← Chapters

ဝါးမျိုခြင်း

Vol. 160 Ch. 2275

ဝါးမျိုခြင်း

Vol. 160 Ch. 2275

ရီဖူရှင်းက ရှေ့ကို ဆက်တိုးသွားသည်။ မုန်တိုင်း၏အပြင်ဘက်တွင် လူအများအပြားမှာ သူ၏ပုံရိပ်ရေးရေးကို မြင်ကြရသည်။ မြင်ကွင်းကို ကြည့်ကာ လူအများအပြားမှာ တုန်လှုပ်ကြ၏။ သည်လူက ရူးနေသည်လား။

ထိုသို့သော အခြေအနေတွင် မည်သူက ရှေ့ဆက်သွားရဲမည်နည်း။

ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ထိုနတ်မီးတောက်အနီးသို့ ကပ်ရဲကြမည် မဟုတ်ပေ။ ရီဖူရှင်းက မုန်တိုင်း၏ဗဟိုချက်မသို့ သွားလိုသည်များလား။

မုန်တိုင်းဗဟိုသို့ နတ်ဘုရားကဒ်ဘေးဖြတ်ကျော်ပြီးသူများသည်ပင် မသွားရဲပေ။ ရီဖူရှင်းက မည်သို့ သွားရဲရသနည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက ထိုမြင်ကွင်းကို စိုးရိမ်စွာ ကြည့်နေကြသည်။ အားလုံး၏အာရုံစိုက်မှုအောက်တွင် ရီဖူရှင်းသည် မုန်တိုင်း၏အလယ်သို့ အမှန်တကယ် ရောက်သွားသည်။ သူက တစ်လှမ်းချင်းသွားနေသည်တွင် သူသည် နတ်မီးတောက်ထံသို့ ရောက်သွားသည့်ဟန်ရှိသည်။

နတ်မီးတောက်များသည် နေမင်းဘုံ၏ဗဟိုချက်မနေရာတွင် အလျှံညီးညီး တောက်လောင်နေသည်။ ၎င်းတွင် တစ်စုံတစ်ယောက် စိတ်ကူးနိုင်သည်ထက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်၏။ သို့သော်လည်း ရီဖူရှင်းက အမှန်တကယ် အောင်မြင်စွာ ချဉ်းကပ်သွားနိုင်သည်။ သူသည် မကြာသေးခင်ကမှ အဆင့်မြင့်ရန်ဟောင်ဖြစ်လာခြင်း ဖြစ်သည်။ သူသည် နတ်မီးတောက်၏လောင်မြိုက်ခြင်းခံရမည်ကို မကြောက်ရွံ့ပေသလော။

ထိုအခိုက်တွင် ပြင်းထန်သော တဝုန်းဝုန်းတောက်လောင်သံများသည် ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းမှ ကြားရ၏။ နတ်အလင်းများသည် ထည်ဝါစွာဖြင့် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လှည့်ပတ်ကြသည်။ ရှေးဟောင်းသစ်ပင်သည် အပြင်ဘက်သို့ အကိုင်းအခက်များဖြင့် ဆန့်ထုတ်ကာ နတ်မီးတောက်များကို အဆက်မပြတ် ဝါးမျိုသည်။ ထိုနတ်မီးတောက်များမှာလည်း ရီဖူရှင်း၏ခန္ဓာကိုယ်မှာ သဘာဝအလျောက် ပေါင်းစပ်နိုင်သောအရာအလား တိုးဝင်ကြ၏။ မကြာခင် ရီဖူရှင်းသည် မုန်တိုင်းဗဟိုချက်မထံသို့ စုတ်ယူခြင်း ခံရသည်။

ဝုန်း…

မီးလျှံလှိုင်းများသည် ရီဖူရှင်းထံသို့ အဆက်မပြတ် ရိုက်ခတ်နေသည်။ သူက အန္တရာယ်၏အငွေ့အသက်များကို ခံစားရ၏။

