← Chapters

အရှင်သူမြတ်

Vol. 13 Ch. 183

အရှင်သူမြတ်

Vol. 13 Ch. 183

လော့ချန်သည် ယန်ချီကို ကြည့်ရင်း မျက်ခုံးအနည်းငယ်တွန့်သွားသည်။

ဤသူသည် ခွေးရူးတစ်ကောင်နှင့်တူသည်။ တွေ့သူတိုင်းကို ကိုက်ဖြဲလိုနေသည်။

“လဝက်အကြာမှာ ငါမင်းကိုစောင့်နေမယ်… မင်းငါ့ရဲ့အရိုးတွေကို တစ်ခုချင်းဖြည်နိုင်မလားဆိုတာ ငါကြည့်ချင်သေးတယ်…”

လော့ချန်သည် ထိပ်တိုက်ရင်ဆိုင်ကာ အေးစက်စွာ ပြန်ပြောလိုက်သည်။

ဤစကားထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိလူများ ရုတ်တရက် အံ့အားသင့်သွားကြသည်။ ထို့နောက်မှ လော့ချန်နှင့် ယန်ချီတို့၏ တစ်လဝက်အကြာ သေချင်းရှင်ချင်းတိုက်ပွဲအကြောင်း ပြန်လည်သတိရသွားကြသည်။

ချက်ချင်းပင် လူတိုင်း၏မျက်နှာများတွင် စိတ်ဝင်တစားအမူအရာများ ပေါ်ထွက်လာပြီး မျက်လုံးများထဲတွင် စိတ်အားထက်သန်မှု ထင်ဟပ်နေသည်။

ယခင်က သူတို့နှစ်ဦး၏ စွမ်းအားကွာဟမှုမှာ သိပ်ကြီးလွန်းသဖြင့် လော့ချန်သည် ယန်ချီကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ သေချာပေါက် တစ်ကွက်တည်းဖြင့် အလဲထိုးခံရလိမ့်မည်။

အနိုင်အရှုံးသိသာထင်ရှားနေသည့် ထိုကဲ့သို့တိုက်ပွဲမျိုးကို ဘာကြည့်စရာရှိမည်နည်း။

သို့ရာတွင် ယခုအခါ လူများသည် စိတ်အားထက်သန်လာကြပြီး တစ်လဝက်ကို အမြန်ဆုံးရောက်လာစေရန် မျှော်လင့်နေကြသည်။

လော့ချန်၏စကားကိုကြားလိုက်ရသည်နှင့် လှည့်ထွက်သွားနေသော ယန်ချီသည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ရပ်တန့်သွားသည်။

“ကောင်းပြီ… သိပ်ကောင်းတယ်… မင်းဆန္ဒအတိုင်း ငါလုပ်ပြမယ်…”

ယန်ချီက မကျေမနပ်ဟစ်အော်လိုက်ပြီး နောက်ကိုလှည့်မကြည့်ဘဲ ထွက်သွားသည်။

လော့ချန်သည် ယန်ချီ၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် အေးစက်စွာ ပြုံးလိုက်သည်။

သူ၏ယခုစွမ်းအားမှာ ထုံရွှမ်နယ်ပယ်အဆင့်တစ်နှင့် ယှဉ်နိုင်သည့်အဆင့်သို့ ရောက်ရှိလို့နေပြီ။

လူသာမန်ဘဝဖြတ်ကျော်အဆင့်နှင့် ထုံရွှမ်နယ်ပယ်အဆင့်သည် လုံးဝကွဲပြားသည့် အဆင့်နှစ်ခုဖြစ်သည်။

ထုံရွှမ်နယ်ပယ်သို့ တက်လှမ်းနိုင်သည်နှင့် လော့ချန်သည် သူ၏စွမ်းအားမှာ အရည်အသွေးအရ သိသာစွာ ခုန်တက်သွားလိမ့်မည်ဟု ယုံကြည်ထားသည်။

