အခန်း (၄၂၁-၄၁၄)
Vol. 28 Ch. 412-414
အခန်း ၄၁၂ - စစ်မှန်သောဆဌမအဆင့်ကျွမ်းကျင်သူ
ခဏအကြာတွင် ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် မြစ်တစ်ဖက်ကမ်းသို့သွားကာ ကျည်းမြောင်းသောချိုင့်ဝှမ်းကိုစစ်ဆေးလိုက်ကြသည်။
ရံဖန်ရံခါ၌ သူတို့သုံးယောက်သည် အဓိပ္ပါယ်မရှိသော စကားအချို့ကိုပြောနေကြသည်။
"ဒီကောင်တွေက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ...သူတို့ကတော်တော်သည်းခံနိုင်စွမ်းရှိတယ်...ငါတို့တွေဒီနားထိရောက်လာတာတောင်မှ သူတို့ကထွက်မလာကြသေးဘူး...တကယ့်ကိုချီးကျူးစရာပဲ"
ရှောင်ယုသည် ဘုရားကျောင်းမှလူများကို တိတ်တဆိတ်ချီးကျူးလိုက်သည်။
"အိုး...အဲ့ဒါကသာမန်ပါဘဲ...ဘုရားကျောင်းကလူတွေကအရူးတွေလိုပဲ...နောက်ကျရင်မင်းပိုပြီးတော့နားလည်လာလိမ့်မယ်"
နီကိုးလပ်စ်က ပြုံးရင်းပြောလိုက်သည်။ဘုရားကျောင်းနှင့်ပတ်သက်လာလျှင် သူ၏နားလည်နိုင်စွမ်းက ရှောင်ယုထက်များစွာပိုမိုမြင့်မားပေသည်။
ရှောင်ယုကလည်း ခေါင်းညိတ်ပြလိုက်သည်။ဘုရားကျောင်းရှိ အကြီးအကဲများသည် သူတို့၏နောက်လိုက်များကို မကြာခဏဦးနှောက်ဆေးပေးလေ့ရှိသည့်အတွက်ကြောင့် အမှန်တကယ်ပင်ရူးသွပ်နေကြသူများဖြစ်သည်။ထိုသို့ဦးနှောက်ဆေးခြင်းအောင်မြင်သွားသရွေ့ ပယ်ဖျက်ရန်နည်းလမ်းမရှိပေ။ယခုသွေးနီရောင်ခရူးဆိတ်သည် ပိုမိုအားကောင်းသောတပ်ဖွဲ့ဖြစ်သည်။ထိုသို့အားကောင်းလာစေရန်အတွက် ၎င်းတို့အားသာမန်နောက်လိုက်များထက် ပိုမို၍ဦးနှောက်ဆေးပေးခဲ့ရပြီး သူတို့အားအဆင့်မြင့်လက်နက်ကိရိယာများဖြင့် တပ်ဆင်ပေးထားခဲ့သည်။
လီယိုနာဒိုက သူ၏လက်ကိုဆန့်တန်း၍ပြောလိုက်သည်။
"သူတို့ဘယ်အချိန်လောက်ထွက်လာမယ်လို့ မင်းထင်လဲ...အလောင်းအစားလေးတစ်ခုလုပ်ရအောင်...ဘယ်သူ့ရဲ့အမြင်ကဒီနေရာမှာ ပိုပြီးတော့အားကောင်းလောက်သလဲ"
အလောင်းအစားလုပ်ချင်တာလား...
ရှောင်ယုသည် လီယိုနာဒို၏အကြံကိုသဘောကျ၍ ပြုံးလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ အလောင်းအစားပြုလုပ်ခြင်းက အမှန်တကယ်ပင်စိတ်ဝင်စားစရာကောင်းသည့်အရာဖြစ်သည်။ ထို့ပြင် ယခုအချိန်၌သူတို့သည် ဘာမှလုပ်စရာမရှိပေ။
"ငါတို့ဘယ်လိုအလောင်းအစားလုပ်ကြမလဲ"
ရှောင်ယုက သူ၏မေးစေ့ကိုပွတ်ရင်းပြောလိုက်သည်။
နီကိုးလပ်စ်က သူတို့နှစ်ယောက်ကိုပြုံးပြုံး ကြီးစိုက်ကြည့်ကာ အကြံပေးလိုက်သည်။
"ငါတို့က ဘာလို့ရွှေပြား၁၀သန်းစီလောင်းကြေးမထပ်ရမှာလဲ...ဘုရားကျောင်းကလူတွေ ဘယ်အချိန်လောက်ထွက်လာနိုင်မလဲဆိုတာကို ငါတို့တွက်ချက်ကြည့်ကြတာပေါ့...အတိကျဆုံးနဲ့အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့သူက လောင်းကြေးကိုအနိုင်ရမယ်"
မကြာခင်မှာဘဲ သူတို့နှစ်ဦးက နီကိုးလပ်စ်၏အကြံကိုသဘောတူလိုက်ကြသည်။ နီကိုးလပ်စ်၏အကြံသည် သူတို့ငြင်းဆန်စရာမရှိအောင် ကောင်းမွန်လှပေသည်။
"ငါကတော့နာရီဝက်လို့ထင်တယ်...ငါတို့ဒီမှာရောက်နေတာဆယ်မိနစ်ရှိနေပြီဆိုတော့ သူတို့လည်းသိနေလောက်ပြီ...အဲ့ဒါကြောင့်ငါတို့ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတာဖြစ်ရမယ်"
လီယိုနာဒိုက ယုံကြည်မှုအပြည့်ဖြင့်ပြုံး၍ ပြောလိုက်သည်။
ရှောင်ယုကမူ မျက်ခုံးတွန့်လိုက်ပြီး ခဏလောက်စဉ်းစားအပြီး၌ ချက်ချင်းပြန်ပြောလိုက်သည်။
"ကောင်းပြီ..ငါတို့ကတူညီတဲ့အချိန်ကိုထပ်ပြောလို့မရဘူး...အားလုံးသဘောတူကြတယ်မလား"
နီကိုးလပ်စ်သည် ကူကယ်ရာမဲ့စွာပြုံးလိုက်သော်လည်း ခေါင်းညိတ်ကာတုံ့ပြန်လိုက်သည်။
"အဲ့ဒါဆိုရင် မင်းအစောကတည်းကဘာလို့မပြောတာလဲရှောင်ယု..."
