အခန်း (၆၅၄)
Vol. 43 Ch. 654
အချိန်အနည်းငယ်ကြာပြီးသောအခါ လင်းယွမ်က ပေါ်လာသည်။
" လင်းယွမ် " ကြီးမြတ်သူရှချင်က ပြုံး၍ လင်းယွမ်ကို စကားပြောရန် ပြင်လိုက်သည်။
သို့သော် ထိုခဏတွင် သူ၏ အပြုံးက ရပ်တန့်သွားပြီး လင်းယွမ်ကို အကြိမ်ကြိမ် စစ်ဆေးနေသည်။ သူက သူ၏ ကိုယ်ပိုင် အာရုံခံစားမှုကိုပင် သံသယဝင်သွားသည်။
" ငါ နောက်ထပ် ကြီးမြတ်သူတစ်ယောက်ကို ရင်ဆိုင်နေရတယ်လို့ ဘာလို့ခံစားနေရတာလဲ။ " ကြီးမြတ်သူရှချင်က တုန်လှုပ်သွားသည်။
၎င်းက ကြီးမြတ်သူအချင်းချင်း ရင်ဆိုင်မှသာ ထွက်ပေါ်လာသော အာရုံခံစားမှုဖြစ်သည်။ ကြီးမြတ်သူရှချင်က အခြားကြီးမြတ်သူရှစ်ယောက်နှင့် ရင်ဆိုင်ရာတွင်လည်း ထိုအာရုံခံစားမှု ထွက်ပေါ်ခဲ့သည်။
သို့သော် ယခု သူ၏ ရှေ့တွင် လင်းယွမ် တစ်ယောက်တည်းသာ ရှိနေသည်။ ၎င်းက ကြီးမြတ်သူရှချင်ကို တူညီသော ခံစားချက်တစ်ခု ပေးနေခဲ့သည်။ ကြီးမြတ်သူရှချင်က ကိုယ်တိုင်ကြုံတွေ့ရခြင်းသာမဟုတ်လျှင် လုံးဝ ယုံကြည်မည်မဟုတ်ပေ။
" ဘာလို့လဲ။ စိတ်စွမ်းအားလား။ လင်းယွမ်ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ၁၈သန်း ကျော်သွားပြီပဲ။ မဟုတ်ဘူး အများကြီးကျော်လွန်သွားတာပဲ။ " ကြီးမြတ်သူရှချင်က ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းကို ကောက်ချက်ချလိုက်သည်။
ပထမတစ်ချက်မှာ ၎င်းက VR ကမ္ဘာဖြစ်သောကြောင့် လင်းယွမ်ဖြစ်စေ ကြီးမြတ်သူရှချင်ဖြစ်စေ သူတို့က စိတ်အသိမျှင်တစ်ခုသာ ဖြစ်သည်။
ဒုတိယအချက်မှာ ၎င်းက ကြီးမြတ်သူရှချင်၏ ကိုယ်ပိုင်ကမ္ဘာဖြစ်သည်။ ခွင့်ပြုချက်မရှိပဲ အခြားကြီးမြတ်သူများပင်လျှင် ဤနေရာတွင် မည်သည့်စွမ်းအားကိုမှ အသုံးမပြုနိုင်ပေ။
ထို့ကြောင့် ကြီးမြတ်သူရှချင်ရရှိခဲ့သော ခံစားချက်က စိတ်စွမ်းအား၏ ပြင်းထန်မှုဖြစ်သည်။ စိတ်စွမ်းအားက ကြီးမြတ်သူအဆင့်သို့ ရောက်မှသာ ကြီးမြတ်သူရှချင်ကို ထိုသို့သော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။
ကြီးမြတ်သူရှချင်က ရုတ်တရက် ဘာပြောရမှန်းမသိတော့ပေ။ အလွှာတစ်ဆယ် သက်ရှိတစ်ယောက်က ကြီးမြတ်သူအဆင့် စိတ်စွမ်းအားကို ပိုင်ဆိုင်တာလား။ ၎င်းကို အလွှာတစ်ဆယ်ဟု ခေါ်နိုင်သေးလား။
" ကြီးမြတ်သူ " လင်းယွမ်က ကြီးမြတ်သူရှချင်၏ အကြိမ်ကြိမ် စစ်ဆေးမှုကို သတိပြုမိသည်။
