အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း ၃၇၆ - လဲ့ဂေါင်-လဲ့မူ
ရှောင်ယုနှင့်လီယိုနာဒိုတို့သည် သူတို့၏အဖွဲ့များတာဝန်ပေးထားသည့် ဧရာမဂေါ်လောခ့်များကို အောင်မြင်စွာသတ်ဖြတ်နိုင်ခဲ့သည်။
ထို့နောက်သူတို့နှစ်ယောက်လုံးသည် နီကိုးလပ်စ်၏စွမ်းဆောင်ရည်ကို လှည့်ကြည့်လိုက်ကြသည်။ နီကိုးလပ်စ်သည် သူတို့၏အပြုအမူကို ဂရုမစိုက်ဘဲ ပြုံးပြလိုက်ကာ တည်ငြိမ်စွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
ထိုအချိန်တွင် တိုက်ပွဲစတင်ကတည်းက သူ့နောက်တွင်ရပ်နေပြီး လှုပ်ရှားမှုမပြုလုပ်ထားသော လူနှစ်ယောက်ကဖြေးသည်းစွာရှေ့ထွက်လာခဲ့သည်။ သူတို့နှစ်ဦးလုံးသည် တူညီသောအပြာနုရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပေသည်။ သူတို့ထဲမှတစ်ယောက်သည် သံတူကြီးအားကိုင်ဆောင်ထားပြီး ကျန်တစ်ယောက်ကမူ တစ်မီတာအရှည်ရှိသော သံဆူးချွန်အားကိုင်ဆောင်ထားပေသည်။
လဲ့ဂေါင်နဲ့ လဲ့မူလား....
ရှောင်ယုကအေးစက်သောလေသံဖြင့် ရေရွတ်လိုက်သည်။
ထိုလူနှစ်ယောက်သည် သွေးနတ်သူငယ်ဘိုးဘေးဖြစ်သူ ရီလာ၏အနားမှဖြတ်ကျော်လာခဲ့သည်။ သူတို့အနက်မှတစ်ဦးသည် ရီလာကိုအနားယူစေရန်ပင် ပြောဆိုခဲ့သည်။
ရီလာသည် အားနည်းသောလူသားများကို အထင်အမြင်သေးသည့်အတွက်ကြောင့် သာမန်လူများသည် ရီလာအား မော်ရဲပင်မကြည့်ရဲကြပေ။ သို့သော်လည်း အခြားသူတစ်ယောက်က သူ့အစားစေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးလာချိန်တွင် ဧရာမဂေါ်လောခ့်အားတိုက်ခိုက်နေမှုကို ရပ်တန့်ခဲ့သည်။ ထို့ပြင် နေရောင်ရေတွင်းမှရေအား အချိန်အတော်ကြာအသုံးပြုပြီးနောက်တွင် ဘေးထွက်ဆိုးကျိုးများလည်း ရှိနေခဲ့သည်။ ယခုအခါသူသည် အနားယူရန်အခွင့်အရေးရလာပြီဖြစ်သည်၊ ထို့ပြင် သူသည်အစောပိုင်း၌ အကောင်းဆုံးကြိုးစားခဲ့၍မဟုတ်ပါက ဧရာမဂေါ်လောခ့်သည်သူ့အား သတ်ဖြတ်ခဲ့ပြီးဖြစ်ပေလိမ့်မယ်။
ဤတိုက်ပွဲတွင် သူ၏အဓိကရည်ရွယ်ချက်မှာ ဂေါ်လောခ့်ခေါင်းဆောင်ကို တိုက်ခိုက်ရမည်ဖြစ်၍ သူသည်ဧရာမဂေါ်လောခ့်ကို ဖိနှိပ်ရန်သာအကောင်းဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
"သွားကြရအောင် ..."
သူတို့နှစ်ယောက်သည် ကျယ်လောင်စွာအော်ဟစ်ကာ ပြေးထွက်လာကြသည်။ သူတို့နှစ်ယောက်ရွေ့လျားချိန်တွင် မယုံကြည်နိုင်ဖွယ်အရှိန်နှုန်းကြောင့် အပြာရောင်ဖျော့ဖျော့အရိပ်နှစ်ခုကိုသာတွေ့မြင်လိုက်ရသည်။ တစ်ယောက်သည် ဧရာမဂေါ်လောခ့်၏ညာဘက်သို့ပြေးဝင်သွားပြီး ကျန်တစ်ယောက်ကမူ ဘယ်ဘက်သို့ပြေးဝင်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် ထောင့်ဖြတ်ပုံစံဖြင့် ဂေါ်လောခ့်ကိုစတင်တိုက်ခိုက်လိုက်ကြသည်။
ဧရာမဂေါ်လောခ့်သည် ကြီးမားသောသွားများကို ပြသနိုင်သည်အထိ သူ၏ပါးစပ်ကိုဟထားလိုက်သည်။ ထို့နောက် ဧရာမဂေါ်လောခ့်၏ လက်သည်းနှစ်ဖက်သည် သူ့ထံထောင့်ဖြတ်ပြေးဝင်လာသည့် လူနှစ်ယောက်ထံသို့ ရွေ့လာခဲ့သည်။
ထိုလူနှစ်ယောက်သည် သားရဲများနှင့်ဆင်တူပြီး သူတို့၏အရှိန်နှုန်းသည် တစ်ခဏအတွင်း သုံးဆတိုးလာခဲ့သည်။ ထို့နောက်သူတို့နှစ်ယောက်သည် ဂေါ်လောခ့်၏မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ဧရာမဂေါ်လောခ့်က ၎င်းသည်စစ်မှန်သောပြိုင်ဘက်များနှင့်ရင်ဆိုင်လာရပြီဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့်သူသည် သူ၏ဧရာမအမြီးကိုလှုပ်ယမ်းလိုက်ကာ အနီးကပ်တိုက်ပွဲအတွက်အဆင်သင့်ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဧရာမဂေါ်လောခ့်၏လည်ပင်းပေါ်၌ ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။ သံစူးချွန်ကို ကိုင်ဆောင်ထားသူသည် ဧရာမဂေါ်လောခ့်၏ကျောရိုးထဲသို့ ဆူးချွန်ကိုထိုးချလိုက်သည်။ ဧရာမဂေါ်လောခ့်သည် သူ၏နောက်ကျောဘက်မှ အေးစက်မှုအရိပ်အယောင်ကို အနည်းငယ်မျှသာခံစားလိုက်ရသည်။ ဧရာမဂေါ်လောခ့်သည် နာကျင်မှုအနည်းငယ်ကိုသာခံစားလိုက်ရသော်လည်း ပြင်းထန်သောအကျပ်အတည်းကို ချက်ချင်းခံစားလိုက်ရသည်။
ဧရာမဂေါ်လောခ့်သည် စိတ်ပျက်အားငယ်စွာဖြင့် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ သံတူကြီးကိုကိုင်ထားသူသည် အမြင့်မှနေ၍ တဟုန်ထိုး ထိုးဆင်းလာသည်ကိုတွေ့လိုက်ရသည်။ ဧရာမသံတူကိုင်ထားသူ၏ အဓိကရည်ရွယ်ချက်မှာ ဧရာမဂေါ်လောခ့်၏လည်ပင်း၌ထိုးစိုက်ထားသော သံဆူးချွန်ကိုအတွင်းသို့ရိုက်ချရန်ဖြစ်သည်။
အားဂီး...