ထိုအခါ ယန်ချီကို အနိုင်ယူရန်မှာ မခက်ခဲလှပေ။

သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး လော့ချန်သည် ယူယွဲ့အား ကျေးဇူးတင်စကားဆိုသည်။

“ကျွန်တော့ကို ဒုက္ခပြဿနာကနေ ကယ်တင်ပေးလို့ ဆရာကြီးယူကို ကျေးဇူးတင်ပါတယ်…”

သူသည် ယန်ချီကို မကြောက်ရွံ့သော်လည်း ယခုအချိန်တွင် အကယ်၍ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်ခဲ့လျှင် သူသာပို၍နစ်နာပေလိမ့်မည်။

ထို့အပြင် ယူယွဲ့သည် ဆွန်ချွမ်ဝူ၏ ဓားတစ်ချက်ကို သူ့အတွက် ပိတ်ဆို့ပေးခဲ့သည်မှာ အသက်ကယ်တင်ပေးလိုက်သည့်ကျေးဇူးပင် ဖြစ်သည်။

ယူယွဲ့က လက်ပြရင်း ပြုံးလိုက်သည်။

“လက်ကလေး လှုပ်လိုက်ရုံပါ… ငါလည်း အဲ့ဒီကောင်ကို ကြည့်မရဘူး… မင်းက ဆွန်ချွမ်ဝူကို အရှက်ကွဲအောင် လုပ်ပေးလိုက်တာ ငါ့ကိုလည်း တစ်ကြိမ်ကူညီပေးလိုက်သလိုပဲ…”

လူလေးဦးသည် သိုင်းပြိုင်ကွင်းအပြင်ဘက်သို့ လျှောက်သွားကြသည်။

လမ်းတစ်လျှောက်တွင် ယူယွဲ့သည် မထိန်းနိုင်ဘဲ ပြောလိုက်သည်။

“လော့ချန်… မင်းတကယ်ပဲ လဝက်အကြာမှာ ယန်ချီနဲ့ သေရေးရှင်ရေးဆုံးဖြတ်မယ်လို့ ဆုံးဖြတ်ပြီးပြီလား…”

လော့ချန်က ပြန်ဖြေသည်။

“ဒီကိစ္စက သေချာပြီးသားဖြစ်သွားပြီ… အခု ငါ ပြန်ပြင်လို့ရမယ့်ကိစ္စ မဟုတ်တော့ဘူး…”

ယူယွဲ့က သက်ပြင်းချလိုက်သည်။

“ဒါဆိုလည်း မင်းကောင်းကောင်းသတိထားရမယ်… ယန်ချီဆိုတဲ့ကောင်က စိတ်ထားယုတ်ညံ့သလောက် သူ့ရဲ့စွမ်းအားကလည်း မသေးသိမ်ဘူး… သူ့မှာ ထုံရွှမ်နယ်ပယ်အဆင့်တစ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ… တိုက်ခိုက်ရေးစွမ်းရည်ကလည်း ထုံရွှမ်နယ်ပယ်အဆင့်နှစ်နဲ့ သိပ်မကွာခြားဘူး…”

“ထုံရွှမ်နယ်ပယ်အဆင့်နှစ် သိုင်းသမားတစ်ဦးလား…”

ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့သည် အေးစက်သောလေကို ရှူသွင်းလိုက်မိသည်။

ယူယွဲ့က ခေါင်းညိတ်ပြီး လော့ချန်အား ဆက်ပြောသည်။

“မင်းက ရွှေခန္ဓာအဆင့်ကို ရောက်နေပြီဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လူသာမန်ဘဝဖြတ်ကျော်အဆင့်မှာပဲ ရှိသေးတယ်… ထုံရွှမ်နယ်ပယ်ကို မတက်လှမ်းနိုင်သေးခင်မှာ ယန်ချီကို ရင်ဆိုင်ရမယ်ဆိုရင် မင်းအတွက် အတော်လေး ခက်ခဲလွန်းလိမ့်မယ်…”