" သူက ငါ့ရဲ့ စိတ်စွမ်းအားကို သတိပြုမိသွားတာထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူ၏ စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ၎င်းက ရှောင်လွှဲမရပေ။ သူက အလွှာတစ်ဆယ်သာ ရှိသောကြောင့် ၎င်းကို ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။
" မင်းရဲ့ စိတ်စွမ်းအားက သန်းနှစ်ဆယ်ကို ကျော်လွန်သွားပြီလား။ " ကြီးမြတ်သူရှချင်က ခဏတိတ်ဆိတ်သွားပြီး တိုက်ရိုက်မေးလိုက်သည်။
စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းကျော်သွားလျှင် အတိအကျတိုင်းတာရန် အလွန်ခက်ခဲလေသည်။ လင်းယွမ်၏ စိတ်စွမ်းအားက အခြေခံအားဖြင့် အလွှာဆယ့်နှစ်သို့ ကျော်လွန်သွားသည်ကိုသာ ကြီးမြတ်သူရှချင်က ခံစားမိခဲ့ခြင်းဖြစ်သည်။
" ခန့်မှန်းခြေပါပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အမှန်တွင် သူ၏ စိတ်စွမ်းအားညွှန်းကိန်းက ၃၃,၃၄၀,၀၀၀ သို့ ရောက်နေသော်လည်း သန်းနှစ်ဆယ်ကျော်သာ ဖြစ်သည်။
" မင်း " ကြီးမြတ်သူရှချင်က ဘာပြောရမှန်းမသိတော့ပေ။
အလွှာတစ်ဆယ်တွင်သာ ရှိသေးသော်လည်း စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ဝင်ရောက်သွားခဲ့သည်။ အခြားနည်းစနစ်များ၊ စွမ်းရည်များနှင့်ယှဉ်လျှင် စိတ်စွမ်းအားက ဖြတ်လမ်းနည်း အလွန်နည်းသည်။ စကြာဝဠာအတွင်းရှိ အထူးသက်ရှိများပင် စိတ်စွမ်းအားညွှန်းကိန်းကို သုညမှစတင်ရန် လိုအပ်သည်။
" အရင် ကျွန်တော် တံခါးပိတ် ကျင့်ကြံနေတုန်း စိတ်စွမ်းအားနဲ့ပက်သက်ပြီး အသိအမြင်အချို့ ရရှိခဲ့တယ်။ " လင်းယွမ်က သူပြင်ဆင်ထားသော အကြောင်းပြချက်ကို ပေးလိုက်သည်။
စိတ်စွမ်းအားကို မြှင့်တင်ခြင်းက အသက်ရှည်နေထိုင်ခြင်းအပြင် ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းမှလည်း တိုးတက်နိုင်သည်။ သို့သော် ထိုသို့သော ဖြစ်ရပ်များက အလွန်ရှား၏။
သို့သော် ၎င်းက အဆင့်နိမ့်သက်ရှိများတွင်သာ ဖြစ်ပြီး စိတ်စွမ်းအားညွှန်းကိန်း ရာဂဏန်းမှ ထောင်ဂဏန်းသို့ ခုန်တက်သွားခြင်းဖြစ်သည်။ လင်းယွမ်ကဲ့သို့ ဉာဏ်အလင်းပွင့်ပြီး စိတ်စွမ်းအားညွှန်းကိန်း သန်းနှစ်ဆယ် ကျော်လွန်သွားခြင်းက တစ်ခါမှမဖြစ်ဖူးခဲ့ပေ။
" ဉာဏ်အလင်းပွင့်တယ်။ " ကြီးမြတ်သူရှချင်က တိတ်ဆိတ်သွား၏။
လင်းယွမ်၏ စိတ်စွမ်းအား သိသိသာသာ မြင့်တက်သွားခြင်းက ဉာဏ်အလင်းပွင့်ခြင်းကဲ့သို့ ရိုးရှင်းလိမ့်မည်မဟုတ်သည်ကို သူက ခံစားမိသည်။ အကြောင်းမှာ တိုးတက်မှုက အလွန်ထင်ရှားနေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းက လင်းယွမ်၏ ကိုယ်ပိုင်လျို့ဝှက်ချက်ဖြစ်သောကြောင့် ကြီးမြတ်သူရှချင်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ လင်းယွမ်က အလွှာတစ်ဆယ်သို့ ဝင်ရောက်ပြီး ဖရိုဖရဲဟင်းလင်းပြင်၏ မူလစွမ်းအားကို လက်ခံချိန်တွင် အလင်းနှစ်ဖြင့်တိုင်းတာနိုင်သော စကြာဝဠာအက်ကြောင်းကို ဆုတ်ဖြဲခဲ့သည်။
