အချစ်မှာ မတရားတာ မရှိဘူး
Vol. 81-85 Ch. 1270
“ယဲ့ဖန် ရှင် ဘာလို့ ကျွန်မအစ်မကို အနိုင်ကျင့်တာလဲ၊ သတိထားနော်၊ ကျွန်မ ရှင့်ကို ရိုက်ပစ်မှာ”
လီဝေ့ ငိုနေသည်ကို မြင်ပြီး ပိုင်ရွှယ် ချက်ချင်း ငေါက်လိုက်သည်။ ယဲ့ဖန်က အေးစက်စွာ ခနဲ့သံပေး၍ သူမကို လျစ်လျူရှုကာ ဆက်လက်၍ လူသတ်လေသည်။ သွေးအေး ရက်စက်လွန်းလှသည်။
“ပိုင်ရွှယ် ညီမလေး ကျေးဇူးပြုပြီး သူ့ကို တားပေးပါ နော်”
လီဝေ့က ချက်ချင်း ပိုင်ရွှယ်၏လက်ကိုကိုင်၍ တောင်းပန်လေသည်။ ယခု သူမ ပိုင်ရွှယ်ကိုသာလျင် တောင်းပန်လေသည်။ ပိုင်ရွှယ်ကသာ ယဲ့ဖန်ကို တားဆီးနိုင်၏။
ပိုင်ရွှယ် သက်ပြင်းချလိုက်သည်။
“အစ်မ ညီမ မကူညီချင်လို့ မဟုတ်ဘူး၊ ဒီလူက ဒေါသထွက်ပြီဆိုတာနဲ့ လူသတ်စက်ကို စက်ဖွင့်လိုက်သလိုပဲ၊ လူ မသတ်ရဘဲနဲ့ ရပ်မှာ မဟုတ်ဘူး”
ဤလောက၌ မည်သူမှ သူ့ကို မသတ်နိုင်ပါ။
“ဒါဆို တစ်ယောက်ကိုပဲ ကယ်ပေးပါ၊ လီတုန်ကို ကယ်ပေးပါ နော်”
လီဝေ့ ပို၍ငိုကြွေးလာပြီး ပိုင်ရွှယ်အား ဝပ်တွားဦးညွှတ်လာသည်။
“လူကြီးမင်းယဲ့ ကျုပ်တို့ကို မသတ်ပါနဲ့၊ ကျုပ်တို့ ခဏလောက် အမြင်ကန်းသွားခဲ့တာပါ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို အသက်ချမ်းသာပေးပါ”
“လူကြီးမင်းယဲ့ ကျုပ်တို့အသက်ကို ချမ်းသာပေးတာနဲ့ ကျုပ်တို့ကို ဘာမဆို လုပ်ခိုင်းလို့ရပါတယ်၊ ကျေးဇူးပြုပြီး”
သူတို့ ကြောက်လန့်နေကြသည်။ ဤလူက ဟူညီအစ်ကိုသုံးယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့သာ ကြိုသိခဲ့လျင် ဘယ်လိုလုပ် ရန်စရဲမည်နည်း။
ယဲ့ဖန်က ခေါင်းခါပြလာ၏။
ငါ မင်းတို့ကို အသက်ရှင်ခွင့်ပေးခဲ့တယ်၊ အခု ငါ မင်းတို့အသက်ကို ပြန်ယူမယ်”
*ငါ စိတ်လိုလားခဲ့လို့ မင်းတို့ကို အသက်ရှင်ခွင့်ပေးခဲ့တာ*
*အခု မင်းတို့အသက်ကို ပြန်ယူတာက ငါ လုပ်သင့်တဲ့အလုပ်ပဲ*
ထိုစကားကိုကြားပြီး လူတိုင်း မျက်နှာပြာနှမ်းသွားကာ မျက်ရည်လည်ရွဲ ဖြစ်သွားပြီး စိတ်ဓာတ်ကျသွားကြသည်။ သွေးများ ဆက်လက်၍ စွန်းထင်းလာသည်။
တစ်ယောက်၊ ဆယ်ယောက်။ မကြာခင်မှာပင် ကျေးဇူးမသိတတ်သော လူများအားလုံး ယဲ့ဖန်၏ လက်ထဲ၌ သေဆုံးသွားလေသည်။