ရှေးဟောင်းသစ်ပင်နှင့်အတူ နတ်အလင်းများသည် အပြင်သို့ ပျံ့လွင့်သွားကြသည်။ အကိုင်းအခက်များသည် မုန်တိုင်း၏မျက်လုံးထံသို့ ဆန့်ထွက်သွားကြ၏။ သို့သော်လည်း အပူလှိုင်းများနှင့်ဆုံတွေ့သည်တွင် ထိုအကိုင်းအခက်များမှာ လောင်ကျွမ်းခံရသည်။ သစ်ပင်၏ပုံရိပ်ကို တစ်စုံတစ်ယောက်က ရေးရေးမျှမြင်နိုင်သည်။ ကံကောင်းသည်ကား သစ်ပင်သည် မီးလျှံများဖြင့် လောင်ကျွမ်းနေသော်လည်း ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိ‌ချေ။ အကိုင်းအခက်များသည် ရှေ့ကို ဆက်လက်တိုးဝင်နေကြ၏။

ရှေးဟောင်းသစ်ပင်၏အကိုင်းအခက်များသည် နောက်ဆုံးတွင် မုန်တိုင်း၏မျက်လုံးများသို့ ထွင်းဖောက်သွားကြတော့သည်။ အကိုင်းအခက်များသည် ၎င်းအား ရစ်ပတ်ရန် ကြိုးစားကြ၏။ ရှေးဟောင်းသစ်ပင်က နေမင်းအား ဝါးမျိုသည်ကိုမြင်သောအခါ လူတိုင်းက အံ့အားသင့် ထိတ်လန့်ကြသည်။

သို့သော်လည်း ဆက်တိုက်ပင် နတ်မီးတောက်များသည် တန်ပြန်တိုက်ခိုက်ကာ ရီဖူရှင်း၏ခန္ဓာကိုယ်ထဲကို တိုးဝင်လာကြ၏။

ဝုန်း…

ရီဖူရှင်းသည် ချက်ချင်းပင် မီးလျှံများ၏ဖမ်းချုပ်မှုကို ခံလိုက်ရသည်။ သူသည် ဘာမှ မကျန်အောင် လောင်ကျွမ်းခံရတော့မည့်အလား ထင်မှတ်ရသည်။ ရီဖူရှင်း၏လက်ရှိခန္ဓာကိုယ်သည် အလွန်သန်မာ၏။ ၎င်းသည် မဟာအင်ပါယာ၏စိတ်အသိနှင့်သက်စောင့်ဝိညာဉ်တို့၏သန့်စင်ခြင်းကို ခံရကာ မဟာလမ်းစဉ်ခန္ဓာအဖြစ် ပြောင်းလဲခဲ့၏။ ရုပ်ခန္ဓာသန်မာမှု၌ ထိပ်သီးတန်ခိုးရှင်များသည်ပင် ရီဖူရှင်းနှင့် မယှဉ်နိုင်ပေ။

သို့တိုင်အောင် ရီဖူရှင်း၏ခန္ဓာသည်ပင် လက်ရှိတွင် လောင်ကျွမ်းနိုင်၏။ ကြည့်ရသည်မှာ သူသည် နတ်မီးလျှံများအောက်တွင် ပျောက်ကွယ်သွားတော့မည်ကဲ့သို့ပင်။ သူ့ရုပ်ခန္ဓာသာမဟုတ် သူ့စိဝိညာဉ်သည်ပင် လောင်မြိုက်ခံရတော့မည်ဖြစ်သည်။