ဧရာမဂေါ်လောခ့်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လေပေါ်ဝဲနေသော သံတူကိုကိုင်ထားသူအား သူ၏အမြီးဖြင့်ရိုက်ချလိုက်သည်။
ယခုတစ်ကြိမ်တွင် ဧရာမဂေါ်လောခ့်ကိုသတ်ဖြတ်ရန်အတွက် အခွင့်အရေးဆုံးရှံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက်ကြောင့် ထိုလူ၏မျက်လုံးများ၌နောင်တရနေသော အရိပ်အယောင်အချို့ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း အခွင့်အရေးကဆုံးရှုံးသွားပြီဖြစ်ရာ စိတ်ပျက်အားငယ်နေစရာမလိုတော့ပေ။ ထိုလူသည် ဧရာမဂေါ်လောခ့်၏အမြီးရိုက်ချက်ကို ခုခံရန်အတွက် ဧရာမတူကြီးကိုဝှေ့ယမ်းလိုက်သည်။ ဧရာမဂေါ်လောခ့်၏အမြီးသည် တူရိုက်ချက်ကြောင့်နောက်သို့ပြန်၍လွှင့်ထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်၌ သံစူးချွန်ကိုင်ထားသူသည် သူ၏လက်နက်ကိုပြန်ဆွဲယူ၍ နောက်သို့ပြန်၍ဆုတ်ခွာလာခဲ့သည်။
သို့သော်လည်း ယခုအချိန်၌ သူတို့နှစ်ယောက်လုံးသည် အလွန်တည်ငြိမ်နေကြသည်။ သူတို့သည် အန္တာရယ်နှင့်ကြုံတွေ့လာရချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အခြားသူများကဲ့သို့မဟုတ်ပေ။
သူတို့နှစ်ယောက်လုံးသည် နောက်ထပ်တစ်ကြိမ် မတူညီသောလမ်းကြောင်းနှစ်ခုမှနေ၍ ဧရာမဂေါ်လောခ့်ထံသို့ ပြေးဝင်သွားခဲ့သည်။
ထို့ပြင် သံတူကိုင်ဆောင်သူကသာ ဧရာမဂေါ်လောခ့်၏လည်ပင်းပေါ်စိုက်ဝင်နေသော သံဆူးချွန်ကိုပြင်းစွာရိုက်ခတ်နိုင်ခဲ့ပါကဧရာမဂေါ်လောခ့်သည် အလွန်နာကျင်ခံစားသွားရမည်ဖြစ်သည်။
ရန်သူများသည် လမ်းကြောင်းနှစ်ခုမှနေ၍ အပြေးအလွှားဝင်ရောက်လာသည်ကိုမြင်သောအခါ ဧရာမဂေါ်လောခ့်ကလည်း လျင်မြန်စွာရွေ့လျားလာခဲ့သည်။ ထိုအခိုက်အတန့်၌ မြေပြင်တစ်ခုလုံးသည်တုန်ခါသွားခဲ့ရသည်။သို့သော်လည်း ဧရာမဂေါ်လောခ့်၏အရှိန်အဟုန်သည် သူတို့နှစ်ယောက်အားမထိခိုက်စေပေ။ သူတို့သည် လေပေါ်လွှင့်မျောနေသောသစ်ရွက်လေးများနှင့်ဆင်တူနေသော်လည်း သူတို့၏အရှိန်အဟုန်က တမျိုးတဖုံထူးခြားနေခဲ့သည်။ သူတို့ထဲမှတစ်ယောက်သည် ရန်သူကိုဆွဲဆောင်နေပြီး အခြားတစ်ယောက်သည် ဧရာမဂေါ်လောခ့်၏အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် ဧရာမသံတူကိုင်စစ်သည်သည် ဧရာမဂေါ်လောခ့်၏ဦးခေါင်းပေါ်၌ တဖန်ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ထိုလူသည် ဧရာမဂေါ်လောခ့်၏ဦးခေါင်းကိုချိန်ရွယ်၍ သံတူဖြင့်အားကုန်ဆောင့်ရိုက်လိုက်တော့သည်။
ထိုမြင်ကွင်းကိုကြည့်၍ ဧရာမဂေါ်လောခ့်၏မျက်လုံးများ၌ အထင်အမြင်သေးသည့် အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။ ဤလူသည် ဤသို့တိုက်ရိုက်တိုက်ခိုက်မှုဖြင့် သူ့အားသတ်ဖြတ်လိုသည်လား...
သို့သော် ဧရာမဂေါ်လောခ့်သည် သံစူးချွန်ကိုင်စစ်သည်က သူ၏မြင်ကွင်းမှပျောက်ဆုံးသွားကြောင်း သတိထားမိလိုက်သည်။
မကောင်းတော့ဘူး....
ဧရာမဂေါ်လောခ့်၏ အသိအာရုံသည်ချက်ချင်းနိုးကြားလာသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
သံစူးချွန်သည် ဧရာမဂေါ်လောခ့်၏ဦးခေါင်းပေါ်သို့ တဖန်ထိုးစိုက်ချလာခဲ့ပြီး ဧရာမဂေါ်လောခ့်သည် သူ၏အမြီးကိုပင်အသုံးပြုခွင့်မရလိုက်ပေ။ တစ်ချိန်တည်းမှာပင် ဧရာမဂေါ်လောခ့်၏ဦးခေါင်းတစ်ခုလုံး နာကျင်ခံစားလာခဲ့ရသည်။
ဘန်း...
သံတူကြီးနှင့်တိုက်မိသောအသံက ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက်တွင် ဒဏ်ရာရသွားသည့်ဧရာမဂေါ်လောခ့်၏ဟိန်းဟောက်သံက စစ်မြေပြင်၌ပဲ့တင်ထပ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လူနှစ်ယောက်လုံးသည် သူတို့၏ကိုယ်ပိုင်လက်နက်များကို ပြန်လည်ဆွဲယူလိုက်ကြပြီး ဧရာမဂေါ်လောခ့်၏ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်သွားကြသည်။ သူတို့သည် ဧရာမဂေါ်လောခ့်ကိုစိုက်ကြည့်ရင်း ရယ်မောလိုက်ကြသည်။
"တူညီတဲ့လှည့်ကွက်ကို နှစ်ခါအသုံးပြုလို့မရနိုင်ဘူးလို့ မင်းထင်နေတာလား...မှားတယ်...ငါတို့ကမင်းကိုဒီတိုင်းပဲ သတ်ဖြတ်လိုက်မယ်"
နှစ်ယောက်လုံး၏အသံက ပြိုင်တူထွက်ပေါ်လာခဲ့သည်။
ဧရာမဂေါ်လောခ့်သည် အသက်ကိုပြင်းပြင်းရှုရှိက်လိုက်ပြီး သူ၏ဒဏ်ရာများကိုပြန်လည်ကုသရန်နှင့် သွေးထွက်သံယိုဖြစ်မှုကိုတားဆီးရန် သူ၏ပါးစပ်မှနေ၍အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ဦးခေါင်းသည် ဧရာမဂေါ်လောခ့်၏အရေးအကြီးဆုံးသောနေရာဖြစ်သည်။ ဦးခေါင်းသည် ယခုလိုဒဏ်ရာဆက်တိုက်ရနေပါက သူမကြာမှီသေဆုံးရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်လုံးသည် ဧရာမဂေါ်လောခ့်ကို တစ်ကြိမ်တည်းဖြင့်မသတ်ဖြတ်နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လှုပ်ရှားလိုက်ကြသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့၏အရှိန်နှုန်းသည် ယခင်အကြိမ်ထက် အနည်းငယ်ပိုမိုမြန်ဆန်လာခဲ့သည်။
ထိုညီအစ်ကိုနှစ်ယောက်၏ ဇာတ်မြစ်အားမသိရှိသူများက အံ့သြသွားခဲ့ကြသည်။ ယခင်အကြိမ်က သူတို့နှစ်ယောက်ပြသထားသည့်အမြန်နှုန်းသည် လူသားခန္ဓာကိုယ်၏အမြင့်ဆုံး ကန့်သတ်ချက်ကိုရောက်ရှိနေပြီဖြစ်သည်။ သို့သော် ယခုအခါသူတို့၏အမြန်နှုန်းသည် နောက်တစ်ကြိမ်တိုးမြင့်လာခဲ့သည်။
ထိုအတွက်အဖြေသည် သူတို့ညီအစ်ကိုနှစ်ယောက်ပေါ်မရှိဘဲ သူတို့၏လက်နက်များအပေါ် မူတည်နေခဲ့သည်။
ထိုလက်နက်နှစ်ခုသည် သာမန်ပုံပေါက်နေသော်လည်း ထိုလက်နက်များသည် ရန်သူ၏သွေးကိုစုပ်ယူနိုင်ကာ စွမ်းအားအဖြစ်ပြောင်းလဲ၍ ကိုင်ဆောင်သူ၏ခွန်အားကို တိုးမြင့်ရာတွင်ဖြည့်စွက်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ဤနည်းဖြင့် ရန်သူသာထိခိုက်ဒဏ်ရာရရှိနေသရွေ့ သူတို့၏အရှိန်နှုန်းနှင့် ခွန်အားကတိုးမြင့်လာမည်ဖြစ်သည်။