ယန်ရန်သည် သွေးလွန်ပြီး သတိလစ်နေသော်လည်း ဤဘေးအန္တရာယ်မှ မလွတ်ကင်းနိုင်ပါ။ ယဲ့ဖန်က ခြေထောက် တစ်ဖက်ဖြင့် သူ့ဦးခေါင်းကို နင်းခြေလိုက်သဖြင့် ဆိုးဆိုးရွားရွား သေဆုံးသွားတော့သည်။
ဘာမှမလုပ်ဘဲ လီဝေ့ဘက်၌ ကျန်နေခဲ့သည့် လူများအားလုံး ခေါင်းမွေးထောင်သွားပြီး ချွေးစေး ပြန်လာသည်။ သူတို့ အလွန်အမင်း ဝမ်းသာနေကြသည်။
သူတို့ နှလုံးသားထဲမှ ယုံကြည်ရာကိုသာ စွဲကိုင်ထားမိ၍ တော်သေးသည်။ သူတို့ နတ်ဆိုးကို ရန်စမိ၍ တော်သေးသည်။ ထို့ကြောင့်သာ သူတို့ အသက်ရှင်ခွင့် ရနေခြင်းပင်။ သို့မဟုတ်ပါက သူတို့၏ ကံတရား သည်လည်း မျက်စိရှေ့မှလူများနည်းတူ ဖြစ်သွားပေမည်။ ယဲ့ဖန်အား လေးစားမှုဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် သူတို့ ကြည့်လိုက်မိသည်။
*လက်လွတ်စပယ် သတ်တာ မဟုတ်ဘူးပဲ*
*သတ်သင့်တဲ့လူကိုပဲ သတ်တာ*
*ဒီလူက ကျိုးကြောင်းမဆင်ခြင်တတ်တဲ့ လူ မဟုတ်ဘူး၊ သူ့နှလုံးသားထဲမှာ ရှိသင့်တဲ့ စံချိန်စံနှုန်းတွေ ရှိတာပဲ၊ ဒါ သူ့စိတ်အမှန်ပဲ*
“လူကြီးမင်းယဲ့ ကျုပ်ကို မသတ်ပါနဲ့၊ ကျုပ် ခင်ဗျားကို လက်ဝှေ့ခန်းမ ပေးပါ့မယ်၊ ကျုပ် နောင်လည်း ခင်ဗျားနဲ့ ရန်သူ မလုပ်ရဲပါဘူး၊ ခွင့်လွှတ်ပေးပါ”
လီတုန် ယဲ့ဖန်ကို ဝပ်တွားဦးချ၍ တောင်းပန်လေသည်။
“အစ်မ ငါ့ကို ကယ်ပါဦး”
“ပိုင်ရွှယ် ငါ့အသက်ကို ချမ်းသာပေးပါ”
သူ့စိတ်ထဲ နာကျင်ကာ ကြံရာမရ ဖြစ်နေ၏။ ပိုင်ရွှယ် လီဝေ့ကို တစ်ချက် ငဲ့ကြည့်လိုက်မိသည်။ သူမ၏ ပြာနှမ်းနေသော မျက်နှာကိုကြည့်ပြီး သူမနှလုံးသား ပျော့ပျောင်းလာသည်။
“ယဲ့ဖန်’
ယဲ့ဖန်က လက်ကာပြပြီး ဆက်မပြောရန် တားမြစ်လေသည်။ ပိုင်ရွှယ် တစ်ခဏမျှ မှင်တက်သွားပြီးမှ မတတ်သာဟန်ဖြင့် သက်ပြင်းချလိုက်သည်။
*ယဲ့ဖန်က လီတုန်ကို သတ်ဖို့ တကယ် ဆုံးဖြတ်ထားတဲ့ပုံပဲ*
လီတုန် လုပ်ခဲ့သော အပြုအမူအရ အခါတစ်ထောင်မက သေသင့်ပေသည်။ သူ့ကို ခွင့်လွှတ်ပေးခြင်းက ယဲ့ဖန်အတွက် မတရားသလိုပင်။ သူမ၌ ဘာအရည်အချင်းရှိ၍ ယဲ့ဖန်ကို ခွင့်လွှတ်ပေးရန် တောင်းဆိုရမည်နည်း။
