← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း ၄၀၉ - အမြောက်စာကိုလည်းကြည့်ကြ

အချိန်အတော်ကြာအောင် အနားယူပြီးနောက်တွင် သူတို့သည်ရှေ့ဆက်တိုးခဲ့ကြသည်။

သူတို့၏ကလေးသေဆုံးမှုကြောင့် လက်စားချေလိုကြသည့်ကြံ့နှစ်ကောင်သည်လည်း အလောင်းများအဖြစ်ကျန်ရစ်ခဲ့သည်။

နေဝင်ချိန်နွံအိုင်တစ်ခုလုံးအား နွံအိုင်များရွှံ့နွံများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ထိုထဲတွင် စီးဆင်းနေသောမြစ်များနှင့်ဧရာမတောင်တန်းကြီးများ ရှိနေခဲ့သည်။ ထိုသို့သောအတားအဆီးများနှင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် သူတို့သည်ကူကယ်ရာမဲ့ခဲ့ရကာ တံတားများတည်ဆောက်ခြင်းသို့မဟုတ် လမ်းလွဲမှသွားခြင်းတို့ကိုသာပြုလုပ်နိုင်ခဲ့သည်။

အမှန်တော့ ရှောင်ယုသည် ဂရစ်ဖင်များကိုအသုံးပြုကာ ကောင်းကင်ပေါ်မှပျံသန်းနေသမျှကာလပတ်လုံး ထိုအတားအဆီးများအားကျော်ဖြတ်နိုင်မည်ဖြစ်သည်။သို့သော်ရှောင်ယုက သူ၏အဖိုးတန်ဂရစ်ဖင်များကို အထမ်းသမားများမဖြစ်စေလို၍ ထိုသို့မလုပ်ဆောင်ခဲ့ပေ။

သူတို့သည် မြစ်ကမ်းနံဘေးသို့ရောက်ချိန်တွင် သက်ဝင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် အချို့သောလူများသည် အုပ်စုဖွဲ့၍ ဂေါ်ဒန်၏ဦးခေါင်းခွံမှ အပိုင်းအစလေးတစ်ခုကိုရယူရန် ဆုံးဖြတ်ထားကြသည့်အတွက်ကြောင့် ဤနေရာတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေကြခြင်းဖြစ်သည်။

သို့သော်လည်း အရိုးကိုတောင်အလွတ်မပေးတတ်သည့် ဆာလောင်နေသော ဝံပုလွေများဖြစ်ကြသည့် ရှောင်ယု၊လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့နှင့် တွေ့ဆုံခဲ့ကြပြီးနောက်တွင် သူတို့၏ကံကြမ္မာသည်များစွာမကောင်းမွန်တော့ပေ။

"အိုး...ဒီနေရာမှာအခြားသူတွေနဲ့တွေ့ရဖို့ ငါတကယ်မမျှော်လင့်ထားဘူး...ဒါကမဆိုးဘူး"

ရှောင်ယုသည် ဤနေရာတွင် အခြားသောလူများနှင့်တွေ့ဆုံရန် အမှန်တကယ်မျှော်လင့်ထားခြင်းမရှိသည့်အတွက်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။

ဤနေဝင်ချိန်နွံအိုင်သို့ ဝင်ရောက်ရန်အတွက် လမ်းကြောင်းအမျိုးမျိုးရှိနေပြီး လမ်းကြောင်းတစ်ခုစီ၌ မတူညီသောအစောင့်အကြပ်များရှိကြသည်။ အချို့သောအစောင့်များမှာ အားနည်သော်လည်း အချို့မှာရက်စက်ကြမ်းကြုတ်ကြသည်။

ရှောင်ယု၊နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့သည် တဖြည်းဖြည်းပိုမိုအားကောင်းလာခဲ့သည်။ သူတို့၃ယောက်သည် ဂေါ်လောခ့်ခေါင်းဆောင်၏ရတနာသိုက်မှ ရတနာများစွာကိုရှာဖွေရန် အချိန်များစွာဖြုန်းတီးခဲ့ရသည်။ ထို့ကြောင့် ဤလူများကိုလိုက်ခံဖမ်းဆီးခြင်းဟာ ပုံမှန်ဖြစ်သည်။

ဤလူ၅ယောက်အဖွဲ့သည် ဂေါ်ဒန်ဦးခေါင်းခွံ၏ သတင်းကိုကြားသောအခါ ရတနာများကိုရှာဖွေရန်အတွက် နေဝင်ချိန်နွံအိုက်သို့ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ရေစီးသန်သောမြစ်နှင့်အတွေ့တွင် မြစ်ကိုဖြတ်ကူးရန်အတွက် တံတားတစ်ခုအားတည်ဆောက်ခဲ့ရသည်။

ထိုအချိန်တွင် နှစ်မီတာအမြင့်ရှိပြီး အသားညိုသောအမျိုးသားတစ်ဦးသည် ထိုလူ၅ယောက်ရှေ့သို့ ရောက်လာခဲ့သည်။

"မင်းတို့ငါးယောက်က ဒီကိုငါတို့ထက်အရင်ရောက်လာတာကံကောင်းလို့ပဲ...ခုတော့ငါတို့ကိုအရင်သွားခွင့်ပေးလိုက်"

ထိုလူငါးယောက်သည် မကျေနပ်သော်လည်း နှုတ်ဆိတ်နေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၌လုံလောက်သောခွန်အားကို မပိုင်ဆိုင်ထား၍ဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် မလိုလားအပ်သောပြဿနာများကို မဖန်တီးမိစေရန်အတွက် နှုတ်ဆိတ်နေခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

အကယ်၍ သူတို့သာ ဤလူကိုစော်ကားမိခဲ့မည်ဆိုပါက ထိုလူသည်အနာဂတ်ပြိုင်ဘက်များအား ဖယ်ရှားပစ်ရန်အတွက် ဤနေရာ၌ပင် သူတို့အားသုတ်သင်ပစ်နိုင်ခြေရှိသည်။

အဆုံးသတ်၌ သူတို့ထံတွင်လက်နက်ချရန်ဟူသော ရွေးချယ်မှုတစ်ခုသာကျန်ရစ်နိုင်သည်။

"အိုး...မင်းကအလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ"

နီကိုးလပ်စ်က ပြုံးပြုံးလေးပြောလိုက်သည်။

ရှောင်ယုသည် တစ်စုံတစ်ခုကိုတွေးတောနေသကဲ့သို့ ရိုးရှင်းသော်လည်း အလွန်ခိုင်ခံ့သောတံတားကို ရံဖန်ရံခါကြည့်နေခဲ့သည်။

"ငါတို့နဲ့အတူတူလာပူးပေါင်း"

လီယိုနာဒိုသည် ဤမျှရိုးရှင်းသောစကားကိုပြောပြီးနောက် တိတ်ဆိတ်သွားခဲ့သည်၊

သို့သော်လည်း ဤစကားအနည်းငယ်ကပင် တပ်ဖွဲ့ငယ်အများစု မကြားချင်နေသောအရာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုရိုးရှင်းသောစာကြောင်းအနည်းငယ်က သူတို့၏ကံကြမ္မာအားအဆုံးအဖြတ်ပေးနိုင်၍ဖြစ်သည်။ သူတို့သည် ရှောင်ယုတို့အဖွဲ့နှင့်ပူးပေါင်းလိုက်ပြီးနောက်တွင် အမြောက်စာများအဖြစ်သာ အသုံးပြုခံရမည်ဖြစ်သည်။

