← Chapters

ခုတ်ပိုင်းချေမှုန်းခြင်း

Vol. 13 Ch. 189

ခုတ်ပိုင်းချေမှုန်းခြင်း

Vol. 13 Ch. 189

“ဟဲ... ဟဲ... သိပ်လာတဲ့ စကားကြီးပဲ... ဘာလဲ... မင်းဒီနေရာမှာ လက်ခြေလှုပ်ရှားရဲသေးတယ်ပေါ့...”

လော့ချန်၏ အေးစက်စက်စကားသံကို ကြားလိုက်ရသောအခါ ချန်းလင်သည် လုံးဝမတုန်လှုပ်ပေ။ သူ၏ မှိုင်းညှို့ညှို့အကြည့်များထဲတွင် ကဲ့ရဲ့လှောင်ပြောင်သော အပြုံးတစ်ခုက လှစ်ခနဲဖြတ်သန်းသွားသည်။

သူသည် လော့ချန်၏ပြိုင်ဘက်မဟုတ်သော်လည်း အနားတွင်ရှိနေသော ဤလေးဦးမှာ သာမန်သူများမဟုတ်ပေ။

အထဲမှ နှစ်ဦးသည် ချီစွမ်းအင်သန့်စင်မှုအဆင့်သို့ရောက်ရှိထားပြီး ထုံရွှမ်နယ်ပယ်သို့ တစ်ဝက်တစ်ပျက်ရောက်ရှိနေသူများဖြစ်ကာ ၎င်းတို့၏စွမ်းအားမှာ ကျန်ရှင်းလီနှင့် သိပ်မကွာခြားလှပေ။

ရမ်ချင်ကတော့ ထုံရွှမ်နယ်ပယ်တစ်ဆင့်အလယ်အလတ်အဆင့်သို့ရောက်ရှိထားပြီး ကြယ်ခြောက်ပွင့်သိုင်းဝိညာဉ်ကိုနိုးကြားထားသူဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ထူးချွန်လှသည်။

ဤလူများရှိနေသမျှကာလပတ်လုံး လော့ချန်၏ခန္ဓာကိုယ်သန်မာမှုသည် မည်မျှထူးချွန်နေစေကာမူ အသုံးမဝင်ပေ။ အကယ်၍ သူလက်ခြေလှုပ်ရှားရဲလျှင် ပိုင်းဖြတ်ချေမှုန်းခံရမည်မှာ မုချပင်ဖြစ်သည်။

“ချန်းလင်... ဘာကြောင့် သူနဲ့ စကားများနေရတာလဲ... ငါတို့ရှေ့မှာ မာန်တက်ရဲတယ်ဆိုတော့... အရင်ဆုံး သင်ခန်းစာတစ်ခုပေးလိုက်ကြစို့...”

“ဟုတ်တယ်... အနည်းငယ်မျှသာရှိတဲ့ စွမ်းအားနဲ့ ကိုယ့်ကိုယ်ကို ဘယ်လောက်ထင်နေလဲမသိဘူး... ဒီကောင့်ကို ဒေါင်လိုက်ဝင်လာပြီး အလျားလိုက်ထွက်သွားအောင် လုပ်ရမယ်...”

ကျန်ရှိတပည့်များသည် လော့ချန်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြည့်နှက်နေသည်။

မင်းသားတန်းအဖွဲ့ဝင်များအနေနှင့် မည်သူကမျှ ၎င်းတို့အား ဤသို့ပုံစံဖြင့် ရင်ဆိုင်ပြီး ခြိမ်းခြောက်ဖူးသူမရှိခဲ့ပေ။

ရမ်ချင်သည် လက်ဖက်ရည်ခွက်ကို လှည့်ပတ်ကိုင်ထားရင်း သူ၏ခန္ဓာပေါ်တွင် ဖျော့ဖျော့ရွှေရောင်အလင်းတန်းများ စီးဆင်းနေသည်။ လော့ချန်ကို ကစားသလို ကြည့်လျက် ပြောလိုက်သည်။

“ကောင်လေး... မင်းနဲ့ ဆရာကြီးယန်ချီတို့ ကြိုတင်သဘောတူညီမှုရှိထားတယ်မဟုတ်လား... ဒီနေ့ ငါမင်းကို ဒုက္ခမပေးချင်ဘူး... အခု ဒူးထောက်ပြီး အမှားဝန်ခံလိုက်ရင်... ငါမင်းကို တစ်ခါလွှတ်ပေးမယ်...”

