← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း ၃၈၅ - လျှို့ဝှက်ဆန်းကြယ်သောနတ်ဆိုးမှော်ဆရာ

ကံမကောင်းစွာဖြင့် ထိုတိုက်ခိုက်မှုများအားလုံးသည် ဂေါ်လောခ့်ခေါင်းဆောင်၏ ကိုယ်ပေါ်သို့ အလုံးစုံမကျရောက်ခဲ့ပေ။

ထိုသို့ကြီးကျယ်ခမ်းနားသော တိုက်ခိုက်မှုအပြီးတွင် သူတို့အုပ်စုကဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ခေတ္တမူးဝေနေသောအချိန်တွင် အမျိုးမျိုးသောတိုက်ခိုက်မှုများက အတောမသတ်အောင်ထွက်ပေါ်လာခဲ့သည်။

အဓိကကျသည့် အခိုက်အတန့်သည် မကြာမှီရောက်ရှိလာတော့မည်ကို လူတိုင်းသိရှိထားကြပေသည်။ နဂါးလေးနှင့်ခိုင်ရင်းတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ကို ယာယီထိန်းသိမ်းထားနိုင်သော်လည်း သူတို့သည်ကြာရှည်စွာဆက်ထိန်းထားနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လက်ရှိအချိန်သည် တိုက်ခိုက်မှုအားမြင့်တင်ရန် အကောင်းဆုံးအချိန်ဖြစ်ပေသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် အတောမသတ်အော်ဟစ်နေသည့်အတွက်ကြောင့် သူ၏အသံကပိုမိုတင်းကျပ်လာခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏တစ်ကိုယ်လုံးသည် ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နှက်နေခဲ့ပြီး သူ၏ဘယ်ညာလက်မောင်းများကို ဆုပ်ကိုင်ထားသော နဂါးလေးနှင့်ခိုင်ရင်းတို့အား ဖယ်ရှားရန်ကြိုးစားနေခဲ့သည်။ သူ၏ကြီးမားသောအမြီးက အဆက်မပြတ်လှုပ်ခါနေပြီး အခွင့်ကောင်းယူလိုသောလူအနည်းငယ်ကို အတင်းအကြပ်တွန်းဖယ်နေခဲ့သည်။

"လူယုတ်မာတွေ...လူယုတ်မာတွေ"

ဂေါ်လောခ့်ခေါင်းဆောင်သည် ဒေါသတကြီးအော်ဟစ်လိုက်သည်။ ဤဒဏ်ရာများသည် နှစ်ပေါင်းများစွာအတွင်း သူခံစားခဲ့ရသည့်အကြီးမားဆုံးဒဏ်ရာများဖြစ်ကြသည်။

"ငါတို့ရဲ့ရည်မှန်းချက်တွေဟာမတူညီကြသလို မှားယွင်းတဲ့အချိန်နဲ့မှားယွင်းတဲ့တည်နေရာကို ရောက်ရှိနေတာပဲ...ငါတို့ရဲ့တိုက်ပွဲကိုခုပဲအဆုံးသတ်လိုက်ရအောင်"

နီကိုးလပ်စ်က အေးစက်စွာအော်ဟစ်လိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် နီကိုးလပ်စ်ကို ခဏလောက်အေးစက်စွာစိုက်ကြည့်ရင်း တိတ်ဆိတ်နေခဲ့သော်လည်း သူသည်တစ်နေရာတည်းကိုစူးစိုက်၍ ကြည့်ရှုနေခဲ့သည်။

လေထုသည် အနည်းငယ်မှုန်မှိုင်းနေပုံရပြီး ဂေါ်လောခ့်အသေကောင်များစွာဖြင့် ဝိုင်းရံခံထားရသည့် ဂေါ်လောခ့်ခေါင်းဆောင်သည် တစ်ယောက်တည်းတိတ်ဆိတ်စွာရပ်နေခဲ့သည်။

ကောင်းကင်ယံကိုပင် ဆန့်ကျင်နိုင်သည့် ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော သူသည်ယခုလိုအဆုံးသတ်သွားရလိမ့်မည်ဟု သူမည်သည့်အခါကမှမတွေးဖူးခဲ့ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အားဤအကြောင်းကိုပြောလာခဲ့ပါက သူသည်ထိုလူအားကဲ့ရဲ့မိမှာဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်ပင်ငြိမ်သက်သွားခဲ့ပြီး သူသည်အဘယ်ကြောင့် ဤသို့အဆုံးသတ်သွားရသည်ကို ရှာဖွေရန်ကြိုးစားနေခဲ့သည်။ ပထမအချက်အနေဖြင့် သူသည်ရန်သူများကိုအလွန်အကျွံလျော့တွက်မိခဲ့သည်။ ဒုတိယအချက်အနေဖြင့် ဤလူသား၃ဦး၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ထူးခြားပေသည်။ သူတို့သည် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြချိန်တွင် ကြီးမားသောအဖျက်စွမ်းအားကိုပြသနိုင်ကြသည်။

အခြားသူများ၌လည်း အချို့တွင်အမှန်တကယ်ပင် သေစေနိုင်လောက်သည့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။ ထိုထဲတွင် ရီလာသည်အကောင်းဆုံးတိုက်ခိုက်သူဟု မဆိုလိုသော်လည်း သွေးနတ်သူငယ်တို့၏မှော်ပညာက ၎င်း၏စွမ်းအားကိုအပြည့်အဝထုတ်ဖော်နိုင်ခဲ့သည်။ အထူးသဖြင့် ရီလာသည်သွေးလှံတံအားဆုပ်ကိုင်ထားချိန်တွင် သူ၏စွမ်းအားသည်လွန်စွာတိုးတက်လာခဲ့သည်။

ထို့ပြင် တိုင်ရန်ဒီ၏နဂါးမီးမြှားများ၏အစွမ်းသည် ရီလာပြီးလျှင်ဒုတိယလိုက်လာခဲ့သည်။ ပေါက်ကွဲစေသော နဂါးမီးမြှားများသည် တိုင်ရန်ဒီ၏လက်ထဲတွင် ၎င်း၏အစစ်အမှန်အလားအလာကိုပြသနိုင်ခဲ့သည်။

ထို့ပြင် လီယိုနာဒို၏အဖွဲ့ရှိမှော်ဆရာသည် မှော်ဆရာခြောက်ယောက်ဖြင့် ဖန်တီးပုံဖော်ရသည့် ထူးဆန်းသောခြောက်ထောင့်မှော်အခင်းအကျင်းကို ဖန်တီးခဲ့သည်။ ထိုအခင်းအကျင်းသည် မှော်ဆရာ၆ယောက်၏စွမ်းအားကို ပေါင်းစပ်စေနိုင်ပြီး မီးနှင့်မိုးကြိုးကဲ့သို့သောအစွမ်းထက်သည့် မှော်မန္တန်တို့အားထုတ်ဖော်ကာ ဆဌမအဆင့်ဂေါ်လောခ့်ခေါင်းဆောင်ကိုပင် ထိခိုက်ပျက်စီးစေနိုင်သည်။

ထို့ပြင် အချို့သောအထူးဆေးများက ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမရှိဘဲ လူတိုင်း၏ခွန်အားကိုချက်ချင်းဆိုသလို တိုးပွားစေနိုင်သည်။

ထိုအချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်က ရုတ်တရက်ဟိန်းဟောက်လိုက်သည်။

"မင်းကဘာလို့ဆက်ပုန်းနေသေးတာလဲ...ငါသေသွားခဲ့ရင် မင်းကသူတို့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား"

ဂေါ်လောခ့်ခေါင်းဆောင်၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်းပြတ်ပြတ်သားသားကြားနိုင်ခဲ့သည်။

သူဘယ်သူနဲ့စကားပြောနေတာလဲ...