ယခင် နီကိုးလပ်စ်တို့ယူဆောင်လာခဲ့သည့် အမြှောက်စာများအားလုံးသည် အေးစက်နေသည့်အလောင်းများအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သူတို့သည်အတတ်နိုင်ဆုံးငြင်းဆန်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ သူတို့သာရှောင်ယုတို့အား အနိုင်မယူနိုင်ခဲ့လျှင်ပင် ထွက်ပြေးလွတ်မြောက်ရန် အခက်အခဲမရှိနိုင်ပေ။

သို့သော် သူတို့သာရှောင်ယုတို့နှင့်ပူးပေါင်းခဲ့ပါက သေခြင်းကသာသူတို့၏တစ်ခုတည်းသော ရွေးချယ်စရာအဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်သည်။

"ဒါ...ဒါကလေစီနီယာ...ငါတို့ကနောက်ပြန်ဆုတ်ဖို့ဆုံးဖြတ်ပြီးပါပြီ...ငါတို့ဒီကိုလာတဲ့လမ်းတလျှောက်မှာ လူတွေအများကြီးဆုံးရှုံးခဲ့ရတယ်...ငါတို့မှာဆက်သွားဖို့အစီအစဉ်မရှိတော့ဘူး...ငါတို့ကအိမ်ပြန်ပြီးတော့ ကောင်းကောင်းအိပ်ဖို့ဆန္ဒရှိတယ်"

ထိပ်ပြောင်နှင့်လူသည် အခြားအဖွဲ့သား၄ယောက်နှင့် ဆွေးနွေးခြင်းမပြုဘဲ တုန်လှုပ်ခြောက်ခြားနေသောလေသံဖြင့်ပြောလိုက်သည်။ သို့သော် ဤသို့ရွေးချယ်ခြင်းကသာ သူတို့အားရှင်သန်စေမယ့်တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်းသူတို့နားလည်ထားကြသည်။

"အိုး...အိမ်ပြန်ကြတော့မှာလား...တော်တော်မြန်တာပဲ...ငါလည်းမင်းတို့နဲ့တူတူအိမ်ပြန်ချင်တယ်"

ရှောင်ယုသည် ထိုလူ၏စကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

မင်းတို့ကအိမ်ပြန်ချင်တယ်ဟုတ်လား...အရူးတွေကပဲမင်းတို့စကားကိုယုံမယ်...မင်းတို့ကမသေချင်လို့ကိုယ်လွတ်ရုန်းချင်နေကြတာပဲ

ထို့နောက် ရှောင်ယုတို့အဖွဲ့မှလူများသည် ထိုလူများနောက်သို့ထပ်ကြပ်မကွာလိုက်ပါရန် ပြင်ဆင်လိုက်ကြသည်။

ထိုအဖွဲ့သည် ရှောင်ယု၏စကားကိုကြားသောအခါ သူတို့၏တစ်ကိုယ်လုံးချွေးစေးများဖြင့် စိုရွဲသွားခဲ့သည်။ ရှောင်ယု၏စကားများက သူတို့၏ကံကြမ္မာအား လုံးဝဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူတို့သာနောက်ဆုတ်လိုပါက ရှောင်ယုကခွင့်ပြုပေးမည်မဟုတ်ပေ။

"စီနီယာ...ကျေးဇူးပြုပြီးညှာတာပါ"

ထိပ်ပြောင်လူနှင့်ကျန်အဖွဲ့သားများသည် သနားကရုဏာထားရန် ချက်ချင်းတောင်းဆိုလိုက်ကြသည်။ ယခုအချိန်၌သူတို့သည် ဤနေရာသို့အဘယ်ကြောင့်ရောက်ရှိလာခဲ့သည်ကိုတွေးရင်း နောင်တရလာကြသည်။

"ဟားဟား....ဒီလူတွေကတော်တော်စိတ်ဝင်စားဖို့မကောင်းဘူးလား...အပိုစကားတွေမပြောနဲ့တော့ ငါတို့အဖွဲ့နဲ့ပူးပေါင်းလိုက်တာပိုပြီးမကောင်းဘူးလား"

လီယိုနာဒိုသည် ထိုလူ၏စကားကိုတစ်ခါမှမကြားဖူးသကဲ့သို့ ပြုံးရင်းပြောလိုက်သည်။

"ဒါ...ဒါကလေစီနီယာ..."

ထိပ်ပြောင်လူသည် တစ်စုံတစ်ခုကိုပြောချင်နေသေးသော်လည်း နီကိုးလပ်စ်၏မျက်လုံးများ၌ စိတ်မရှည်သောအရိပ်အယောင်ကို သတိထားမိလိုက်သည့်အတွက်ကြောင့် ပါးစပ်မှထွက်လုဆဲဆဲစကားလုံးများကို ပြန်လည်မြိုချလိုက်သည်။

နီကိုးလပ်စ်သည် သူ့ရှေ့တွင်ရှိသောလူငါးယောက်ကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက်သူ၏လက်ကိုဝှေ့ယမ်းကာ ရေရွတ်လိုက်သည်။

"ကောင်းပြီလေ...ဒါဆိုလည်းငါတို့အဖွဲ့နဲ့လာပေါင်းလိုက်...ငါတို့မြစ်ကိုတူတူဖြတ်ကူးပြီးရင် ခဏလောက်အနားယူရအောင်"

နီကိုးလပ်စ်သည် သူ၏စကားကိုအဆုံးသတ်လိုက်ပြီးနောက်တွင် ထိုလူငါးယောက်အား ထပ်မံ၍အာရုံမစိုက်တော့ပေ။ ထိုလူငါးယောက်သည် မည်သို့စကားဆက်ရမည်မှန်းမသိတော့ပေ။

"အစ်ကိုကြီး...ငါတို့ဘာဆက်လုပ်သင့်တယ်လို့ထင်လဲ"

"ငါတို့ဘာဆက်လုပ်နိုင်မှာလဲ...ငါတို့ကသူတို့ရဲ့အမိန့်ကိုနာခံမှုရှိရှိနဲ့ ရှေ့ဆက်ရုံပဲရှိတော့တာပေါ့...မင်းတို့ကနီကိုးလပ်စ်ကိုအာခံချင်တာလား...မင်းတို့ကနီကိုးလပ်စ်အကြောင်းကိုမသိတာလည်းမဟုတ်ဘူး...ပြီးတော့လီယိုနာဒိုဆိုတဲ့ကောင်ကလည်း ကောက်ကျစ်တဲ့မြေခွေးတစ်ကောင်ပဲ"

"အခြားလူတစ်ယောက်ကိုသိကြလား...ငါတော့သူ့အကြောင်းကိုတစ်ခါမှမကြားဖူးဘူး"

"သူကရှောင်ယုပါ...ဒီ၃ယောက်အနက် ရှောင်ယုကအရည်အချင်းအရှိဆုံးပဲ...မင်းတို့မှတ်မိကြသေးလား"

"အင်းငါသူ့အကြောင်းကိုကြားဖူးတယ်"

သူတို့သည် ခဏလောက်ငြိမ်သက်သွားပြီးနောက် အဆုံးသတ်၌ကောက်ချက်ချလိုက်သည်။ သူတို့သည် ထို၃ယောက်အနက် မည်သူ့ကိုအာခံနိုင်စွမ်းမရှိပေ။ လက်ရှိအချိန်တွင် သူတို့၃ယောက်သည် တစ်ဖွဲ့တည်းဖြစ်နေပေရာ သူတို့လုပ်ဆောင်နိုင်သည့်အရာမရှိတော့ပေ။

"ကောင်းပြီ...ကံတရားကိုလက်ခံလိုက်ရအောင်...ငါတို့ဘာမှလုပ်လို့မရတော့ဘူး...သူတို့နဲ့အတူတူရှိနေချိန်မှာ သတိထားကြ...ခေါင်းမမာကြနဲ့"