"ငါက တကယ့်ကိုဘာဆိုဘာမှ မပြောလိုပါဘူး...မင်းတို့နှစ်ယောက်ကငါ့ကိုအနိုင်ကျင့်မှာကို ကြိုတင်ကာကွယ်ရုံလေးပါဘဲ"
ရှောင်ယုက အပြစ်ကင်းစင်သည့်လေသံဖြင့်ပြောလိုက်သည်။ သူသည် ဖြစ်နိုင်ခြေများစွာကိုကြိုတွေးထားပြီးဖြစ်သော်လည်း ဤနှစ်ယောက်သာပူးပေါင်းဆောင်ရွက်မည်ဆိုပါက သူ့အတွက်ကံမကောင်းနိုင်ပေ။
"ငါတို့က အဲလောက်ထိအကျင့်မကောင်းဘူးလို့ထင်နေတာလား"
နီကိုးလပ်စ်က ပြောလိုက်သည်။
"အဲ့အကြောင်းဆက်ပြီးမပြောရအောင်..."
ရှောင်ယုက အချိန်မဖြုန်းလိုသည့်အတွက်ကြောင့် ပြောလိုက်သည်။
နီကိုးလပ်စ်ကခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ...နောက်ထပ်၂၅မိနစ်အကြာမှာသူတို့ထွက်လာလိမ့်မယ်လို့ ငါလောင်းမယ်"
၂၅မိနစ်ဟုတ်လား...
ရှောင်ယုသည် လီယိုနာဒို၏စိတ်ထဲ၌ ဖြစ်ပျက်နေသောအတွေးများကို ရိပ်မိနေသော်လည်း နီကိုးလပ်စ်အားမည်သို့မည်ပုံလောင်းကြေးထပ်ရမည်ကို ညွန်ပြခဲ့ခြင်းမရှိခဲ့ပေ။
"မင်းတို့အားလုံးပြီးသွားပြီဆိုမှတော့ ငါ့အလှည့်ကိုရောက်ပြီထင်တယ်...ငါကတော့ဆယ်မိနစ်အတွင်းဒီကောင်တွေထွက်လာမယ်လို့လောင်းတယ်"
ရှောင်ယုသည် လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး ထိုနှစ်ယောက်အား စိုက်ကြည့်လိုက်သည်။
၁၀မိနစ်....
နှစ်ယောက်လုံးသည် ရှောင်ယု၏စကားကြောင့် အံ့သြသွားခဲ့ကြသည်။ ရှောင်ယု၏အပြုံးသည် သူတို့နှင့်အမှန်ပင်ရင်းနှီးနေခဲ့ကာ သူတို့၏နှလုံးသားများအား လက်အေးကြီးဖြင့်ညစ်ခံထားရသလို ခံစားနေကြရသည်။ ရှောင်ယုသည် တစ်စုံတစ်ယောက်အားလှည့်စားလိုသည့်အခါတိုင်း ထိုကဲ့သို့အပြုံးမျိုးအားအသုံးပြုပေသည်။
"ရှောင်ယု...မင်းကဘာတွေထပ်ပြီးလှည့်စားအုံးမှာလဲ"
နီကိုးလပ်စ်က မေးမြန်းလိုက်သည်။ ရှောင်ယုသည် စိတ်မြန်သောလူတစ်ယောက်မဟုတ်ပေ။ ထိုကောင်သည် သူ၏ခွန်အားကိုမည်သို့ထိန်းသိမ်းရမည်ကို သိရှိထားသူဖြစ်သည်။
ရှောင်ယု၏ငွေကြေးအပေါ် တပ်မက်စုံမင်မှုသည် သူတို့နှစ်ဦးထက် များစွာပိုမိုအားကောင်းကြောင်း သေချာပေသည်။
"ဟေး...မင်းတို့တွေနောက်မှသိလိမ့်မယ်...ကဲကဲစောင့်ကြည့်ရအောင်"
ရှောင်ယုသည် ထူးထူးခြားခြားပြုံးနေသော်လည်း မည်သည့်စကားမှထပ်မပြောခဲ့ပေ။
ဤသို့ဖြင့်သူတို့၃ယောက်က ဆက်ပြီးစောင့်ကြည့်နေခဲ့သည်။ သို့သော်ငါးမိနစ်ခန့်ကြာပြီးနောက် ရှောင်ယု၏မျက်နှာပေါ်၌ အထိတ်တလန့်အမူအရာအချို့ ဖြစ်ပေါ်လာခဲ့သည်။
"ရှောင်ယု...မင်းအဆင်ကောပြေလား...မင်းဘာလို့အရမ်းကိုစိတ်ပူနေပုံပေါက်နေတာလား"
ယခုအချိန်၌ နီကိုးလပ်စ်၏ စိတ်အခြေအနေသည် အလွန်ပင်ကောင်းမွန်နေခဲ့သည်။
လီယိုနာဒိုသည် ရှောင်ယုအားမထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်၍ပြောလိုက်သည်။