သူတို့နှစ်ဦးသည် ဧရာမဂေါ်လောခ့်ကို စက်ဝိုင်းပုံစံလှည့်ပတ်နေချိန်အတွင်း သူတို့၏အရှိန်နှုန်းကြောင့် အပြာနုရောင်အရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဧရာမဂေါ်လောခ့်သည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုအားခံစားလာရသည်။
ရှောင်ယုသည် ထိုတိုက်ပွဲကိုဘေးမှစောင့်ကြည့်နေခဲ့သည်။ သူသည် အခြားသူများထက်ပို၍ထိတ်လန့်နေခဲ့ကာ သူ၏သူရဲကောင်းများအကြောင်းကို တွေးမိနေခဲ့သည်။ လက်ရှိအချိန်တွင် ဤညီအစ်ကိုနှစ်ယောက်၏တိုက်ခိုက်မှုကို မည်သူကမှမရင်ဆိုင်နိုင်ပေ။ ဤလူနှစ်ယောက်သည် ထူးခြားသောသူရဲကောင်းအမျိုးအစားဝင်များဖြစ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပံ့ပိုးပေးနိုင်ကြသည်။ ရှောင်ယု၏နံဘေးရှိသူရဲကောင်းတိုင်းက တစ်ကိုယ်တော်သူရဲကောင်းများဖြစ်သည်။ ဤညီအစ်ကိုနှစ်ယောက်ကဲ့သို့ အချင်းချင်းပံ့ပိုးပူးပေါင်းခြင်းမရှိခဲ့ပေ။
အကယ်၍ သူ၏သူရဲကောင်းများကသာ ဤညီအစ်ကိုနှစ်ယောက်၏ဝိုင်းရံတိုက်ခိုက်ခံပါက ဒုက္ခရောက်သွားမည်ဖြစ်သည်။ ဂရင်းသည် ရန်သူအားတိုက်ခိုက်ရန်အတွက် ပုံရိပ်ယောင်များကိုဖန်တီးနိုင်သော်လည်း ထိုပုံရိပ်ယောင်များသည် ဂရင်းကိုယ်တိုင်တိုက်ခိုက်သည်လောက် အစွမ်းမထက်ပေ။
အပြာရောင်အလင်းတန်းသည် ဧရာမဂေါ်လောခ့်၏ဘေးနားတွင် ဝဲပျံနေပြီးနောက် နောက်အခိုက်အတန့်၌ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
မကြာမှီ ဧရာမဂေါ်လောခ့်၏ခန္ဓာကိုယ်၌ ဒဏ်ရာများနှင့်ပြည့်နှက်လာခဲ့သည်။ သို့သော်လည်း သံတူနှင့်သံစူးချွန်တို့က ဧရာမဂေါ်လောခ့်၏သွေးများကို စုပ်ယူသွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ညီအစ်ကိုနှစ်ယောက်သည် ရဲရင့်စွာတိုက်ခိုက်လာကြပြီး ဧရာမဂေါ်လောခ့်သည်ဒဏ်ရာပြင်းထန်စွာရရှိထားသလို သွေးများဆုံးရှုံးထားသောကြောင့် တဖြည်းဖြည်းအားနည်းလာပြီး အဆုံးထိတောင့်မခံနိုင်တော့ပေ။
နီကိုးလပ်စ်၏မျက်နှာပေါ်၌ မည်သည့်အမူအရာကိုမှမတွေ့ရပေ။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအတွင်းရှိနေသည်ကို ကြိုတင်မျှော်လင့်ထားသကဲ့သို့ နီကိုးလပ်စ်ကတည်ငြိမ်နေခဲ့သည်။ သူသည် ထိုညီအစ်ကိုနှစ်ယောက်ကိုမပို့လွှတ်မှီကပင် ရလဒ်ကိုကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။
လီယိုနာဒို၏အမူအရာသည် မှုန်ကုပ်ကုပ်ဖြစ်နေခဲ့ပြီး သူနှင့်နီကိုးလပ်စ်တို့အကြားရှိ ခွန်အားကွာဟချက်ကိုတိုင်းတာနေခဲ့သည်။ ယခုထိတိုင် နီကိုးလပ်စ်၏နောက်ကွယ်တွင် လှုပ်ရှားမှုမပြုလုပ်ရသေးသော လူတစ်စုရှိနေသေးသည်ကို သူတွေ့လိုက်ရသည်။
သူတို့၃ယောက်လုံးတွင် သူတို့ကိုယ်စီကိုင်ဆောင်ထားသော ဝှက်ဖဲများကို လျှိ့ဝှက်ထားဆဲဖြစ်ကြောင်း လူတိုင်းနားလည်ထားခဲ့ကြသည်။ ထိုဝှက်ဖဲများအနက် ရှောင်ယု၏နဂါးမီးမြှားနှင့် နီကိုးလပ်စ်၏အဆိပ်စသည်ဖြင့် အမျိုးအစားစုံလင်စွာရှိနေပေသည်။
သိပ်မကြာမှီတွင် ဧရာမဂေါ်လောခ့်၏အလောင်းသည် မြေသို့လဲကျကာ သေဆုံးသွားခဲ့သည်။ နီကိုးလပ်စ်သည် လက်ရှိအခြေအနေအား အလွန်ကျေနပ်နေသကဲ့သို့ခေါင်းညိတ်ပြလိုက်သည်။ အဆုံးသတ်တွင် သူ၏လူများသည် အခြားအဖွဲ့နှစ်ခုထက် အချိန်စောယူကာ ဧရာမဂေါ်လောခ့်ကိုသတ်ဖြတ်နိုင်ခဲ့သည်။
အခန်း ၃၇၇ - နောက်ဆုံးရန်သူ
ဧရာမဂေါ်လောခ့်များသည် ဆဌမအဆင့်နှင့်အလွန်နီးကပ်နေသော အစွမ်းထက်ဖြစ်တည်မှုများဖြစ်သော်လည်း ၎င်းတို့အနက်၃ကောင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဂေါ်လောခ့်ခေါင်းဆောင်သည်တောင်မှ ဤသို့ရလဒ်ကိုမျှော်လင့်ထားခြင်းမရှိပေ။ အမှန်တော့ လူသားမဟာမိတ်အဖွဲ့တွင် စွမ်းအားကြီးကျွမ်းကျင်သူအချို့မှလွဲ၍ ဧရာမဂေါ်လောခ့်များကိုခြိမ်းခြောက်နိုင်သူ များစွာမရှိပေ။
သို့သော်လည်း အဖြစ်မှန်က သူစိတ်ကူးထားသည်နှင့် တခြားစီဖြစ်နေခဲ့သည်။ လူသားများသည် ခွန်အားကြီးမားရုံသာမက ပူးပေါင်းဆောင်ရွက်မှုဖြင့်ပင် ဧရာမဂေါ်လောခ့်၃ကောင်ကို သတ်ဖြတ်နိုင်သည်ထိ အစွမ်းထက်လှပေသည်။ ထိုအခိုက်အတန့်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏မျက်လုံးများသည် တစ်စုံတစ်ခုအားနားလည်သွားသကဲ့သို့ အနည်းငယ်ကျည်းမြောင်းသွားခဲ့သည်။ သူသည် စစ်မြေပြင်၌ နောက်ဆုံးကျန်ရစ်နေသော ဧရာမဂေါ်လောခ့်ကိုတစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဝင်ရောက်လှုပ်ရှားခြင်းမပြုဘဲ ဆက်လက်စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံးသောဧရာမဂေါ်လောခ့်သည် ဆိုးရွားသောအခြေအနေသို့ ကျရောက်နေခဲ့သည်။ ထိုကောင်သည် တိုက်ပွဲစတင်ကတည်းက အနားမယူရသေးပေ။ ထို့ပြင် မဟာမိတ်တပ်၃ခု၏ အစွမ်းထက်သူရဲကောင်းများနှင့်မှော်ဆရာများက သူ့အားဝိုင်းရံတိုက်ခိုက်နေခဲ့သည်။
လီအာနှင့်ကဲလ်သက်တို့က အဆက်မပြတ်တိုက်ခိုက်နေကြသလို လီယိုနာဒို၏မှော်ဆရာများကလည်း မှော်မန္တန်များကို တစ်ခုပြီးတစ်ခုရွတ်ဆိုနေကြသည်။ ထို့ပြင် အလယ်အလတ်ပဥ္စမအဆင့် သူရဲကောင်းတစ်ယောက်သည် ဓားမြောင်တစ်လက်ဖြင့် ဧရာမဂေါ်လောခ့်အား စဉ်ဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။
နီကိုးလပ်စ်၏ စစ်သည်တော်ကလည်း ရပ်တန့်မနေဘဲ ဆက်တိုက်နှောင့်ယှက်နေခဲ့သည်။
တိုက်ခိုက်မှုတွင် အဓိကပါဝင်ပတ်သက်သူ၅ယောက်ကြောင့် ဧရာမဂေါ်လောခ့်သည် ဆိုးရွားသောအခြေအနေသို့ကျရောက်လျက် ရှိနေခဲ့သည်။ တစ်ချိန်တည်းတွင် အဆင့်နိမ့်တပ်သားများက ဆက်တိုက်ဆိုသလိုထိခိုက်ဒဏ်ရာရနေသော်လည်း အလုံးစုံအခြေအနေသည် လူသားများ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