ဖြစ်နိုင်ရင် ရမ်ချင်အနေနှင့် လော့ချန်ကို အခုချက်ချင်း သင်ခန်းစာပေးလိုစိတ်ရှိသည်။

သို့သော် အကြိမ်ကြိမ်စဉ်းစားပြီးနောက် အနည်းငယ်မသင့်လျော်ဟု ခံစားမိသည်။

လော့ချန်နှင့် ယန်ချီတို့၏ သေချင်းရှင်ချင်းတိုက်ပွဲသဘောတူညီမှုက ကြိုတင်ရှိထားပြီးဖြစ်သည်။ ယခုသူလက်ခြေလှုပ်ရှားလျှင် လူအများက ပုတ်ခတ်ပြောဆိုကြလိမ့်မည်။

ဘာပဲဖြစ်ဖြစ် လော့ချန်သည် သေမည့်ကံကြမ္မာကို ပြီးပြည့်စုံစွာ သတ်မှတ်ခံထားရပြီးဖြစ်သည်။ ဒါကြောင့် ဒီအချိန်မှာ အလျင်စလိုလုပ်ရန် မလိုအပ်ပေ။

သူ့ကို ကောင်းကောင်းအရှက်ရအောင် လုပ်လိုက်ရုံပဲ လုံလောက်ပြီပြီ။

လော့ချန်သည် ၎င်းတို့၏ အရှိန်အဟုန်ဖိအားကို လုံးဝမခံစားရဘဲ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးလျက် ကျယ်လောင်စွာ အေးဆေးပြောလိုက်သည်။

“ငါလည်း မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်... မင်းတို့က ကူးလင်ဖန်ရဲ့ ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးခဲ့တယ်မဟုတ်လား... အခု မင်းတို့အားလုံး ကိုယ့်ခြေထောက်နှစ်ချောင်းကို ကိုယ့်ဟာကိုယ် ဖြတ်လိုက်ရင်... ငါ မင်းတို့ကို တစ်ခါလွှတ်ပေးမယ်...”

“မာန်တက်လွန်းတယ်...”

“အရမ်းမာန်တက်နေတာပဲ... ဆရာကြီးရမ်... ဒီကောင်လေးကို ဒီနေ့ သေချာပေါက် သင်ခန်းစာပေးရမယ်...”

လော့ချန်၏စကားကို ကြားလိုက်ရသောအခါ ၎င်းတို့အားလုံး၏ ဒေါသများမှာ တဖွားဖွားထွက်ပေါ်လာသည်။

အရည်အချင်းအရ ၎င်းတို့အားလုံးသည် အလယ်အလတ်အဆင့်သိုင်းဝိညာဉ်များကို နိုးကြားထားကြသူများဖြစ်သည်။

အဆင့်အတန်းအရ ၎င်းတို့မှာ မင်းသားတန်းအဖွဲ့ဝင်များဖြစ်သည်။

ဒါကို အသုံးမကျတဲ့ကောင်တစ်ကောင်က မထီမဲ့မြင်ပြီး ရန်စတယ်လို့ပြောရဲတယ်ပေါ့။

“ခွမ်း...”

ရမ်ချင်လက်ထဲမှ လက်ဖက်ရည်ခွက်မှာ ကွဲအက်သွားပြီး သူသည် အေးစက်စွာ ရယ်လိုက်ကာ ထရပ်လျက် လော့ချန်ကို ကြည့်လိုက်သည်။ သူ၏အကြည့်များထဲတွင် အေးစက်မှုမှာ ထင်ရှားလှသည်။

“ငါတို့ကို ကိုယ့်ခြေထောက်နှစ်ချောင်းကို ကိုယ့်ဟာကိုယ် ဖြတ်ခိုင်းတယ်ပေါ့... ကောင်လေး... မင်းက အုတ်ဂူမမြင်မချင်း မျက်ရည်မကျဘူးပေါ့... လဝက်စောင့်စရာမလိုတော့ဘူးထင်တယ်... ဒီနေ့ပဲ မင်းသိအောင် မင်းသားတန်းကို ပြစ်မှားရင်ဘာဖြစ်မလဲဆိုတာ ပြပေးမယ်...”