ထိပ်ပြောင်လူကပြောလိုက်သည်။

"အစ်ကိုကြီး...ငါတို့ဘာဆက်လုပ်ကြမလဲ"

"ငတုံး...မင်းတို့အခြားဘာဆက်လုပ်နေမှာလဲ...မြစ်ကိုဖြတ်ရအောင်"

ထိပ်ပြောင်လူသည် ကူကယ်ရာမဲ့နေသောလေသံဖြင့်ပြောလိုက်သည်။ သူတို့သည် အမိန့်ကိုနာခံရုံသာဖြစ်ပြီး အသက်ရှင်သန်ရန်အတွက် ကောင်းမွန်သောအခွင့်အလမ်းရှိကောင်းရှိနိုင်ပေသည်။

ထို့နောက်လူငါးယောက်အဖွဲ့သည် မြစ်ကိုအရင်ဆုံးဖြတ်ကာ ရှောင်ယုတို့က အကွာအဝေးတစ်ခုခြား၍ လိုက်ပါလာခဲ့သည်။

ရှောင်ယုသည် မြစ်ရေပြင်ကိုအချိန်ပြည့်စောင့်ကြည့်နေကာ မြစ်ရေပြင်ထဲမှ သားရဲတစ်ကောင်ထွက်ပေါ်လာခြင်းရှိမရှိ စောင့်ကြည့်နေခဲ့သည်။

မြစ်ကဘာလို့အဲလောက်ထိတိတ်ဆိတ်နေတာလဲ...ဒီထဲမှာသက်ရှိနည်းနည်းလေးတောင်မရှိဘူးလား

"မြစ်ကိုဖြတ်နေတဲ့ဒီကောင်တွေကို ကြည့်လိုက်စမ်း..မင်းတို့ကောင်တွေကိုအဲလောက်ထိလောဘကြီးရမယ်လို့ ဘယ်သူကပြောလိုက်တာလဲ"

ရှောင်ယုသည် သူ့ခေါင်းကိုညင်သာစွာခါယမ်းလိုက်ပြီး သူ၏နှလုံးသားထဲ၌ ခံစားချက်များနှင့်ပြည့်နှက်နေခဲ့သည်။

အခန်း ၄၁၀ - ရှေ့တွင်ခြုံခိုတိုက်ခိုက်ခြင်း

ရှောင်ယု၏တပ်များသည် မြစ်ကိုဖြတ်ကူးနေသော အမြှောက်စာအသစ်များကို ကြည့်ရှုနေခဲ့ပြီး မြစ်ကိုဖြတ်ကူးရာ၌ အလျင်စလိုမလုပ်ခဲ့ပေ။

"စီနီယာတို့...ငါတို့ကဒီမြစ်ကိုဖြတ်ကူးပြီးပြီ...ဒီမှာကတော်တော်အန္တာရယ်ကင်းတယ်...ကျေးဇူးပြုပြီးတော့ အခြားသူတွေကိုကူးလာခိုင်းလိုက်တော့"

ထိပ်ပြောင်လူသည် ရှောင်ယုတို့မြစ်အားမကူးဖြတ်လာမည်ကို စိုးရိမ်နေသည့်အလား ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်သည်။

"ဟေ့...ငါတို့အခုသွားရမှာလား..."

ရှောင်ယုကသံသယဖြစ်နေသောလေသံဖြင့် မေးလိုက်သည်။ သူ၏မသိစိတ်က လက်ရှိအခြေအနေသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပေးနေခဲ့သည်။

နီကိုးလပ်စ်သည် ရှောင်ယုကိုကြည့်ရင်းပြောလိုက်သည်။

"ရှောင်ယု...မင်းကတကယ်သေချင်နေတာလား...မင်းသွားချင်ရင်သွားတော့"

"တစ်ယောက်ယောက်ကသေချင်နေတယ်ဆိုမှတော့ နီကိုးလပ်စ် မင်း သူ့ကိုမတားလိုက်သင့်ဘူး"

လီယိုနာဒိုသည် နီကိုးလပ်စ်အားဝင်ရောက်တိုက်တွန်းကာ အနှောင့်အယှက်ပေးလိုက်သည်။

ရှောင်ယုသည် ခဏလောက်အံ့သြသွားခဲ့သည်။

မင်းတို့ဘာဖြစ်နေတာလဲ...ငါ့ကိုသေစေချင်နေတာလား

ရှောင်ယုသည် စိတ်ရှုပ်ထွေးနေသော်လည်း ဖြစ်နိုင်ခြေရှိသည့်အချက်များကို စတင်၍စဉ်းစားခဲ့သည်။ ထို့နောက်သူသည် ခေါင်းကိုလှည့်ကာ အဝေးမြင်ကွင်းကိုထုတ်ဖော်လိုက်ပြီး မြစ်တစ်ဖက်ကမ်းရှိ အခြေအနေအားစူးစမ်းလိုက်သည်။

ရှောင်ယုသည် ထိုသို့စူးစမ်းလိုက်မိပြီးနောက်တွင် အံ့သြထိတ်လန့်သွားခဲ့သည်။

အခြားတစ်ဖက်ခြမ်းမှ မြေပြင်အနေအထားကလည်း အလွန်ကိုထူးဆန်းနေခဲ့သည်။ မြေပြင်၏နှစ်ဖက်လုံးတွင် တောင်ကုန်းများရှိနေခဲ့ကာ အလယ်တွင်ချိုင့်ဝှမ်းတစ်ခုရှိနေခဲ့သည်။ ထို့ပြင် သစ်တောများက ထိုနေရာတစ်ခုလုံးအား ထူထပ်စွာဖုံးလွှမ်းသွားခဲ့သည်။ ထိုနေရာသည် တစ်စုံတစ်ခုအားဖုံးကွယ်ထားရန် အလွန်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့အားချောင်းမြောင်းတိုက်ခိုက်လိုပါက ထိုနေရာသည်အကောင်းဆုံး ရွေးချယ်စရာဖြစ်သည်။

ရှောင်ယုက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်သည်။

"ဟေး...မင်းကတကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ...ဘယ်သူတွေက တော်တော်သတ္တိကောင်းပြီးတော့ ငါ့ကိုလာပြီးဒုက္ခပေးတာလဲဆိုတာ သိချင်လိုက်တာ...ဒါနဲ့ငါတို့ကခုချိန်ထိတစ်ဖွဲ့တည်းဖြစ်နေတုံးမလား"

နီကိုးလပ်စ်က တိတ်တဆိတ်ပြုံးထားလိုက်သည်။ ရှောင်ယု၏စကားများက မမှားပေ။ သူတို့သည် အသင်းတစ်သင်းအဖြစ်ဖွဲ့စည်းထားသည်တောင်မှ အချို့သောသူများက သူတို့ကဒုက္ခပေးဝံ့ကြသေးသည်။ ထိုအရာကိုကြည့်ခြင်းဖြင့် တစ်ဖက်အဖွဲ့၏စွမ်းအားသည် သူတို့ထက်အားမကောင်းလျင်တောင်မှ ပျော့ညံ့မှုမရှိကြောင်းသိသာပေသည်။

"ဘယ်သူတွေဖြစ်နိုင်မလဲ..."