"အိုး...နောက်ထပ်၅မိနစ်လောက်ကြာရင် ငါတို့ကရွှေပြား၁၀သန်းရတော့မှာပဲ...ဒီလိုကိစ္စမျိုးကတော်တော်ကောင်းတာပဲ"
ရှောင်ယုက မည်သည့်စကားမှမဆိုပဲ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း အချိန်ဆယ်မိနစ်ပြည့်ခါနီးတွင် ရှောင်ယုကရုတ်တရက်မတ်တပ်ရပ်ကာ ဟိန်းဟောက်လိုက်သည်။
ခိုင်ရင်းသည် မျက်လုံးကိုမှိတ်ထားလိုက်သည်။ ရှောင်ယုထုတ်လွှတ်လိုက်သော တိုက်ပွဲအော်ရာသည် သူကိုယ်တိုင်ထုတ်လွှတ်လိုက်သည်ထက် လုံးဝမနိမ့်ကျပေ။
ထိုဟိန်းဟောက်သံသည် ဘုရားကျောင်းမှလူများပုန်းအောင်းနေရာဆီသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ ရှောင်ယု၏လုပ်ရပ်သည် ပုန်းအောင်းနေသောဘုရားကျောင်းမှလူများကို ရှေ့သို့ထွက်လာစေခဲ့သည်။
ရှောင်ယုက သူတို့ကိုထွက်ပေါ်လာစေရန်အတွက် ကိုယ်တိုင်လုပ်ဆောင်မည်ဟု မည်သူကမှမမျှော်လင့်ထားပေ။
ထိုမြင်ကွင်းကိုကြည့်၍ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ မျက်နှာအမူအရာသည် အလွန်ပင်ရုပ်ဆိုးသွားခဲ့သည်။ ရှောင်ယုသည် အဘယ်ကြောင့် ယခုလိုလောင်းကြေးထပ်ဝံ့သည်ကို နောက်ဆုံး၌သူတို့သိလိုက်ပြီဖြစ်သည်။
"ရှောင်ယု...မင်းကတကယ့်ကိုတစ်ခုခုတော့တစ်ခုခုပဲ...တကယ့်ကိုချီးကျူးလောက်ပါပေတယ်"
ရှောင်ယုသည် ပိုက်ဆံအတွက်ကြောင့် သူ၏အဆင့်အတန်းကိုနှိမ့်ချကာ ယခုလိုလုပ်ဆောင်လိမ့်မည်ဟု နီကိုးလပ်တစ်ယောက် လုံးဝမမျှော်လင့်ထားပေ။
တစ်စုံတစ်ယောက်၏ ခွန်အားနှင့်အဆင့်အတန်းသည် သူတို့၏အဆင့်သို့ရောက်ရှိလာသည့်အခါတွင် ပိုက်ဆံငွေကြေးဟူသည် လေပေါ်လွှင့်မျောနေသည့် တိမ်တိုက်များသဖွယ်ဖြစ်လာခဲ့သည်။ ထိုအဆင့်၌ သူတို့အမှန်တကယ်အလေးထားသည့်အရာမှာ သူတို့၏အကျိုးစီးပွားနှင့် သူတို့၏အဖိုးတန်သောဂုဏ်သိက္ခာသာဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
"ဟေ့ဘာလဲ...မင်းတို့ရဲ့အကြည့်တွေက အဆင်မပြေဘူးနော်...ငါ့နှလုံးသားကိုထိခိုက်စေတယ်"
ရှောင်ယုက ကြေကွဲနေဟန်ဖြင့်ပြောလိုက်သည်။
ရှောင်ယု၏ဟိန်းဟောက်သံအပြီးတွင် ဘုရားကျောင်းမှလူများသည် ပတ်ပတ်လည်ကိုစစ်ဆေးကြည့်ရှုရန်အတွက် တောင်ကုန်းများပေါ်မှ အစီအရီထွက်ပေါ်လာခဲ့သည်။
"ဟားဟား...လောင်းကြေးကငါ့အပိုင်ဘဲ...သူတို့ထွက်လာကြပြီ"
ရှောင်ယုကဂုဏ်ယူစွာပြောလိုက်သည်။ သူ၏ခံစားချက်သည် အလွန်ပင်ကောင်းမွန်နေခဲ့သည်။
ရှောင်ယု၏လှည့်စားမှုအောက်တွင် ရွှေပြား၁၀သန်းကိုဆုံးရှုံးလိုက်ရ၍ သူတို့နှစ်ယောက်လုံးသည် ကူကယ်ရာမဲ့စွာခံစားလိုက်ရသည်။
လောင်းကြေးအကြောင်းကိုပြောပြီးနောက်တွင် ရှောင်ယုသည်သူတို့၏စိတ်နေစိတ်ထားကို ဂရုမစိုက်တော့ဘဲ သူ့နောက်မှလူနှစ်ယောက်ကို တိုက်တွန်းလိုက်သည်။