ရှောင်ယုက သက်ပြင်းချကာရေရွတ်လိုက်သည်။ သူသည်ယခင်က အဘယ်ကြောင့်စိတ်မသက်မသာဖြစ်နေရသည်ကို နောက်ဆုံးတွင်နားလည်သွားခဲ့ပြီဖြစ်သည်။ ထိုခံစားချက်သည် မသိစိတ်၏အနက်ရှိင်းဆုံးအပိုင်း၌ပင် အလွန်ပင်တိုးတိတ်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် လိမ်ညာရန်အကြောင်းမရှိပေ။ ဤနေရာတွင် နောက်ထပ်စွမ်းအားကြီးဖြစ်တည်မှုတစ်ခု ရောက်ရှိနေပြီဖြစ်သည်။

သူ၏အဝေးမြင်ကွင်းသည် အမည်မသိသောအန္တာရယ်များကို အထူးခံစားနိုင်စွမ်းရှိသည့်အတွက်ကြောင့် ရံဖန်ရံခါတွင် ၎င်းတို့အားကြိုတင်သိမြင်နိုင်စွမ်းရှိပေသည်။

ဂေါ်လောခ့်ခေါင်းဆောင်၏စကားအဆုံး၌ ပေါ့ပါးသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဟေ့...အဲလိုစကားမပြောနဲ့ မင်းကိုကယ်ဖို့အတွက် အချိန်ကောင်းကိုစောင့်နေတာ...ငါ့ကိုအပြစ်မတင်နဲ့"

အသံသည် ရှင်းလင်းပြတ်သားနေသော်လည်း မည်သည့်နေရာမှထွက်ပေါ်လာသည်ကို မည်သူမှမတွေ့မြင်လိုက်ကြပေ။

ဂေါ်လောခ့်ခေါင်းဆောင်သည် ဟိန်းဟောက်လိုက်ကာ စကားဆက်မပြောတော့ပေ။ ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းငြိမ်သက်သွားခဲ့သည်။

လူတိုင်း၏မျက်နှာသည် ကြည့်ရအဆင်မပြေတော့ပေ။ လက်ရှိအခြေအနေသည် သိပ်မကောင်းတော့ဘူး။ ထိုလူ၏အသံက ထွက်ပေါ်လာသော်လည်း သူ၏ခန္ဓာကိုယ်အစစ်အား မည်သူမှမတွေ့မြင်ကြပေ။ ထိုအရာသည် မည်သည်ကိုဆိုလိုသနည်း။ ထိုလူ၏စွမ်းအားသည် ဂေါ်လောခ့်ခေါင်းဆောင်၏အောက်တွင်မရှိကြောင်း သေချာပေသည်။

ဆဌမအဆင့်ကျွမ်းကျင်သူ နောက်ထပ်ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်...

ထိုအသံမှတဆင့် လူတိုင်းကဆုံးဖြတ်နိုင်ခဲ့သည်။ အထူးသဖြင့် အခင်းအကျင်းဖော်ဆောင်ထားသည့် ပဥ္စမအဆင့်ကျွမ်းကျင်သူများက ထိုအသံနှင့်ပတ်သက်၍ ပိုမိုကာစိတ်ခံစားချက်ပြင်းထန်ကြပေသည်။

နှစ်ဖက်လုံးသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။ နီကိုးလပ်စ်နှင့်အခြားသူများသည် ဒဏ်ရာများမှလျင်မြန်စွာ သက်သာကောင်းမွန်လာသော ဂေါ်လောခ့်ခေါင်းဆောင်ကို ကြည့်ရှုနေရုံသာတတ်နိုင်ကြသည်။ ထို့နောက်တွင် နီကိုးလပ်စ်က သူ၏တပ်များကို စတင်တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။

"သိပ်ပြီးစိတ်မပူကြနဲ့...အနည်းဆုံးတော့ ငါတို့ကိုထွက်လာပြီး တိုက်ခိုက်မှုမလုပ်သေးတာကိုကြည့်ရရင် ဒီလူကအသက်ကြီးပြီး စွမ်းအားတွေမထုတ်ဖော်နိင်လောက်တော့ဘူး"

နီကိုးလပ်စ်၏အမိန့်ပြီးဆုံးပြီးနောက်တွင် ရုတ်တရက်အသံထွက်လာပြီး ဂေါ်လောခ့်ခေါင်းဆောင်အနားရှိနေရာလွတ်သည် အပြောင်းအလဲဖြစ်သွားခဲ့သည်ကို လူတိုင်းခံစားမိလိုက်ကြပြီး နောက်အခိုက်အတန့်တွင် လူတစ်ယောက်ထွက်ပေါ်လာခဲ့သည်။

အတိအကျပြောရမည်ဆိုလျှင် ထိုလူသည် လူသားတစ်ယောက်၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော်လည်း အောစ့်နှင့်တူသော အလွန်ထူးဆန်းသောမျက်နှာပုံစံကို ပိုင်ဆိုင်ထားပေသည်။

အောစ့်မျိုးနွယ်ဝင်လား...

လူတိုင်းကအံ့သြသွားခဲ့ကြသည်။

"မင်းက ဘယ်သူလဲ"

ရှောင်ယုက ရုတ်တရက်မေးမြန်းလိုက်ရာ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ အံ့သြသွားခဲ့ကြသည်။ မင်းကဘာမေးနေသေးတာလဲ...သူ့ကိုတိုက်ရိုက် တိုက်ခိုက်တာမကောင်းဘူးလား....မင်းကသူတို့ကိုအသက်ရှုဖို့ အချိန်ပေးနေတာလား

"မင်းငါ့ကို အော်ဂတ်စတတ်လိုခေါ်နိုင်တယ်...ငါကနတ်ဆိုးမှော်ဆရာဖြစ်တဲ့ အောစ့်မျိုးနွယ်ဝင်ပဲ"

နတ်ဆိုးမှော်ဆရာဟု ယူဆရသော အောစ့်သည်သူ၏မေးစေ့ကို အနည်းငယ်ခါယမ်းလိုက်ပြီး ရှောင်ယုနှင့်အခြားသူများကို မထီမဲ့မြင်ကြည့်လိုက်သည်။

အောစ့်နတ်ဆိုးမှော်ဆရာ....

ရှောင်ယုအလွန်အံ့သြသွားခဲ့သည်။ ဤကောင်သည် အောစ့်နတ်ဆိုးမှော်ဆရာဆိုပါက မည်သည့်မျိုးနွယ်မှဖြစ်သနည်း။

"အောစ့်နတ်ဆိုးမှော်ဆရာ...အောစ့်မျိုးနွယ်စုအနည်းငယ်မှာသာ နတ်ဆိုးမှော်ဆရာတွေရှိကြတယ်...မင်းကဘယ်မျိုးနွယ်စုကဖြစ်ကြောင်း သက်သေပြနိုင်မလား..."

နီကိုးလပ်စ်က မကူညီနိုင်ဘဲမေးမြန်းလိုက်သည်။

"ဟမ့်...ငါဒီမှာထွက်ပေါ်လာပြီဆိုကတည်းက ဘယ်မျိုးနွယ်ကလည်းဆိုတာ မင်းတို့သိလိုက်သင့်ပြီ...သခင့်ရဲ့ခေါ်ဆိုသံအောက်မှာ ငါတို့တွေပြန်လည်ပေါ်ထွက်လာရခြင်းက သမိုင်းဝင်လိုအပ်ချက်တစ်ခုကြောင့်ဖြစ်တယ်"

အော်ဂတ်စတတ်ကပြုံးပြုံးလေးပြောလိုက်သည်။ သို့သော်အခြားသူများ၏အမြင်၌ ထိုအပြုံးသည်လွန်စွာဆိုးယုတ်ပေသည်။

"သတ်ဖြတ်ခြင်းအောစ့်မျိုးနွယ်စု(ဂေါ်ဒန်၏လက်အောက်ရှိမျိုးနွယ်)"

ဤမျိုးနွယ်စုသည် ဂေါ်ဒန်၏အုပ်ချုပ်မှုအောက်တွင်ရှိကြောင်း ရှောင်ယုနားလည်လိုက်သည်။ သို့ဖြစ်ရာ ဤနတ်ဆိုးမှော်ဆရာသည် သူတို့အားနှောင့်ယှက်ရန်ဤနေရာသို့ရောက်လာခြင်းအပေါ် အံ့သြစရာမရှိတော့ပေ။ ဂေါ်ဒန်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ နတ်ဆိုးမှော်ဆရာတစ်ယောက်ဟုခံယူထားခဲ့သည်။

"မင်းရဲ့သခင်...မင်းရဲ့သခင်ကပြန်လည်ထွက်ပေါ်လာပြီလို့ပြောတာလား...မင်းငါတို့ကိုလာနောက်နေတာလား"

နီကိုးလပ်စ်ကရယ်မော၍ပြောလိုက်သည်။ သို့သော်လည်း နီကိုးလပ်စ်သည် အနည်းငယ်ကြောက်ရွံ့နေခဲ့သည်။ ဤနတ်ဆိုးမှော်ဆရာက သူတို့၏သခင်သည် သူတို့အားပြန်လည်ဆင့်ခေါ်ခဲ့သည်ဟု ဆိုခဲ့သည်။ ဂေါ်ဒန်သည် ပြန်လည်မွေးဖွားလာသလော...

"ဟားဟား...ကောင်လေးတွေ မင်းတို့ကကမ္ဘာကြီးအကြောင်းကိုဘာမှနားမလည်သေးပါဘူး...ကောင်းပြီ စကားအပိုမပြောနဲ့တော့ စလိုက်ကြရအောင်...နတ်ဆိုးမှော်ဆရာတွေရဲ့စွမ်းအားကို မင်းတို့သိအောင်ပြသပေးပါရစေ...ငါဒီကမ္ဘာကြီးကိုမမြင်တွေ့ခဲ့ရတာ အတော်ကြာနေပြီ...သတ်ဖြတ်ခြင်းမျိုးနွယ်က နတ်ဆိုးမှော်ဆရာတွေရဲ့စွမ်းအားကို လူတွေမေ့နေကြမှာငါစိုးရိမ်တယ်"

အော်ဂတ်စတတ်က ကျယ်လောင်စွာရယ်မောရင်းပြောလိုက်သည်။

"တိုက်ကြ..."