ဤသို့သော အခြေအနေတွင်ပင် ရီဖူရှင်းသည် လက်လျှော့ခြင်း မရှိချေ။ သူသည် နတ်မီးတောက်၏ဝါးမျိုခြင်းကိုလည်း မခံရသေးပေ။ ရှေးဟောင်းသစ်ပင်သည်ကား မီးလျှံမုန်တိုင်း၏မျက်လုံးကို ရစ်ပတ်ဝါးမျိုထားပြီဖြစ်သည်။ ထို့နောက်တွင် ရှေးဟောင်းသစ်ပင်သည် ၎င်းအား သူ၏သက်စောင့်ဟော်နန်းထဲသို့ ဆွဲခေါ်ကာ လုံးဝ ဝါးမျိုလိုက်တော့သည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ မီးလျှံများအားလုံးမှာ ရုတ်တရက် ငြိမ်းသွားပြီး သူတို့၏ဖျက်ဆီးအားများမှာလည်း ကွယ်ပျောက်သွားတော့သည်။

ပတ်ဝန်းကျင်မှ လမ်းစဉ်မီးတောက်များမှာလည်း အဆက်မပြတ် အားနည်းလာနေသည်။ တဖြေးဖြေးဖြင့် အရာအားလုံးမှာ ငြိမ်သက်သွား၏။ အပြင်ဘက်မှ ထိပ်သီးတန်ခိုးရှင်များအားလုံး ၎င်းကို ခံစားမိကြသည်။ မီးလျှံများ၏စွမ်းအားများမှာ တဖြေးဖြေး အားနည်းလာနေကာ လုံးဝ ကွယ်ပျောက်တော့မည်ကဲ့သို့ ဖြစ်လာသည်။

ဘာဖြစ်နေသနည်း။

သူတို့အားလုံးမှာ အံ့အားသင့်နေကြ၏။ သူတို့က သေချာဆန်းစစ်ကြည့်လျှင် နေမင်းဘုံတစ်ခုလုံးမှ မီးတောက်စွမ်းအားများအားလုံးမှာ အားနည်းလာနေခြင်းဖြစ်သည်။

ဘာဖြစ်နေသနည်း။

သူတို့၏အကြည့်များ ရီဖူရှင်းထံသို့ ရောက်နေကြသည်။ ရီဖူရှင်းကား ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် မီးနှင့်လောင်မြိုက်ခံထားရဟန်ရှိ၏။ သူသည် မီးလျှံများဖြင့် ဝန်းရံခံထားရ၏။

ရီဖူရှင်းကို ကြည့်ကာ တန်ခိုးရှင်အများအပြားက မျက်မှောင်ကြုတ်လိုက်ကြ၏။ ပြိုင်စံရှားပါရမီရှင်တစ်ဦး သည်နေရာတွင် အဆုံးသတ်ပြီလား။

လေဟာနယ်တွင် မမြင်ရသော လေလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ မီးလျှံများကို လမ်းညွန်ပေးနေသည်။ ထိုလေလှိုင်း မည်သည့်နေရာက လာသည်ကို မည်သူမှ မပြောနိုင်။ ရီဖူရှင်း၏ခန္ဓာကိုယ်မှာကား မပျက်မစီး တည်ရှိနေဆဲဖြစ်သည်။ လူအုပ်က ကြည့်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော အလင်းတစ်ခု တောက်ပနေသည်ကို သတိထားမိကြ၏။ တော်ဝင်အလင်းများ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။

သူ မသေသေးပေ။

လူအများက ထိုမြင်ကွင်းကိုကြည့်ကာ စိတ်နှလုံး တုန်ယင်သွားကြသည်။ နေမင်းဘုံ၏ဗဟိုချက်မတွင်ရှိသော မီးလျှံမုန်တိုင်းထဲ၌ပင် ရီဖူရှင်းသည် အသက်ရှင်နိုင်သေးသည်လား။

သို့ဆိုလျှင် နေမင်းဘုံ၏ဗဟိုတွင်ရှိသော နတ်ရတနာကော…။

ရီဖူရှင်း ပိုင်ဆိုင်သွားခဲ့သလော။

ရီဖူရှင်း၏ခန္ဓာကိုယ်သည် တစ်လက်မမျှပင် မရွေ့ချေ။ သူ၏လောင်ကျွမ်းနေသော အသားအရေအား အလွန်အားကောင်းသော အသက်ဓာတ်များက ပြန်လည်ကုစားနေသည်ကို ခံစားမိကြ၏။ သူ၏ပြန်လည်ကုစားနိုင်စွမ်းမှာ ကြောက်မက်ဖွယ် အားကောင်း၏။