“ဟုန်း...”

စကားသံပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ရမ်ချင်၏ခန္ဓာတစ်ဝိုက်တွင် ချီစွမ်းအင်များ အဆုံးစွန်ထိလည်ပတ်လာပြီး ထူထဲသောရွှေရောင်ချီစွမ်းအင်များက သူ့တစ်ကိုယ်လုံးကို ရွှေရောင်သံချပ်ကာတစ်ခုဖုံးလွှမ်းထားသလို ဖြစ်စေသည်။ သူ၏အရှိန်အဟုန်မှာ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး ခြံဝင်းအတွင်း မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့မည့်အချိန်၌...

ရှင်းလင်းကြည်လင်သောအသံတစ်သံထွက်ပေါ်လာသည်။

“ရမ်ချင်... မင်းက ထုံရွှမ်နယ်ပယ်သိုင်းသမားတစ်ယောက်ဖြစ်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်က သိုင်းသမားတစ်ယောက်ကို အနိုင်ကျင့်ရဲတယ်ပေါ့... တကယ်ပဲ စွမ်းအားမြင့်မားရင် လိုသလိုလုပ်လို့ရတယ်လို့ ထင်နေတာလား...”

ချန်လင်းယုသည် တည်ငြိမ်အေးဆေးစွာ ဝင်လာပြီး လက်ချောင်းထိပ်တွင် ဆံပင်တစ်မျှင်ကို လှည့်ပတ်ကစားနေရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်ပေါ်နေသည်။

“ချန်လင်းယု...”

ရမ်ချင်၏ အကြည့်များမှာ တစ်ချက်မှိုင်းသွားပြီး ချန်လင်းယုကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ၏အကြည့်များထဲတွင် ကြောက်ရွံ့မှုတစ်ခုထင်ဟပ်နေသည်။ သူသည် အေးစက်စွာပြောလိုက်သည်။

“ဒါက ငါတို့မင်းသားတန်းနဲ့ လော့ချန်ကြားက ကိစ္စပဲ... မင်းနဲ့ ဘာမှမဆိုင်ဘူး... မင်းတိုက်ပွဲဝင်ချင်တယ်ဆိုရင် ငါ့အစ်ကိုကြီးကို သွားပြောလိုက်မယ်...”

ထိုစကားကြားလျှင် ချန်လင်းယု၏ မျက်ခုံးများမှာ တွန့်ကွေးသွားသည်။

လွန်ခဲ့သောလအနည်းငယ်က သူမသည် ရမ်ချင်၏အစ်ကိုကြီး ရမ်ရှောင်ကွမ်နှင့် တိုက်ပွဲတစ်ခုဝင်ခဲ့ဖူးပြီး ရလဒ်မှာ ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် သူမသည် သုံးလတာကျင့်ကြံမှုပိတ်ဆို့ပြုလုပ်ခဲ့ရသည်။

အေးစက်စွာ နှာမှုတ်လိုက်ရင်း ချန်လင်းယုက ပြောလိုက်သည်။

“မင်းအစ်ကိုကြီးကို ထည့်ပြောလို့ ငါ့ကို ဖိနှိပ်နိုင်မယ်လို့ မထင်နဲ့... အပြင်စည်းပြိုင်ပွဲကြီးရောက်တဲ့အခါ ငါသူနဲ့ ထပ်တိုက်မယ်... လော့ချန်က ငါ့မောင်လေး... သူ့ကိစ္စက ငါ့ကိစ္စပဲ...”

ချန်လင်းယု၏သဘောထားမှာ ဤမျှခိုင်မာနေသည်ကို မြင်လိုက်ရသောအခါ ရမ်ချင်၏မျက်ခုံးများမှာ ချက်ချင်းတွန့်ကွေးသွားသည်။

ချန်လင်းယုသည် ထုံရွှမ်နယ်ပယ်သုံးဆင့်မြင့်သိုင်းသမားဖြစ်ပြီး သူသည် သူမ၏ပြိုင်ဘက်မဟုတ်ပေ။

သို့သော်လည်း လော့ချန်ကို ဤမျှလွယ်လွယ်လွှတ်ပေးလိုက်ရန်မှာလည်း သူ၏စိတ်ထဲတွင် မလိုလားအပ်ပေ။

ထိုအချိန်တွင်...