နီကိုးလပ်စ်က အော်ဟစ်လိုက်သည်။

မဟာမိတ်တပ်သည် အုပ်စုနှစ်ခုခွဲကာ အုပ်စုတစ်ခုသည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ အပြေးအလွှားဝင်ရောက်သွားခဲ့ကြပြီး ကျန်တစ်ဖွဲ့မှာ ယခုမှပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာထံသို့ ပြေးဝင်သွားခဲ့သည်။

ရှောင်ယုသည် သူ၏တပ်များကို သူတို့နှင့်အနီးဆုံးဖြစ်နေသော ဂေါ်လောခ့်ခေါင်းဆောင်ကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာနှင့်ပတ်သက်၍ သူသည် အခြားသူများကိုသာတိုက်ခိုက်ခွင့်ပေးမည်ဖြစ်ကာ သူ၏သူရဲကောင်းများကို ထိခိုက်နာကျင်စေလိုခြင်းမရှိပေ။ ထို့ပြင် ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာ၏အင်အားသည် ဂေါ်လောခ့်ခေါင်းဆောင်ထက် အားကောင်းကြောင်းသေချာပေသည်။

ထိုအခိုက်အတန့်တွင် နတ်ဆိုးမှော်ဆရာထံပြေးဝင်သွားသည့် တပ်သားများသည် ပွင့်လင်းမြင်သာပုံရသည့် ဟင်းလင်းပြင်အတားအဆီးတစ်ခုကြောင့် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ သူတို့သည် ထိုနတ်ဆိုးမှော်ဆရာနှင့်အကွာအဝေးတစ်ခုခြားနေခဲ့ပြီး သူတို့မည်မျှပင်ကြိုးစားရှေ့တက်ပါစေ နီးစပ်လာခြင်းမရှိပေ။

ပိုမိုအံ့သြစရာကောင်းသည်မှာ သူတို့၏တိုက်ခိုက်မှုများသည် လျှိ့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာကို မည်သို့ပင်တိုက်ခိုက်ပါစေ မထိရောက်ခြင်းဖြစ်သည်။ ဟင်းလင်းပြင်အတားအဆီးသည် သူတို့၏ခန္ဓာကိုယ်အား ပိတ်ဆို့ထားသည်မှာဖြစ်နိုင်သော်လည်း သူတို့၏တိုက်ခိုက်မှုများကို ရပ်တန့်ထားရန်နည်းလမ်းမရှိသင့်ပေ။

သူတို့၏တိုက်ခိုက်မှုများသည် ဟင်းလင်းပြင်အတားအဆီးထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် တိုတောင်းသောအကွာအဝေးတစ်ခုထိ ထိရောက်မှုရှိသေးသော်လည်း နတ်ဆိုးမှော်ဆရာကို မထိမှန်ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုများသည် မမြင်နိုင်သောလက်ကြီးဖြင့် ညင်သာစွာလမ်းဖယ်ခံလိုက်ရသကဲ့သို့ နတ်ဆိုးမှော်ဆရာ၏ ဘေးနားတွင်သာအမြဲကျရောက်နေခဲ့သည်။

ထိုအချိန်တွင် နတ်ဆိုးမှော်ဆရာ၏ ပြင်ဆင်မှုလုပ်ငန်းစဉ်သည် အဆုံးသတ်သွားပုံရပြီး သူ၏ညာဘက်လက်အား ဝိုင်းရံတိုက်ခိုက်ခံနေရသော ဂေါ်လောခ့်ခေါင်းဆောင်ကို ညွန်ပြထားလိုက်သည်။

ထိုအချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် စတင်တောက်ပလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ပြင်းထန်လှသောနာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။

ဂေါ်လာခ့်ခေါင်းဆောင်၏ခွန်အားနှင့်အရှိန်သည် ရုတ်တရက်ဆိုသလို များစွာတိုးတက်လာခဲ့ပုံရပြီး သူ့အားတိုက်ခိုက်နေသူများကို တန်ပြန်တိုက်ခိုက်လိုက်သည်။

သို့သော်လည်း လူတိုင်းသည်ဒဏ်ရာအနည်းငယ် ရရှိသွားရုံမှလွဲ၍ မည်သည့်ပြသနာမှမကြုံတွေ့လိုက်ရပေ။

"ဒီမှာဘာတွေဖြစ်ကုန်တာလဲ...ဘာလို့သူ့ရဲ့ခွန်အားကရုတ်တရက်ကြီးတိုးလာရတာလဲ"

ရှောင်ယု၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။ သူသည်ယခုလိုလှည့်စားမှုမျိုးကို တစ်ခါမှမမြင်တွေ့ဖူးပေ။

လက်တစ်ချက်ညွန်ရုံနဲ့ မင်းရဲ့ခွန်အားကိုအဆုံးတိုင်ထိမြင့်တင်ပေးနိုင်တာလား...ငါသာဒီလှည့်ကွက်ကို သင်ယူနိုင်ခဲ့မယ်ဆိုရင် လူတိုင်းကိုအနိုင်ယူနိုင်မှာမဟုတ်လား

အချိန်ကြာလာသည်နှင့်အမျှ ဂေါ်လာခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့်ရွှေရောင်အလင်းသည် ပိုမိုတောက်ပလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မှစွမ်းအင်တို့သည်လည်း သူ၏ခန္ဓာကိုယ်ဆီသို့ အရှိန်အဟုန်ဖြင့်တိုးဝင်လာခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။

နီကိုးလပ်၏မျက်လုံးများတွင် တစ်စုံတစ်ခုကိုနားလည်သွားသည့် အရိပ်အယောင်များထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များကို တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်တွင်းသို့ အတင်းထိုးသွင်းပေးသည့် ဤသို့သောလှည့်ကွက်မျိုးသည် အလွန်ထူးခြားသော်လည်း နောက်ဆက်တွဲရလဒ်သည် အလွန်ဆိုးရွားပေသည်။

"နီကိုးလပ်စ် ဒီမန္တန်ကိုမင်းသိထားလား"

ရှောင်ယုကမေးမြန်းလိုက်သည်။

"ငါဒီအကြောင်းကိုသိပ်မသိဘူး...ဒါပေမဲ့ဒီဟာက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်ကိုသုံးပြီး အတင်းအကျပ်စွမ်းအားမြင့်ပေးတဲ့ လှည့်ကွက်တစ်ခုပဲ...အဆုံးသတ်မှာ ဂေါ်လာခ့်ခေါင်းဆောင်က ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ပေါက်ကွဲသွားမှာပဲ...ငါတို့ကသူ့ကိုတိုက်ခိုက်ပြီး အမြန်ဆုံးသတ်ဖြတ်ဖို့ကြိုးစားသင့်တယ်...မဟုတ်ရင် ပိုပြီးအန္တာရယ်ရှိလာလိမ့်မယ်"

နီကိုးလပ်စ်သည် လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။ လက်ရှိအခြေအနေသည် ထိန်းချုပ်၍မရနိုင်တော့ပေ။

အခန်း ၃၈၆ - သတ္တမအဆင့်ဖြစ်တည်မှုလား...

သူတို့သည် စိတ်မသက်မသာဖြစ်နေသော်လည်း စွမ်းအားကြီးကျွမ်းကျင်သူများအားလုံးကို ဂေါ်လောခ့်ခေါင်းဆောင်အား ကိုင်တွယ်ရန်စေလွှတ်ထားခဲ့သည်။

သူတို့သည် သာမန်တပ်သားများကို တိုက်ပွဲ၌မစေလွှတ်ခဲ့ပေ။ ဤသို့သောတိုက်ပွဲအဆင့်သည် သူတို့ပါဝင်နိုင်သည့်အရာမဟုတ်ပေ။

သူတို့အား တိုက်ပွဲ၌ပါဝင်ခိုင်းလျှင်ပင် အမြောက်စာအဖြစ်သာအသုံးပြုနိုင်မည်ဖြစ်သည်။ လှံပစ်စက်များကို ပိုင်ဆိုင်ထားသည့်ရှောင်ယု၏ အောစ့်တပ်သားများသည်သာ အဝေးပစ်တိုက်ခိုက်မှုဖြင့် ကဏ္ဍအချို့၌ပါဝင်နိုင်မည်ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာသည် သူ၏မျက်နှာကိုအနည်းငယ်စောင်းငဲ့လိုက်ပြီး စိတ်ဝင်တစားအမူအရာဖြင့် ပြုံးပြလိုက်သည်။