ထို့နောက် ယဲ့ဖန်က လီတုန်၏ ကျန်နေသောလက်ကို ဖမ်းချုပ်၍ တစ်စစီ ဆွဲဖြုတ်လိုက်လေသည်။
“အား …”
လီတုန် တစ်ကိုယ်လုံးမှ ခွန်အားများ ခမ်းခြောက်သွားသလို ဖြစ်သွားပြီး ထအော်လေသည်။ ထို့နောက် သူ အသက်ပင် မရှူနိုင်ဘဲ သတိလစ်သွားတော့သည်။
ယဲ့ဖန်က လီဝေ့ကို အသာလှမ်းကြည့်လိုက်သည်။
“နောက်တစ်ခါ ရှိမှာ မဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် သူသည် ပြန်လှည့်မကြည့်ဘဲ အပြင်သို့ တန်းထွက်သွားသည်။ ပိုင်ရွှယ် အံ့ဩသွားသည်။ ယဲ့ဖန်က လီတုန်၏ အသက်ကို ချမ်းသာပေးမည်ဟု သူမ ထင်မထားမိပါ။ ထို့အပြင် ယင်းကလည်း သူမကြောင့် ဖြစ်ကြောင်း ရိပ်မိလေသည်။
ထိုသို့တွေးမိပြီးနောက် သူမ သူ့နောက်သို့ ချက်ချင်း ပြေးလိုက်သွားသည်။
“ယဲ့ဖန် ကျွန်မ တောင်းပန်ပါတယ်”
တံခါးအပြင်ဘက်၌ ပိုင်ရွှယ်က ယဲ့ဖန်ကို အပြစ်ရှိ၍ စိုးရိမ်သော မျက်နှာနှင့် လှမ်းတား၍ ပြောလိုက်သည်။
“မင်း ဘာလို့ တောင်းပန်စကား ပြောတာလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်မ လီတုန်ကို မသတ်ပါနဲ့လို့ ရှင့်ကို ပြောလိုက်လို့လေ၊ ဒါ ရှင့်အတွက် မတရားမှန်း ကျွန်မ သိပါတယ်”
ပိုင်ရွှယ် လက်နှစ်ဖက်ဖြင့် သူမအင်္ကျီစကို ကျစ်နေအောင် ဆုပ်ထားမိပြီး ယဲ့ဖန်၏ အမူအရာကို ရင်မဆိုင်ဝံ့သဖြင့် ခေါင်းငုံ့ထားမိသည်။
သို့သော် ထိုအခိုက်တွင် သန်မာသော လက်တစ်စုံက သူမကို ပွေ့ဖက်၍ ရင်ခွင်တွင်းသို့ ထည့်လာသဖြင့် သူ၏ တောင့်တင်းသော ရင်အုပ်နှင့် သူမ ပါးအပ်မိသွားလေသည်။ ပိုင်ရွှယ် ရုတ်တရက် မှင်တက်သွားသည်။
“ငါ့မိန်းကလေး မင်း ငါ့ကို တောင်းပန်စကား ပြောဖို့မလိုဘူး”
ယဲ့ဖန်၏ သံလိုက်သဖွယ် ဆွဲဆောင်မှုရှိသော တီးတိုးလေသံက သူမ၏ နားတွင်းသို့ ညင်သာစွာ ဝင်ရောက်လာ၏။
“ငါ မင်းအတွက် လောကထဲက လူအားလုံးကို သတ်ပေးနိုင်တယ်၊ ဘာမဟုတ်တဲ့လူတစ်ယောက်ကို လွှတ်ပေး ရတာက ဘာမှမဟုတ်ပါဘူး”
ပိုင်ရွှယ် မျက်ရည်လည်လာပြီး ယဲ့ဖန်၏ ရင်ဘတ်ကို တင်းနေအောင် ပွေ့ဖက်၍ ချုံးပွဲချ ငိုကြွေးလေသည်။
“နောက်တစ်ခါ မရှိစေရပါဘူး၊ ကျွန်မ ကတိပေးပါတယ်၊ တကယ်ကို နောက်တစ်ခါ မရှိစေရဘူး”