“ဆရာတူအစ်မကြီး... မလိုအပ်ပါဘူး...”

လော့ချန်သည် ရှေ့သို့ထွက်လာသည်။

ချန်လင်းယုသည် အနည်းငယ်စိတ်ဆိုးသွားပြီး ပြောလိုက်သည်။

“မောင်လေး... အခုက စိတ်လှုပ်ရှားပြီး မာန်တက်နေရမယ့်အချိန်မဟုတ်ဘူး...”

“စိတ်ချပါ...”

လော့ချန်သည် ရမ်ချင်တို့အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

“သူတို့လေးယောက်လောက်နဲ့ ငါ့ကို ခြိမ်းခြောက်လို့မရဘူး...”

စကားပြောနေရင်းမှာပင် လော့ချန်သည် ရမ်ချင်တို့ဆီသို့ တိုက်ရိုက်လျှောက်သွားပြီး အေးဆေးစွာ ပြောလိုက်သည်။

“မင်းတို့အုပ်စုက ကိုယ့်ခြေထောက်နှစ်ချောင်းကို ကိုယ့်ဟာကိုယ် မဖြတ်ချင်ကြဘူးဆိုတော့... ငါကိုယ်တိုင်ပဲ လုပ်ရတော့မယ်... ဒါပေမဲ့ ငါကိုယ်တိုင်လုပ်ရရင် အကျိုးဆက်တွေကို ပေးဆပ်ရမယ်နော်... မင်းတို့လက်နဲ့ခြေထောက်တွေကို အကုန်ရိုက်ချိုးပစ်မယ်...”

လော့ချန်၏စိတ်ထဲတွင် ဒေါသမီးတောက်များထိန်းမရအောင် တောက်လောင်နေသော်လည်း သူ၏ဦးနှောက်မှာ အလွန်တည်ငြိမ်နေသည်။ ဂိုဏ်းအတွင်း၌ ဤလူများကို သတ်၍မရမှန်း သူသိထားသည်။ ထို့ကြောင့် ၎င်းတို့အား အကြီးမားဆုံးသော အကျိုးဆက်ကို ပေးဆပ်စေမည်ဖြစ်သည်။

“ဘာရယ်...”

လော့ချန်၏စကားကို ကြားလိုက်ရသောအခါ ရမ်ချင်တို့အုပ်စု၏ မျက်နှာများမှာ ချက်ချင်းပြောင်းလဲသွားသည်။

မာန်တက်နေသူများကို ၎င်းတို့မြင်ဖူးခဲ့ပြီးဖြစ်သော်လည်း လော့ချန်ကဲ့သို့ စွမ်းအားအဆင့်က များစွာနိမ့်ကျနေပြီး ဤမျှမာန်တက်ရဲသူကိုတော့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

“ကြီးကြီးကျယ်ကျယ်ပြောနေတာပဲ... ဒီနေ့ မင်းဘယ်လိုလုပ်ပြီး ငါတို့လက်ခြေတွေကို ရိုက်ချိုးမလဲဆိုတာ ကြည့်ရမယ်...”

“အားလုံးအတူတကွတက်ပြီး ဒီကောင်ကို ဖျက်ဆီးပစ်ကြစို့...”

အပြင်စည်းတပည့်သုံးဦးသည် ၎င်းတို့၏ဒေါသများကို မထိန်းနိုင်တော့ဘဲ လော့ချန်ဆီသို့ တပြိုင်နက်တည်း ခုန်ဝင်တိုက်ခိုက်လာသည်။

ဤသုံးဦးအနက် နှစ်ဦးမှာ ထုံရွှမ်နယ်ပယ်တစ်ဝက်တစ်ပျက်အဆင့်ဖြစ်ပြီး တစ်ဦးမှာ လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ဖြစ်သည်။

“ဟုန်း... ဟုန်း... ဟုန်း...”