နဂါးလေး၊ခိုင်ရင်းနှင့်သွေးခြင်္သေ့တို့သည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ တဖန်ပြန်လည်ပြေးဝင်လာကြသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်ကိုပင် မထိခိုက်မိစေဘဲ ဂေါ်လောခ့်ခေါင်းဆောင်၏ခြေသည်းများဖြင့် ချက်ချင်းတွန်းထုတ်ခံလိုက်ရသည်။

ဘန်း..ဘန်း...ဘန်း

သူတို့၃ယောက်သားသည် မြေပြင်ပေါ်သို့လဲကျသွားခဲ့ကြပြီး အချိန်အတော်ကြာအောင် ပြန်မထနိုင်ခဲ့ကြပေ။ ယခုအခါ ဂေါ်လောခ့်ခေါင်းဆောင်၏ခွန်အားသည် အဆများစွာတိုးလာခဲ့ပြီး သူတို့၏ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။

နဂါးလေးသည် လဲကျနေရာမှကုန်းရုန်းထလာကာ ဂေါ်လောခ့်ခေါင်းဆောင်ကိုကြည့်၍ ကျိန်ဆဲရင်းအကူအညီတောင်းလိုက်သည်။

"အိုးသေစမ်း...အူသာရေငါ့ကိုပံ့ပိုးပေးဦး"

အူသာ၏ကောင်းချီးများသည် အောစ့်များအပေါ်၌မသက်ရောက်နိုင်သော်လည်း နဂါးလေးအတွက်မူအသုံးချနိုင်ပေသည်။ ရှောင်ယုသည်ပင်လျှင် ဤအချက်နှင့်ပတ်သက်၍ အလွန်ထူးဆန်းကြောင်းခံစားမိပေသည်။

"ဘုရင်၏ကောင်းချီး..."

အူသာသည် တည်ငြိမ်စွာဟစ်ကြွေး၍ သူ၏အစွမ်းအထက်ဆုံးသော ကောင်းချီးကိုအောင်မြင်စွာထုတ်ဖော်လိုက်သည်။

ထိုကောင်းချီးသည် သူတို့လူများသာမက ဂေါ်လောခ့်ခေါင်းဆောင်နှင့် နတ်ဆိုးမှော်ဆရာတို့ရှိရာဘက်ဆီသို့ပင် ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက်တွင် ပေါက်ကွဲသံများထွက်ပေါ်လာခဲ့ပြီး မဟာမိတ်တပ်၏ခွန်အားသည် နှစ်ဆတိုးလာခဲ့သည်။

"ဟေးဟေး...လူအိုကြီးဝူ(အူသာ)မင်းရဲ့ကောင်းချီးက တော်တော်စွမ်းတာပဲ...ကောင်းတယ်ကောင်းတယ်...ဒီနတ်ဆိုးအိုကြီးကိုအတူတူသတ်ဖြတ်ရအောင်"

နဂါးလေးသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများအားခံစားလိုက်ရသည့်အတွက်ကြောင့် ဝမ်းမြောက်ဝမ်းသာမြည်ကြွေးကာ တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

အခြားသောကျွမ်းကျင်သူများကလည်း အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ကြသည်။ သူတို့၏တစ်ကိုယ်လုံးသည် ခွန်အားများဖြင့်ပြည့်နှက်လာသည်ကို ခံစားမိလာကြသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ကိုယ်ပိုင်ခွန်အားကိုမြင့်တင်ရန်အတွက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အဆက်မပြတ်စုပ်ယူနေဆဲဖြစ်သည်။

ယခုအခါတွင် ဂေါ်လောခ့်ခေါင်းဆောင်၏ခွန်အားသည် ဆဌမအဆင့်အလယ်အဆင့်သို့ရောက်ရှိလာပြီး ဆက်လက်မြင့်တက်လာနေဆဲဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်ခန္ဓာကိုယ်မှ ဖောင်းကားနေသောသွေးကြောများနှင့်သွေးပြန်ကြောများကို အတိုင်းသားတွေ့မြင်နေရသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာသည် ဂေါ်လောခ့်ခေါင်းဆောင်၏ သေခြင်းရှင်ခြင်းကိုဂရုမစိုက်ကြောင်း ရှောင်ယုခံစားမိနေခဲ့သည်။ ထိုနတ်ဆိုးမှော်ဆရာထံ၌ အခြားအစီအစဉ်များရှိနေသင့်၍ ရှောင်ယုကစိတ်မသက်မသာဖြစ်နေခဲ့သည်။

တစ်ဖက်တွင် ကောင်းချီးကိုလက်ခံရရှိသော စတုတ္ထအဆင့်ကျွမ်းကျင်သူများ၏စွမ်းအားသည် နှစ်ဆတိုးလာပြီးနောက်တွင် ပဥ္စမအဆင့်အလယ်အလတ်သို့ရောက်ရှိလုနီးပါးဖြစ်သွားခဲ့သည်။ ပဥ္စမအဆင့်ကျွမ်းကျင်သူအများစုမှာ ပဥ္စမအဆင့်အထွတ်အထိပ်သို့ရောက်ရှိလာကြပြီး အချို့မှာဆဌမအဆင့်သို့ပင် ရောက်ရှိသွားခဲ့ကြသည်။

မူလက ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်ခဲ့သော ရီလာသည်ပို၍ပင်အစွမ်းထက်လာခဲ့ပြီး ဆဌမအဆင့်အလယ်အဆင့်ကိုပင် ကျော်လွန်သွားခဲ့သည်။

နောက်ထပ်တဖန် နဂါးလေးသည်အဓိကတိုက်ခိုက်သူဖြစ်လာခဲ့သည်။ သို့သော် ဂေါ်လောခ့်ခေါင်းဆောင်က ဆက်တိုက်အစွမ်းမြင့်လာ၍ ၎င်းနှင့်ရင်ဆိုင်ရန်မှာလွယ်ကူသောကိစ္စတစ်ခုမဟုတ်ခဲ့ပေ။

သွေးခြင်္သေ့၏အရွယ်အစားသည် ယခင်ကထက်၁ဆခန့်ပိုမိုကြီးထွားလာပြီး ဂေါ်လောခ့်ခေါင်းဆောင်ကို တိုက်ခိုက်လိုက်သည်။

ကောင်းကင်ယံ၌ ကဲလ်သက်ဆင့်ခေါ်ထားသော မီးဖီးနစ်သည် အဆက်မပြတ်ကခုန်နေပြီး မီးတောက်တိုက်ခိုက်မှုများအား အထပ်ထပ်အခါခါအသုံးပြုနေခဲ့သည်။ ကဲလ်သက်သည် အခွင့်အရေးမှန်သမျှကိုဆုပ်ကိုင်ရန် အခွင့်အရေးကိုလက်လွတ်ခံမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူ့ထံ၌မှော်စွမ်းအင်လုံလောက်နေသရွေ့ ဖီးနစ်အားပြန်လည်ဆင့်ခေါ်နိုင်သည်။

မှော်ဆေးရည်သည် ရှောင်ယု၏ကြီးမားသောဝှက်ဖဲတစ်ချပ်ဖြစ်သည်။

တိုင်ရန်ဒီသည် နဂါးမီးတောက်မြှားကိုထုတ်ယူချိန်ရွယ်လျက်ရှိပြီး ဂေါ်လောခ့်ခေါင်းဆောင်အား ချိန်ရွယ်ထားကာ ပစ်ခတ်ရန်အတွက် အခွင့်ကောင်းတစ်ခုအား စောင့်မျှော်နေဆဲဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် တိုင်ရန်ဒီ၏နဂါးမီးမြှားကို အမှန်တကယ်ကြောက်ရွံ့နေပြီဖြစ်ရာ တိုင်ရန်ဒီသည်မြှားကိုပစ်လွှတ်ရန်အတွက် သေချာသောအခွင့်အရေးကိုမပေးပေ။ ထို့ကြောင့် တိုင်ရန်ဒီသည် မြှားဖြင့်ချိန်ရွယ်ထားသော်လည်း အလျင်စလိုမတိုက်ခိုက်ခဲ့ပေ။

တံစဉ်ကိုင်စစ်သည်(အရင်အပိုင်းတွေက ဓားမြှောင်ကိုင်စစ်သည်လို့သုံးထားခဲ့ပါတယ်)၊ဂရင်း၊လဲ့ညီအစ်ကိုတို့သည် ဂေါ်လောခ့်ခေါင်းဆောင်အား အနှောင့်အယှက်ဖြစ်စေသော ယင်ကောင်တစ်ကောင်ကဲ့သို့ပြုမူနေခဲ့သည်။

ဓားကိုင်စစ်သည်တော်ကလည်း တိုက်ပွဲ၌ပါဝင်လာခဲ့ကာ ဒိုင်းကိုင်စစ်သည်တော်နှင့်အတူပူးပေါင်း၍ ဂေါ်လောခ့်ခေါင်းဆောင်၏ အားနည်းချက်များကို ဆက်လက်၍တိုက်ခိုက်နေခဲ့သည်။