"ကောင်းပြီလေ...ဘုရားကျောင်းကိုသွားတွေ့ရအောင်...သူတို့ကငါ့ကိုတွေ့ဖို့ရောက်လာတာပဲ"
ရှောင်ယု၏စကားအပြီးတွင် သူ့နောက်မှလူနှစ်ယောက်သည် မည်သို့မည်ပုံဖြစ်နေပါစေ ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။
"နားလည်ပြီ...သွားကြရအောင်...ဒီလိုကောင်မျိုးနဲ့တွေ့တာကိုက ငါတို့အတွက်ကံမကောင်းပါဘူး"
နီကိုးလပ်စ်သည် ကူကယ်ရာမဲ့စွာပြောလိုက်သော်လည်း လီယိုနာဒိုကမူ တိတ်ဆိတ်နေခဲ့သည်။
ထို့နောက် သူတို့၃ယောက်သည် မူလနေရာသို့အမြန်ပြန်သွားကြပြီး ဘုရားကျောင်းမှလူများကို စောင့်မျှော်ခဲ့ကြသည်။
မိနစ်၂၀ကျော်ကြာပြီးနောက်တွင် ဘုရားကျောင်းမှလူတစ်စုသည် အလံတစ်ခုကို ကိုင်ဆောင်၍ရောက်ရှိလာခဲ့သည်။
"ဒါက သွေးနီရောင်ခရူးဆိတ်တွေရဲ့အလံမဟုတ်ဘူးလား...ဒါကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ...သူတို့ကသွေးနီရောင်ခရူးဆိတ်တွေကိုတောင် ပွဲထုတ်လာပြီပေါ့...သူတို့ကအဲလိုမျိုးအကုန်အကျများပြားတဲ့သူတွေကိုစပြီးတော့ ဖွဲ့စည်းခဲ့ပြီလား"
ရှောင်ယုက အံ့သြတကြီးဖြင့်ပြောလိုက်သည်။သွေးနီရောင်ခရူးဆိတ်နှင့် ငွေရောင်ညာဘက်သူရဲကောင်းတို့သည် အလွန်ပင်နာမည်ကြီးပေသည်။
အလင်းဘုရားကျောင်းမှလူများသည် သွေးနီရောင်ခရူးဆိတ်ကို နေဝင်ချိန်နွံအိုင်အတွင်းသို့ ခေါ်ဆောင်လာခဲ့၍ သူတို့၏ရည်ရွယ်ချက်မှာ ထင်ရှားနေပြီဖြစ်သည်။
"အိုး...ရွှေခြင်္သေ့ဘုရင်တောင်မှရောက်လာတာပဲ...ဒီတစ်ခေါက်တော့သူတို့သေချာပြင်ဆင်လာတာပဲ"
ရှောင်ယုသည် ဘုရားကျောင်း၏လူအုပ်စုအတွင်းမှ လူတစ်ယောက်ကိုသတိထားမိလိုက်သည်။
"ရှောင်ယု မင်းဒီတစ်ခေါက်တော့သေချာသတိထားရတော့မယ်...ရွှေခြင်္သေ့ဘုရင် ခရစ်မိုက တကယ့်ကိုစွမ်းအားကြီးမားတဲ့ဆဌမအဆင့်ပါလာဒင်တစ်ယောက်ပဲ...ဒီတစ်ခါတော့တော်တော်စိတ်ဝင်စားစရာကောင်းသွားပြီ"
ရှောင်ယုသည် ထိုလူများ၏အကြောင်းကို နားမလည်သေးမည်ကိုနီကိုးလပ်စ်က စိုးရိမ်၍ကြိုတင်အကြောင်းကြားလိုက်သည်။ အကယ်၍ ရှောင်ယုသာရွှေခြင်္သေ့ဘုရင်ကိုမကြားဖူးဘဲ စော်ကားမိလိုက်ပါက မခက်ချေလား။
"အိုး...ဆဌမအဆင့်...ဆဌမအဆင့်ကသိပ်ပြီးတော့ ကြောက်စရာကောင်းနေတာမဟုတ်ဘူးလား..."
ရှောင်ယုကပြုံးပြလိုက်ကာ များစွာဂရုမစိုက်တော့ပေ။ အကယ်၍ နှစ်ဖက်လုံးသာစကားကောင်းကောင်းမပြောနိုင်ပါက တိုက်ခိုက်ရန်စိတ်မရှိပေ။
ခဏအကြာတွင် ဘုရားကျောင်း၏အုပ်စုကရောက်ရှိလာခဲ့သည်။
"ငါကဘုရားကျောင်းအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ခရစ်မိုပါ...မင်းနဲ့တွေ့ရတာတကယ်ဝမ်းသာတယ်"
ရွှေခြင်္သေ့ဘုရင်က ယဉ်ယဉ်ကျေးကျေးဖြင့် စတင်နှုတ်ဆက်လိုက်သည်။
အခန်း ၄၁၃ - မင်းကအရည်အချင်းပြည့်မှီတဲ့သူရဲကောင်းပဲ
ဘာလို့အဲလောက်ယဉ်ကျေးနေတာလဲ...