ကြီးမြတ်သူရှချင်က လင်းယွမ်တွင် ထူးခြားမှုများစွာ ရှိသည်ကို သိရှိခဲ့သည်။ ထိုအရာများနှင့်ပက်သက်၍ ကြီးမြတ်သူရှချင်က မေးမြန်းမည်မဟုတ်ပေ။
" စိတ်စွမ်းအား သန်မာလေ ပိုကောင်းလေပဲ။ " ကြီးမြတ်သူရှချင်က ခဏစဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဆင့်မြင့်လာသည်နှင့်အမျှ စိတ်စွမ်းအား၏ အရေးပါပုံကို ပိုမိုခံစားလာရပေလိမ့်မည်။ ပထမအလွှာမှ ဆဋ္ဌမအလွှာအတွင်း ဆင့်ကဲပြောင်းလဲသူများက စိတ်စွမ်းအားအကြောင်း မသိလောက်ပေ။
သို့သော် သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းချိန်တွင် စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းကို လိုအပ်လာပြီဖြစ်သည်။ သို့မှသာ စိတ်နှလုံးနတ်ဆိုး ကပ်ဘေးကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
ထိုမှစ၍ စိတ်စွမ်းအား၏ လွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးထွားလာပြီး အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်သို့ ကြိုးစားချိန်တွင် စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းကို လိုအပ်သည်။ အမှန်တွင် စိတ်စွမ်းအားညွှန်းကိန်း၏ အရေးပါပုံက ထိုထက် ကျော်လွန်လေသည်။
လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများဖြစ်စေ အခြားမျိုးနွယ်မှ အလွှာဆယ့်တစ် သက်ရှိများဖြစ်စေ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ပျက်စီးတော့မည်မဟုတ်ပေ။
သီအိုရီအရ အလွှာဆယ့်တစ် သက်ရှိများ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က သက်တမ်းကန့်သတ်ချက်များမရှိသင့်ပေ။ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က ပြဿနာမရှိလျှင်တောင် သူတို့၏ စိတ်စွမ်းအားက ယုတ်လျော့လာဆဲဖြစ်သည်။ စိတ်စွမ်းအားယုတ်လျော့သွားသည်နှင့် သေခြင်းက ဝေးကွာတော့မည်မဟုတ်ပေ။
လက်ရှိတွင် လင်းယွမ်၏ စိတ်စွမ်းအားက စကြာဝဠာခေတ်တစ်ခုကို ဖြတ်သန်းနိုင်သည်။ စကြာဝဠာပျက်စီးခြင်းနှင့် အချိန်မြစ်ပြိုလဲခြင်းတို့က မြစ့အတွင်းရှိ သက်ရှိအားလုံး၏ သေခြင်းဖြစ်လျှင်တောင် လင်းယွမ်က ဖြတ်သန်း ရှင်းသန်နိုင်လေသည်။