"မြန်မြန်လုပ်ကြ...ငါတို့ဆက်ပြီးမစောင့်နိုင်တော့ဘူး"
ရှောင်ယုက လှမ်းအော်လိုက်သည်။ သူသည် ဂေါ်လောခ့်ခေါင်းဆောင်ငြိမ်သက်နေရခြင်း၏ နောက်ကွယ်မှအကြောင်းရင်းကို နားမလည်နိုင်၍ စိတ်ရှုပ်ထွေးနေခဲ့သည်။
ဂေါ်လောခ့်ခေါင်းဆောင်သည် အဘယ်ကြောင့်ငြိမ်သက်နေရသနည်း။ အဘယ်ကြောင့် သူသည် သူ၏လက်အောက်ငယ်သားများကို အဘယ်ကြောင့်မကူညီရသနည်း။
ရှောင်ယုဆိုလျှင် သူ၏တပ်သားများနှင့်သူရဲကောင်းများကို တစ်စုံတစ်ယောက်က သတ်ဖြတ်နေမည်ဆိုပါက ငြိမ်ခံနေမည်မဟုတ်ပေ။ ထို့ကြောင့် သူသည်ဂေါ်လောခ့်ခေါင်းဆောင်ကို အာရုံစိုက်လိုသည့်အတွက် နောက်ဆုံးသောဧရာမဂေါ်လောခ့်ကို မြန်မြန်သတ်ဖြတ်လိုနေခြင်းဖြစ်သည်။
သူတို့ငါးယောက်လုံးသည် တစ်ဦးချင်းစီတိုင်း၏ တိုက်ခိုက်မှုပုံစံအား နားလည်နေကြပြီဖြစ်ရာ ဘာဆက်လုပ်ရမည်ကို နားလည်သဘောပေါက်ကြသည်။ ထို့ကြောင့် ရှောင်ယု၏စကားအပြီးတွင် သူတို့သည်နောက်ဆုံးကျန်သော ဧရာမဂေါ်လောခ့်ကို အမြန်ဆုံးသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ပထမဆုံးစတင်လှုပ်ရှားသူမှာ ကဲလ်သက်ပင်ဖြစ်သည်။ သူသည် ယခင်တိုက်ခိုက်မှုများနှင့်ယှဉ်လျှင် သူ၏ခန္ဓာကိုယ်ထက်ပိုကြီးမားသော ပိုမိုမြန်ဆန်သော ဖီးနစ်ကိုဆင့်ခေါ်လိုက်သည်။ ဖီးနစ်သည် ဧရာမဂေါ်လောခ့်ထံသို့တိုးဝင်လာစဉ်တွင် ကျယ်လောင်စွာမြည်ကြွေးလိုက်သည်။ ထိုမြည်ကြွေးသံကြောင့် အားနည်းသောစစ်သည်တော်အချို့သည် သူတို့၏နားများကိုပင် ဖုံးအုပ်ထားလိုက်ရသည်။
အခြားသောမှော်ဆရာများသည် ဧရာမဂေါ်လောခ့်အပေါ်၌ ချုပ်နှောင်ခြင်းနှင့် တုံ့ဆိုင်းခြင်းမှော်ကိုအသုံးပြုနေကြသည်။ ၎င်းတို့၏အကျိုးသက်ရောက်မှုသည် ကြီးမားခြင်းမရှိသော်လည်း အခြားသူများက ဧရာမဂေါ်လောခ့်အား ထိခိုက်ဒဏ်ရာရရှိအောင်လုပ်ဆောင်နိုင်စေရန် လုံလောက်သောအခွင့်အရေးကိုပေးစွမ်းနိုင်သည်။
လီအာသည် ဧရာမဂေါ်လောခ့်၏အနီးတွင် မကြာခဏထွက်ပေါ်လာပြီး ၎င်း၏အမြီး၊အစာအိမ်နေရာနှင့်အခြားအရေးကြီးအစိတ်အပိုင်းများကိုတိုက်ခိုက်၍ အရိပ်ထဲ၌ပုန်းအောင်းနေလေ့ရှိသည်။ သူမသည် လူသားများကိုနှောင့်ယှက်မယ့် ခြင်တစ်ကောင်ကဲ့သို့ ဧရာမဂေါ်လောခ့်ကိုနှောင့်ယှက်နေခဲ့သည်။
ဓားမြှောင်ကိုကိုင်ဆောင်ထားသော အခြားစစ်သည်တော်သည်လည်း တင့်ကားတစ်ခုကဲ့သို့ ဧရာမဂေါ်လောခ့်ကိုတိုက်ခိုက်ပြီးနောက်တွင် ၎င်း၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများကျန်ရှိနေခဲ့သည်။ ဧရာမဂေါ်လောခ့်၏ ခန္ဓာကိုယ်မှယိုစိမ့်ထွက်လာသည့်သွေးများကြောင့် ဓားမြှောင်သည်ပင်အနီရောင်ပြောင်းလဲသွားခဲ့ရသည်။
အဆုံးသတ်တွင် ဓားနှင့်ဒိုင်းကိုကိုင်ဆောင်ထားသော စစ်သည်တော်သည် ဧရာမဂေါ်လောခ့်ကို ချုပ်နှောင်ကာ၎င်း၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ထိုစစ်သည်တော်သည် အခြားသူများ၏တိုက်ခိုက်မှုများကို လုံးဝဂရုမစိုက်ဘဲ သူ၏ကိုယ်ပိုင်တာဝန်ဖြစ်သော ဧရာမဂေါ်လောခ့်ကိုတားဆီရန်သာအပြည့်အဝအာရုံစိုက်ထားခဲ့သည်။ သူသည် မည်သည့်တိုက်ခိုက်မှုမျိုးမှမပြုလုပ်သေးသော်လည်း ခံစစ်ကိုသာအာရုံစိုက်ထားခဲ့သည်။
တိုက်ပွဲအားစောင့်ကြည့်နေသော အခြားသူများကလည်း အံ့သြသွားခဲ့ကြသည်။ ပုံမှန်အားဖြင့် အခြားသူများအတွက် အံ့သြမှုဟုမထင်မှတ်ရသော လူများသည်ယခုလိုအချိန်မျိုး၌ ရန်သူကိုဒုက္ခကောင်းကောင်းပေးနိုင်ပေသည်။
အားဂီး...
ဧရာမဂေါ်လောခ့်သည် အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ သူသည် ဤအခြေအနေမှရုန်းထွက်လိုသော်လည်း ကဲလ်သက်သည် အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ မီးလုံးတစ်လုံးကိုပါးစပ်ထဲပစ်ထည့်လိုက်သည်။ ထိုမီးလုံးသည် ဧရာမဂေါ်လောခ့်၏ပါးစပ်ထဲပေါက်ကွဲသွားကာ အလွန်နာကျင်စွာခံစားရစေခဲ့သည်။
ဧရာမဂေါ်လောခ့်သည် လွန်စွာအသက်ပြင်းသည့် ပိုးဟပ်တစ်ကောင်နှင့်တူပေသည်။ ဧရာမဂေါ်လောခ့်သည် ဤသို့ဖိနှိပ်ခံထားရမှုမှ အပြင်းအထန်ရုန်းထွက်ရန်ဆုံးဖြတ်ခဲ့သည်။ ထိုသို့မဟုတ်ပါက သူသည်လည်းသေဆုံးသွားရမည်ဖြစ်သည်။
ကဲလ်သက်နှင့်အခြားမှော်ဆရာများသည် အကွာအဝေးတစ်ခုခြားထားကာ ဧရာမဂေါ်လောခ့်ကိုတိုက်ခိုက်နေကြသည်။ ထို့ကြောင့် ဧရာမဂေါ်လောခ့်သည် သူတို့အားမတိုက်ခိုက်နိုင်ပေ။ သို့ဖြစ်ရာ သူသည်အမြီးကိုယမ်းခါရင်း လေပေါ်ခုန်တက်လိုက်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သူ့အားအနီးကပ်တိုက်ခိုက်နေသည့် သူရဲကောင်းနှစ်ယောက်သည် သူ့အားမနှောင့်ယှက်နိုင်တော့ပေ။
ထိုသို့လုပ်ဆောင်ခြင်းသည် တုံးအရာကျသော်လည်း အလွန်ပင်အသုံးဝင်ပေသည်။ လီအာနှင့်ဓားမြှောင်ကိုင်စစ်သည်သည် ဧရာမဂေါ်လောခ့်ကိုတိုက်ခိုက်ရန် မှန်ကန်သောအခွင့်အရေးကိုစောင့်ရ၍ ယခုလိုအချိန်၌အနီးကပ်တိုက်ခိုက်၍မရပေ။ ယခုအချိန်၌ ဓားနှင့်ဒိုင်းကိုင်စစ်သည်သည်သာ ဧရာမဂေါ်လောခ့်ကိုတားဆီးနိုင်မည်ဖြစ်သည်။
ကဲလ်သက်သည် ဧရာမဂေါ်လောခ့်၏တိုက်ခိုက်မှုကိုမြင်သော် သူ၏မျက်နှာပေါ်၌ မထီမဲ့မြင်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ဧရာမဂေါ်လောခ့်သည် သူ၏အမြီးကိုမည်မျှပင်ဝှေ့ယမ်းပါစေ မှော်ဆရာတစ်ယောက်၏ပြိုင်ဘက်မဟုတ်ပေ။ ကဲလ်သက်သည် ဖီးနစ်အား ဧရာမဂေါ်လောခ့်ကိုအနီးကပ်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ဤနည်းအားဖြင့်သူသည် ဧရာမဂေါ်လောခ့်အားဖိအားပေးရန် မြင့်မားသောအပူချိန်ကိုအသုံးပြုနိုင်မှာဖြစ်သည်။ သို့သော်လည်း မမျှော်လင့်စွာဖြင့် ဧရာမဂေါ်လောခ့်သည် ဖီးနစ်အားရိုက်ချလိုက်ရာ ဖီးနစ်၏အရွယ်အစားသည် ချက်ချင်းသေးငယ်သွားကာ ဥအဖြစ်သို့ပြောင်းလဲသွားပြီး နောက်မှပြန်လည်ရှင်သန်လာမည်ဖြစ်သည်။
"အရူးတွေ....ခြေထောက်ကိုတိုက်ကြ..."