ယခုအချိန်တွင် လီယိုနာဒိုမှလွဲ၍ လူတိုင်းတိုက်ပွဲဝင်နေကြသည်။

လီယိုနာဒို၏အဓိကတပ်ဖွဲ့တွင် မှော်ဆရာများပါဝင်ပြီး သူသည်လည်းအခြားမှော်ဆရာများအား ညွန်ကြားရင်းအလုပ်ရှုပ်နေခဲ့သည်။

"မှော်ဆရာတွေသတိထားကြ...ခေါင်းလောင်း၃ခုအခင်းအကျင်းကိုပုံဖော်ကြ"

လီယိုနာဒိုသည် သူ့လက်များကိုဝှေ့ယမ်း၍ မှော်ဆရာများကိုအမိန့်ပေးလိုက်သည်။

လီယိုနာဒိုက အမိန့်ပေးပြီးနောက်တွင် မှော်ဆရာများသည် ထူးဆန်းသောအခင်းအကျင်းတစ်ခုအား ဟန်ချက်ညီညီဖြင့် စတင်ပုံဖော်ခဲ့သည်။ ထိုမှော်အခင်းအကျင်းသည် တြိဂံပုံစံဖြစ်ပြီး အလယ်တွင်ကျယ်ဝန်းသောနေရာလွတ်တစ်ခုရှိသည်။ အလယ်အလတ်ပဥ္စမအဆင့်မှော်ဆရာသည် ထိုနေရာလွတ်၌မတ်တပ်ရပ်နေခဲ့သည်။

အခြားသောမှော်ဆရာများသည်လည်း ယခင်နည်းအတိုင်းပင် အုပ်စုတစ်ခုအဖြစ်ဖြန့်ခွဲလိုက်ကြပြီး တြိဂံပုံစံမှော်အခင်းအကျင်းအား ဖော်ဆောင်လိုက်ကြသည်။

ထို့ကြောင့် အခင်းအကျင်းသည် အတွင်းပိုင်းတြိဂံနှင့်အပြင်ဘက်တြိဂံဟူ၍ အပြန်အလှန်ဆက်နွယ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

"တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ"

လီယိုနာဒိုသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် အခြားသူများမှဝိုင်းရံတိုက်ခိုက်နေသော ဂေါ်လောခ့်ခေါင်းဆောင်အား ညွန်ပြလိုက်သည်။

အခင်းအကျင်းစတင်ပြီးနောက် မှော်စွမ်းအင်များသည် တြိဂံအလယ်၌ရပ်နေသော အလယ်အဆင့်ပဥ္စမအဆင့်မှော်ဆရာဆီသို့ စီးဝင်သွားခဲ့ကြပြီး ထိုမှော်ဆရာသည်သူ့လက်ထဲ၌ ကိုင်ဆောင်ထားသော အဆင့်မြင့်မှော်တုတ်တံဖြင့် ပစ်မှတ်အားတိုက်ခိုက်လိုက်သည်။

ထို့နောက် ကြီးမားပြီး ပြိုးပြိုးပျက်ပျက်တောက်ပနေသော ငွေရောင်အလင်းတန်းတစ်ခုသည် မှော်တုတ်တံမှထွက်ပေါ်လာခဲ့ကာ ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ တိုးဝင်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်အား တိုက်ခိုက်နေသော နဂါးလေးနှင့်ခိုင်ရင်းတို့သည် ရုတ်တရက်ဆိုသလို သူတို့အနားသို့ကြီးမားသောအန္တာရယ်တစ်ခုချည်းကပ်လာသည်ကို ခံစားမိလိုက်ပြီးနောက် ချွေးအေးများစီးကျလာခဲ့သည်။ သူတို့သည် ထိုငွေရောင်အလင်းတန်းကိုသတိထားမိချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏နောက်သို့ အလျင်အမြန်ထွက်ပြေးလိုက်ကြသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ကျယ်လောင်စွာအော်ဟစ်ကာ ထိုငွေရောင်အလင်းတန်းအား ပိတ်ဆို့ရန်အတွက် သူ၏လက်များကိုအသုံးပြုခဲ့သည်။ ထို့နောက် ရွှေရောင်အလင်းများရုတ်တရက်ထွက်ပေါ်လာကာ ဂေါ်လောခ့်ခေါင်းဆောင်ကိုကာကွယ်ရန် ကန့်လန်ကာတစ်ခုကိုဖန်တီးလိုက်သည်။

၎င်းသည် မှော်ဆရာများမှ စုပေါင်းလုပ်ဆောင်ခဲ့သည့် ကြီးမားသောမှော်စွမ်းအင်တိုက်ခိုက်မှုတစ်ခုဖြစ်ကာ သာမန်လူများ ခုခံနိုင်သည့်အရာတစ်ခုမဟုတ်ပေ။ ဂေါ်လောခ့်ခေါင်းဆောင်၏ ရွှေရောင်ကန့်လန်ကာသည်ပင် ထိုငွေရောင်အလင်းကို မခုခံနိုင်ခဲ့ပေ။

ဘန်း...

ပေါက်ကွဲမှုဖြစ်ပေါ်လာပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ ရွှေရောင်ကန့်လန်ကာသည်ကျိုးပျက်သွားကာ ငွေရောင်အလင်းတန်းက လာရောက်ထိမှန်ခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် တောင်ကြီးတစ်ခုနှင့်ထိတိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်က ချက်ချင်းလွှင့်ထွက်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ ပါးစပ်မှနေ၍သွေးများစီးကျလာပြီး အံ့သြသွားခဲ့ရသည်။ လူအချို့၏မှော်စွမ်းအင်များကို ပေါင်းစည်းပေးနိုင်သည့် မှော်အခင်းအကျင်းလေးတစ်ခုက ဤမျှကြီးမားသောအဖျက်စွမ်းအင်ကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူဘယ်တော့မှ မထင်ထားခဲ့ပေ။

ဂေါ်လောခ့်ခေါင်းဆောင်နှင့် မှော်ဆရာများအကြား ခွန်အားကွာဟမှုက အလွန်ကြီးမားသည်ကိုမေ့ထား၍မရပေ။ သို့သော် ယခုမှော်အခင်းအကျင်းက ဂေါ်လောခ့်ခေါင်းဆောင်ကို ပြင်းထန်စွာထိခိုက်စေခဲ့သည်။ ထိုမှော်အခင်းအကျင်း၌ စွမ်းအားကြီးမှော်ဆရာတစ်ယောက်ပါဝင်လာပါက ဂေါ်လောခ့်ခေါင်းဆောင်အား တိုက်ရိုက်ပင်သတ်ဖြတ်နိုင်လောက်သည်။

အချိန်အတော်ကြာပြီးနောက် ခြေလှမ်းသုံးလေးဆယ်ခန့် နောက်ဆုတ်ပေးလိုက်ပြီး ဂေါ်လောခ့်ခေါင်းဆောင်သည် သွေးတစ်ဗွက်အန်ထုတ်လိုက်ပြီး သူ့ကိုယ်သူပြန်လည်တည်ငြိမ်စေလိုက်သည်။ ထို့နောက် သူ့နောက်တွင်ရှိနေသော လဲ့ညီအစ်ကိုအား လျင်မြန်စွာတိုက်ခိုက်လိုက်သည်။ အမြီးရိုက်ချက်ကြောင့် လဲ့ညီအစ်ကိုနှစ်ယောက်သည် လေထဲသို့အဝေးကြီးလွှင့်ထွက်သွားကာ မြေပေါ်သို့အရှိန်ပြင်းစွာရိုက်ခတ်မိခဲ့သည်။ သူတို့သည် အချိန်အတော်ကြာရုန်းကန်ခဲ့သော်လည်း ပြန်မထနိုင်သေးပေ။

အူသာ၏ကောင်းချီးကြောင့်သာမဟုတ်ပါက သူတို့နှစ်ယောက်သေဆုံးသွားရမည်ဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ဒေါသတကိုဆက်မထိန်းနိုင်တော့ဘဲ သူလက်ရှိထုတ်ဖော်နိုင်သော အစွမ်းအထက်ဆုံးတိုက်ခိုက်မှုများကို ဆက်တိုက်အသုံးပြုခဲ့သည်။

မှော်အခင်းအကျင်း၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်စွမ်းအားမြင့်သော်လည်း ၎င်းသည် ဂေါ်လောခ့်ခေါင်းဆောင်အား လုံလောက်သော ထိခိုက်မှုမဖြစ်စေခဲ့ပေ။ ထိုအရာအားလုံးသည် နတ်ဆိုးမှော်ဆရာအော်ဂတ်စတတ်၏ မန္တန်နှင့်လည်းများစွာသက်ဆိုင်ပေသည်။ ထိုအတွက်ကြောင့်သာမဟုတ်ပါက ဂေါ်လောခ့်ခေါင်းဆောင်သည် သေဆုံးပြီးဖြစ်နေပြီဖြစ်သည်။