ရှောင်ယုက သူ၏ခေါင်းကိုဆုပ်ကိုင်၍ ညဉ်းညူလိုက်သည်။ သူတို့အား မည်သူကလာရောက်နှောင့်ယှက်နေရသည်ကို ရှောင်ယုမခန့်မှန်းနိုင်ပေ။

သို့သော်လည်း မကြာမှီတွင် ရှောင်ယု၏စိတ်ထဲသို့ အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။ ထိုအင်အားစုသည် အစွမ်းထက်ရုံသာမက ပိုမိုအရေးအကြီးသောအချက်မှာ ထိုအင်အားစုသည်အလွန်မောက်မာပြီး ရှောင်ယုနှင့်ရန်လိုသောဆက်ဆံရေးကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

"ဘာလို့သူတို့မဖြစ်နိုင်ရမှာလဲ...ရှောင်ယု မင်းတော်တော်ကံဆိုးနေတာပဲ...မင်းက ငါတို့ကိုအဖိုးတန်တဲ့ရတနာအချို့ ပေးသင့်တယ်လို့ငါထင်တယ်...မဟုတ်ရင်သူတို့ကိုကူညီပြီးရင်ဆိုင်ပေးဖို့ မဖြစ်နိုင်ဘူး"

လီယိုနာဒိုက ခပ်တိုးတိုးလေသံဖြင့်ပြောလိုက်သည်။

ပေါ်တင်ခြိမ်းခြောက်တာ...ဒါကတကယ့်ကိုပေါ်တင်ခြိမ်းခြောက်နေတာပဲ...

"ဟမ့်...မင်းမှာလုံလောက်တဲ့အရည်အချင်းရှိရင် မင်းကြိုးစားကြည့်နိုင်တယ်...ငါမင်းကိုစိတ်ကျေနပ်စေရမယ်လို့ကတိပေးတယ်...မင်းမယုံရင်စမ်းကြည့်လေ...ငါ့ဆီမှာနဂါးမီးမြှားတစ်စင်းနဲ့သီအိုဒိုးချန်ထားခဲ့တဲ့ ဆဌမအဆင့်မှော်စာလိပ်တစ်ခုရှိသေးတယ်"

ရှောင်ယုသည် လီယိုနာဒိုအား လုံးဝကြောက်လန့်နေခြင်းမရှိဘဲ တန်ပြန်ထိုးစစ်ဆင်လိုက်သည်။

လီယိုနာဒိုသည် မထီမဲ့မြင်ပြုကာ အရူးရှောင်ယုကိုဂရုမစိုက်တော့ပေ။ ယခုလိုအရူးတစ်ယောက်နှင့် စကားပြောရခြင်းသည် သူ့အတွက်လေကုန်ရုံသာအဖတ်တင်ပေသည်။

"ရှောင်ယု...ငါတို့ကဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး...ငါတို့ကဘုရားကျောင်းနဲ့အဆက်အသွယ်ရှိနေတာဆိုတော့ ဘုရားကျောင်းကလူတွေနဲ့အတတ်နိုင်ဆုံး မတိုက်ခိုက်ချင်ဘူး...မင်းငါတို့ကိုနားလည်ပေးသင့်တယ်"

နီကိုးလပ်စ်က မျက်စောင်းထိုးကာပြောလိုက်သည်။

ဘုရားကျောင်း၏လွှမ်းမိုးမှုသည် တိုက်ကြီး၏ထောင့်နေရာတိုင်း၌ ပျံ့နှံ့နေခဲ့သည်။

ရှောင်ယုသည် ဤအချက်ကိုဝန်မခံလိုသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ယုကိုယ်တိုင်သည်ပင် ဘုရားကျောင်း၏များပြားလှသော အဆက်အသွယ်များအပေါ် အမှန်တကယ်သဘောကျပေသည်။ အကယ်၍ သူ့ထံတွင်အူသာနှင့်အတူ ထိုကဲ့သို့သတင်းကွန်ရက်တစ်ခုအား ပိုင်ဆိုင်ထားခဲ့ပါက ၎င်း၏အကျိုးသက်ရောက်မှုသည် လူတိုင်း၏ခန့်မှန်းချက်ကိုကျော်လွန်နိုင်မည်ဖြစ်သည်။ ရှောင်ယုသည် လက်ရှိဘုရားကျောင်းကိုအံတုနိုင်မယ့် အခြားဘုရားကျောင်းတစ်ခုအား တည်ထောင်နိုင်မည်ဟု ယုံကြည်မှုရှိပေသည်။

အူသာသည် ဒဏ္ဍာရီများ၌သာရှိခဲ့ဖူးသော သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဘုရားကျောင်း၏စစ်မှန်သောနတ်ဘုရားလည်းဖြစ်သည်။ ယခုအခါသူသည် ရှောင်ယု၏အနားတွင်ရှိနေလေရာ အဆုံးသတ်ရလဒ်က မည်သို့ဖြစ်လာမည်ကို သိရှိနိုင်သည်။

ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက လက်ရှိဘုရားကျောင်း၏ယုံကြည်သူအားလုံးသည် အူသာကိုတွေ့ဆုံရန်နှင့် အလင်းဘုရားကျောင်း၏ ဒဏ္ဍာရီလာနတ်ဘုရားသည် အမှန်တကယ်ရှိမရှိသိရှိရန် ရှောင်ယု၏အနားသို့လာချင်ကြသည်။ ဤအူသာသည် သူတို့နေ့ရောညပါအမြဲလိုလိုဆုတောင်းပေးနေသော သူဟုတ်မဟုတ် သူတို့အမှန်တကယ်သိရှိလိုကြသည်။

ရှောင်ယု၏နံဘေးတွင်ရှိသော အူသာသည်အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ပါက မည်သို့ဖြစ်လာမည်နည်း။ ထိုယုံကြည်သက်ဝင်သူများသည် အူသာ၏ခြေရင်းအောက်၌လဲလျောင်းကာ စစ်မှန်သောနတ်ဘုရား၏ခြေဖဝါးကိုနမ်းရှိုက်၍ စစ်မှန်သောနတ်ဘုရား၏ ကာကွယ်မှုကိုရရှိရန် ဆုတောင်းမည်ဟူသောအချက်သည် ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။

ကံမကောင်းစွာဖြင့် ရှောင်ယု၏လက်ရှိအင်အားသည် ကြီးမားခြင်းမရှိပေ။ အနည်းဆုံး သူ၏စွမ်းအားသည် လက်ရှိဘုရားကျောင်းနှင့်ယှဉ်ပြိုင်ရန် လုံလောက်မှုမရှိပေ။ ထို့ကြောင့် ယခုအခါ အလင်းဘုရားကျောင်းသည် ရှောင်ယုအားအကြောင်းအမျိုးမျိုးဖြင့် ပြဿနာရှာရန်အတွက်လူများကို စေလွှတ်လိုက်ခြင်းဖြစ်သည်။ သူတို့သည် အူသာကိုဖယ်ရှားရန်အတွက် သင့်တော်သောအခွင့်အရေးအားရှာဖွေကာ ထိုမျက်စိကန်းနေသောယုံကြည်သူများအား အမြတ်ထုတ်ရန်အတွက် ဘုရားကျောင်း၏ယုံကြည်မှုစွမ်းအားကို ဆက်လက်အသုံးပြုလိုကြသည်။

"အိုး...မင်းတို့နားလည်ထားသင့်တာတစ်ခုရှိတယ်...ငါသေသွားခဲ့မယ်ဆိုရင် မင်းတို့နှစ်ယောက်ဘာဖြစ်သွားမှာလဲ...မင်းတို့မှာဘုရားကျောင်းနဲ့ယှဉ်ပြိုင်ဖို့အတွက် လုံလောက်တဲ့စွမ်းအားရှိတယ်လို့ထင်လား...သူတို့ကမင်းကိုအမြှောက်ဆံတွေလို အသုံးမပြုရင်တောင် မင်းတို့ကံကောင်းတယ်လို့ပြောနိုင်တယ်"