ရှောင်ယုကအော်ဟစ်လိုက်သည်။ ဧရာမဂေါ်လောခ့်သည် ရွေ့လျားလာသည့်အချိန်တိုင်းတွင် မြေပြင်သည်တုန်လှုပ်သွားပြီး ဖုန်မှုန့်များပျံ့နှံ့လာလေ့ရှိသည်။
အဝေးမှစောင့်ကြည့်နေသောတိုင်ရန်ဒီသည် အရိပ်မြှားတစ်ချောင်းကိုထုတ်ယူကာ ဧရာမဂေါ်လောခ့်၏ ညာဘက်ခြေကျင်းဝတ်ကိုချိန်ရွယ်လိုက်သည်။
ရွှီးး ...
အရိပ်မြှားသည် လေထုကိုဖြတ်သန်းကာ ဧရာမဂေါ်လောခ့်၏ခြေကျင်းဝတ်အား ထိမှန်ထိုးဖောက်သွားခဲ့သည်။ ဧရာမဂေါ်လောခ့်၏ ခုခံမှုသည်အလွန်အားကောင်းသော်လည်း အာရုံကြောဖွံ့ဖြိုးမှုနောက်ကျသည့်အတွက်ကြောင့် ဧရာမဂေါ်လောခ့်သည် နာကျင်မှုကိုများစွာမခံစားခဲ့ရပေ။ မည်သို့ပင်ဆိုစေ ဤကဲ့သို့ဒဏ်ရာများသည် သာမန်လူများခံစားနိုင်စွမ်းရှိသည့် အရာမဟုတ်ပေ။
မည်သို့ပင်ဆိုစေ ထိုအခိုက်အတန့်၌ ဧရာမဂေါ်လောခ့်သည် ခေတ္တရပ်တန့်သွားခဲ့ပြီး အခြားသူများကထိုအခြေအနေကို အခွင့်အရေးယူလိုက်ကြသည်။
ယခုအချိန်၌ သူတို့အားလုံးသည်ခြေထောက်ကိုသာ ချိန်ရွယ်တိုက်ခိုက်ကြတော့သည်။
ဓားမြှောင်သမားသည် ပထမဆုံးရောက်လာပြီး ညာဘက်ခြေကျင်းဝတ်ကိုခုတ်ဖြတ်လိုက်သည်။ လီအာသည် ဒုတိယမြောက်ရောက်ရှိလာကာ သူမကိုင်ဆောင်ထားသည့် ဓားမြှောင်နှစ်လက်ဖြင့် ဧရာမဂေါ်လောခ့်၏ဘယ်ခြေထောက်ကိုထိုးနှက်လိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် ဘယ်ခြေထောက်ရှိအရွတ်ကြောများအားလုံး ပျက်စီးသွားခဲ့သည်။ ဧရာမဂေါ်လောခ့်သည် သူ၏ညာခြေကိုသုံး၍ လီအာကိုတိုက်ခိုက်လိုက်သော်လည်း လီအာသည်ထိုနေရာမှပျောက်ကွယ်သွားခဲ့သည်။
ဖွံ့ဖြိုးမှုနောက်ကျသည့် အာရုံကြောများကြောင့် နာကျင်မှုကိုမခံစားရသည့် ဧရာမဂေါ်လောခ့်သည် သူ၏ခြေထောက်နှစ်ဖက်လုံးအား ရွေ့ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း ဧရာမဂေါ်လောခ့်၏ခန္ဓာကိုယ်ကြီးက ချက်ချင်းလဲပြိုသွားခဲ့သည်။ ယခုအခါ ဧရာမဂေါ်လောခ့်၏ဘယ်ခြေသည် အသုံးမဝင်ဖြစ်သွားခဲ့ကာ အရိုးများကိုပင်တွေ့မြင်နေရသည်။
အားဂီးး...
ဧရာမဂေါ်လောခ့်က ဟိန်းဟောက်လိုက်သော်လည်း အခြားသူများက သူ့အနီးသို့ဖြတ်ပြေးလာသည်ကို မတွေ့လိုက်ရပေ။ ဧရာမဂေါ်လောခ့်သည် သူခံစားနေရသည့်နှိပ်စက်မှုဝေဒနာကိုတောင့်ခံရင်း ထရပ်ရန်ကြိုးစားရုန်းကန်ခဲ့သည်။
"ပိုပြီးအားထည့်ကြ..."
နီကိုးလပ်စ်ကအော်ဟစ်လိုက်ကာ သူ့လူများကိုဦးတည်၍အမိန့်ပေးလိုက်သည်။ ဓားနှင့်ဒိုင်းကိုကိုင်ဆောင်ထားသော သူရဲကောင်းကချက်ချင်းတုံ့ပြန်ခဲ့သည်။ သူသည် ဝက်ဝံတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်သည်ပိုမိုကြီးထွားလာကာ အမြင့်၃မီတာနီးပါးရှိလာခဲ့သည်။ သူ၏လက်နှင့်ခြေထောက်များရှိ ကြွက်သွားများကပိုမိုတောင့်တင်းလာခဲ့သည်။
အခြားအဖွဲ့မှလူများသည် ထိုသူရဲကောင်း၏အစွမ်းကို မသိကြပေရာ ယခုလိုမြင်တွေ့လိုက်ရချိန်၌ အံ့သြသွားကြသည်။ သူကလူသားတစ်ယောက်မဟုတ်ဘူးလား...သူကဘယ်လိုဖြစ်ပြီးအသွင်ပြောင်းနိုင်ရတာလဲ...
ထိုလူသည် ဟိန်းဟောက်လိုက်ကာ ဧရာမဂေါ်လောခ့်ထံပြေးဝင်သွားခဲ့သည်။ ထို့နောက်သူ၏အရှိန်နှုန်းသည် တဟုန်ထိုးခုန်တက်လာခဲ့သည်။
ထိုလူသည် ဓားနှင့်ဒိုင်းလွှားကို ကြက်ခြေခတ်သဏ္ဍာန်ဖော်ဆောင်ကာ ဧရာမဂေါ်လောခ့်ကိုညွန်ပြလိုက်သည်။ ထိုလူသည် မြင်းမရှိသော သူရဲကောင်းတစ်ယောက်နှင့်တူပေသည်။ ဧရာမဂေါ်လောခ့်သည် အသုံးမဝင်သည့်ခြေထောက်တစ်ချောင်းဖြင့် လှုပ်ရှားရန်မလွယ်ကူ၍ မတ်တပ်ရပ်ရန်ရုန်းကန်နေရသည်။ သို့သော်လည်း ထိုသူရဲကောင်းကအနားကပ်လာချိန်၌ ပို၍ပင်ရုန်းကန်လာခဲ့သည်။
သို့သော်လည်း ထိုသူရဲကောင်း၏အရှိန်သည်လျော့မသွားဘဲ သူ၏ကိုယ်ဟန်အနေအထားကသာ ပြောင်းလဲသွားခဲ့သည်။
ဘန်း...ဗုံး...
အသံနှစ်ခုဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဧရာမဂေါ်လောခ့်သည်မြေပေါ်လဲကျသွားခဲ့သည်။ ထိုဧရာမဂေါ်လောခ့်၏ ရင်ဘတ်အလယ်တွင် အပေါက်ကြီးတစ်ခုရှိနေခဲ့သည်။
ထို့နောက် ဒိုင်းနှင့်ဓားကိုင်စစ်သည်တော်သည် မူလအနေအထားသို့ရောက်ရှိသွားခဲ့သည်။
ယခုအချိန်တွင် ဧရာမဂေါ်လောခ့်၄ကောင်လုံးသည် သေဆုံးသွားခဲ့ရပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသို့အောင်ပွဲရရှိပြီးနောက်တွင် ရှောင်ယု၏နှလုံးသားထဲ၌ ပျော်ရွှင်နေခြင်းမရှိပေ။ အဓိကအကြောင်းရင်းမှာ ဂေါ်လာခ့်ခေါင်းဆောင်သည် အလွန်ပင်တည်ငြိမ်နေသောကြောင့်ဖြစ်သည်။ လက်ရှိအခြေအနေအားလုံးသည် ဧရာမဂေါ်လောခ့် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်သွားခဲ့ပုံရသည်။
ဒီကောင်ဘာတွေ တွေးနေတာလဲ...