ဤသုံးဦးသည် လော့ချန်ကို မထီမဲ့မြင်မပြုရဲဘဲ ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားကို အဆုံးစွန်ထိမြှင့်တင်ထားပြီး လော့ချန်ကို တပြိုင်နက်တည်း တိုက်ခိုက်လာသည်။ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ချန်လင်းယုသည် စိုးရိမ်သောအကြည့်များဖြင့် ကြည့်နေသည်။

ဤသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုတစ်ချက်သည် အလွန်အားကောင်းလှပြီး ထုံရွှမ်နယ်ပယ်တစ်ဝက်တစ်ပျက်သိုင်းသမားတစ်ဦးပင်လျှင် တိုက်ရိုက်ထိမှန်ခံရပါက သေမသွားလျှင်တောင် ဒဏ်ရာပြင်းထန်စွာရရှိမည်ဖြစ်သည်။

ချန်လင်းယုတွန့်ဆုတ်နေစဉ်မှာပင် လော့ချန်သည် လက်ခြေလှုပ်ရှားလိုက်သည်။

“သေရမယ့်နည်းကို မသိဘူးပေါ့...”

လော့ချန်သည် ၎င်းတို့သုံးဦး၏ တိုက်ခိုက်မှုကို လုံးဝဂရုမစိုက်ဘဲ အကြည့်များမှာ ထက်ရှလျက် လက်ဖဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

“ဖန်း... ဖန်း... ဖန်း...”

ချက်ချင်းဆိုသလိုပင် သုံးဦးလုံး၏ တိုက်ခိုက်မှုများမှာ အရိပ်အယောင်မရှိပျောက်ကွယ်သွားပြီး ရှေ့ဆုံးမှ နှစ်ဦးသည် လက်ဖဝါးဖြင့် မျက်နှာပေါ်ရိုက်ချခံလိုက်ရသည်။ ၎င်းတို့မှာ မိုးကြိုးပစ်ခံရသလို ခြေထောက်နှစ်ချောင်းမြေကြီးမှထွက်ခွာသွားပြီး လေထဲတွင် သွေးတစ်ခွက်ကို ဖျန်းထွက်လိုက်သည်။

“ဘာရယ်...”

နောက်ဆုံးမှ မျက်နှာစတုရန်းပုံသဏ္ဌာန်ရှိသော လူငယ်တစ်ဦးသည် ထိတ်လန့်တကြားဖြစ်သွားပြီး အခြေအနေမကောင်းကြောင်း မြင်လိုက်ရသောအခါ လှည့်ပြေးရန် ကြိုးစားလိုက်သည်။

“ထွက်ပြေးချင်သေးတယ်ပေါ့...”

လော့ချန်သည် ပေါ့ပါးစွာ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို ၎င်း၏ရှေ့တွင် ပေါ်လာသည်။

“အရိုင်းအစိုင်းကောင်... ငါမင်းနဲ့ အသေခံပြီးတိုက်မယ်... တိမ်ယံလက်ဖဝါး...”

ထိုသူမှာ ထုံရွှမ်နယ်ပယ်တစ်ဝက်တစ်ပျက်အဆင့်ရှိသူဖြစ်ပြီး ထွက်ပြေး၍မရမှန်း သိလိုက်သောအခါ စိတ်ထဲတွင် ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ကာ သူ၏အကောင်းဆုံးသိုင်းပညာကို အသုံးပြုပြီး လော့ချန်ကို လက်ဖဝါးတစ်ချက်ဖြင့် အားပြင်းပြင်းရိုက်ချလိုက်သည်။

လော့ချန်သည် တစ်ချက်မျှပင် လှမ်းမကြည့်ဘဲ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ၎င်း၏လက်ဖဝါးကို ဖမ်းဆုပ်လိုက်ကာ ပိုးအိတ်ဟောင်းတစ်ခုကို ကိုင်ထားသလို အောက်သို့ လိမ်ချိုးကာ ရိုက်ချလိုက်သည်။

“ဖျောင်း... ဘုန်း...”

မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခုဖြစ်ပေါ်သွားပြီး မျက်နှာစတုရန်းပုံသဏ္ဌာန်ရှိသော လူငယ်မှာ ပါးစပ်နှင့်နှာခေါင်းမှ သွေးများထွက်ကာ အော့အန်ဖွယ်ရာဖြစ်သွားသည်။

သူသည် ပြန်လည်အသိစိတ်မဝင်ခင်မှာပင် ပြင်းထန်သောနာကျင်မှုတစ်ခုက သူ၏ခြေထောက်နှစ်ချောင်းမှ ချက်ချင်းထွက်ပေါ်လာသည်။

“ကျစ်... ကျစ်...”