ရှောင်ယုကပြောလိုက်သည်။

နီကိုးလပ်စ်သည် ကူကယ်ရာမဲ့စွာဖြင့် ပြုံးပြလိုက်သည်။ ရှောင်ယုသည် အမှန်တကယ်ပင်လိုက်လျောညီထွေရှိပြီး သူတို့၏အားနည်းချက်ကိုဆုပ်ကိုင်ထားကာ သင့်တော်သောအချိန်များ၌ တိုက်ခိုက်ရန်ရွေးချယ်လေ့ရှိသည်။

ရှောင်ယုပြောသလိုပင် သူတို့၌အခြားသောရွေးချယ်စရာမရှိတော့ပေ။ ဘုရားကျောင်း၏ပစ်မှတ်သည် ရှောင်ယုတစ်ယောက်တည်းသာဖြစ်သည်ဟု ယုံကြည်ရလောက်သည်ထိ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် မမိုက်မဲပေ။ထိုအချိန်၌ ဘုရားကျောင်း၏ခြိမ်းခြောက်မှုသည် ရှောင်ယုထက်အတော်လေးကြီးမားပေသည်။

လက်ရှိအချိန်တွင် ရှောင်ယုသည် အနောက်မြေရိုင်းဒေသကိုချုပ်ကိုင်ထားသည့် အုပ်ချုပ်သူအများစုကို သိမ်းသွင်းထားနိုင်သော်လည်း ဘုရားကျောင်းကအနည်းငယ်ကွဲပြားပေသည်။ ဘုရားကျောင်းသည် တိုက်ကြီးတစ်ခုလုံး၏ ယုံကြည်မှုနှလုံးသားဖြစ်ကာ လူအများစု၏နှလုံးသားထဲ၌ နက်နက်ရှိင်းရှိင်းအမြစ်တွယ်ထားခြင်းဖြစ်သည်။ ယခုအခါ ဘုရားကျောင်းသည် ဤတိုက်ပွဲ၌ပါဝင်ရန်ဆန္ဒရှိကြောင်း ဖော်ပြထားသည့်အနေဖြင့် သွေးနီရောင်ခရူးဆိတ်အား ပြန်လည်ဖွဲ့စည်းထားခဲ့ပြီဖြစ်သည်။

ဤသို့ပြင်းထန်လှသည့် ယုံကြည်ခြင်းစွမ်းအားသည် တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် မယုံကြည်နိုင်ဖွယ်စွမ်းအားကို ပြသနိုင်မည်ဖြစ်သည်။

အနာဂတ်တွင် ဘုရားကျောင်းသည် ကမ္ဘာကြီးအားလွှမ်းမိုးရန်ကြိုးပမ်းလာနိုင်သည့်အတွက် ဘုရားကျောင်းနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်လွဲ၍မရနိုင်ပေ။အကယ်၍ သူတို့သာဘုရားကျောင်းကို စတင်နှိမ်နင်းခြင်းမပြုနိုင်ခဲ့ပါက အကျိုးဆက်များသည် စိတ်ကူးယဉ်နိုင်စရာပင်မရှိပေ။

ယခုအချိန်တွင် ရှောင်ယု၏လက်ထဲ၌ အူသာဟုအမည်ရသော ဝှက်ဖဲတစ်ခုရှိနေသေးရာ အတိုင်းအတာတစ်ခုထိ ဝင်ဆံ့နိုင်သေးသည်။ ထိုအရာသည် သူတို့အတွက်လည်း အဆင်ပြေသည့်အသွင်အပြင်တစ်ခုဖြစ်သည်။

"ဘာမှကို အဓိပ္ပါယ်မရှိဘူး"

လီယိုနာဒိုသည် မြစ်တစ်ဖက်ကမ်းရှိအခြေအနေကိုကြည့်ရင်း ပြောလိုက်သည်။

ရှောင်ယုသည် လီယိုနာဒို၏ထင်မြင်ချက်များအား ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ဂေါ်ဒန်၏ဦးခေါင်းခွံကို မလိုချင်ခဲ့ပါက သူနှင့်တိုက်ခိုက်နေစရာအကြောင်းမရှိပေ။

"ဒီမှာစောင့်နေရအောင်...ဘာပဲဖြစ်ဖြစ် ငါတို့ကဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုရှာဖွေဖို့အတွက် အလျင်လိုနေစရာအကြောင်းမရှိဘူးလေ...ဆန့်ကျင်ဘက်အနေနဲ့ အလင်းဘုရားကျောင်းကလူတွေဟာ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုရယူဖို့အတွက် အတော်လေးကိုစိတ်ဝင်စားနေတာပဲ"

ရှောင်ယုက သူ၏မေးစေ့ကိုကိုင်ရင်း ပြောလိုက်သည်။

ရှောင်ယုနှင့်ရင်းနှီးသူတစ်ယောက်ကသာ သူ၏အပြုအမူကိုတွေ့မြင်လိုက်ပါက ဤကောင်သည် တစ်စုံတစ်ခုမကောင်းကြံစည်နေပြီဖြစ်ကြောင်း ချက်ချင်းသိရှိသွားမည်ဖြစ်သည်။

"ပြီးတော့ဘာဖြစ်လဲ...ငါတို့ဒီမှာအနားယူသင့်လား...ငါတို့ထက်ရှေ့ရောက်လာတဲ့သူတွေက အခွင့်အရေးရသွားမှာကိုမကြောက်ကြဘူးလား"

နီကိုးလပ်စ်က ပြုံးပြီးမေးလိုက်သည်။ ရံဖန်ရံခါတွင် ရှောင်ယုသည် သတိလက်လွတ်ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ကြောင်း သူအမြဲလိုလိုခံစားနေရသော်လည်း အမှန်တွင် ရှောင်ယု၏လိမ္မာပါးနပ်မှုကို မေးခွန်းထုတ်စရာမလိုအပ်ပေ။

ရှောင်ယု၏ဦးနှောက်ဖွံ့ဖြိုးမှုအဆင့်သည် ရှောင်ယု၏ယခင်ဘဝနှင့်သက်ဆိုင်သည့်အတွက်ကြောင့် ခေတ်ရှေ့ပြေးနေပေသည်။ ထို့ပြင်သူသည် ဤကမ္ဘာကြီး၏ဆန်းကြယ်မှုများနှင့်ကြိုတင်ရင်းနှီးထားပြီးဖြစ်ပေသည်။

"စောင့်ရမယ်...ငါတို့ကဘယ်အချိန်ထိစောင့်နေရမှာလဲ...ငါတို့အတွက်ကြိုပြီးလမ်းရှင်းပေးနေတဲ့လူတွေကို မင်းမတွေ့ဘူးလား...အမှန်တော့ဒါက အရမ်းကိုရိုးရှင်းပါတယ်...ငါတို့ရဲ့အဖိုးတန်အမြှောက်ဆံတွေကို ငါတို့အတွက်လမ်းရှင်းခိုင်းလိုက်"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။ ယခုလိုကောင်းမွန်သည့် အမြှောက်စာများကို သူကမည်ကဲ့သို့လွယ်လွယ်ကူကူ စွန့်လွှတ်နိုင်မည်နည်း။

ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ အသွင်အပြင်ကိုမြင်သောအခါတွင် သူတို့၏စိတ်ထဲ၌ မည်သည့်အကြောင်းကိုတွေးတောနေကြောင်း သိလိုက်ရသည်။

