ဘာကြည့်နေတာလဲ
Vol. 13 Ch. 182
"ပဉ္စမအကြီးအကဲကို သိပ်ကိုကျေးဇူးတင်ပါတယ်..."
လော့ချန် ကျေးဇူးတင်စကားဆိုကာ သစ်သားသေတ္တာကို လှမ်းယူလိုက်သည်။
ဆရာဖြစ်သူက မတားမြစ်ခဲ့သည်ဖြစ်စေ၊ သူကိုယ်တိုင်လည်း ငြင်းပယ်ရန် စိတ်ကူးမရှိချေ။
သူ့ထံတွင် ရှိသည့်ဥစ္စာဓနသည် မနည်းမနောဖြစ်သော်လည်း သုံးစွဲမှုလည်း မနည်းလှပေ။
ယခုအကြိမ် ရွှေခန္ဓာအဆင့်သို့ တက်လှမ်းရာတွင် သုံးစွဲခဲ့ရသည့်ဥစ္စာများသည် အလွန်အံ့သြဖွယ်ရာဖြစ်သည်။
ကြယ်လေးပွင့်ဝိညာဉ်ဆေးလုံး မင်ကျင့်ဆေးလုံးကိုပင် လော့ချန်တစ်ဦးတည်း ရှစ်လုံးတိတိ မျိုချခဲ့ရသည်။
ထို့အပြင် ချီစွမ်းအင်ကို ဖြည့်တင်းရန်အတွက် အခြားဝိညာဉ်ဆေးများနှင့် ဆေးလုံးများကိုပါ ထည့်တွက်လျှင် တန်ဖိုးအားဖြင့် ငွေကျပ်သိန်းသုံးဆယ်ကျော်သည်။
ဤသည်မှာ အလွန်အံ့သြဖွယ်ရာကိန်းဂဏန်းတစ်ခုပင်ဖြစ်သည်။
သာမန်လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိ သိုင်းသမားများအတွက် ဤမျှလောက်သော ကုန်ကျစရိတ်ကို ထမ်းပိုးနိုင်ရန် လုံးဝမဖြစ်နိုင်ချေ။
ထို့အပြင် ရောင်စဉ်ကိုးသွယ်ရတနာသည် ဝိညာဉ်ဆေးများကို သန့်စင်ပေးနိုင်ပြီး ဆေးစွမ်းအား သန့်ရှင်းပြည့်စုံစေကာ သန့်စင်ရာတွင် လွယ်ကူစေသည်။ ထို့အပြင် ဘေးထွက်ဆိုးကျိုးများလည်း မရှိချေ။
လော့ချန်အတွက် ဥစ္စာဓနသည် စွမ်းအားနှင့် အတူတူပင်ဖြစ်သည်။
လုံလောက်သော ဥစ္စာဓနရှိလျှင် သူ၏စွမ်းအားသည် အချိန်တိုအတွင်း ထူးခြားစွာ တိုးတက်လာနိုင်သည်။ ထို့ကြောင့် ဥစ္စာဓနများများရလေ ကောင်းလေဖြစ်ပြီး ငြင်းပယ်ရန် အကြောင်းမရှိချေ။
"ဟဲဟဲ... ဒါက မင်းရထိုက်တဲ့အရာပဲ... ကောင်းကောင်းကြိုးစားပြီး ထုံရွှမ်အဆင့်ကို မြန်မြန်တက်လှမ်းနိုင်ဖို့ ဆုတောင်းပေးမယ်..."