အခန်း ၃၇၈ - ဂေါ်လောခ့်ခေါင်းဆောင်၏ ကြောက်မက်ဖွယ်အစွမ်း
ဧရာမဂေါ်လောခ့်၄ကောင်နှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲပြီးဆုံးသွားချိန်တွင် ဂေါ်လောခ့်များနှင့် သာမန်တပ်သားများအကြားတိုက်ပွဲက နေရာတိုင်းလိုလိုဖြစ်ပေါ်နေခဲ့သည်။
"အံ့သြစရာပဲ...အံ့သြဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ...ကောင်းပြီလေ...မင်းတို့မှာတခြားလှည့်ကွက်တွေကျန်သေးလား"
ဂေါ်လောခ့်ခေါင်းဆောင်ကရယ်မောလိုက်သည်။ ဂေါ်လောခ့်ခေါင်းဆောင်၏ရယ်သံသည် အခြားသူများ၏နားထဲ၌ ဒရမ်တီးသလိုမျိုး ဆူညံသွားခဲ့သည်။
ရှောင်ယု၊နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့သည်ပင် သူတို့၏နှလုံးသားထဲ၌ ကြောက်လန့်နေခဲ့ပြီး ဂေါ်လောခ့်ခေါင်းဆောင်အပေါ် ကြောက်ရွံ့မှုပိုတိုးလာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် အမှန်တကယ်ပင် ဆဌမအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်ကာ တစ်ဦးတည်းကျန်ရှိနေလျှင်ပင် လုံးဝသတိပေါ့ဆ၍မရပေ။ အခြားသောသာမန်ဂေါ်လောခ့်များသည် ပြဿနာမဟုတ်သည့်အတွက်ကြောင့် ရှောင်ယုနှင့်အခြားသူများက မျက်လုံးထဲမထည့်ထားပေ။
ဂေါ်လောခ့်ခေါင်းဆောင်သည် ဆဌမအဆင့်သားရဲဖြစ်လျှင်ပင် သူတို့၃ယောက်လုံးသည် ဆဌမအဆင့်ကျွမ်းကျင်သူတစ်ဦးနှင့်ယှဉ်ပြိုင်နိုင်ရန် လုံလောက်သောစွမ်းအားကိုပိုင်ဆိုင်ထားပေသည်။ သို့သော်ဤနတ်ဆိုးအိုကြီးသည် သူတို့၃ယောက်အားရင်ဆိုင်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်သောအရာတစ်ခုကို အားကိုးနေပုံရပေသည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်၌သူတို့ထံတွင် အခြားရွေးချယ်စရာမရှိတော့ပေ။ သူတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ရှေ့သို့တိုးရန်ဖြစ်သည်။
"မင်းတို့ရဲ့လှည့်ကွက်တွေကုန်ပြီလား...အဲလိုဆိုရင်ငါ့ရဲ့အချိန်တွေကို လာမဖြုန်းနဲ့တော့"
ဂေါ်လောခ့်ခေါင်းဆောင်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။ ထို့နောက်သူ့စကားမဆုံးသေးမှီ သူ၏ခန္ဓာကိုယ်ကတဟုန်ထိုး ပြေးထွက်လာခဲ့သည်။
ဂေါ်လောခ့်ခေါင်းဆောင်သည် သူပြေးထွက်လာရာလမ်းတလျှောက်တွင်ရှိနေသော ဂေါ်လောခ့်များ၊အရွက်များနှင့်ဖုန်မှုန့်များကို လွှင့်စင်သွားစေခဲ့သည်။
ဤအရာသည် ဆဌမအဆင့်သားရဲတစ်ကောင်ပင်ဖြစ်သည်။ ဤအော်ရာသည် စစ်မှန်သောဆဌမအဆင့်သားရဲမှသာ ထုတ်လွှတ်နိုင်သောအရာဖြစ်သည်။
နီကိုးလပ်စ်၏အနားတွင်ရှိနေသော ရီလာသည်သာ ဆဌမအဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သို့သော်လည်း သူ၏လက်ရှိစွမ်းအားကို နေဝင်ချိန်ရေတွင်းမှ အဓိကထောက်ပံ့ပေးထားခြင်းဖြစ်သည်။ သူသည် ဆဌမအဆင့်မှော်ဆရာ၏စွမ်းအားကို အသုံးချနိုင်သော်လည်း ထိုသို့ပြုလုပ်နိုင်ရန်အတွက် ကြီးမားသောစျေးနှုန်းကိုပေးချေရမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ၏စွမ်းအားသည် တည်ငြိမ်ခြင်းမရှိပေ။
"လူတိုင်းတိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ...ငါတို့အားလုံးဒီနတ်ဆိုးကြီးကို သတ်ဖြတ်ဖို့လိုအပ်တယ်"
နီကိုးလပ်စ်က တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။ သူသည် ဆဌမအဆင့်သားရဲတစ်ကောင်အစား သေးငယ်သောကလေးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့တည်ငြိမ်နေခဲ့သည်။
"သတ်ကြ..."
လူတိုင်းကအော်ဟစ်လိုက်သည်။ သူတို့အားလုံးသည် လက်ရှိအချိန်သို့ရောက်လာသည်အထိ အခက်အခဲများစွာကိုရင်ဆိုင်ဖြတ်ကျော်လာခဲ့ရာ သူတို့၏တိုက်ပွဲဝင်လိုစိတ်သည် အထွတ်အထိပ်သို့ရောက်ရှိနေခဲ့သည်။
သာမန်အားဖြင့် ဆဌမအဆင့်ကျွမ်းကျင်သူတစ်ဦးသည် ပဥ္စမအဆင့်ကျွမ်းကျင်သူများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခဲ့ပေ။ ထို့ပြင် မဟာမိတ်တပ်ထဲ၌ မည်သူတစ်ဦးတစ်ယောက်ကမှ သာမန်သူရဲကောင်းများနှင့်မှော်ဆရာများမဟုတ်ကြပေ။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် တိကျသောကျွမ်းကျင်မှုများနှင့် မန္တန်များကိုပိုင်ဆိုင်ထားသည်။ ရံဖန်ရံခါတွင် အရေအတွက်ပြောင်းလဲမှုများက အရည်အသွေးပြောင်းလဲမှုများကို ဖော်ဆောင်လာပေးလေ့ရှိသည်။ ယခုအချိန်တွင် သူတို့သည်သူတို့၏ဖွဲ့စည်းပုံများကို အကောင်းဆုံးဖြစ်အောင်ဖော်ဆောင်၍ ဆဌမအဆင့်ဂေါ်လောခ့်ခေါင်းဆောင်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
တပ်ဖွဲ့၃ခုလုံးက ဂေါ်လောခ့်ခေါင်းဆောင်ကို ဝိုင်းရံထားကြသည်။ သူတို့အားလုံးသည် ဂေါ်လောခ့်ခေါင်းဆောင်အား အပိုင်းပိုင်းဖြတ်တောက်၍ အသွေးအသားကိုစားသောက်လိုစိတ် ပြင်းပြနေကြသည်။
နီကိုးလပ်စ်သည် ညီအစ်ကိုနှစ်ယောက်၊ရီလာနှင့်ဒိုင်းနှင့်ဓားကိုအသုံးပြုသော စစ်သည်တော်ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။
လီယိုနာဒိုသည် စစ်သည်တော်အချို့နှင့်ပဥ္စမအဆင့်မှော်ဆရာများကိုစေလွှတ်ကာ လူအိုကြီးတာအိုကိုဦးဆောင်စေခဲ့သည်။
"ဂရင်း၊တိုင်ရန်ဒီ၊ကဲလ်သက်၊နာဂ...မင်းတို့လေးယောက်က တိုက်ပွဲထဲပထမဆုံးဝင်ရလိမ့်မယ်"
ရှောင်ယုသည် ရန်သူနှင့်မိမိတို့၏အင်အားကို တွက်ချက်ပြီးနောက်တွင် သူတို့၄ယောက်အားစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုအရာသည် သူတတ်စွမ်းနိုင်သည့် အလုံခြုံဆုံးသောရွေးချယ်မှုဖြစ်သည်။ ဂရင်းသည် သွက်လက်ထက်မြက်သောသူရဲကောင်းဖြစ်သည့်အတွက် စစ်မြေပြင်၌အလွယ်တကူ သွားလာလှုပ်ရှားနိုင်သည်။ ထို့ကြောင့်သူသည် ဂေါ်လောခ့်ခေါင်းဆောင်ကို ရင်ဆိုင်နိုင်စွမ်းမရှိလျှင်ပင် အနည်းဆုံးတော့ ဂေါ်လောခ့်ခေါင်းဆောင်၏တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်မည်ဖြစ်သည်။