ရှောင်ယုသည် သူ၏မျက်လုံးနှင့်နားများကို ယုံရခက်နေခဲ့သည်။ ခရစ်မတိုင်မှီ သူမြင်တွေ့ခဲ့ရသောပါလာဒင်များသည် မာနကြီးပြီးရိုင်းစိုင်းသည်ဟု ပေါ်တင်ပြောလျှင်ပင် ချဲ့ကားပြောနေစရာအကြောင်းမရှိပေ။
ဘုရားကျောင်းရှိ အဆင့်မြင့်ပုဂ္ဂိုလ်အများစုသည် တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးကာ အကျင့်ပျက်ကြသူများဖြစ်ကြသည်။ သူတို့သည် လူတိုင်းကိုနှိမ့်ချရှုမြင်တတ်ကြသည်။ ထိုအချက်များကြောင့် ရှောင်ယုသည် ဘုရားကျောင်း၏တည်ရှိမှုအား မနှစ်သက်ရခြင်းဖြစ်သည်။
အမှန်တကယ်ပင် သူတို့၏မာနကြီးမှုသည် သူတို့၏ခွန်အားမှဆင်းသက်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှောင်ယုသည် သူ၏သင့်တော်သောအခြေအနေတစ်ခု၌ အူသာ၏ပုံရိပ်ကိုအသုံးချကာ စစ်မှန်သောဘုရားကျောင်းကို တည်ထောင်ရန်စဉ်းစားမည်မဟုတ်ပေ။ ယခုမူသူသည် အရာရာတိုင်းကိုသတိထား၍လုပ်ဆောင်နေရပြီး အူသာ၏အကူအညီဖြင့် ဘုရားကျောင်း၏လှုပ်ရှားမှုကို ဖိနှိပ်ထားရခြင်းဖြစ်သည်။
"တွေ့ရတာဝမ်းသာတယ်ခရစ်...မင်းနဲ့တွေ့ခွင့်ရတာ တကယ့်ကိုရှားပါးတယ်...မင်းငါတို့ဆီကိုဘာလို့လာတာလဲ...မင်းကငါတို့နဲ့အတူတူသောက်ချင်နေတာလား"
နီကိုးလပ်စ်သည် ခရစ်ကိုကြိုတင်သိရှိနေပုံဖြင့် နှုတ်ဆက်လိုက်သည်။ သူတို့နှစ်ဦးကြားမှဆက်ဆံရေးသည် ပုံမှန်ဖြစ်နေပုံရသော်လည်း နီကိုးလပ်စ်၏လေသံအရ ခရစ်မိုအားသဘောမကျကြောင်း ရှောင်ယုကနားလည်လိုက်သည်။
"အိုး...နီကိုးလပ်စ် မတွေ့တာတောင်အတော်လေးကြာခဲ့ပြီဘဲ...ငါကပုပ်ရဟန်းမင်းရဲ့အမိန့်ကိုလိုက်နာပြီးတော့ နေဝင်ချိန်နွံအိုင်ကိုရောက်လာခဲ့တယ်"
ခရစ်ကပြန်လည်နှုတ်ဆက်လိုက်သော်လည်း သူ၏ရည်ရွယ်ချက်အမှန်ကို ထုတ်မပြောခဲ့ပေ။
သို့သော် လူတိုင်းသည် ဘုရားကျောင်း၏စွမ်းအားကို ကောင်းကောင်းသိရှိထားသည့်အတွက်ကြောင့် စကားအပိုပြောစရာမလိုအပ်ပေ။လက်ရှိအချိန်တွင် ဘုရားကျောင်းသည် မည်သူမှမစော်ကားဝံ့လောက်အောင် အားကောင်းလှပေသည်။
"ဟဲဟဲ...ကောင်းပြီလေ...ဒီတစ်ကြိမ်မှာ ငါတို့ကဘုရားကျောင်းရဲ့ကောင်းချီးတွေကို အားကိုးရတော့မယ်ထင်တယ်...ငါတို့ရဲ့ကံကတကယ့်ကိုမကောင်းဘူး...ငါတို့ဒီကိုလာတဲ့လမ်းမှာ နတ်ဆိုးမှော်ဆရာတစ်ယောက်နဲ့တွေ့ပြီးတော့ အပြင်းအထန်တိုက်ခိုက်ခဲ့ရတယ်...အနာဂတ်မှာအဲလိုမျိုးထပ်ကြုံတွေ့လာခဲ့ရင် ကူညီပေးဖို့ကြိုပြောထားရမယ်"
နီုကိုးလပ်စ်က ရယ်မောရင်းပြောလိုက်သည်။
"မင်းကလီယိုနာဒိုမလား...ငါမင်းရဲ့နာမည်ကိုကြားဖူးနေတာအတော်လေးကြာပြီ...မင်းနဲ့အတူလက်တွဲလုပ်ခွင့်ရဖို့ ငါစောင့်မျှော်နေတယ်"
လီယိုနာဒို၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ဤကောင်သည် သူတို့အကြားသဘောထားကွဲလွဲမှုကို ချေဖျက်လိုနေသည်လား။ ဘုရားကျောင်းသည် ညစ်ပတ်သောအရာများကို အမှောင်ထဲမှနေ၍တိတ်တဆိတ်လုပ်ဆောင်လေ့ရှိကြောင်း လီယိုနာဒိုကသိရှိထားပြီးဖြစ်ပေသည်။ ဘုရားကျောင်းသည် လူသိမခံနိုင်သည့်ကိစ္စများကို နောက်ကွယ်မှနေ၍ လျှို့ဝှက်စွာလုပ်ဆောင်တတ်ကြောင်း အခြားလူများထက်ပို၍ ရှေးဟောင်းမိသားစုများ၏သခင်လေးများက ပိုမိုသိရှိထားပေသည်။