ပဉ္စမအကြီးအကဲသည် လော့ချန်ကို ကြည့်ရင်း ချီးကျူးမှုအပြည့်ရှိသော အကြည့်များနှင့်အတူ အနည်းငယ်စိုးရိမ်မှုလည်း ရောယှက်နေသည်။
ယနေ့ လော့ချန်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားသည် ထူးချွန်ထက်မြက်ပြီး ထူးကဲလှပသည်ဟု ဆိုနိုင်သည်။
အကယ်၍ ဤသို့သောစွမ်းအားပြသသူသည် အခြားသူတစ်ဦးဖြစ်ခဲ့လျှင် ပဉ္စမအကြီးအကဲအနေဖြင့် ထိုသူသည် အနာဂတ်တွင် သာမန်လူမဟုတ်ဘဲ အထွတ်အထိပ်သို့ ရောက်ရှိမည့် ထူးချွန်သူတစ်ဦးဖြစ်လာမည်ဟု ယုံကြည်စိတ်ချစွာ အာမခံနိုင်သည်။
သို့သော် ကံမကောင်းစွာဖြင့် လော့ချန်သည် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်သည်။
စွမ်းအားအဆင့် မြင့်တက်လာသည်နှင့်အမျှ သိုင်းဝိညာဉ်၏ အရေးပါမှုသည် ပို၍ထင်ရှားလာသည်။
စွမ်းအားအဆင့်သည် သွေးကြောနိုးကြားမှုအဆင့်သို့ ရောက်ရှိလာသောအခါ သိုင်းသမားများသည် သိုင်းဝိညာဉ်၏အရည်အချင်းကို စတင်နိုးကြားလာပြီး ဝိညာဉ်၏အဆင့်သည် သိုင်းသမား၏တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက်သက်ရောက်မှုရှိသည်။
ပဉ္စမအကြီးအကဲသည် ယနေ့လော့ချန်၏ပြသမှုနှင့် စရိုက်သဘောကို အလွန်တန်ဖိုးထားသော်လည်း သူ၏အနာဂတ်အလားအလာအပေါ်မူ သိပ်မျှော်လင့်ထားခြင်းမရှိချေ။
"လော့ချန်... ငါတို့မှာ လုပ်စရာတွေရှိသေးတယ်... မင်းနှစ်ရက်လောက် အနားယူပြီး ပြန်လည်သန်စွမ်းလာတဲ့အခါ ချင်းရွှမ်တောင်ထိပ်မှာ ငါ့ကို လာတွေ့အုံး..."
ချန်ရွှမ်က မှာလိုက်သည်။
"ဟုတ်ကဲ့..."
လော့ချန်သည် ချန်ရွှမ်နှင့် အခြားသူများထွက်သွားသည်ကို လိုက်ပို့လိုက်သည်။
"ဟယ်လော့ကျန်... ငါ ဒီလောက်ကြာအောင်နေလာခဲ့ပြီး ဒီလိုမျိုး စွမ်းရည်ပြည့်ဝတဲ့ လူငယ်ထူးချွန်တစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... ဒါပေမဲ့ ကောင်းကင်က ဆန္ဒမပြည့်စေဘူး... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားရတယ်လို့..."
"သူ့ရဲ့ သိုင်းလမ်းခရီးက နည်းနည်းလေးတော့ ရှည်ကြာဖို့ မျှော်လင့်ပါတယ်..."
ချန်ရွှမ်နှင့် ပဉ္စမအကြီးအကဲတို့ အနည်းငယ်ဝေးကွာသွားသည့်တိုင် ပဉ္စမအကြီးအကဲ၏ စိတ်မသက်မသာဖြစ်နေသည့် သက်ပြင်းချသံကို လော့ချန်ကြားနေရသည်။
ထိုစကားကိုကြားသောအခါ လော့ချန်ခါးသက်စွာ ပြုံးလိုက်သည်။
ဤပဉ္စမအကြီးအကဲသည် စကားကို ဖုံးကွယ်ထားတတ်သူမဟုတ်ပေ။
"လော့ချန်..."
ထိုအချိန်တွင် ဘေးမှ ကြည်လင်သော အသံတစ်သံကို ကြားလိုက်ရသည်။
လော့ချန်ခေါင်းလှည့်ကြည့်လိုက်ရာ ပြုံးလျက်ပြောလိုက်သည်။
"မင်းတို့လည်း ဒီမှာရှိနေတာပဲ..."