တိုင်ရန်ဒီနှင့်ကဲလ်သက်တို့သည် လက်ရှိအချိန်၌ ရှောင်ယု၏တာဝေးပစ်တိုက်ခိုက်ရေး အမျိုးအစားတပ်များကိုပံ့ပိုးပေးနေသည့် အဓိကတပ်များဖြစ်ကြသည်။ သူတို့သည် အနီးကပ်တိုက်ပွဲများနှင့် ဝေးဝေးတွင်နေလေ့ရှိသောကြောင့် အန္တာရယ်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိပေ။
ရှောင်ယု၏စိတ်ဝင်စားစရာအကောင်းဆုံး ရွေးချယ်မှုမှာ တိုက်ပွဲ၌ပါဝင်ရန်အတွက် နာဂကိုစေလွှတ်လိုက်ခြင်းဖြစ်ပေသည်။ သူမ၏လက်ရှိအဆင့်တွင် နာဂသည် ဂေါ်လောခ့်ခေါင်းဆောင်ကို ကိုင်တွယ်ဖြေရှင်းရန်မဆိုနှင့် ထိခိုက်မှုပြုလုပ်ရန်ပင်မတတ်နိုင်ပေ။ အကောင်းဆုံးအနေဖြင့် သူမ၏တိုက်ခိုက်မှုများက ဂေါ်လောခ့်ခေါင်းဆောင်ကို အနှောင့်အယှက်ပေးရုံသာဖြစ်သည်။
သို့သော်လည်း ရှောင်ယု၏ရွေးချယ်မှုနောက်ကွယ်တွင် ရိုးရှင်းသောအကြောင်းပြချက်ရှိနေပေသည်။ သူတို့သည် နေဝင်ချိန်နွံအိုင်၌ရှိနေခဲ့ပြီး နာဂသည်ဤမြေအနေအထားတွင် ရှင်သန်နိုင်စွမ်းမြင့်မားသော ကုန်းရေနှစ်သွယ်သူရဲကောင်းဖြစ်သည်။ ဤနည်းအားဖြင့် သူမသည်တိုက်ပွဲ၌ပါဝင်ပြီး အတွေ့အကြုံမှတ်များစွာရရှိမှာဖြစ်သည်။
အထူးသဖြင့် ပြိုင်ဘက်သည်ဆဌမအဆင့်သားရဲဖြစ်နေချိန်တွင် ရရှိလာမည့်အတွေ့အကြုံမှတ်များမှ အနည်းငယ်သည်ပင် နာဂအတွက်လုံလောက်မည်ဖြစ်သည်။ ရှောင်ယုသည် သူမ၏ခွန်အားကိုမြင့်တင်လိုပြီး နာဂသာအဆင့်၄၀သို့မဟုတ် ပဥ္စမအဆင်သို့ရောက်ရှိသွားပါက သူအလွန်ပျော်ရွှင်မိမှာဖြစ်သည်။
အခြားသောတပ်များနှင့်သူရဲကောင်းများကို အရန်အဖြစ်ထားရှိ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်တွင် ပြောင်းလဲမှုများကိုလုပ်ဆောင်မှာဖြစ်သည်။ အဓိကပြဿနာမှာ ဂေါ်လောခ့်ခေါင်းဆောင်ထံ၌ မည်သို့သောအစွမ်းများနှင့်မည်သို့စွမ်းဆောင်ရည်ရှိသည်ကို မည်သူမှမသိသေးခြင်းဖြစ်သည်။
"ငါ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ ပိုးကောင်သေးသေးလေးတွေ...ဟားဟား...မင်းတို့အားလုံးက ငါ့ကိုအနိုင်ယူနိုင်မယ်လို့ထင်နေတာလား...ဆဌမအဆင့်စွမ်းအားရှင်တစ်ယောက်ကိုတောင် မင်းတို့ကလျော့တွက်ရဲတယ်ပေါ့"
ဂေါ်လောခ့်ခေါင်းဆောင်က အထင်သေးသည့်လေသံဖြင့်ပြောလိုက်သည်။ ထိုအချိန်တွင် ပဥ္စမအဆင့်သူရဲကောင်းများနှင့်မှော်ဆရာများက ဂေါ်လောခ့်ခေါင်းဆောင်ကို စတင်တိုက်ခိုက်လာကြသည်။သို့သော် ဂေါ်လောခ့်ခေါင်းဆောင်သည် တိုက်ပွဲကိုတစ်ချိန်လုံးစောင့်ကြည့်နေ၍ သူတို့၏အစွမ်းကိုသိထားပြီးပြီဖြစ်သည်။
"မင်းအမေပဲပေါ့...မင်းကိုယ်မင်းဘာထင်နေလို့လဲ...သူတို့ထဲကအနည်းစုကတောင် မင်းကိုရင်ဆိုင်ဖို့လုံလောက်တယ်"
ရှောင်ယုသည် သူရဲကောင်းများနှင့်မှော်ဆရာများကို စိတ်ဓာတ်တက်ကြွစေရန် အားပေးစကားပြောခဲ့သည်။
ဂေါ်လောခ့်ခေါင်းဆောင်သည် ရှေ့သိုမတိုးမှီကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် တိုက်ပွဲကိုအစပြုခဲ့သည်။
ဓားနှင့်ဒိုင်းကိုင်စစ်သည်တော်သည် တတိယအဆင့်သို့မဟုတ် စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်ရွံ့ခြင်းမရှိဘဲ ဆဌမအဆင့်ဂေါ်လောခ့်ခေါင်းဆောင်ကိုရင်ဆိုင်ရန် ပြေးထွက်လာခဲ့သည်။
ဂရင်းနှင့်ဓားမြှောင်ကိုကိုင်ဆောင်ထားသူကလည်း ဘယ်နှင့်ညာသို့ရွေ့သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် လျင်မြန်သောတိုက်ခိုက်ရေးသမားများဖြစ်ကာ သူတို့၏တိုက်ခိုက်ရေးပုံစံများကို နားလည်ထားကြသည်။ သူတို့သည် အချင်းချင်းကောင်းစွာလက်တွဲဆောင်ရွက်ကာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် လဲ့ဂေါင်နှင့်လဲ့မူတို့သည် တိုက်ပွဲ၌မပါဝင်သေးဘဲ ဂေါ်လောခ့်ခေါင်းဆောင်ကိုဒဏ်ရာရရှိစေမယ့် သင့်တော်သောအခွင့်အရေးအားစောင့်ဆိုင်းနေကြသည်။
လီယိုနာဒို၏မှော်ဆရာများ၊ရီလာ၊တိုင်ရန်ဒီ၊ကဲလ်သက်နှင့်နာဂတို့သည် အဝေးမှနေ၍ ဂေါ်လောခ့်ခေါင်းဆောင်ကို စတင်တိုက်ခိုက်လာခဲ့သည်။ အနီးကပ်တိုက်ခိုက်ရေးသမားများသည် ဂေါ်လောခ့်ခေါင်းဆောင်ကို အနီးကပ်တိုက်ခိုက်နှောင့်ယှက်နေချိန်တွင် သူတို့ကဆက်တိုက်တိုက်ခိုက်နေမှာဖြစ်သည်။
ဂေါ်လောခ့်ခေါင်းဆောင်သည် ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးပြီးနောက် ငြိမ်သက်စွာရပ်နေလိုက်သည်။သူသည် လှုပ်ရှားခြင်းမပြုဘဲ သူ့ထံသို့ပြေးဝင်လာနေသည့် စစ်သည်တော်များကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ဂရင်း၊ဓားမြှောင်ကိုင်ဆောင်သူနှင့်ဒိုင်းကိုင်သူတို့သည် တစ်ချိန်တည်းနီးပါးတွင် ဂေါ်လောခ့်ခေါင်းဆောင်ရှေ့သို့ရောက်ရှိလာခဲ့သည်။ ဒိုင်းသမားသည် ဂေါ်လောခ့်ခေါင်းဆောင်၏ ညာဘက်ခြေထောက်ကိုတိုက်ခိုက်ရန်အတွက် သူ၏ဒိုင်းနှင့်ဓားရှည်ကိုအသုံးပြုခဲ့သည်။
သူတို့၏အစီအစဉ်မှာ မှော်ဆရာများမှ ချက်ကောင်းကိုတိုက်ခိုက်နိုင်စေရန် ဂေါ်လောခ့်ခေါင်းဆောင်၏လှုပ်ရှားမှုများကို ပိတ်ဆို့ထားရန်ဖြစ်သည်။
သို့သော်လည်း ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ခြေထောက်ကိုလျင်မြန်စွာရွေ့လျားကာ ဒိုင်းကိုင်စစ်သည်၏တိုက်ခိုက်မှုအား ရှောင်ရှားလိုက်သည်။ ဂရင်းနှင့်ဓားမြှောင်ကိုင်စစ်သည်တို့၏တိုက်ခိုက်မှုများသည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ ချက်ချင်းနီးကပ်လာခဲ့သည်။ အံ့သြဖွယ်ကောင်းသည့်အရာမှာ ဤနေရာ၌ဓားမြှောင်ကိုင်စစ်သည်အသုံးပြုသည့်ကျွမ်းကျင်မှုသည် ဂရင်း၏ဓားသွားမုန်တိုင်းကျွမ်းကျင်မှုထက် အားနည်းသော်လည်း ၎င်းနှင့်ဆင်တူနေခြင်းဖြစ်သည်။