ယဲ့ဖန် ပြုံးလိုက်သည်။
*မတရားဘူးတဲ့လား*
*အချစ်မှာ ဘယ်လိုလုပ် တရားတယ်၊ မတရားဘူး ရှိမှာလဲ၊ မင်း ပျော်ရင် ငါ ပျော်တယ်၊ မင်း ဝမ်းနည်းရင် ငါ ဝမ်းနည်းတယ်၊ မင်းနဲ့ငါ ကြားမှာ တရားတယ်၊ မတရားဘူး မရှိပါဘူး”
“လူကြီးမင်းယဲ့ ကျေးဇူးပြုပြီး နေပါဦး”
ထိုစဉ် လီဝေ့ အနောက်မှ မီလာသည်။ ပိုင်ရွှယ်နှင့် ယဲ့ဖန်တို့ အချင်းချင်း ဖက်ထားသည်ကို မြင်သောအခါ သူမ ရင်ထဲ နာကျင်မိသွားသည်။
*လူကြီးမင်းယဲ့က အရွယ်ရောက်ပြီး ထက်မြက်တဲ့လူကို မကြိုက်ဘဲ ငယ်ရွယ်ပြီး ဖြူစင်တာကို ကြိုက်တာလား*
“ဘာဖြစ်လို့လဲ”
ယဲ့ဖန်သည် ယခင်အတိုင်း ပြန်လည်၍ အထက်စီးဆန်သော ဟန်ပန် ဖြစ်လာကာ ဓားသဖွယ် စူးရှသော အကြည့်များဖြင့် လီဝေ့ကို စိုက်ကြည့်လေသည်။ လီဝေ့ ရင်ကွဲသလို ခံစားလိုက်ရပြီး အကြည့်ချင်း မဆုံရဲ တော့ချေ။
“ကျွန်မ လက်ဝှေ့ခန်းမက အဖွဲ့ဝင်တွေအားလုံးကိုယ်စား ရှင့်ကို တောင်းပန်ပါတယ်၊ ပြီးတော့ ကျွန်မတို့ တောင်းပန်တဲ့အနေနဲ့ ရှင့်ကို ရက်အနည်းငယ် ပြုစုဖျော်ဖြေတာကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
လီဝေ့သည် ထိုသို့ပြောပြီးသည်နှင့် ဒူးထောက်ကာ အလွန် နှိမ့်ချသော အမူအရာဖြင့် ရှိနေ၏။
“ယဲ့ဖန် ရှင် ဒီမှာ ရက်နည်းနည်းလောက် နေမှာလား”
ပိုင်ရွှယ်က ယဲ့ဖန်ကို မော့ကြည့်လာသည်။ ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန် အခြားသူများကို အေးစက်စက် ဆက်ဆံသည်ကိုမြင်လျင် သူမ ပျော်သလို ခံစားမိသည်။
*မတူဘူး*
*သူ စိတ်ထဲရှိတဲ့လူနဲ့ မရှိတဲ့လူကို ဆက်ဆံပုံခြင်း မတူဘူး*
လီဝေ့၏ အလှအပက သူမနှင့် ယှဉ်နိုင်သော်လည်း ယဲ့ဖန်က လီဝေ့ကို ငဲ့ပင်မကြည့်ချေ။
“မင်းသဘောပဲ”
ယဲ့ဖန်က သူမပါးလေးကို ဖျစ်ညှစ်၍ ပြုံးလိုက်သည်။ သူမ တောင်းဆိုလာလျင် သူ ငြင်းပယ်မည် မဟုတ်ပါ။
…
“မင်း ဘာပြောလိုက်တာလဲ၊ ဟူညီအစ်ကိုသုံးယောက် သေသွားပြီ ဟုတ်လား”
ကျောက်မိသားစုအိမ်တော်အတွင်း၌ ကျောက်ထျန်းရှုံးက မယုံနိုင်သလို အော်ဟစ်လာသည်။