အကယ်၍ သူတို့ထံတွင် ဤအမြှောက်စာများမရှိတော့ပါက နွံအိုင်ကိုစူးစမ်းရန်အတွက် တစ်စုံတစ်ဦးကိုစေလွှတ်ရမည်ဖြစ်သည်။ ထိုအလုပ်ကို မည်သူကလုပ်ရမည်နည်း။ အကောင်းမွန်ဆုံးသောရွေးချယ်မှုမှာ ရှောင်ယု၏လေကြောင်းတပ်များဖြစ်သည်။ နွံအိုင်အတွင်းကို ဝေဟင်မှစူးစမ်းလေ့လာခြင်းသည် အကောင်းဆုံးသောရွေးချယ်မှုဖြစ်သည်။

သူတို့သည် အကြောင်းရင်းကိုမပြောလိုသော်လည်း အရေးအကြီးဆုံးသောအချက်မှာ ရှောင်ယု၏ခွန်အားကို အသုံးပြုလိုကြခြင်းဖြစ်သည်။

နီကိုးလပ်စ်သည် ရှောင်ယု၏လိမ္မာပါးနပ်မှုအတွက် သူ၏နှလုံးသားထဲ၌ တိတ်တဆိတ်ချီးကျုးနေခဲ့သည်။ ထို့နောက်သူသည် တပ်သားတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"ဟိုဘက်ကမ်းကအဖွဲ့ခေါင်းဆောင်ကို တစ်ဖက်ကမ်းကတောင်ကုန်းတွေဆီသေချာစူးစမ်းလေ့လာဖို့ အမိန့်ပေးလိုက်...အန္တာရယ်တစ်စုံတစ်ခုရှိလာခဲ့ရင် နောက်ပြန်ဆုတ်ပြီးတော့ ငါတို့လာကယ်မှာကိုစောင့်နေလို့ပြောလိုက်"

ထိုအမိန့်သည် တပ်သားကိုစိတ်ရှုပ်ထွေးစေခဲ့သည်။ သူ၏သခင်သည် မည်သည့်အချိန်က ဤမျှကြင်နာလာရသနည်း။ အခြားသူများသည် နီကိုးလပ်စ်အကြောင်းမသိသော်လည်း နီကိုးလပ်စ်သည်အနက်ရောင်နှလုံးသားသခင်ဖြစ်ကြောင်း သူကကောင်းကောင်းသိပေသည်။

"ဘာလုပ်နေတာလဲ...ငါပြောတာကိုမကြားလိုက်ဘူးပေါ့"

နီကိုးလပ်စ်သည် မျက်ခုံးပင့်လိုက်ပြီး စစ်သားကိုစိုက်ကြည့်လိုက်သည်။

"ကြားပါတယ်…"

စစ်သားသည် ထိုစကားကိုပြောပြီးပြီးချင်း အလျင်အမြန်ထွက်ခွာသွားခဲ့သည်။သူသည်တစ်မိနစ်လေးတောင် နောက်မကျလိုပေ။

အခန်း ၄၁၁ - စွမ်းအားကြီးသောဘုရားကျောင်း

ထိုတပ်သားသည် ရှေ့သို့ပြေးထွက်သွားခဲ့ကာ နီကိုးလပ်စ်၏စကားများကို ရဲရဲတင်းတင်းပြောချလိုက်သည်။

ထိပ်ပြောင်သည် နီကိုးလပ်စ်၏အမိန့်ကိုကြားသောအခါ မျက်နှာညိုးငယ်သွားခဲ့သည်။ ရှောင်ယု၏အဖွဲ့သည် သူတို့အားအမြှောက်စာအဖြစ် အမှန်တကယ်ဆက်ဆံနေခဲ့သည်။ သူတို့သည် မြစ်ကိုဖြတ်ပြီးပြီးချင်း ကောင်းစွာအနားမယူရဘဲ ရှေ့တောင်ကုန်းများအား စူးစမ်းလေ့လာရအုံးမည်ဖြစ်သည်။

ထိုသို့စူးစမ်းရှာဖွေခြင်းလုပ်ငန်းစဉ်သည် အလွန်ပင်အန္တာရယ်များလှကြောင်း လူတိုင်းသိထားကြသည်။ အကယ်၍သူတို့သာ ဂရုမစိုက်ပါက အသက်ဆုံးရှုံးရမည်ဖြစ်သည်။

သို့သော်လည်း မည်သူကမှ နီကိုးလပ်စ်၏အမိန့်ကိုမနာခံဘဲ မနေဝံ့ပေ။

သူတို့ထွက်ပြေးချင်လျှင်တောင်မှ အသုံးမဝင်ပေ။ နီကိုးလပ်စ်နှင့်အခြားသူများသာ အနည်းငယ်အားစိုက်ထုတ်လိုက်ပါက သူတို့အားအမှီလိုက်ရန် အချိန်များစွာယူရမည်မဟုတ်ကြောင်း သူသိထားပေသည်။ နီကိုးလပ်စ်သည် သူ့အားသတ်ဖြတ်ကာ သူ့နေရာ၌အခြားတစ်ယောက်ကို အစားထိုးရန်တွန့်ဆုတ်နေမည်မဟုတ်ပေ။

"အိုး...နားလည်ပါပြီ...ကျေးဇူးပြုပြီးတော့ စီနီယာတို့ကိုအကြောင်းကြားပေးပါ...ငါတို့ပြန်သွားတော့မယ်"

ထိပ်ပြောင်က ဂရုတစိုက်လေသံဖြင့်ပြောလိုက်သည်။

ထိုလူသည် အစီရင်ခံရန် နောက်သို့ပြန်သွားသည့် တပ်သားဖြစ်သူကိုကြည့်ရင်း သက်ပြင်းအနည်းငယ်ချလိုက်ကာ သူ့ဘေးနားမှလူ၄ယောက်ကိုကြည့်ရင်း ပြောလိုက်သည်။

"ဒီကောင်တွေကငါ့တို့ကိုတကယ်ကြီးအမြှောက်စာအနေနဲ့သုံးနေတာပဲ...ဒါပေမဲ့ငါတို့မှာအခြားနည်းလမ်းမရှိတော့ဘူး"

"ငါတို့ ဘာဆက်လုပ်သင့်လဲ...ငါတို့ကိုယ်ငါတို့တော့ သေတွင်းထဲကိုတွန်းမပို့နိုင်ဘူး"

သူတို့ထဲမှတစ်ယောက်က ပြန်ပြောလိုက်သည်။ ထိုလူသည်သတ္တိမရှိသော်လည်း ဤနေရာထိရောက်လာခြင်းက သူ၏လောဘကိုဖော်ပြနေခဲ့သည်။

"နောက်ထပ်ကော ငါတို့ဘာဆက်လုပ်နိုင်မှာလဲ...မင်းမှာပိုကောင်းတဲ့နည်းလမ်းကောရှိလို့လား...မင်းကဒီအင်အားစုတွေကို ရန်စဝံ့တယ်ဆိုရင်လုပ်လိုက်လေ...ဒါပေမဲ့ငါတို့နဲ့တော့မပတ်သက်စေနဲ့"

တစ်ဖက်လူက ချက်ချင်းပြောလိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကာ ခပ်ဝေးဝေးနေလိုက်သည်။

"ငါတို့သွားသင့်ပြီထင်တယ်...ဘာပဲဆိုဆို ငါတို့မှာအခွင့်အရေးတစ်ခုရှိသေးတယ်"

"သွားသွား...မင်းပြန်လာတာကိုငါတို့စောင့်နေမယ်...ဆက်လုပ်"

တစ်ယောက်တစ်ပေါက်ဆူညံသံများအကြား စိတ်ရှုပ်ထွေးနေပုံရသည့် အသားညိုညိုလူကဝင်ပြောလိုက်သည်။