ရောက်လာသူများသည် ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့ဖြစ်သည်။
သူတို့နှစ်ဦးသည် သိုင်းပြိုင်ကွင်းတွင် အချိန်အကြာကြီးရှိနေခဲ့သော်လည်း လော့ချန်သည် အကြီးအကဲများနှင့် ဝိုင်းအုံခံထားရသဖြင့် ချဉ်းကပ်ရန် အခွင့်အရေးမရခဲ့ချေ။
ယွမ်ချီလန်က ခေါင်းညိတ်ပြရင်း လှပသောမျက်လုံးများနှင့် လော့ချန်ကို အကဲခတ်ကြည့်ကာ အံ့သြစွာပြောလိုက်သည်။
"အခုထိ ငါ အိပ်မက်မက်နေသလိုပဲ ခံစားနေရတယ်... မင်းက ရွှေခန္ဓာအဆင့်ကို တက်လှမ်းပြီး ထုံရွှမ်အဆင့်ရှိ သိုင်းသမားတစ်ယောက်ကိုတောင် သတ်နိုင်ခဲ့တယ်လို့..."
ကူးလင်ဖန်လည်း ထိုနည်းတူခံစားနေရသည်။
လော့ချန်သည် အလုပ်သင်တပည့်အဖြစ် စတင်ဝင်ရောက်လာချိန်တွင် သူ၏စွမ်းအားအဆင့်သည် ၎င်းတို့ထက်ပင် နိမ့်ကျခဲ့သေးသည်။
သို့သော် လပေါင်းအနည်းငယ်အတွင်းမှာပင် လော့ချန်သည် ထုံရွှမ်အဆင့်ရှိ သိုင်းသမားများနှင့် ယှဉ်ပြိုင်နိုင်သည်အထိ တိုးတက်လာခဲ့ပြီး ၎င်းတို့ကို အလှမ်းဝေးအောင် ထားရစ်ခဲ့သည်။
ဤအရာအားလုံးသည် စဉ်းစားရုံမျှဖြင့်ပင် မယုံကြည်နိုင်စရာ ဖြစ်နေသည်။
လော့ချန်က ပြုံးလျက်ပြောလိုက်သည်။
"ကံကောင်းရုံပါ... ကျန်ရှင်းလီက ထုံရွှမ်အဆင့်ကို တက်လှမ်းခါစဖြစ်ပြီး သူ့စွမ်းအားက သိပ်မသန်မာသေးဘူး..."
"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါ ထုံရွှမ်အဆင့်ရှိ သိုင်းသမားပဲလေ..."
ယွမ်ချီလန်က ပြံးလျက် မျက်လုံးများက တောက်ပလျက်ရှိပြီး မျက်နှာထက်တွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြောလိုက်သည်။
"နောက်ဆို မျက်လုံးတွေ ခေါင်းပေါ်မှာထည့်ထားတဲ့ အပြင်စည်းတပည့်တွေက ငါတို့လို အလုပ်သင်တပည့်ကျော်တွေကို မထီမဲ့မြင်လုပ်ရဲဦးမလား ကြည့်ရအောင်..."
လော့ချန်သည် ၎င်းတို့နှစ်ဦးသည် အလုပ်သင်တပည့်များဖြစ်ခဲ့သည့်အတွက် မထီမဲ့မြင်ပြုခံရမှုများစွာ ကြုံတွေ့ခဲ့ရသည်ကို သိရှိထားသဖြင့် ပြုံးလျက်ပြောလိုက်သည်။
"မူလဇစ်မြစ်ဘယ်လိုဖြစ်တယ်ဆိုတာ အရေးမကြီးဘူး... သိုင်းသမားတစ်ယောက်အနေနဲ့ နောက်ဆုံးမှာ စွမ်းအားနဲ့ပဲ စကားပြောရတာပဲ... လာ... ငါတို့ အရင်ထွက်သွားရအောင်..."