"အိုး...ဒါကပုံမှန်ပါဘဲ...ဒါပေမဲ့ သင့်တော်တဲ့အခွင့်အရေးရှိမရှိဆိုတာကိုပဲ တစ်ချက်လောက်ကြည့်ရအောင်...ငါ့မှာရွေးချယ်စရာအခွင့်အလမ်းမရှိဘူး"
လီယိုနာဒိုက ပေါ့ပေါ့တန်တန်ပြန်ပြောလိုက်သည်။သူသည် ဘုရားကျောင်းနှင့်အမှန်တကယ် မပူးပေါင်းလိုပေ။
ရှောင်ယုသည် အခြားနှစ်ယောက်နှင့်ဖော်ဖော်ရွှေရွှေဆက်ဆံနေသော ခရစ်အားမမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ ရှောင်ယုသည် ခရစ်ကဲ့သို့နှလုံးသားအောက်ခြေ၌ မဲမှောင်နေသည့်လူများကို အမှန်တကယ်ပင်မနှစ်သက်ပေ။
"ဒါက အရမ်းကိုကျော်ကြားနေတဲ့ရှောင်ယုမလား...ကောင်းပြီ...အူသာကအခုဘယ်မှာလဲဆိုတာ ငါသိခွင့်ရှိမလား"
ခရစ်သည် ခပ်ဖျော့ဖျော့ပြုံးပြလိုက်သော်လည်း ရှောင်ယုအားစိုက်ကြည့်နေသော သူ၏မျက်လုံးများ၌အပြာရောင်အလင်းတန်းများ တလက်လက်တောက်ပနေခဲ့သည်။
"မင်းကတကယ့်ကိုဉာဏ်ပညာပြည့်ဝတဲ့လူတစ်ယောက်ပါ...ဒါပေမဲ့မင်းကတကယ့်ပါလာဒင်တစ်ယောက်ဖြစ်ပါမလားဆိုတာ ငါသံသယဖြစ်မိတယ်...မင်းရဲ့သူရဲကောင်းဝိညာဉ်ကဘယ်မှာလဲ...အဲ့ဒါရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကော မင်းသိလို့လား...မင်းကသာမန်ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်ကလွဲပြီးတော့ အခြားဘာမှမဟုတ်ဘူးဆိုတာကောသိလား"
ရှောင်ယုသည် သူ့အားရန်စလာသူများကို ပြန်လည်မတိုက်ခိုက်ဘဲ ငြိမ်ခံနေရလောက်သည်ထိ စိတ်သဘောထားကောင်းမွန်သူမဟုတ်ပေ။ ယခုလည်းသူသည် ခရစ်မိုးအားမျက်နှာသာပေးစရာအကြောင်းမရှိတော့ပေ။
ထိုစကားကိုကြားပြီးနောက်တွင် ရှောင်ယုသည် ခရစ်မို၏မျက်နှာအမူအရာကိုစောင့်ကြည့်နေပြီး ထိုလူဒေါသထွက်မထွက်စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း ခရစ်ကမူအပြုံးတစ်ခုဖြင့်သာတုံ့ပြန်ခဲ့သည်။
"သခင်လေးရှောင်ယုက ခဏလေးအတွင်းရိုင်းစိုင်းတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားတာပဲ...အူသာကပါလာဒင်တွေ အထွတ်အမြတ်ထားရတဲ့နတ်ဘုရားဆိုမှတော့ အူသာကအစစ်ဟုတ်မဟုတ် ငါသိချင်တာပဲရှိတာပါ"
ယခုတစ်ကြိမ်တွင်မူ ရှောင်ယုသည်အနည်းငယ်အံ့သြသွားရသည်။ ခရစ်သည် ရိုးရှင်းသောလူတစ်ယောက်မဟုတ်ပေ။ ရှောင်ယုသည် သူ၏မေးစေ့ကိုပွတ်လိုက်ကာ ခေါင်းခါရင်းပြောလိုက်သည်။
"အလင်းဘုရားကျောင်းမှာ လူကောင်းအချို့ရှိနေသေးတဲ့ပုံဘဲ...မင်းကတကယ်ကြီးအူသာကိုတွေ့ချင်နေတာလား"
"မင်းရဲ့အူသာကဘယ်နေရာမှာလဲဆိုတာငါမသိဘူး...ငါကဘုရားကျောင်းရဲ့အူသာကိုမြင်တွေ့ဖူးတဲ့အတွက် ငါအပိုစကားတွေမပြောချင်ဘူး...ဒါပေမဲ့မင်းရဲ့အူသာကအစစ်ဟုတ်မဟုတ်ဆိုတာကိုတော့ ငါမြင်တွေ့ချင်သေးတယ်"
ခရစ်မိုသည် သူ၏မျက်လုံးများကိုမှိတ်၍ ထိုစကားများအားပြောဆိုလာချိန်တွင် ရှောင်ယုအလွန်အံ့သြသွားခဲ့ရသည်။
ရှောင်ယုသည် ခဏလောက်တွေဝေသွားခဲ့သည်။ ခရစ်၏စဉ်းစားတွေးခေါ်ပုံသည် ဘုရားကျောင်းရှိလူမိုက်များထက် အနည်းငယ်မြင့်မားနေပုံရသည်။
ဒီကောင်ရဲ့ညဏ်ရည်က သူ့ရဲ့ဆဌမအဆင့်စွမ်းအားနဲ့များ တိုက်ရိုက်ဆက်စပ်နေတာလား...