ထို့အပြင် သန်မာသော စိတ်စွမ်းအားက ကဏ္ဍများစွာတွင် နက်ရှိုင်းသော သက်ရောက်မှုများရှိသည်။
" ကြီးမြတ်သူ ကျွန်တော် ဒီတစ်ခေါက်လာတာ အလွှာဆယ့်တစ်ကို တက်လှမ်းဖို့ပဲ။ " လင်းယွမ်က အဓိကကိစ္စကို ပြောလိုက်သည်။
" အလွှာဆယ့်တစ်ကို တက်လှမ်းဖို့။ " ကြီးမြတ်သူရှချင်ကလည်း လင်းယွမ်၏ ရည်ရွယ်ချက်ကို နားလည်လေသည်။ " မင်း ဘယ်အချိန်မှာ အဆင့်တက်ဖို့ စီစဉ်ထားလဲ။ "
" လအနည်းငယ်အတွင်းပဲ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
သူက အောင်မြင်စွာအဆင့်တက်နိုင်ရန် အကောင်းဆုံးအခြေအနေကို ရွေးချယ်ရမည်ဖြစ်သည်။ လက်ရှိအခြေအနေအရ လအနည်းငယ် လုံလောက်ပေလိမ့်မည်။
" ပြဿနာမရှိဘူး။ " ကြီးမြတ်သူ ရှချင်က ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒီအချိန် မင်းကို ကာကွယ်ပေးဖို့ သူတို့ကို ခေါ်လိုက်မယ်။ " ကြီးမြတ်သူရှချင်၏ အမူအရာက အနည်းငယ် လေးနက်လာသည်။
သူတို့ဆိုသည်မှာ သဘာဝအတိုင်း လူသားမျိုးနွယ်၏ ကြီးမြတ်သူများဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာသုံးရာလောက်က လင်းယွမ် အလွှာတစ်ဆယ်သို့ တက်လှမ်းချိန်တွင် သက်ရောက်မှုက ကြီးမြတ်သူရှချင် မျှော်လင့်ထားသည်ထက် အများကြီးကျော်လွန်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် ကြီးမြတ်သူရှချင်က လူသားမျိုးနွယ်၏ ကြီးမြတ်သူအားလုံးကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။
ကြီးမြတ်သူကိုးယောက်နှင့် အလွှာဆယ့်နှစ်သို့ တက်လှမ်းလျှင်တောင် ကာကွယ်ပေးနိုင်လေသည်။ ထို့ကြောင့် ကြီးမြတ်သူရှချင်က ဤတစ်ကြိမ်တွင် ကောင်းကောင်းပြင်ဆင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
" စိတ်ချပါ။ ငါ့ရဲ့ မူလခန္ဓာကိုယ်ကလည်း နဂါးငွေ့တန်းပင်မကြယ်ကို အမြဲတမ်း စောင့်ကြည့်နေမယ်။ မင်းစိုးရိမ်စရာမလိုဘဲ အဆင့်တက်နိုင်တယ်။ " ကြီးမြတ်သူရှချင်က ထပ်ပြောလိုက်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်၏ မူလခန္ဓာကိုယ်များက နယ်မြေ၏ အရေးကြီးသော နေရာများကို စောင့်ကြပ်နေကြပြီး မျိုးနွယ်ခြားကြီးမြတ်သူများကို ဟန့်တားထားသည်။
မည်သို့ပင်ဆိုစေ ကြီးမြတ်သူ၏ မူလခန္ဓာကိုယ်က စကြာဝဠာရှိ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုလေသည်။ သို့သော် ဤတစ်ကြိမ်တွင် လင်းယွမ် အဆင့်တက်နိုင်ရန်အတွက် ကြီးမြတ်သူရှချင်ကလည်း သူ၏ မူလခန္ဓာကိုယ်ကို အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်သွားသည်။