမှမလှုပ်ရှားသည်ကို မြင်ပြီး ပြောလိုက်သည်။

“လော့ချန်… ယူထားလိုက်ပါ… မင်းက ရွှေခန္ဓာအဆင့်ကို ရောက်နှင့်ပြီးပြီ… ခန္ဓာကိုယ်က သန်မာလှပြီး တူညီတဲ့အဆင့်မှာ အနိုင်မယှဉ်နိုင်တဲ့သူပဲ…”

“ဒါပေမဲ့ ဒီလို သန်မာတဲ့ခန္ဓာကိုယ်က ရုတ်တရက်ဖြစ်ပေါ်လာတာမဟုတ်ဘူး… သွေးစွမ်းအင်ကို သန်မာစေဖို့ ဝိညာဉ်ဆေးတွေ၊ ဝိညာဉ်ဆေးလုံးတွေ အများကြီးလိုတယ်… မင်းက ထုံရွှမ်အဆင့်ကို တက်လှမ်းဖို့ဆိုရင်လည်း တခြားသူတွေထက် ချီစွမ်းအင်တွေ ပိုလိုအပ်မှာ… ချီစွမ်းအင်သိုက်ကို ဖွင့်ဖို့ ပိုလိုမှာပဲ…”

All Chapters