ယူယွဲ့သည် လော့ချန်အား ခံစားချက်ကောင်းမွန်စွာထားရှိပြီး သူ့အတွက် အသက်ဆုံးရှုံးသွားမည်ကို မလိုလားသဖြင့် အကျိုးအကြောင်းကို သေသေချာချာ ရှင်းပြခဲ့သည်။

လော့ချန်က ဂရုမစိုက်သလို ပြန်ဖြေသည်။

“စိတ်ချပါ… ငါမကြာခင် ထုံရွှမ်နယ်ပယ်ကို တက်လှမ်းနိုင်ပါလိမ့်မယ်… လဝက်အကြာမှာ ဒီကောင်ကို ငါသေချာပေါက် သတ်ပစ်မယ်…”

ဤစကားကိုကြားလိုက်ရသည်နှင့် ယူယွဲ့၏အကြည့်များသည် တစ်ချက်တုန်လှုပ်သွားသည်။

လဝက်အတွင်း ထုံရွှမ်နယ်ပယ်သို့ တက်လှမ်းနိုင်မယ်တဲ့လား။

ယူယွဲ့သည် လော့ချန်၏ ယုံကြည်ချက်မှာ မည်သည့်နေရာမှ လာသည်ကို မသိရှိပေ။

ထုံရွှမ်နယ်ပယ်သို့ တက်လှမ်းရန်မှာ ရိုးရှင်းသည့်ကိစ္စမဟုတ်ကြောင်း သူသိသည်။

လူများစွာသည် နှစ်ပေါင်းသုံးနှစ်ငါးနှစ်ထိ အဆင့်တက်လှမ်းရန် ကြိုးစားအားထုတ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြပေ။

ယူယွဲ့ပင်လျှင် တစ်ခါက ထုံရွှမ်နယ်ပယ်တစ်ဝက်မှ အဆင့်ပိတ်ဆို့မှုကို ဖြတ်ကျော်ရန် နှစ်လနီးပါး အချိန်ယူခဲ့ရသည်။

လော့ချန်က အလေးအနက်ပြောနေသည်ကို မြင်လိုက်ရသည်နှင့် ယူယွဲ့သည် ခါးသီးစွာ ပြုံးလိုက်သည်။

“ဘာလို့များ ငါ့ရဲ့သိုင်းဝိညာဉ်ကသာ အသုံးမကျတဲ့ဝိညာဉ်လို ခံစားရတာပါလိမ့်…”

ဤစကားကိုကြားလိုက်ရသည်နှင့် ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ပြီး မျက်နှာများတွင် ခါးသီးသောအပြုံးများ ထင်ဟပ်လာသည်။

လော့ချန်နှင့် သိကျွမ်းမှုပိုမိုရှည်ကြာလာသည်နှင့်အမျှ ဤအတွေးသည် သူတို့၏စိတ်ထဲတွင် ပို၍ပင် ပြင်းထန်လာသည်။

တစ်ခါတစ်ရံ သူတို့သည် လော့ချန်သည် မျက်ကန်း တစ္ဆေမကြောက် ဖြစ်နေသလား၊ သို့မဟုတ် ယုံကြည်ချက်ရှိလွန်းနေသလားဟု အံ့သြတွေးတောမိကြသည်။

---

ရွှမ်ယွမ်ဂိုဏ်းမှ မိုင်ပေါင်းရာနှင့်ချီဝေးသော နေရာတစ်ခု။

မီးငှက်ကြီးသည် ဆွန်ယင်ယန်တို့လူစုကို တင်ဆောင်လျက် တိမ်လွှာများကြားထဲမှ လျင်မြန်စွာ ပျံသန်းသွားသည်။ အနှီမြင်ကွင်းသည် ကောင်းကင်ယံတွင် မီးရောင်တန်းတစ်ခုကဲ့သို့ အလျင်အမြန် ဆန့်ထွက်နေသည့်ပုံစံပင်။

“တောက်... ထူးဆန်းလိုက်တာ…”