“ဟုတ်ပါတယ်၊ ဟူညီအစ်ကိုသုံးယောက်တင် မကပါဘူး၊ အဲ့ကိုသွားတဲ့ ညီအစ်ကိုအားလုံး သေသွားတာပါ၊ ကျွန်တော်သာ အပြင်ဘက်မှာ ပုန်းမနေခဲ့ရင် ကျွန်တော်လည်း အသက်ရှင်ရက် ပြန်လာပြီး သတင်းပို့နိုင်မှာ မဟုတ်ပါဘူး”
အိမ်တော်တစ်ခုလုံး ထိတ်လန့်သွားကြသည်။ လူမိုက်များအားလုံး တောင့်တင်းနေလေသည်။
*အဲ့ကောင်က ဟူညီအစ်ကိုသုံးယောက်ကို သူ့ဘာသာသူ သတ်လိုက်တာလား*
ကျောက်ထျန်းရှုံးတောင်မှ နောက်သို့ အနည်းငယ် ဆုတ်လိုက်မိပြီး သွေးပျက်သော အမူအရာနှင့် အံ့ဩ တုန်လှုပ်နေ၏။
*ငါ့လက်အောက်က အသန်မာဆုံးလူသုံးယောက်က ယဲ့ဖန် သတ်တာကို ခံလိုက်ရတာလား*
*ပြီးတော့ သုံးယောက်တစ်ယောက်ကိုလေ*
ကြောက်စိတ်က သူ့နှလုံးသားထဲ၌ တောမီးသဖွယ် ပျံ့နှံ့လာ၏။ လက်ရှိတွင် သူသည်လည်း ကြောက်လန့် နေသဖြင့် မျက်နှာ မည်းမှောင်နေလေသည်။
“မိသားစုခေါင်းဆောင် ကျုပ်တို့ ဘာလုပ်ကြမလဲ၊ အဲ့ကောင် လာလက်စားချေမှာပဲ”
လူမိုက်တစ်ချို့ဆိုလျင် တုန်လှုပ်နေသောကြောင့် အသံပင် တုန်နေသည်.
“ဟုတ်တယ်၊ သူက ကျွန်တော်တို့ ခုခံနိုင်တဲ့လူ မဟုတ်ဘူး၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
လူအုပ်ထဲ၌ ဆွေးနွေးသံများ ညံလာသည်။ ထိုလူများအားလုံး စိတ်မသက်မသာ ဖြစ်နေ၏။ သူတို့၌ လူမိုက်များ ရှိသောလည်း ထိုလူမိုက်များကို လက်နက် အပြည့်ဆင်ပေးလျင်တောင်မှ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိကြလေသည်။
“မင်းတို့ ဘာတွေ သွေးပျက်နေတာလဲ”
ကျောက်ထျန်းရှုံးက ဒေါသတကြီး ငေါက်ငမ်းလိုက်ပြီးနောက် သူ့အနားမှ လူယုံတော်ကို ပြောလိုက်သည်။
“သွား … အဲ့တစ်ယောက်ကို ချက်ချင်း ဖိတ်လာခဲ့”
ထိုလူယုံ ပြင်းထန်စွာ ငိုင်ကျသွားပြီးမှ ခပ်သွက်သွက် ထွက်သွားလေသည်။
“အဲ့တစ်ယောက်တဲ့လား၊ မိသားစုခေါင်းဆောင် ခင်ဗျားမှာ အကူအညီပေးမယ့်လူ ရှိသေးတာလား”
လူတိုင်း တအံ့တဩ မေးလိုက်မိပြီး သူတို့၏ မျက်လုံးတွင် မျှော်လင့်ချက် အရိပ်အယောင် ပေါ်လာကြသည်။
“မင်းတို့တွေ စုန့်ယွမ်ပေါင်ကို ကြားဖူးလား”
ကျောက်ထျန်းရှုံး၏ မျက်နှာတွင် ရက်စက် ခက်ထန်မှုများ ပေါ်လာ၏။
“နတ်ဆိုး လူသတ်သမား စုန့်ယွမ်ပေါင်လားဂ