ရှောင်ယုသည်ရုတ်တရက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"မင်းကဒီတိုင်းကြည့်ချင်ရုံပဲမလား...ဒါကဘာမှကိုကြီးကြီးမားမားမဟုတ်ပါဘူး...ဒါပေမဲ့မင်းစိတ်မထိန်းထားနိုင်မှာကို ငါတကယ်စိုးရိမ်မိတယ်"
ထို့နောက်ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ အူသာကိုရှေ့ထွက်ခွင့်ပြုလိုက်သည်။ ရှောင်ယုသည် တစ်စုံတစ်ခုအားရှာဖွေတွေ့ရှိထားပေသည်။ ယခင်ကလည်း ဟေးစ်သည် ရှောင်ယု၏လွှမ်းမိုးမှုအောက်တွင် အူသာအားအတိုင်းအတာတစ်ခုထိ အသိအမှတ်ပြုခဲ့ရသည်။
မကြာခင်မှာဘဲ အူသာသည်ရှောင်ယု၏အနားသို့ရောက်လာပြီး လေးစားသည့်ဟန်ပန်ဖြင့် ငြိမ်သက်စွာရပ်နေလိုက်သည်။
"အူသာ...ဒီလူကိုခရစ်မိုလို့ခေါ်တယ်...သူကအလင်းဘုရားကျောင်းရဲ့ဆဌမအဆင့်ပါလာဒင်ပဲ...မင်းဘယ်လိုထင်လဲ...သူကပါလာဒင်ဖြစ်ဖို့အရည်အချင်းပြည့်မှီလား"
ရှောင်ယုက ပြုံး၍မေးမြန်းလိုက်သည်။ အူသာ၏မျက်နှာအမူအရာသည် တည်ငြိမ်နေကာ အေးချမ်းသောခံစားချက်ကိုပေးစွမ်းနေခဲ့သည်။
"ကောင်းပါပြီ"
အူသာက သဘောတူလိုက်ပြီး ခရစ်ကိုခေါင်းအစခြေအဆုံးစတင်စစ်ဆေးလိုက်ကာ ရှောင်ယုအားပြန်ပြောလိုက်သည်။
"သူကအရည်အချင်းပြည့်မှီတဲ့ ပါလာဒင်တစ်ယောက်ပါ...ဒါပေမဲ့သူ့ကိုကြည့်ရတာစိတ်ရှုပ်ထွေးနေပုံရတယ်...သူကသူလိုချင်တာကိုနားလည်သွားတဲ့အခါကျရင် ဒီအရှုပ်အထွေးကနေရုန်းထွက်နိုင်လိမ့်မယ်"
ခရစ်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါနေခဲ့သည်။ အူသာ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့်နွေးထွေးသောအလင်းရောင်သည် ဘုရားကျောင်း၏အူသာနှင့်မတူညီဘဲ ပို၍စစ်မှန်မှုရှိပေသည်။
"အူသာက တကယ်ပြန်လာပြီလား...ဒါပေမဲ့သူကအလင်းဘုရားကျောင်းမှာမရှိဘဲ ရှောင်ယုနားမှာဘာလို့ရှိနေတာလဲ"
ဤအရာသည် သူစိတ်ကူးထားသည်ထက်ကျော်လွန်နေသောကြောင့် ခရစ်သည်မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
အူသာ၏ထွက်ပေါ်လာမှုသည် ဤမျှရိုးရှင်းလိမ့်မည်ဟု ခရစ်တစ်ယောက် အိပ်မက်ထဲတောင်ထည့်မမက်ဖူးပေ။
"မင်းက စစ်မှန်တဲ့အူသာဟုတ်မဟုတ်ဆိုတာ ငါတကယ်မသေချာဘူး...ပထမဆုံးအနေနဲ့ အူသာကိုလေးစားကြောင်းငါဖော်ပြလိုပါတယ်"
ခရစ်သည် သူ၏ခန္ဓာကိုယ်အား အူသာကိုဦးညွတ်၍ပြောလိုက်သည်။
ဒါကဘာလဲ...
"အဟွတ်...မင်းသာလေးစားမှုတစ်ခုခုပြချင်တယ်ဆိုရင် မင်းကဘာလို့အူသာကိုလက်ဆောင်တစ်ခုခုမပေးရတာလဲ..."
ရှောင်ယု၏မျက်နှာပေါ်၌ ဆိုးယုတ်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုကိုချက်ချင်းကျိန်ဆဲချင်စိတ်ဖြစ်သွားခဲ့သည်။
ဒီကောင်ကတကယ့်ကို အရှက်မဲ့နေတာပဲ...အဲလိုစကားမျိုးကိုပြောရဲတယ်ဆိုတော့ ဒီကောင့်မျက်နှာကဘယ်လောက်တောင်ထူနေတာလဲ...
"ဒီတစ်ခါ အလျင်စလိုထွက်လာခဲ့ရတော့ ဘယ်လိုလက်ဆောင်မျိုးကိုမှမယူလာခဲ့ရဘူး...အနာဂတ်မှာအခွင့်ကြုံရင်လက်ဆောင်အကြီးကြီးတစ်ခုပေးမယ်...ဒါပေမဲ့မင်းမှတ်ထားရမှာက အဲ့ဒါအူသာအတွက်ပဲ"
ခရစ်ကပြောလိုက်သည်။
"မင်းသွားလို့ရပြီ"
အူသာသည် တစ်စုံတစ်ခုအားနားလည်သွားပုံဖြင့်မျက်တောင်ခတ်လိုက်ကာ ခရစ်အားပြောလိုက်သည်။
"ကောင်းပြီ...မကြာခင်ငါပြန်လာခဲ့မယ်"
ခရစ်ကထိုသို့ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။
ဒီလိုမျိုးခေါင်းပုံဖြတ်ခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...