နောက်ထပ်တစ်ကြိမ်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် ပိုမရုအာရုံစိုက်လာတော့မည်ဖြစ်ရာ ထပ်မံ၍ဒဏ်ရာကြီးကြီးမားမားဖြစ်စေရန် ခက်ခဲတော့မည်ဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်သနားစရာကောင်းသည့် အခြေအနေသို့ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် အော်ဂတ်စတတ်သည်ခေါင်းယမ်းကာ ပြုံးမိလိုက်သည်။ ထို့နောက် ဂေါ်လောခ့်ခေါင်းဆောင်ဆီသို့ အနက်ရောင်စွမ်းအင်အလင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

ရေထဲသို့ ဆာလဖျူရစ်အက်စစ် ကျဆင်းသွားသကဲ့သို့ ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများဖြာထွက်လာပြီး အနက်ရောင်အလင်းများဖြင့်ရောနှောသွားခဲ့သည်။ ခဏအကြာတွင် မီးခိုးဖျော့ဖျော့သန်းသော အရောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။

ထိုပြောင်းလဲမှုအပြီးတွင် ကောင်းကင်နှင့်မြေကြီးမှစွမ်းအင်အမြောက်အများသည် အချိန်တိုအတွင်း ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်ထဲ ပြေးဝင်လာခဲ့သည်။ အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက်တွင် သူ၏ခွန်အားသည် ဆဌမအဆင့်သို့ထိုးတက်လာပြီး ဆဌမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လူတိုင်းသည် ခွန်အားအဆက်မပြတ်တိုးနေသော ဂေါ်လောခ့်ခေါင်းဆောင်ကိုကြည့်ရင်း တုန်လှုပ်သွားခဲ့ကြသည်။ ထို့နောက် ဂေါ်လောခ့်ခေါင်းဆောင်၏ ခန္ဓာကိုယ်နှင့်ကြွက်သားများသည် ကန့်သတ်ချက်အထိ ကြီးထွားလာခဲ့သည်။ ထို့ပြင် သူ၏ကြံ့ခိုင်မှုသည်လည်း တိုးတက်နေတုံးဖြစ်သည်။

"ဒီနတ်ဆိုးအိုကြီးရဲ့ခွန်အားက သတ္တမအဆင့်ကိုတောင်ရောက်သွားနိုင်လောက်လား...သူသာသတ္တမအဆင့်ကိုရောက်ရင် ငါတို့တော့သွားပြီ"

ဂေါ်လောခ့်ခေါင်းဆောင်၏စွမ်းအားသည် အလွန်ပင်ကြောက်စရာကောင်းနေသည့်အတွက်ကြောင့် ရှောင်ယုသည်ပင်မည်သို့မှလုပ်နိုင်စွမ်းမရှိပေ။

"သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်မှာမဟုတ်ဘူး...ဆက်ပြီးတော့စောင့်ကြည့်ရအောင်"

နီကိုးလပ်စ်က သတိထား၍ပြောလိုက်သည်။ယခုအချိန်၌ သူတို့ထံတွင်အခြားရွေးချယ်စရာမရှိတော့ပေ။ အရာအားလုံးသည် ဂေါ်လောခ့်ခေါင်းဆောင်အပေါ် မူတည်နေခဲ့သည်။

အခန်း ၃၈၇ - ဂေါ်လောခ့်ခေါင်းဆောင်သေဆုံးခြင်း

ဂေါ်လောခ့်ခေါင်းဆောင်၏ အခြေအနေသည် အမှန်တကယ်ပင် မကောင်းလှပေ။

နဂိုကတည်းက သူ၏ခန္ဓာကိုယ်သည် အလွန်များပြားလှသည့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များဖြင့် လွှမ်းမိုးခံထားရခြင်းဖြစ်သည်။ ယခုအခါတွင် အော်ဂတ်စတတ်က သူ့အားအတင်းအကျပ်စွမ်းအားမြင့်ပေးနေ၍ ပိုမိုနာကျင်လာခဲ့သည်။

ဤအရာသည် သူ၏ကိုယ်ပိုင်စွမ်းအားမဟုတ်ကြောင်း ဂေါ်လောခ့်ခေါင်းဆောင် ခံစားမိပေသည်။ သူ၏တိုက်ခိုက်မှုစွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းလာကာ သူ၏စွမ်းအားသည်သတ္တမအဆင့်သို့ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် ဤသို့စွမ်းအင်များစွာကို ခံနိုင်ရည်မရှိသလောက်ဖြစ်နေပြီး သူ၏ဝိညာဉ်သည်လည်း အက်ကွဲမတတ်တုန်ခါနေခဲ့သည်။

ဝိညာဉ်သည် အသက်၏အခြေခံအုတ်မြစ်ဖြစ်ပေသည်။ စိတ်ဝိညာဉ်ပေါ်၌ တုန်ခါခြင်းသို့မဟုတ် အက်ကွဲခြင်းကဲ့သို့သော ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာပါက သူ၏ကျန်ရှိနေသောဘဝသည် လုံးဝပြီးဆုံးသွားမည်ဖြစ်သည်။

သူ၏ချွန်ထက်သောခြေသည်းများသည် လူသားများထက်ပိုမိုသာလွန်ပေသည်။ သူသည် ချွန်ထက်သောလက်သည်းများကို အသုံးပြု၍ လက်ဝှေ့သမားကဲ့သို့သော နဂါးလေးနှင့်ခိုင်ရင်းတို့အား တိုက်ခိုက်နေခဲ့သည်။

ဘန်း...ဘန်း

ပေါက်ကွဲသံနှစ်ခုဖြစ်ပေါ်လာပြီးနောက် နဂါးလေးနှင့်ခိုင်ရင်းတို့သည် လေပါ်သို့ပျံတက်သွားခဲ့ကာ သွေးများအန်ထုတ်လိုက်ရသည်။

ထိုတိုက်ခိုက်မှုကြောင့် နဂါးလေးနှင့်ခိုင်ရင်းတို့ တုန်လှုပ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ဂေါ်လောခ့်ခေါင်းဆောင်ထက် အားနည်းခြင်းမရှိသော်လည်း ယခုမူရိုက်ချက်တစ်ခုတည်းဖြင့် သွေးများဆက်တိုက်အန်ထုတ်လိုက်ရသည်။

နဂါးလေးသည် သူ၏ပါးစပ်ထောင့်ရှိသွေးများကို သုတ်လိုက်ရင်း မျက်နှာအမူအရာပျက်ယွင်းသွားခဲ့သည်။ ခိုင်ရင်းသည် ကျယ်လောင်စွာဟစ်အော်လိုက်ကာ ဂေါ်လောခ့်ခေါင်းဆောင်၏ အရိုးတိုင်းကိုချိုးဖျက်လိုဟန်ဖြင့် မုန်းတီးစွာစိုက်ကြည့်လိုက်သည်။

သူတို့နှစ်ယောက်လုံးသည် အလွန်ဒေါသထွက်နေသော်လည်း စိတ်လွတ်ကိုယ်လွတ်မတိုက်ခိုက်ခဲ့ပေ။ အကြောင်းပြချက်မှာ အလွန်ရိုးရှင်းပေသည်။ ယခုအခါတွင် ဂေါ်လောခ့်ခေါင်းဆောင်သည် လုံးဝရူးသွပ်နေသောအခြေအနေသို့ ရောက်ရှိနေပြီး သူတို့သာစိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်လိုက်ပါက သူတို့သည်ပိုမိုပြင်းထန်သောဒဏ်ရာများဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။

သူတို့နှစ်ယောက်သည် အနာကျက်ဆေးများကို လျင်မြန်စွာမျိုချလိုက်ကြပြီး သူတို့၏ဒဏ်ရာများကိုကုသလိုက်သည်။ အူသာသည် သူတို့နှစ်ယောက်လုံးအား ကုသပေးရန်အတွက် သန့်ရှင်းသောအလင်းရောင်ကို အသုံးပြုပေးခဲ့သည်။

ဤအချိန်တိုလေးအတွင်း၌ ဂေါ်လောခ့်ခေါင်းဆောင်သည် တစ်ချိန်ကသူ့အား နောက်ကျောမှနေ၍ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ဒိုင်းနှင့်ဓားကိုင်စစ်သည်ကို ဒေါသတကြီးတိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ဒိုင်းနှင့်ဓားကိုင်စစ်သည်တော်သည် ထိုတိုက်ခိုက်မှုမှလွတ်မြောက်နိုင်ခဲ့သည်။

"သေစမ်း...ယင်ကောင်တွေ ငရဲကိုသွားတော့"