ကျန်လူများအားလုံး ပွက်လောရိုက်သွားပြီး မယုံနိုင်သောကြောင့် မျက်လုံးပြူးသွားကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း မထင်မှတ်ထားသည့် ကြောက်စိတ်ကြောင့် တုန်လှုပ်လာသည်။
နတ်ဆိုး လူသတ်သမား စုန့်ယွမ်ပေါင်သည် ကြောက်စရာကောင်းသော နတ်ဆိုးဘုရင် ဖြစ်ပြီး သူပုန် တစ်သိန်းကို ဦးဆောင်၍ ရှုကျိုးကို သိမ်းပိုက်ခဲ့သည့် တရားခံလည်း ဖြစ်ပေသည်။
သူသည် ဘဝ၌ တစ်ခါမှ မရှုံးသော်လည်း ဝူချီဖုန်းကိုသာ တစ်ကြိမ် ရှုံးနိမ့်ဖူးသည်။ ဝူချီဖုန်း တစ်ယောက်တည်းကြောင့် ရှုံးနိမ့်သွားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုတော် တော်ဝင်စစ်တပ်ပါ မြို့ထဲ ဝင်လာပြီး တိုက်ခိုက်သဖြင့် အခြေအနေ ပြောင်းလဲသွားသောကြောင့် ထွက်ပြေးရခြင်း ဖြစ်လေသည်။
ထိုနေ့တွင် စုန့်ယွမ်ပေါင်သည် တော်ဝင်စစ်တပ်ကြောင့် သူ့လူများ တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးသွားရပြီး ဝူချီဖုန်း၏ တားဆီးခြင်း ခံခဲ့ရသည်။ သူတို့၏ တိုက်ပွဲက အကြိမ်သုံးရာအထိ အဖြေမပေါ်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် တိုက်ကွက်တစ်ကွက်ကြောင့် ရှုံးနိမ့်သွားပြီး ရှုကျိုးမှ ထွက်ပြေးသွားရသည်။
သူတို့အားလုံး စုန့်ယွမ်ပေါင် ရှုကျိုးမှ ထွက်ပြေးသွားပြီဟု ထင်ထားခဲ့သော်လည်း သူက ထွက်မသွားရုံသာမက ကျောက်မိသားစုနှင့်ပါ ပတ်သက်မှု ရှိနေလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
“စီနီယာစုန့်က အဲ့တိုက်ပွဲပြီးတော့ ဒုက္ခရောက်ခဲ့တယ်၊ ငါတို့ ကျောက်မိသားစုက သူ့ကို ကယ်နိုင်သွားပြီးတော့ သူက ငါတို့ စုန့်မိသားစုကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ငါ အဲ့ကောင်ကို အခါတစ်သောင်းမက ခုတ်ပိုင်း ပစ်မယ်”
ကျောက်ထျန်းရှုံးက သရော်ပြုံး ပြုံးလိုက်သည်။
*မင်း သန်မာလဲ ဘာဖြစ်လဲ၊ မင်းဘာသာမင်း ဘုရင်မကလို့ ဘုရင်ထဲက ဘုရင် ဖြစ်နေလည်း သေရမှာပဲ*
“ကောင်းတယ်၊ ဒါဆို ကျုပ်တို့ သခင်ကြီးကျောက်အတွက် လက်စားချေနိုင်ပြီ”