သုံးဦးသား သိုင်းပြိုင်ကွင်းမှ ထွက်ပေါက်ဆီသို့ လျှောက်သွားကြသည်။
"လော့ချန်ဆရာကြီး မင်္ဂလာပါ..."
"လော့ချန်ဆရာကြီး... ကျွန်မနာမည်က ဟန်လင်းပါ... ကျွန်မလည်း ဓားစွမ်းရည်ကို ကျင့်ကြံထားပါတယ်... အချိန်ရရင် ကျင့်ကြံရေးနဲ့ပတ်သက်ပြီး ဆရာကြီးဆီက အကြံဉာဏ်တောင်းချင်ပါတယ်..."
လူအုပ်ကို ဖြတ်လျှောက်ရင်း အပြင်စည်းတပည့်များက လော့ချန်ထံသို့ အော်ဟစ်နှုတ်ဆက်ကြသည်။
လော့ချန်ပြောခဲ့သည့်အတိုင်း သိုင်းသမားများသည် နောက်ဆုံးတွင် စွမ်းအားဖြင့်သာ စကားပြောရသည်။
ယနေ့တိုက်ပွဲတွင် လော့ချန်သည် ငါးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး လျှပ်ယွမ်ဂိုဏ်း၏ ထူးချွန်တပည့်များကို အပြတ်အသတ်အနိုင်ယူခဲ့သည်။ ထို့ကြောင့် ၎င်း၏စိတ်ဓာတ်မြင့်မားမှုနှင့် ထူးချွန်သောစွမ်းအားသည် အပြင်စည်းတပည့်များစွာ၏ လေးစားမှုကို ရရှိခဲ့သည်။
လော့ချန်ကိုယ်တိုင်ကမူ ဤသို့ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် အနည်းငယ်ရှက်ရွံ့စွာ တုံ့ပြန်နေရသည်။
ထွက်ပေါက်အနီးသို့ ရောက်ခါနီးတွင် ပတ်ဝန်းကျင်မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
လူအုပ်ကွဲထွက်သွားပြီး လူတစ်စုသည် ဖြောင့်ဖြောင့်လျှောက်လာကာ ရှေ့ဆုံးမှလူမှာ ယန်ချီဖြစ်နေသည်။
ပါးပြင်တွင် ဖောင်းကားနေသည့် ချန်းလင်သည် ယန်ချီနောက်မှ လိုက်လာပြီး လော့ချန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။
ယန်ချီသည် လော့ချန်ရှေ့တွင် တိုက်ရိုက်ပိတ်ရပ်ကာ မသိမသာပြုံးလျက်ပြောလိုက်သည်။
"တကယ်မထင်ထားခဲ့ဘူး... နှစ်လလောက်အတွင်းမှာ မင်းရဲ့စွမ်းအားက ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့... တကယ်ကို ငါ့ကို အံ့သြသွားစေတယ်..."
လော့ချန်ကလည်း ပြန်ပြောလိုက်သည်။
"ဘာကိစ္စရှိလဲ... ငါတို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုက နှစ်ပတ်လောက်တော့ ကျန်သေးတယ်မဟုတ်လား..."
ယန်ချီမျက်ခုံးတစ်ချက်ပင့်တက်သွားပြီး ပြုံးလျက်ပြောလိုက်သည်။
"ဘာမှတော့ မဟုတ်ပါဘူး... မင်းနဲ့ အရက်နှစ်ခွက်လောက်သောက်ချင်ရုံပါ..."