ကျန်ရှင်းလီ၏ အလောင်းနှင့် ဒဏ်ရာပြင်းထန်စွာရထားသော ရှူးလီ အစရှိသူများကို ကြည့်ရင်း ဆွန်ချွမ်ဝူသည် ဒေါသတကြီး ဟစ်အော်လိုက်သည်။ သူ၏မျက်နှာသည် အနည်းငယ်ပင် ပုံပျက်သွားသည်။

“အသုံးမကျတဲ့ကောင်တစ်ကောင်ဖြစ်နေပြီး လပိုင်းအကြာမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက် ထုံရွှမ်နယ်ပယ်အဆင့်နဲ့ ယှဉ်နိုင်တဲ့စွမ်းအားကို ရလာရတာလဲ… ထူးဆန်းလိုက်တာ…”

ယခင်ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောမိတော့ ဆွန်ချွမ်ဝူသည် ဒေါသမထိန်းနိုင်တော့ဘဲ လက်သီးတစ်ချက်ဖြင့် အနီးရှိ တိမ်လွှာတစ်ခုကို ထိုးခွဲလိုက်သည်။ တိမ်လွှာများသည် မီးခိုးမြူမှုန်များအဖြစ် လွင့်စင်ပျောက်ကွယ်သွားသည်။

ဤအကြိမ် ရွှမ်ယွမ်ဂိုဏ်းသို့ လာရောက်ခြင်းသည် နာမည်ကျော်ကြားရန် ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ အရှက်တကွဲဖြစ်ခဲ့ရသည်။

ဒေါသများကို ပြည့်လျှံထွက်ပေါက်ပေးလိုက်ပြီးနောက် ဆွန်ချွမ်ဝူသည် စိတ်ထဲရှိဒေါသကို ဖိနှိပ်လိုက်ပြီး ဘေးရှိ ဆွန်ယင်ယန်အား ပြောလိုက်သည်။

“အဖေ… ဒီကောင်လေးကို လုံးဝလွှတ်မပေးနိုင်ဘူး… သူ့ကို အပိုင်းပိုင်းဖြတ်ပြီး အရိုးမှုန့်ကြိတ်ပစ်ရမယ်…”

ဆွန်ယင်ယန်၏ မျက်နှာသည်လည်း အလွန်မချိမဆန့်ဖြစ်နေသည်။

သူခေါ်ဆောင်လာသော တပည့်အုပ်စုမှာ သေသူသေပြီး ဒဏ်ရာရသူဒဏ်ရာရဖြစ်နေကာ ရွှမ်ယွမ်ဂိုဏ်းမှ အရှက်တကွဲဖြစ်အောင် နှင်ထုတ်ခံလိုက်ရသည်။ သူ၏တစ်သက်တာဂုဏ်သိက္ခာမှာ အဖတ်ဆည်မရနိုင်အောင် ဖြစ်သွားရသည်။ လျှပ်ယွမ်ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ တာဝန်ခံမှုပြဿနာနှင့်ပင် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

သို့သော် ကျန်ရှိနေသော အနည်းငယ်သောဆင်ခြင်တုံတရားက သူ့ကို အေးဆေးတည်ငြိမ်သွားစေသည်။

လေကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး ဆွန်ယင်ယန်က ပြောသည်။

“စိတ်အေးအေးထားပါဦး… အသုံးမကျတဲ့ကောင်တစ်ကောင်ပဲ… ဘာလှိုင်းလုံးကြီးမှ မဖြစ်စေနိုင်ဘူး… သူ့ကို သတ်ဖို့ဆိုတာ လက်ဖဝါးပြန်လှန်လိုက်ရုံပဲ… ဒါပေမယ့် သူ့ကို မသတ်ခင်မှာ သူဘာလို့ ရုတ်တရက် ဒီလောက်စွမ်းအားရှိလာတယ်ဆိုတာကို အရင်စုံစမ်းရမယ်…”