“သူ့နားမှာ ကြည့်ကောင်းတဲ့ ကောင်မလေး ရှိတယ်လို့ ကျုပ် ကြားဖူးတယ်၊ ဒီအတိုင်း ထားလို့မရဘူး”
“ဟားဟားဟား … အဲ့ကောင် အသတ်ခံရပြီးတာကို စောင့်ဦး၊ ပြီးမှ အဲ့ကောင်မလေးကို မင်းတို့ကို ပေးမယ်”
ကျောက်ထျန်းရှုံးက အားပါးတရ ရယ်မောလိုက်ပြီး ယဲ့ဖန်အား ကုန်းပေါ်ရောက်နေသည့်ငါးသဖွယ် သတ်မှတ်ကာ မကြာခင် အသတ်ခံရမည်ဟု ထင်နေ၏။
ထိုည၌ ပိုင်ရွှယ် ထူးဆန်းသော အိပ်မက် မက်လေသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် သူမ စိတ်မကြည်လင်ဘဲ ဆက်တိုက် သမ်းဝေနေမိသည်။ ယဲ့ဖန် စနောက်စကား ပြောလိုက်သည်။
“မင်း ညက ငတက်ပြား လုပ်နေလို့လား”
“မဟုတ်ဘူး ထူးဆန်းတဲ့ အိပ်မက်မက်လို့”
ပိုင်ရွှယ်က ယဲ့ဖန်ကို ထူးဆန်းသလို ကြည့်လာ၏။
“ဟုတ်လား ဘာအိပ်မက်လဲ”
“အိပ်မက်ထဲမှာ ရှင်က ကျွန်မကို ပိုင်ရွှယ်လို့ မခေါ်ဘူး၊ ပိုင်ယီလို့ ခေါ်နေတယ်၊ ပြီးတော့ ကျွန်မက အခုလို ငယ်မနေဘူး၊ အရွယ်ရောက်နေပြီ”
ထိုစကားကိုကြားသော် ယဲ့ဖန် ထိတ်လန့်သွားပြီး သူမကို လှည့်ကြည့်လာသည်။ သူ့လေသံက အနည်းငယ် အလျင်လိုနေသည်။
“ပြီးတော့ရော၊ အဲ့ဒါအပြင် မင်း ဘာမက်သေးလဲ”
“ပြီးတော့ ရှင် ကျွန်မကို ပိုက်ဆံတောင်းနေတာကို မက်သေးတယ်၊ ဘာပါလိမ့်၊ ပုံစံပေါင်း တစ်ရာ့ရှစ်ဆယ်တဲ့၊ ခုနစ်ဆယ့်နှစ်ကြိမ်တဲ့၊ ကြာလို့လည်းရတယ်၊ တိုလို့လည်းရတယ်တဲ့၊ ရှုပ်နေတာပဲ”
ပိုင်ရွှယ်၏ မျက်နှာလေး နီမြန်းနေသည်။ ဤသို့သော အိပ်မက်မက်သဖြင့် ယဲ့ဖန် ခိုး၍ လျှာကိုက်လိုက်မိသည်။ ပိုင်ရွှယ်၏ မှတ်ဉာဏ်က ပြေလျော့စပြုလာပြီး သူမ မှတ်ဉာဏ် ပြန်ရရန် သိပ်မကြာတော့သည့်ပုံပင်။
“မင်း ဘာလို့ ဒီလိုပြောတာလဲ”
ထိုအရာက အိပ်မက်မဟုတ်ဘဲ မှတ်ဉာဏ်တစ်ခု ဖြစ်လိမ့်မည်ဟု ပိုင်ရွှယ် အမြဲထင်နေမိသည်။ အကြောင်းမှာ သူမ အလွန် ရင်းနှီးနေသည်ဟု ခံစားမိနေသောကြောင့်ပင်။
“မကြာခင် ဘာလို့လဲဆိုတာကို မင်း သိလာမှာပါ”
ယဲ့ဖန် ပြုံးလိုက်သည်။ ထိုစဉ် လီဝေ့က အခန်းထဲ ဝင်လာ၏။ ယဲ့ဖန် တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မျက်ခုံးပင့်၍ အော်ငေါက်လိုက်လေသည်။
“မင်းကို ဘယ်သူ ဝင်ခွင့်ပေးလဲ”