စဉ်းစားရင်း ယန်ချီသည် အသုံးမကျသည့်သိုင်းဝိညာဉ်နိုးကြားထားသူတစ်ဦးသည် ရွှေခန္ဓာအဆင့်သို့ တက်လှမ်းနိုင်သည်အပြင် ထုံရွှမ်အဆင့်ရှိ သိုင်းသမားများနှင့် ယှဉ်ပြိုင်နိုင်သည်အထိ စွမ်းအားရှိနိုင်သည်ဟု မယုံကြည်နိုင်ချေ။
ဤအရာထဲတွင် လူမသိသူမသိ လျှို့ဝှက်ချက်တစ်ခုခု ရှိနေမည်မှာ သေချာသည်။
အကယ်၍ ထိုလျှို့ဝှက်ချက်ကို သူသိမ်းပိုက်နိုင်ခဲ့လျှင် ၎င်း၏စွမ်းအားသည် နောက်ထပ်တစ်ဆင့် မြှင့်တက်သွားနိုင်သည်။
လော့ချန်က မျက်လုံးများအေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မရှိပါနဲ့... ငါအချိန်မရဘူး..."
ထိုစကားကိုကြားသောအခါ ယန်ချီ၏မျက်နှာသည် မဲ့သွားသည်။
ဘေးမှချန်းလင်က ယန်ချီ၏မျက်နှာအမူအရာကို အကဲခတ်ကြည့်ရင်း လေယိုနေသည့်ပါးစပ်ကိုဖွင့်ကာ ရိုင်းစိုင်းစွာခြိမ်းခြောက်လိုက်သည်။
"လော့ချန်... မင်းက ဘာအဆင့်လဲ... ယန်ဆရာကြီးက ဘာအဆင့်လဲ... ယန်ဆရာကြီးက မင်းကို အရက်သောက်ဖို့ ဖိတ်တာက မင်းကို ဂုဏ်ပြုပြီး မျက်နှာသာပေးတာပဲ... လှပတဲ့ဖိတ်ကြားမှုကို မင်း ငြင်းရင် အကျည်းတန်တဲ့ ပြစ်ဒဏ်တွေ ခံရလိမ့်မယ်..."
လော့ချန်က မျက်လုံးများကို တစ်ချက်စွေကြည့်ကာ ချန်းလင်ကို စိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။
"ဒီမှာ ထပ်ပြီး ခွေးလို ဟောင်နေရင်... မင်းရဲ့ ကျန်နေတဲ့သွားတွေကိုပါ ငါ အကုန်ချိုးပစ်မယ်ဆိုတာ ယုံလား..."
ချန်းလင်သည် ထိတ်လန့်စွာဖြင့် အနောက်သို့ အဆင့်အနည်းငယ်ဆုတ်သွားပြီး ရှက်ရမ်းရမ်းကာ လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း ထပ်မံပြဿနာရှာရဲခြင်းမရှိချေ။
လော့ချန်သည် ဘေးသို့ နှစ်လှမ်းရွှေ့လိုက်ပြီး ထွက်ခွာရန်ပြင်သည်။
"ငါ မင်းကို ထွက်သွားဖို့ ခွင့်ပြုလိုက်ပြီလား..."
ယန်ချီသည် လော့ချန်ကို လက်ဖြင့်ပိတ်ဆီးလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"ဒီနေ့ ဒီအရက်ကို မင်းသောက်ချင်လည်း သောက်ရမယ်... မသောက်ချင်လည်း သောက်ရမယ်..."
လော့ချန်၏မျက်လုံးများသည် ထက်မြက်လာသည်။
ထင်ရှားသည်မှာ ယန်ချီသည် ယနေ့တွင် သူ့ကို လွယ်လွယ်ကူကူလွှတ်မပေးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
သို့သော် ယန်ချီသည် ထုံရွှမ်အဆင့်တစ်အထွတ်အထိပ်ရှိ သိုင်းသမားဖြစ်သည်။ လော့ချန်၏လက်ရှိစွမ်းအားဖြင့် ယန်ချီကို ရင်ဆိုင်ရလျှင် အနိုင်ရရန်အခွင့်အလမ်းသည် လေးရာခိုင်နှုန်းထက်မပိုချေ။
သို့သော် အကယ်၍ သူသည် ယန်ချီကို မတိုက်မချင်း လေးလံစွာဒဏ်ရာရအောင် လုပ်နိုင်ခဲ့လျှင် အနိုင်ရရန်အခွင့်အလမ်းမရှိသည်လည်း မဟုတ်ပေ။
ချီစွမ်းအင်ကို မသိမသာလည်ပတ်ရင်း လော့ချန်သည် တိုက်ခိုက်ရန်အခွင့်အရေးကို ရှာဖွေနေသည်။
ထိုအချိန်တွင် လူအုပ်အပြင်ဘက်မှ ရယ်သံတစ်သံထွက်ပေါ်လာသည်။
"ဘယ်သူက ဒီလောက်ရက်ရောပြီး တစ်ယောက်ယောက်ကို အရက်ဖိတ်တိုက်ချင်နေတာလဲ... ငါ့လည်း တစ်ခွက်လောက်သောက်ချင်လိုက်တာ... ငါ့ကိုပါ ခေါ်ပါဦး..."