ဂေါ်လောခ့်ခေါင်းဆောင်သည် ဂရင်းနှင့်တံစဉ်ကိုင်စစ်သည်တို့၏နောက်တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အမှန်တော့ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်နောက်၌ ရှိနေခဲ့ကြသော်လည်း တခဏလေးအတွင်း၌ ဂေါ်လောခ့်ခေါင်းဆောင်ကသူတို့နောက်၌ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကျယ်လောင်သောလေတိုးသံနှင့်အတူ လက်သည်းနှစ်ချက်က သူတို့နှစ်ယောက်သား၏နောက်ကျောကို ထိမှန်သွားခဲ့သည်။

ဒိုင်း...ဒိုင်း

ထိုသို့ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် ဂရင်းနှင့်တံစဉ်ကိုင်စစ်သည်တို့သည် နွံအိုင်တွင်းသို့ထိုးကျသွားခဲ့သည်။

"အာ...ဂရင်း...မြန်မြန် သူ့ကိုကယ်ကြ...တိုင်ရန်ဒီ အဲငနဲကိုဖိနှိပ်ထား"

ရှောင်ယုသည် နဂါးလေးနှင့်ခိုင်ရင်းတို့ ဒဏ်ရာရသွားသည်ကိုကြည့်၍ အံ့သြနေသောအချိန်တွင် ဂရင်းကထပ်မံ၍ ဒဏ်ရာရရှိသွားသည့်အတွက်ကြောင့် သူသည်နဂါးမီးမြှားများ ကုန်ဆုံးသွားမည်ကို ဆက်လက်ဂရုမစိုက်တော့ပေ။

ပေါက်ကွဲစေတဲ့နဂါးမီးမြှား ၅ချောင်းပဲရှိတော့ ဘာလုပ်ရမှာလဲ....အဲ့ဒါတွေအကုန်လုံးအသုံးပြုပြီးလို့ အခြားသူတွေဒဏ်ရာမရအောင်ကယ်တင်နိင်ရင် အဲ့ဒါကထိုက်တန်တယ်...

တိုင်ရန်ဒီသည် နဂါးမီးမြှားကိုအသုံးပြုရန် တုံ့ဆိုင်းမနေတော့ဘဲ သူမ၏ပစ်မှတ်ကို ဂေါ်လောခ့်ခေါင်းဆောင်၏ဦးခေါင်းမှ ရင်ဘတ်ဆီသို့ပြောင်းလဲလိုက်သည်။ သူမ၏လက်ချက်ကြောင့် ဂေါ်လောခ့်ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိသွားပါက ထိုက်တန်ပေသည်။

ဒိုင်း...

ပြင်းထန်သောပေါက်ကွဲမှုကဖြစ်ပွားလာပြီး ဂေါ်လောခ့်ခေါင်းဆောင်သည် မီးခိုးနှင့်ဖုန်မှုန့်များအကြားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ရင်ဘတ်တွင် သွေးများစီးကျနေပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထင်ရှားပေသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ထိုမြှားကိုအချိန်မှီ တားဆီးနိုင်ခဲ့သောကြောင့် ကံကောင်းသည်ဟုဆိုနိုင်ပေသည်။ အကယ်၍ သူသာထိမှန်ခံရပါက ပြင်းထန်စွာဒဏ်ရာရသွားမည်ဖြစ်ကာ သူ၏ကံကောင်းသောနေ့ရက်များ ကုန်ဆုံးသွားမည်ဖြစ်သည်။

သို့သော်လည်း နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ဂေါ်လောခ့်ခေါင်းဆောင်အား အသက်ရှုခွင့်မပေးဘဲ မှော်စာလိပ်များကို တွန့်ဆုတ်ခြင်းမရှိ အဆက်မပြတ်အသုံးပြုခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူတို့သည်ဤကြောက်စရာကောင်းသည့် နတ်ဆိုးအိုကြီးကိုသတ်ဖြတ်နိုင်သရွေ့ အဆင်ပြေပေသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏အသွင်အပြင်သည် ပိုမိုသနားစဖွယ်ကောင်းလာခဲ့သည်။ သူ၏မျက်လုံးတစ်ခြမ်းသာဖွင့်နေပြီး တစ်ခြမ်းပိတ်ဆို့နေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများနှင့်ပြည့်နှက်နေခဲ့သည်။

စတုတ္ထအဆင့်မှော်စာလိပ်များသည် ယခုအချိန်၌ ဂေါ်လောခ့်ခေါင်းဆောင်အားရင်ဆိုင်ရန် အသုံးမဝင်ပေ။ သို့ဖြစ်ရာ သူတို့အသုံးပြုသောမှော်စာလိပ်တိုင်းသည် ပဥ္စမအဆင့်နှင့်အထက်ဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ဒေါသပေါက်ကွဲသွားက သူ၏ခန္ဓာကိုယ်သည် တဖန်ပြန်လည်တုန်ခါသွားခဲ့သည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီးမှရက်စက်ကြမ်းကြုတ်သောစွမ်းအင်များက ဂေါ်လောခ့်ခေါင်းဆောင်၏ဒဏ်ရာများကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေခဲ့သည်။ ခဏအကြာတွင် ဒဏ်ရာများမှသွေးများမထွက်တော့ပေ။ သူသည် နာကျင်မှုကိုခံစားနေရဆဲဖြစ်သော်လည်း သွေးထွက်မလွန်သရွေ့ အဆင်ပြေပေသည်။

"ဟမ့်... မလုံလောက်သေးဘူး...ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင် ငါသတ္တမအဆင့်ကိုဝင်ရောက်နိုင်လိမ့်မယ်...ငါသတ္တမအဆင့်ကိုဝင်ရောက်ဖို့ လိုနေတယ်"

ဂေါ်လောခ့်ခေါင်းဆောင်က စဉ်းစားလိုက်သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏မိသားစုများသည် အလွန်ကြီးမားသော်လည်း မှော်စာလိပ်များကို စိတ်တိုင်းကျအသုံးပြုရန် မဖြစ်နိုင်ပေ။ မှော်စာလိပ်များသည် အမှိုက်များမဟုတ်ကြပေ။ ၎င်းတို့၏စျေးနှုန်းသည် အလွန်မြင့်မားလှပြီး အသက်ကယ်ရန်အတွက်သာ အသုံးပြုသင့်ပေသည်။

ရှောင်ယု၏အခြေအနေသည်လည်း အလွန်သနားစရာကောင်းနေခဲ့သည်။ သူသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်ရင်ဆိုင်နေရသော်လည်း လျှို့ဝှက်ဆန်းကြယ်သော အော်ဂတ်စတတ်အားရင်ဆိုင်ရန်အတွက်လည်း နဂါးမီးမြှားအချို့အား ချန်ရစ်ထားလိုခဲ့သည်။ အဆုံးသတ်တွင် အော်ဂတ်စတတ်သည် ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

ထိုအချိန်တွင် ခွန်အားကိုအရူးအမူးလိုအပ်နေသော ဂေါ်လောခ့်ခေါင်းဆောင်သည် ကောင်းကင်နှင့်မြေကြီး၏ ရက်စက်ကြမ်းကြုတ်သောစွမ်းအင်ကို စုပ်ယူရန်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်လည်း တုန်လှုပ်သွားခဲ့သည်။ အဆုံးသတ်တွင် သူသည်မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်မှုကြောင့်မြေပေါ်သို့ လူးလိမ့်မိလိုက်သည်။

တဖြည်းဖြည်းနှင့်ဂေါ်လောခ့်ခေါင်းဆောင်၏အသံသည် အားနည်းလာခဲ့ပြီး အဆုံးသတ်တွင် မည်သူကမှသူ၏အသံကို မကြားနိုင်ကြတော့ပေ။

သေပြီလား ...

လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုသို့တကယ်ဖြစ်လာခဲ့လျှင် မည်လောက်ကောင်းလိုက်မနည်း...

ဂေါ်လောခ့်ခေါင်းဆောင်သည် မြေပြင်ပေါ်၌ လူးလိမ့်နေသည်ကိုမြင်သောအခါတွင် လူတိုင်း၏နှလုံးသားထဲ၌ ဖိနှိပ်ထားသည့်ကျောက်တုံးကြီးသည် ပြုတ်ကျလာခဲ့တော့သည်။ ဤနတ်ဆိုးအိုကြီးသည် ကြီးမားသောဝေဒနာအား ဆက်လက်တောင့်မခံနိုင်တော့ဘဲ သေဆုံးသွားတော့မည်ဖြစ်သည်။

သို့သော် နီကိုးလပ်စ်၊လီယိုနာဒိုနှင့်ရှောင်ယုတို့၏မျက်နှာသည် ပို၍တောင်ညိုမဲနေခဲ့သည်။ ယခုအချိန်ထိ ထိုအရာကမသေဆုံးသေကြောင်း သူတို့သာနားလည်ကြသည်။

"မကောင်းတော့ဘူး...အားလုံးသတိထားကြ"

ဂေါ်လောခ့်ခေါင်းဆောင်၏စွမ်းအားများ ရုတ်တရက်ထိုးတက်လာကြောင်း ရှောင်ယုသတိပြုမိလိုက်သည်။ ၎င်းသည် ပေါက်ကွဲတော့မယ့် ဧရာမဗုံးတစ်ခုလိုဖြစ်နေခဲ့သည်။

နောက်အခိုက်အတန့်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ယခင်ကထက်များစွာသေးငယ်သွားခဲ့သည်။

သူတကယ်ပဲ သတ္တမအဆင့်ကိုရောက်သွားတာလား...