သူတို့၏အဆင့်တွင် ဒဏ်ရာတစ်ခုခုရသွားပါက ပြန်လည်ကုစားရန် အလွန်ခက်ခဲပေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်အား ဘာဖြစ်ခဲ့သနည်း။

သူ့ခန္ဓာကိုယ်မှ ပူပြင်းသော လှိုင်းများ ထုတ်လွှတ်နေသည်ကို လူတိုင်းက ခံစားမိကြသည်။ သူ့ခန္ဓာကိုယ်သည် မီးလမ်းစဉ်ခန္ဓာကိုယ်အလား ထင်မှတ်ရ၏။ ကြည့်ရသည်မှာ နေမင်းဘုံမှ ရတနာမှာ အမှန်တကယ် ရီဖူရှင်း ရရှိခဲ့ဟန်ရှိသည်။

သို့သော် သူ၏ကျင့်ကြံဆင့်မျှဖြင့် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။

နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ပြီးသူများသည်ပင် မုန်တိုင်းအလယ်သို့ သွားရောက်နိုင်ခြင်း မရှိချေ။ တစ်ဘက်တွင် ရီဖူရှင်းသည် နတ်ရတနာကိုပင် ရယူခဲ့၏။

အရိပ်ဘုံတွင်တုန်းက ရီဖူရှင်းသည် ထိုနည်းတူ လုပ်ဆောင်နိုင်ခဲ့သည်ကို မူလဘုံမှ လူများက သိကြသည်။

မရေမတွက်နိုင်သော လောဘအကြည့်များက ရီဖူရှင်းထံသို့ ရောက်နေသည်။ သူသည် မဟာအင်ပါယာရှန်ကျား၏ရုပ်ခန္ဓာ၊ စီဝေ့အရှင်၏အမွေအနှစ်နှင့် တခြားလျို့ဝှက်ချက်များစွာကို ပိုင်ဆိုင်သည်။ သူ မလုပ်နိုင်သည့်အရာ လုံးဝ မရှိသည့်အလား…။

ရန်ဟောင်ချန်းနှင့် တခြားသော တန်ခိုးရှင်များ ရီဖူရှင်းနံဘေးသို့ လျှောက်လာကြသည်။ သူတို့က လောဘမျက်လုံးများနှင့် တခြားသော အေးစက်သော အကြည့်များကို ရင်ဆိုင်သည်။

သို့သော်လည်း သူတို့က ကာကွယ်ပေးစရာပင် မလိုပေ။ မည်သူမှ ရီဖူရှင်းအား မထိရဲကြ။ ဆရာသခင်က မဟာအင်ပါယာရှန်ကျား၏ရုပ်ခန္ဓာကိုယ်ကို သုံးကာ မည်သို့ ပေါ်လာသည်ကို သူတို့အားလုံး သိကြသည်။ ထိုသို့သော အကာအကွယ်အောက်တွင် မည်သူက ရီဖူရှင်းအား တိုက်ခိုက်ရဲမည်နည်း။

မီးလျှံလှိုင်းများမှလွဲ၍ ထိုနေရာသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ရီဖူရှင်းသည် လေဟာနယ်ထဲတွင် ရုပ်တုတစ်ခုအလား မြောလွင့်နေ၏။ သူသည် အသက်ကင်းမဲ့နေသည့်အလား လှုပ်ရှားခြင်း မရှိပေ။ သူ့ထံမှ မီးလျှံလှိုင်းများ ထွက်ပေါ်နေသည်မှအပ သူ့အား မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို မည်သူမှ မသိပေ။

လက်ရှိတွင် ရီဖူရှင်း၏သက်စောင့်ဟော်နန်း၌ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။

All Chapters