လော့ချန်သည် ခြေထောက်နှစ်ချောင်းဖြင့် ထိုလူငယ်၏ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးလိုက်သည်။

“အား... အား... အား... မိုက်ရိုင်းတဲ့‌ကောင်... ငါမင်းကို သတ်ပစ်မယ်...”

ပြင်းထန်သောနာကျင်မှုနှင့် ဒေါသမီးတောက်များကြောင့် ထိုလူငယ်၏မျက်နှာမှာ တွန့်လိမ်သွားပြီး လော့ချန်ကို ဒေါသတကြီး အော်ဟစ်မာန်ပြလိုက်သည်။

“ဟုတ်လား...”

လော့ချန်သည် အေးစက်စွာ ရယ်လိုက်ပြီး ခြေထောက်နှစ်ချောင်းဖြင့် ၎င်း၏လက်နှစ်ဖက်ကို နောက်ထပ် ရိုက်ချိုးလိုက်သည်။

“အား...”

ထိုလူငယ်သည် ဒေါသတကြီးဖြင့် မျက်လုံးများပြူးကျယ်သွားပြီး သွေးတစ်လုတ်အန်ထွက်ကာ ချက်ချင်းသတိလစ်သွားသည်။

လော့ချန်သည် ကျန်သူများကို တုံ့ပြန်ခွင့်မပေးဘဲ မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုကာ ချက်ချင်းဆိုသလို နောက်ထပ်လူနှစ်ဦးအနားသို့ ရောက်ရှိသွားပြီး တူညီသောနည်းဖြင့် ၎င်းတို့၏ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းကို အကုန်ရိုက်ချိုးလိုက်သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

“အား... အား... အား...”

ထိပ်လန့်ဖွယ်ရာ အော်ဟစ်သံများသည် ခြံဝင်းတစ်ခုလုံးကို ထွင်းဖောက်လျက် ပဲ့တင်ထပ်သံထွက်ပေါ်လာသည်။

“ရှူး...”

ချန်လင်းယုသည် လေးနက်စွာ အသက်ရှူသွင်းလိုက်ပြီး လော့ချန်ကို အလွန်အံ့အားသင့်စွာ ကြည့်နေသည်။

သူမသည် လော့ချန်၏စွမ်းအားမှာ အလွန်ထူးချွန်မှန်း သိထားသော်လည်း ဤမျှထိအောင် ထူးချွန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထုံရွှမ်နယ်ပယ်တစ်ဝက်တစ်ပျက်သိုင်းသမားနှစ်ဦးနှင့် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ထိပ်တန်းသိုင်းသမားတစ်ဦးတို့ ပူးပေါင်းတိုက်ခိုက်မှုကို ချက်ချင်းဆိုသလို ဖျက်ဆီးပစ်နိုင်ပြီး အလွယ်တကူ အောင်မြင်နိုင်ခဲ့သည်။

ထို့အပြင် ဤသို့ပြတ်သားပြီး ရက်စက်သော လုပ်ရှားပုံမှာ အသက်ဆယ့်လေးနှစ်အရွယ် လူငယ်တစ်ဦးနှင့် မည်သည့်နည်းနှင့်မှ မတူပေ။

အချို့သော အတွေ့အကြုံရင့်ကျက်သူများပင်လျှင် သူ့အားမမီပေ။

“ကောင်လေး... မင်းက အတော်ရဲတယ်နော်... ငါ့ရှေ့မှာ ဒီလိုလူတွေကို ဒီလောက်ထိ ဒဏ်ရာပေးရဲတယ်ပေါ့...”

မိုးကြိုးသံကဲ့သို့ အော်ဟစ်သံတစ်ခုသည် ခြံဝင်းအတွင်း ပေါက်ကွဲထွက်ပေါ်လာသည်။

ရမ်ချင်သည် လော့ချန်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ၏မျက်လုံးများမှာ သွေးနီရဲလျက်ရှိပြီး ခန္ဓာပေါ်ရှိ ရွှေရောင်ချီစွမ်းအင်များမှာ ဆူးပွင့်နေသလို ဖြစ်နေသည်။

All Chapters