ဂေါ်လောခ့်ခေါင်းဆောင်သာ သတ္တမအဆင့်သို့ အမှန်တကယ်ရောက်ရှိသွားခဲ့ပါက သူ့အားမည်သို့တိုက်ခိုက်ရမည်ကို တစ်ယောက်မှမတွေးတောနိုင်ကြပေ။

"ဒါက သတ္တမအဆင့်ကိုရောက်သွားတဲ့ခံစားချက်ပဲ...ဟားဟားဟား...ခုတော့မင်းတို့သေတော့မယ်...မင်းတို့အားလုံးသေရမယ်"

သူ၏အခြေအနေသည် လုံးဝပြောင်းလဲသွားသည်ကို ဂေါ်လောခ့်ခေါင်းဆောင်ခံစားမိပေသည်။ သူ၏သွေးနီရောင်ကိုယ်ထည်သည် ပိုလျှံနေသောကြွက်သားများ လုံးဝရှိမနေတော့ဘဲ တစ်ကိုယ်လုံးပြီးပြည့်စုံနေပုံရသည်။

အကောင်းဆုံးသောတိုက်ပွဲပုံစံ...

လူတိုင်းစိုးရိမ်နေကြချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အော်ဂတ်စတတ်သည် တစ်စုံတစ်ခုအားကြောက်ရွံ့နေပုံဖြင့် အနောက်ဘက်သို့ဆုတ်ခွာသွားခဲ့သည်။

နီကိုးလပ်စ်၊လီယိုနာဒိုနှင့်ရှောင်ယုတို့ကလည်း ဤအသေးစိတ်အချက်အလက်ကို သတိပြုမိကြပေသည်။

သူတို့သည် မျက်မှောင်ကြုတ်မိလိုက်သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်က ရုတ်တရက်တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် အလွတ်မပေးဘဲစိုက်ကြည့်နေကြသည်။

"အားလုံးဆုတ်ခွာကြ...လူတိုင်းခပ်ခွာခွာနေကြ"

အဆုံးသတ်တွင် လက်ရှိအခြေအနေသည် လွန်စွာအဆင်မပြေဖြစ်နေသော်လည်း ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သူ၏တပ်သားများသာ အသက်ဆုံးရှုံးသွားမည်ကိုစိုးရိမ်နေသည့်အတွက် နီကိုးလပ်စ်ကအော်ဟစ်အမိန့်ပေးလိုက်သည်။

လူတိုင်းသည် သတ္တမအဆင့် ဂေါ်လောခ့်ခေါင်းဆောင်ကို ထိတ်လန့်တကြားစိုက်ကြည့်လိုက်ပြီး ခေါင်းဆောင်၃ယောက်နောက်သို့ ပြန်ရောက်လာကြသည်။ သူတို့သည် ဆဌမအဆင့်ကျွမ်းကျင်သူနှင့်ရင်ဆိုင်ဝံ့သော်လည်း သတ္တမအဆင့်ကိုမျက်စိမှိတ်ရင်ဆိုင်ရသည်အထိ ဦးနှောက်မရှိသူများမဟုတ်ကြပေ။

"ကဲ...မင်းတို့အားလုံးသေလို့ရပြီ"

ထိုအချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်က ခပ်တိုးတိုးဟိန်းဟောက်လိုက်သည်။ သူ၏အသံသည် အားအင်များပြည့်ဝနေ၍ လူအချို့သည်မူးဝေသွားခဲ့ကြသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ရိုးရှင်းသောခြေတစ်လှမ်းကို လှမ်းလိုက်သော်လည်း သူသည်အလွန်လေးလံသောတောင်တစ်လုံးအား ထမ်းထားရသကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလေးလံနေသလို ခံစားလိုက်ရသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်အံ့သြသွားခဲ့သည်။ သူသည် အမှန်ပင်မယုံကြည်နိုင်တော့ပေ။ သူသည် သတ္တမအဆင့်သို့ရောက်ရှိသွားကြောင်း ရှင်းရှင်းလင်းလင်းခံစားမိပေသည်။ ထိုသို့ဆိုလျှင် ဤကဲ့သို့ရုပ်ပိုင်းဆိုင်ရာမူမမှန်မှုက အဘယ်ကြောင့်ဖြစ်လာရသနည်း။

ဂေါ်လောခ့်ခေါင်းဆောင်သည် အံတင်းတင်းကြိတ်ရင်း နာကျင်မှုကိုတောင့်ခံကာ နောက်ထပ်တစ်ကြိမ် ခြေလှမ်းလှမ်းလိုက်သည်။ သူသည်နောက်ထပ်တစ်ကြိမ် ခြေလှမ်းလှမ်းလိုက်ရာ သူ၏ညာခြေသည် မြေပေါ်ကျရောက်လာသည်နှင့် နွံအိုင်တစ်ခုလုံးတုန်ခါသွားစေခဲ့သည်။

ထိုအခြေအနေကိုကြည့်ရင်း ရှောင်ယု၏စိတ်အခြေအနေသည် ပြေလျော့သွားခဲ့သည်။ ထိုကောင်သည် သူ၏ခွန်အားကိုအသုံးချနိုင်ရန် နည်းလမ်းမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်နှင့်ခွန်အားတို့သည် လွန်ကဲစွာကွဲလွဲနေကြောင်း ထင်ရှားနေပေသည်။ ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်ကို ကြောက်နေစရာမလိုတော့ပေ။

အဖြစ်အပျက်အားလုံးကို နားလည်သွားပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သောကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များကို အတင်းအကျပ်စုစည်းလိုက်ပြီး သူ၏ခန္ဓာကိုယ်အားလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်စေရန် ထိုစွမ်းအားကိုအသုံးပြုလိုခဲ့သည်။

ပထမခြေလှမ်း...လုံလောက်မှုမရှိ

ဒုတိယခြေလှမ်း...လုံလောက်ခြင်းမရှိ

………………….

နဝမမြောက်ခြေလှမ်း....မလုံလောက်သေးပေ။

ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် ဘယ်ဘက်ပေ၅၀အကွာ၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ရွေ့လျားနိုင်ရန်အတွက် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကိုစုစည်းနိုင်သော်လည်း တိုက်ခိုက်ရာတွင်အသုံးမပြုနိုင်သည့်အတွက်ကြောင့် သူ၏မျက်နှာအမူအရာသည် လွန်စွာပျက်ယွင်းသွားခဲ့သည်။

သူ၏လက်ရှိအခြေအနေသည် ပေါက်ကွဲစေတတ်သော ဒိုင်းနမိုက်စည်နှင့်တူနေခဲ့သည်။ သူလိုအပ်နေသောအရာအားလုံးမှာ ပေါက်ကွဲစေနိုင်သော အတွင်းစွမ်းအင် သို့မဟုတ် လုံလောက်အောင်ကြီးမားသည့်ပြင်ပတွန်းအားဖြစ်ပေသည်။ ထို့နောက်တွင် ဒိုင်းနမိုက်စည်သည် အပိုင်းပိုင်းပေါက်ကွဲထွက်သွားမှာဖြစ်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...ငါဒီကောင်တွေအားလုံးကိုသတ်ရဦးမယ်"

ဂေါ်လောခ့်ခေါင်းဆောင်သည် ရူးသွပ်သွားခဲ့သည်။ ယခုအချိန်တွင်သူသည် လူတိုင်းအားသတ်ဖြတ်ရုံမှလွဲ၍ အခြားမည်သည့်အရာကိုမှမစဉ်းစားနိုင်တော့ပေ။

ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့ကိုယ်သူစွမ်းအားမြင့်တင်ပေးရန်အတွက် သူ၏ခန္ဓာကိုယ်ပြင်ပမှစွမ်းအင်များကို တဖန်ပြန်လည်စုပ်ယူနေခဲ့ပြီး သူ၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်သည် တဖန်ပြန်လည်ကြီးထွားလာခဲ့သည်။

သို့သော်ဤမြင့်တင်မှုသည် မူမမှန်ခဲ့ဘဲ ဂေါ်လောခ့်ခေါင်းဆောင်က စိတ်တိုင်းကျရပ်တန့်နိုင်ခြင်းမရှိပေ။

ထို့နောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် မီးပုံးပျံတစ်လုံးကဲ့သို့ ဖောင်းကားလာခဲ့ပြီး သတ်မှတ်ထားသောကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ဘန်း...

အဆုံးသတ်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် ပြင်းထန်သောစွမ်းအားများကို တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသေဆုံးသွားခဲ့ရသည်။

All Chapters