ထို့နောက် လေပွေနှစ်ခုသည် ဂေါ်လောခ့်ခေါင်းဆောင်၏ရှေ့သို့ ဘယ်နှင့်ညာမှရောက်ရှိလာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် အမြင့်၅မီတာမှ ၆မီတာခန့်အထိခုန်တက်လိုက်ပြီး ထိုတိုက်ခိုက်မှုနှစ်ခုလုံးအား လွတ်လွတ်ကျွတ်ကျွတ်ရှောင်တိမ်းလိုက်သည်။
ဓားသခင်၏တိုက်ခိုက်နိုင်စွမ်းသည် အလွန်အားကောင်းပေသည်။ သူသည် ရန်သူအားတိုက်ခိုက်နေချိန်တွင် အဆက်မပြတ်လည်ပတ်ခြင်းအားဖြင့် ခွန်အားကိုတိုးမြင့်ပေးနိုင်သည်။ ထိုတိုက်ခိုက်မှု၏တစ်ခုတည်းသော အားနည်းချက်မှာ အပေါ်သို့ခုန်တက်သွားသည့်ရန်သူနောက်သို့ လိုက်ပါရွေ့လျားနိုင်စွမ်းမရှိခြင်းဖြစ်သည်။
ထိုအချိန်တွင် ငြိမ်သက်နေသည့် လဲ့ဂေါင်နှင့်လဲ့မူတို့သည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့ကြသည်။ နောက်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် ဂေါ်လောခ့်ခေါင်းဆောင်၏ဦးခေါင်းထက်၌ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့၏လှုပ်ရှားမှုအား မျှော်လင့်ထားပြီးဖြစ်သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ကြီးမားသောအရှိန်အဟုန်ဖြင့် သူ၏ခြေသည်းများကိုအပေါ်သို့ရိုက်ထုတ်လိုက်သည်။ ထိုအချိန်တွင် ဆက်လက်တိုက်ခိုက်နေပါက ညီအစ်ကိုနှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရသွားမှာဖြစ်သည်။
ညီအစ်ကိုနှစ်ယောက် အသုံးပြုခဲ့သောလှည့်ကွက်များသည် ဧရာမဂေါ်လောခ့်များအပေါ် အသုံးဝင်သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် မတူညီသောအဆင့်၌ရှိသည်။
ယခုလည်း ဂေါ်လောခ့်ခေါင်းဆောင်၏ မြန်ဆန်သောတုံ့ပြန်မှုကြောင့် ညီအစ်ကိုနှစ်ယောက်သည် တိုက်ခိုက်မှုကိုစွန့်လွှတ်ခဲ့သည်။ သူတို့ကိုင်ဆောင်ထားသော သံတူနှင့်သံဆူးချွန်တို့သည် တစ်ခုနှင့်တစ်ခုတိုက်မိကြကာ ၎င်းမှထွက်ပေါ်လာသည့်တွန်းအားကိုအသုံးပြု၍ ထိုနေရာမှခုန်ထွက်လာကြသည်။
ဂေါ်လောခ့်ခေါင်းဆောင်သည် လူတိုင်းကိုအထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။ ဒါအကုန်ပဲလား...
သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်၏ မျက်နှာသည်ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူသည် ပါးစပ်ကိုဖွင့်လိုက်သည်နှင့် အလင်းတန်းတစ်ခုထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်အားဖုံးလွှမ်းသွားခဲ့သည်။ မှော်ဆရာအဖွဲ့သည် ထိုအခြေအနေအားအခွင့်ကောင်းယူကာ တိုက်ခိုက်ရန်ကြိုးစားခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်၏ ခန္ဓာကိုယ်အား အလင်းအုပ်ဆောင်းတစ်ခုကလွှမ်းခြုံလာချိန်တွင် မှော်တိုက်ခိုက်မှုအမျိုးမျိုးက အရှိန်အဟုန်ဖြင့်ရောက်ရှိလာခဲ့သည်။
သို့သော် ပထမဆုံးမှော်တိုက်ခိုက်မှုက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
လက်ရှိအချိန်၌ ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်သန်မာကြောင်း လူတိုင်းသိထားကြသည်။ ထို့ပြင် ၎င်းသည်အလွန်ခွန်အားကြီးမားရုံသာမက အလွန်လည်းတည်ငြိမ်ပေသည်။
ထို့ပြင် ရီလာနှင့်အခြားသောပဥ္စမအဆင့်မှော်ဆရာများသည် ဂေါ်လောခ့်ခေါင်းဆောင်၏ အစီအမံများနှင့်အစွမ်းသတ္တိတို့ဖြင့် ပုံဖော်ထားသည့်အလင်းအုပ်ဆောင်းကို ဖြတ်ကျော်တိုက်ခိုက်၍မရဘဲ ဂေါ်လောခ့်ခေါင်းဆောင်အား အသာစီးမရခဲ့ပေ။
သို့သော် ပထမတိုက်ခိုက်မှုအလုပ်မဖြစ်ပါက သူတို့သည်ဒုတိယမြောက်၊တတိယ၊စတုတ္ထအစရှိသည်ဖြင့် ဆက်တိုက်တိုက်ခိုက်သွားမှာဖြစ်သည်။
အသက်ရှုချိန်အနည်းငယ်ခန့်အတွင်း နှစ်ဖက်လုံးသည် ခုနှစ်ကြိမ်မှ ရှစ်ကြိမ်ခန့်အထိ အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်သည့်အကြိမ်တိုင်းတွင် လူသားသူရဲကောင်းများနှင့်မှော်ဆရာများသည် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်အတွက် မတူညီသောနည်းဗျူဟာများနှင့်နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
"သေစမ်း...ဘာလို့ဒီလောက်တောင်ခက်နေရတာလဲ"
ရှောင်ယုက တိုးတိုးလေးကျိန်ဆဲမိလိုက်သည်။ ထိုအချိန်တွင် အဝေးမှနေ၍ တစ်စုံတစ်ယောက်က သူတို့အားစိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။ ထိုမသိကိန်းက သူတို့အားလုံးအားသတ်ဖြတ်ရန် အခွင့်အရေးအားစောင့်မျှော်နေသလို ခံစားလိုက်ရသည်။
တိုက်ပွဲသည် ခဏရပ်တန့်သွားပြီးနောက် ပိုမိုပြင်းထန်လာခဲ့သည်။ ဂရင်း၊ဓားမြှောင်ကိုင်စစ်သည်နှင့်ညီအစ်ကိုနှစ်ယောက်တို့သည် ဂေါ်လောခ့်ခေါင်းဆောင်အား အလင်းတန်းကဲ့သို့လှည့်ပတ်နေခဲ့သည်။ ရံဖန်ရံခါတွင် သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ကို ပြင်းထန်စွာတိုက်ခိုက်၍ သူ၏ခန္ဓာကိုယ်ပေါ်၌ အမာရွတ်များကိုချန်ထားရစ်ခဲ့သည်။ သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်၏ ပြန်လည်ကုသနိုင်စွမ်းသည် ယခင်ဧရာမဂေါ်လောခ့်များနှင့်ယှဉ်လျင် ပိုမိုအားကောင်းပေသည်။
ဤအရာသည် မဟာမိတ်တပ်များ မျှော်လင့်မထားသည့်မြင်ကွင်းဖြစ်သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်သန်မာပြီး ၎င်းအားထိခိုက်နာကျင်စေအောင် ပြင်းပြင်းထန်ထန်ထိုးနှက်ခြင်းမလုပ်ဆောင်နိုင်ပေ။ ဤအတိုင်းသာဆက်ဖြစ်နေပါက လူသားများသည် ကြီးမားသောအန္တာရယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ပြင် ဂေါ်လောခ့်ခေါင်းဆောင်အား တိုက်ခိုက်နေသာသူရဲကောင်းသို့မဟုတ် မှော်ဆရာတစ်ယောက်ဒဏ်ရာရသွားပါက ဖွဲ့စည်းပုံတစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်သည်။