ဆွန်ချွမ်ဝူသည် မျက်ခုံးများကို တွန့်ကွေးလိုက်သည်။

“ဒီကိစ္စက တကယ်ထူးဆန်းတယ်… ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ပြီး အတည်ပြုခဲ့ပြီးပြီ… ဒီကောင်လေးနိုးကြားလာတဲ့ သိုင်းဝိညာဉ်က လူတွေ ပြောကြတဲ့အတိုင်း ကြယ်တစ်ပွင့်မှ မရှိတဲ့ အသုံးမကျတဲ့ဝိညာဉ်ပဲ… ဒီလိုအသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီး ရွှေခန္ဓာအဆင့်ကို ရောက်သွားရတာလဲ… ဒါက တကယ်ကို မယုံနိုင်စရာပဲ…”

အကြည့်တစ်ချက်လှည့်လိုက်ရင်း ဆွန်ချွမ်ဝူက ဆက်ပြောသည်။

“ဒါမှမဟုတ် သူ့ကို ကူညီပြီး ကျင့်ကြံပေးတဲ့ အဆင့်မြင့်သူတစ်ယောက်ယောက် ရှိနေတာလား…”

ဆွန်ယင်ယန်သည် တိမ်ပင်လယ်ကို ငေးကြည့်ရင်း မျက်လွှာဖွင့်ပိတ်လုပ်နေချိန်တွင် စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာသည်။

“အရင်ဆုံး ဂိုဏ်းကို ပြန်မယ်…”

ဆွန်ယင်ယန်၏ အမိန့်ပေးသံထွက်ပေါ်လာသည်နှင့် မီးငှက်ကြီးသည် ချက်ချင်းပင် အရှိန်မြှင့်လိုက်ပြီး ကောင်းကင်ယံတွင် ရှည်လျားသော အက်ကွဲရာတစ်ခုကို ဖြတ်သန်းသွားသည်။

တစ်ရက်မပြည့်ခင်အချိန်အတွင်း မီးငှက်ကြီးသည် လျှပ်ယွမ်ဂိုဏ်း၏ တောင်တံခါးရှိ ကွင်းပြင်ထက်သို့ ရောက်ရှိလာပြီး အောက်သို့ ထိုးဆင်းသွားသည်။

“ဆွန်အကြီးအကဲပဲ… ဆွန်ချွမ်ဝူဆရာကြီးလည်း ပါတယ်…”

မီးငှက်ကြီး၏ လှုပ်ရှားမှုသည် သိပ်ကြီးမားလွန်းသဖြင့် ကွင်းပြင်ထဲရှိ လူအားလုံး၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။

“အို့… အဲ့ဒါ ရှူးလီဆရာမကြီးပဲ… စုလန်ဆရာကြီးလည်း ပါတယ်… ယွဲ့ဆရာကြီးကတော့… သူတို့ဘာဖြစ်သွားကြတာလဲ…”

“အိုး ဘုရားသခင်… ကျန်ရှင်းလီဆရာကြီး သေသွားပြီ…”

“ဘယ်သူလဲ… ဘယ်သူက ကျန်ရှင်းလီဆရာကြီးကို သတ်လိုက်တာလဲ…”

“ဘာဖြစ်သွားတာလဲ… ဆွန်အကြီးအကဲက ကျန်ဆရာကြီးတို့ကို ရွှမ်ယွမ်ဂိုဏ်းကို ခေါ်သွားတာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး သေသူသေပြီး ဒဏ်ရာရသူဒဏ်ရာရဖြစ်နေရတာလဲ… ဘာတွေဖြစ်ခဲ့တာလဲ…”

“ရွှမ်ယွမ်ဂိုဏ်းကလူတွေလုပ်တာလား… ဘယ်လောက်ကြီးမားတဲ့သတ္တိမျိုးလဲ…”

လျှပ်ယွမ်ဂိုဏ်း၏ တပည့်များသည် ကျန်ရှင်းလီ၏ အလောင်းနှင့် ဒဏ်ရာပြင်းထန်စွာရထားသော ရှူးလီ အစရှိသူများကို မြင်လိုက်ရသည်နှင့် အံ့အားသင့်သွားကြသည်။