"မင်းတို့အားလုံး ပါးစပ်ပိတ်ထားလိုက်ကြတော့...ခုငါတို့သွားသင့်ပြီ...တကယ်လို့မင်းတို့သာအန္တာရယ်တစ်စုံတစ်ခုကြုံလာခဲ့ရင် ဒါမှမဟုတ် အတားအဆီးတစ်ခုကြုံလာခဲ့ရင် အသုံးဝင်မယ့်အချက်အလက်ကိုရအောင်စုဆောင်းခဲ့....ပြီးတော့မင်းတို့ကောင်တွေသတ္တိမရှိရင် ဘာလို့ဒီနေရာထိရောက်လာသေးတာလဲ"

ထိုလူလေးယောက်သည် သူတို့၏ကံကြမ္မာကိုလက်ခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။သူတို့သာ ထွက်ပြေးဝံ့မည်ဆိုပါက ရှောင်ယုတို့၃ယောက်ကသူတို့အား သတ်ဖြတ်ကြမည်ကိုသံသယဖြစ်စရာမလိုပေ။

ထို့နောက် လူ၅ယောက်အဖွဲ့သည် စိတ်ပျက်အားငယ်နေသည့်ခြေလှမ်းများဖြင့် တောင်ကုန်းငယ်လေးများရှိရာသို့ ဖြေးညင်းစွာချည်းကပ်လာခဲ့သည်။

ထိုအဖွဲ့၏ အရှိန်သည်အလွန်ပင်နှေးကွေးလှပေသည်။ ရံဖန်ရံခါတွင် သူတို့သည်ပတ်ဝန်းကျင်အားစောင့်ကြည့်ရန်အတွက် ခေတ္တရပ်ကာ မြစ်တစ်ဖက်ကမ်းရှိရှောင်ယုတို့အား ခိုးကြည့်တတ်ကြသည်။ သူတို့သည် ပတ်ဝန်းကျင်အား သေချာစူးစမ်းလေ့လာခြင်းမရှိဘဲ အချိန်ဖြုန်းနေရုံသက်သက်သာ လုပ်ဆောင်နေကြသည်။

သူတို့၏နှေးတိနှေးကန်လုပ်ဆောင်ပုံမျိုးနှင့်ဆိုပါက ဘုရားကျောင်းသည်အမှန်တကယ် ခြုံခိုတိုက်ခိုက်ရန်လုပ်ဆောင်ထားပါလျှင် သူတို့၏ဖုံးကွယ်မှုအားပိုမိုသေချာစေရန် အချိန်အလုံအလောက်ရသွားမှာဖြစ်သည်။

အဆုံးသတ်တွင် ရှောင်ယုသည်စိတ်မရှည်တော့ဘဲ နီကိုးလပ်၏အနီးရှိတပ်မှူးအား ပြောလိုက်သည်။

"ဟေးကောင်လေး...မင်းသူတို့ကိုသွားပြောလိုက်...တစ်နာရီအတွင်းလုံလောက်တဲ့အဖြေကိုမရရင် သူတို့ပြန်လာစရာမလိုတော့ဘူးလို့"

"အာ...ဒါ...ဒါကခုချိန်မှာဘယ်လိုလုပ်ပြီးသွားပြောရမှာလဲ...သူတို့တော်တော်ဝေးဝေးကိုရောက်နေပြီ"

တပ်မှူးဖြစ်သူက တုံးအခြင်းမရှိပေ။ သူသည် သန်မာအားကောင်း၍ သူ၏အရှိန်နှုန်းသည်အလွန်မြန်ဆန်သည်ဆိုလျှင်ပင် သူသည်ရှောင်ယုပြောသည့်စကားကို ထိုအဖွဲ့ထံသွားပြော၍ ဤဘက်ကမ်းသို့ပြန်ပြေးလာရမည်ဆိုပါက မောပန်း၍သေဆုံးသွားနိုင်ပေသည်။

"မင်းဘာတွေစိုးရိမ်နေတာလဲ...ငါစကားမဆုံးသေးဘူး...ဒီတစ်ကြိမ်တော့မင်းကိုအကူအညီနည်းနည်းပေးလိုက်မယ်...မင်းကငါ့ရဲ့ဂရစ်ဖင်တစ်ကောင်ကိုစီးပြီးတော့ ဟိုဘက်ကမ်းကိုကူးသွားလိုက်"

ရှောင်ယုသည် ပြောပြောဆိုဆိုဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ အခြားတစ်ဖက်၌အနားယူနေသော ဂရစ်ဖင်အုပ်စုအနက်မှတစ်ကောင်သည် သူ့အနားသို့ချက်ချင်းရောက်ရှိလာခဲ့သည်။

"သခင်...ဘာအလိုရှိပါသလဲ...အမိန့်ပေးပါ"

ဂရစ်ဖင်ကိုစီးနင်းသည့် သူရဲကောင်းသည်မရယ်မောတတ်သကဲ့သို့ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

"အဲ...မင်းလုပ်ရမှာမခက်ပါဘူး...ဟိုဘက်ကမ်းကအဖွဲ့ကိုတွေ့တယ်မလား...မင်းကဒီလူကိုမင်းနဲ့အတူခေါ်သွားပြီးတော့ ဟိုဘက်ကမ်းကအဖွဲ့ဆီကို တစ်ချက်ပို့ပေးလိုက်...ပြီးရင်သူ့ကိုပြန်ခေါ်လာခဲ့"

ရှောင်ယုက အမိန့်ပေးလိုက်သည်။

"အမိန့်အတိုင်းပါ"

ဂရစ်ဖင်စီးသူရဲကောင်းက ပြောလိုက်သည်။

တပ်မှူးဖြစ်သူသည် ဂရစ်ဖင်တစ်ကောင်ကို သူ့ဘဝတလျှောက်လုံးအနီးကပ်မမြင်ဖူး၍ အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။

တပ်မှူးဖြစ်သူသည် ပြုံးရွှင်စွာဖြင့် ဂရစ်ဖင်မှ ဒူးတစ်ဖက်ထောက်၍ သူ့အပေါ်တက်လာခွင့်ပြုသည်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလိုပင် ဂရစ်ဖင်၏ခြေသည်းနှစ်ဖက်က သူ၏ပုခုံးကိုဆွဲဖမ်းလိုက်ကာ လေပေါ်ပျံတက်သွားခဲ့သည်။

"အား...အား..."

ပျံသန်းရာလမ်းတလျှောက်၌ တပ်မှူးဖြစ်သူကကျယ်လောင်စွာအော်ဟစ်နေခဲ့သည်။

နီကိုးလပ်စ်၏ မျက်နှာအမူအရာသည် အနည်းငယ်ပျက်ယွင်းသွားခဲ့သော်လည်း ချက်ချင်းပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ရှောင်ယုသည် နီကိုးလပ်၏အမူအရာကိုစောင့်ကြည့်လို၍ အနည်းငယ်စိတ်ပျက်သွားခဲ့သည်။

ခဏကြာပြီးနောက် တပ်မှူးဖြစ်သူသည် ရှောင်ယု၏စကားများကိုထိပ်ပြောင်အား ပြောပြကာ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် မြေပေါ်သို့ရောက်ရောက်ချင်း ကျယ်လောင်စွာထပ်မံအော်ဟစ်လိုက်သည်။

ရှောင်ယု၏အမိန့်ကိုရရှိပြီးနောက်တွင် ထိုအဖွဲ့၏ရှာဖွေနှုန်းသည် အမှန်တကယ်မြန်ဆန်လာခဲ့သည်။

သူတို့သည် နေဝင်ချိန်နွံအိုင်မှ ထွက်ခွာသွားလိုသော်လည်း ထင်သလောက်မလွယ်ကူလှပေ။ ဤနေရာမှ လူအနည်းငယ်သာအသက်ရှင်လျက် ထွက်ခွာသွားနိုင်မည်ကို သူတို့စိုးရိမ်နေကြသည်။