ခန္ဓာကိုယ်မြင့်မားသူတစ်ဦးသည် လူအုပ်ထဲသို့ လျှောက်ဝင်လာပြီး ယန်ချီကို မပြုံးတပြုံး ပုံစံမျိုးဖြင့် ကြည့်နေသည်။ ၎င်းသည် အပြင်စည်းတပည့်ဆယ်ဦးထဲမှ ယူယွဲ့ဖြစ်သည်။
ယန်ချီသည် ယူယွဲ့က ထွက်ပေါ်လာမည်ဟု မထင်မှတ်ထားခဲ့သဖြင့် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းကာ ပြောလိုက်သည်။
"ယူယွဲ့... ဒါက ငါတို့ မင်းသားတန်းရဲ့ ကိစ္စပဲ... မင်းဝင်ပါချင်ရင် အကျိုးဆက်တွေကို သိထားရမယ်နော်..."
"အကျိုးဆက်တဲ့လား..."
ယူယွဲ့က အေးစက်စွာ ရယ်လိုက်ပြီး ယန်ချီကို လျှပ်စီးကဲ့သို့ အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို မင်းက ငါလို ယူယွဲ့ကို ခြိမ်းခြောက်ရင်ရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ သိလား..."
"ဟုန်း..."
စကားသံပြီးဆုံးသည်နှင့် ယူယွဲ့၏ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဟုန်တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာအား တုန်ခါသွားစေသည်။
"ဘုန်း..."
ထိုအရှိန်အဟုန်ဖြင့် ဖုံးအုံခံလိုက်ရရုံမျှဖြင့် ယန်ချီသည် သွေးစွမ်းအင်မတည်ငြိမ်သလို ခံစားရပြီး ခြေလှမ်းများ ယိုင်ထိုးကာ အနောက်သို့ အဆင့်အနည်းငယ်ဆုတ်သွားကာ နှုတ်ခမ်းစွန်းမှ သွေးစီးကြောင်းတစ်ခု စိမ့်ထွက်လာသည်။
"မင်း..."
ယန်ချီသည် ဒေါသတကြီးဖြစ်နေသော်လည်း ယူယွဲ့၏ ကြောက်မက်ဖွယ်အကြည့်များကြောင့် ထပ်မံခြိမ်းခြောက်ရန် မရဲတင်းတော့ဘဲ လော့ချန်ထံသို့ လှည့်ကာ အဆိပ်ပြင်းပြင်းဖြင့် ပြုံးပြရင်း ပြောလိုက်သည်။
"အသုံးမကျတဲ့ကောင်... ဘာကြည့်နေတာလဲ... ဒီနှစ်ပတ်ကို သေချာတန်ဖိုးထားထား... နှစ်ပတ်ကြာရင် မင်းရဲ့အရိုးတွေကို တစ်ခုချင်းစီ ငါ ဖျက်ဆီးပစ်မယ်... အဲ့ဒီအခါကျရင် ဘယ်သူက မင်းကို ကယ်နိုင်ဦးမလဲ ကြည့်ရအောင်..."
အေးစက်စွာပြောဆိုပြီးနောက် ယန်ချီသည် လှည့်ထွက်သွားသည်။