ကွင်းပြင်တစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားသည်။

“ရှူး…”

ဆွန်ယင်ယန်သည် စကားတစ်ခွန်းမျှမပြောဘဲ မီးငှက်ကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှူးလီတို့ကို ဆွန်ချွမ်ဝူအား စီစဉ်ပေးရန် လွှဲအပ်ကာ နောက်ကိုလှည့်မကြည့်ဘဲ တောင်တံခါးအတွင်းပိုင်းသို့ ဦးတည်သွားသည်။

ယွမ်ချင်ယင်တောင်ထိပ်။

ဤသည်မှာ ဆွန်ယင်ယန်နေထိုင်ရာ တောင်ထိပ်ဖြစ်သည်။

နေအိမ်သို့ ပြန်ရောက်လာသည်နှင့် ဆွန်ယင်ယန်သည် ကျောက်သားတံခါးတစ်ချပ်ကို ဖွင့်လိုက်ပြီး ရှည်လျားသော မြေအောက်ဥမင်လိုဏ်ခေါင်းကို ဖြတ်ကာ ကျောက်သားအခန်းတစ်ခန်းထဲသို့ ရောက်ရှိသွားသည်။

ကျောက်သားအခန်းမှာ သိပ်မကြီးကျယ်ဘဲ အလျားအနံ ပေနှစ်ဆယ်ကျော်သာရှိသည်။ နံရံများတွင် ညအခါတောက်ပသော ကျောက်မျက်များဖြင့် အလှဆင်ထားပြီး အခန်းတစ်ခုလုံးကို လင်းထိန်နေစေသည်။

အခန်း၏အလယ်တွင် စားပွဲတစ်လုံးရှိ၍ ထိုစားပွဲပေါ်တွင် ခရမ်းရောင်ရွှေသားမီးဖိုတစ်ခုကို ထားရှိထားသည်။

ဆွန်ယင်ယန်သည် လေကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး လက်ချောင်းတစ်ချောင်းဖြင့် ပွတ်သပ်လိုက်ရာ သိုလှောင်ဝိညာဉ်လက်စွပ်ထဲမှ လက်တစ်လုံးအရွယ်ရှိ ခရမ်းရောင်အမွှေးတိုင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် မီးဖိုထဲသို့ အလေးအနက်ထည့်သွင်းပြီး မီးညှိလိုက်သည်။

“ဟမ်…”

မီးခိုးမြူများ တက်လာသည်နှင့်အမျှ ကျောက်သားအခန်းထဲတွင် နိမ့်ကျသောအသံတစ်သံ ထွက်ပေါ်လာသည်။

အသံမှာ သိပ်မကျယ်လှသော်လည်း မြေသိမ့်တုန်လှုပ်စေနိုင်သည့် ခမ်းနားကြီးကျယ်သော အရှိန်အဟုန်ကို ဆောင်ကြဉ်းထားပြီး လေထုတစ်ခုလုံးကိုပင် တောင့်တင်းစေသည်။

ဆွန်ယင်ယန်သည် မထိန်းနိုင်ဘဲ ဒူးထောက်လိုက်ပြီး ကိုးကွယ်ရင်း ဦးညွှတ်လိုက်သည်။

“ဆွန်ယင်ယန်က အရှင်သူမြတ်ကို ရှိခိုးပါတယ်…”

ဆွန်ယင်ယန်သည် ခေါင်းကို မြေပြင်ပေါ်သို့ ငုံ့ထားပြီး အလွန်အမင်း ရိုသေလေးစားမှုကို ပြသနေကာ အသက်ရှူသံပင် မထွက်ရဲပေ။

“ဗျစ်…”

မီးခိုးမြူများ လိမ်ယှက်သွားပြီး နတ်ဘုရားတစ်ပါးနှင့်တူသော ပုံရိပ်တစ်ခုသည် ကျောက်သားအခန်းထဲသို့ ဆင်းသက်လာသည်။

All Chapters