မကြာမှီ ထိုအဖွဲ့သည် တောင်ကုန်းများအကြားရှိ ချိုင့်ဝှမ်းငယ်ထံရောက်ရှိလာခဲ့သည်။

"အား...ပြေးကြ...ခြုံခိုတိုက်ခိုက်မှုရှိတယ်...ပြေး"

ရုတ်တရက်ဆိုသလို ထိုလူများသည်ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး ရှောင်ယုထံဦးတည်၍ပြန်ပြေးလာကြသည်။

"သူတို့ကစူးစမ်းရှာဖွေခိုင်းတဲ့အချိန်မှာ တော်တော်နှေးနှေးကွေးကွေးလုပ်ပေမဲ့ ခုလိုပြန်ပြေးလာတဲ့အချိန်ကျတော်တော်မြန်တာပဲ...ကောင်းပြီလေအချိန်တစ်နာရီတော့ မပြည့်သေးဘူး"

ရှောင်ယုက ကျိန်ဆဲလိုက်သည်။

အချိန်ခဏလေးအတွင်း အမြှောက်စာများအနက်တစ်ကောင်သည် ရှောင်ယု၊လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏ရှေ့သို့ရောက်ရှိလာခဲ့ကာ တိုက်ပွဲအကြောင်းကိုပြန်ပြောလိုက်သည်။

"စီနီယာတို့...တစ်စုံတစ်ယောက်ကငါတို့ကိုချောင်းမြောင်းတိုက်ခိုက်နေတယ်"

"ခြုံခိုတိုက်ခိုက်တာလား...ဘယ်သူတွေရဲ့လက်ချက်လဲ"

ရှောင်ယုသည် တမင်တကာစိတ်ရှုပ်ထွေးနေသောမျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။

"မသိဘူး...ငါတကယ် သိဘူး"

ထိုလူကပြန်ဖြေလိုက်သည်။ သူသည် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အမှန်တကယ်ထိတ်လန့်နေပုံရသည်။

"တကယ်မသိဘူးဟုတ်လား...အဲ့ဒါဆိုရင်မင်းကဘာလို့ အသက်ရှင်လျက်ပြန်ရောက်လာတာလဲ"

နီကိုးလပ်စ်က ကျယ်လောင်စွာအော်ဟစ်လိုက်ရာ ထိုလူသည်လိပ်ပြာလွှင့်မတတ်ကြောက်ရွံ့သွား၍ မြေပေါ်ဒူးထောက်လိုက်သည်။

"ငါမှားပါပြီ...ငါမှားပါပြီစီနီယာတို့...အဲ့နေရာမှာ တူညီတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ ဘုရားကျောင်းကလူတွေကိုင်ဆောင်လေ့ရှိတဲ့ ကြက်ခြေခတ်ဓားတွေကိုကိုင်ဆောင်တဲ့ လူတစ်စုကိုတွေ့ခဲ့ရတယ်...ဒါပေမဲ့သူတို့ရဲ့ဝတ်စုံတွေကဘုရားကျောင်းကလူတွေဝတ်စုံနဲ့မတူနေဘူး...ငါတကယ့်ကိုသူတို့ဘယ်သူလဲဆိုတာမသိတာပါ"

ထိုလူက ကြောက်လန့်တကြားပြောလိုက်သည်။

"ကောင်းပြီ...ငါတို့ရှေ့ကထွက်သွားတော့"

လီယိုနာဒိုက မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"ကောင်းပါပြီ...ကောင်းပါပြီ"

ထိုလူသည် အသက်ရှင်သန်ခွင့်ကိုရရှိလိုက်သကဲ့သို့ ရှောင်ယုတို့ရှေ့မှ လျင်မြန်စွာထွက်ပြေးသွားခဲ့သည်။

ရှောင်ယုသည် သူ၏မေးစေ့ကိုပွတ်မိလိုက်သည်။ သူသည် ထိုလူများ၏အကြောင်းကို သိရှိထားပြီးဖြစ်သည်။ ထိုလူများသည် ဘုရားကျောင်း၏ခရူးဆိတ်များမှလွဲ၍ အခြားမဖြစ်နိုင်ပေ။

"ဘုရားကျောင်းရဲ့ သွေးနီရောင်ခရူးဆိတ်တွေစပြီးထွက်ပေါ်လာပြီလို့ မင်းတို့မထင်ကြဘူးလား"

နီကိုးလပ်စ်က တိုးတိုးလေးပြောလိုက်သည်။

"မင်းပြောတာဖြစ်နိုင်လို့လား...သူတို့ကဘာလို့အလျင်စလိုဖြစ်နေတာလဲ...သူတို့မှာအစွမ်းထက်တဲ့ပါလာဒင်အမြောက်အများရှိနေရင်တောင် သူတို့ရဲ့အလုံးစုံစွမ်းအားက ငါတို့ထက်အားကောင်းနေစရာအကြောင်းမရှိဘူး"

လီယိုနာဒိုက တိုးတိုးလေးပြောလိုက်သည်။

အမှန်တော့ သူတို့ထံတွင် ဘုရားကျောင်း၌မရှိသောအားသာချက်ကို ပိုင်ဆိုင်ထားပေသည်။

"ငါတို့ကစောင့်နေမှာလား...ဒါမှမဟုတ်ငါတို့ရဲ့ဧည့်သည်တွေနဲ့သွားတွေ့ကြမှာလား..."

ရိုးရိုးသားသားပြောရမည်ဆိုပါက ရှောင်ယုသည်ဘုရားကျောင်းကိုမျက်လုံးထဲမထည့်ထားပေ။တစ်ခုတည်းသောပြဿနာမှာ သူတို့အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားမရခြင်းဖြစ်သည်။

နီကိုးလပ်စ်သည် မသိမသာဖြင့် သူ၏ပုခုံးကိုတွန့်ပြလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည်ယနေ့မြစ်ကိုဖြတ်ကူးရန်မဆုံးဖြတ်ထားဘဲ အနားယူရန်စီစဉ်နေခဲ့သည်။ ရွေးချယ်စရာမရှိသည့်အဆုံးတွင် သူတို့သည်ရှေ့ဆက်ဖြစ်လာမယ့်အန္တာရယ်ကို ဖယ်ရှားလိုက်ရန်အတွက် ဘုရားကျောင်းမှလူများကိုဖယ်ရှားလိုက်ရန်ဖြစ်သည်။

"ငါတကယ်ဂရုမစိုက်ဘူး...ဘယ်အူသာကအစစ်လဲဆိုတာကိုတော့ ငါတကယ်သိချင်တယ်"

လီယိုနာဒိုသည် တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။ သူပြောလိုက်သောစကားများကလည်း ရှောင်ယုအစိုးရိမ်ရဆုံးသောအရာများဖြစ်သည်။

လက်ရှိအခြေအနေတွင် မည်သည့်အူသာကအစစ်ဖြစ်ကြောင်း သိနေစရာမလိုပေ။ အဓိကလူကိုသတ်ဖြတ်လိုက်ပါက ကျန်အရာများသည် အရေးမကြီးတော့ပေ။

ဤတိုက်ကြီးပေါ်၌ ယခုလိုအဖြစ်အပျက်မျိုးမည်သည့်အချိန်က အကြိမ်ရေမည်မျှဖြစ်ခဲ့သည်ကို သာမန်ပြည်သူများမသိနိုင်ကြဘဲ မကြာခဏဆိုသလိုအရူးလုပ်ခံရတတ်သည်။

All Chapters