ထို့နောက် ခရစ်သည်သူ့လူများနှင့်အတူ တိတ်တဆိတ်ပြန်လည်ထွက်ခွာသွားခဲ့သည်။
အခန်း ၄၁၄ - ပျောက်ဆုံးနေသောရှေးဟောင်းမြို့
တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ခရစ်၏ရုပ်သွင်ကိုကြည့်ပြီး ရှောင်ယု၏နှလုံးသည် အနည်းငယ်တင်းကျပ်နေခဲ့သည်။
အလင်းဘုရားကျောင်းသည် ဆဌမအဆင့်ပါလာဒင်ကိုပင် ရှေ့သို့ထွက်ပေါ်ခိုင်းလာပြီဖြစ်၍ ရှေ့ဆက်ရမယ့်လမ်းခရီးသည် တဖြည်းဖြည်းပိုမိုခက်ခဲလာတော့မည်ဖြစ်သည်။ ဤခရီးစဉ်၌ ဖုံးကွယ်ထားသည့်အင်အားစုမည်မျှရှိမည်ကို မည်သူမှမသိနိုင်ပေ။
သို့သော်လည်း ဘုရားကျောင်း၌ သတ္တမအဆင့်ကျွမ်းကျင်သူမရှိသည်မှာ သေချာပေသည်။ ထိုသို့မဟုတ်ပါက သူတို့သည်များစွာအားစိုက်ထုတ်စရာမလိုဘဲ တိုက်ကြီးတစ်ခုလုံးအား သိမ်းပိုက်နိုင်မည်ဖြစ်သည်။ သတ္တမအဆင့်မှော်သခင်နှင့်အနီးစပ်ဆုံးဟုဆိုရမယ့် သီအိုဒိုးသည်ပင် သူတစ်ယောက်တည်း၏စွမ်းအားဖြင့် တိုက်ကြီးတစ်ခုလုံးကိုလှုပ်ခါနိုင်သည်။
"အိုး..သူလည်းမတိုက်ရဲသေးဘူး...နှမြောစရာပဲ...ဇာတ်လမ်းကောင်းကောင်းလေးတစ်ခုကြည့်ခွင့်မရတော့ဘူး"
လီယိုနာဒိုက ညဉ်းညူလိုက်သည်။ သူသည် အလင်းဘုရားကျောင်း၏ ဆဌမအဆင့်ကျွမ်းကျင်သူနှင့်ရှောင်ယုတို့အကြားတိုက်ပွဲကို အမှန်တကယ်တွေ့မြင်ချင်ခဲ့သည်။
"အရူးကောင်...မင်းညီမကိုပဲတိုက်ခိုင်းလိုက်"
ရှောင်ယုက ပြောလိုက်သည်။
"ရှောင်ယု...မင်းကအနာဂတ်မှာ ပိုပြီးတော့သတိထားရတော့မယ်...ဘုရားကျောင်းကလူတွေဟာ ကြောင်သူတော်တွေပဲ...ဒါပေမဲ့သူတို့ရဲ့ခွန်အားက အမှန်တကယ်ကို အားကောင်းတယ်ဆိုတာကိုတော့ ငါဝန်ခံရလိမ့်မယ်"
နီကိုးလပ်စ်က သူတို့နှစ်ယောက်အားကြည့်၍ ပြောလိုက်သည်။
ရှောင်ယုသည် သက်ပြင်းချကာ ဘုရားကျောင်းမှလူများထွက်ခွာသွားသည့် လမ်းကြောင်းကိုစိုက်ကြည့်၍ ရေရွတ်လိုက်သည်။
"စိတ်မပူပါနဲ့...ငါ့မှာအူသာရှိတယ်...အလင်းဘုရားကျောင်းမှာသူတို့ရဲ့နတ်ဘုရားကိုမသိတဲ့သူတစ်ယောက်ရှိနေမယ်လို့ ငါမထင်ဘူး"
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် တိတ်ဆိတ်နေခဲ့ကြသည်။ ယခုမူ ပြဿနာကိုဖြေရှင်းပြီးပြီဖြစ်၍ ရှေ့ဆက်လျှောက်ရန်အချိန်ကျလာပြီဖြစ်သည်။
"သွားရအောင်...ငါတို့ခရီးမြန်မြန်ဆက်ရလိမ့်မယ်...အဲလိုမှမဟုတ်ဘူးဆိုရင် အလင်းဘုရားကျောင်းကလူတွေလက်ဦးသွားလိမ့်မယ်...အဲ့ဒါဆိုရင်ငါတို့ကဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို ဘယ်တော့မှရနိုင်တော့မှာမဟုတ်ဘူး"
နာရီဝက်ခန့်ကြာပြီးနောက် အဖွဲ့၃ဖွဲ့နှင့်အမြှောက်စာအဖွဲ့သည် ပြန်လည်၍ခရီးဆက်လာခဲ့ကြသည်။
ထိုနေ့တွင် တောတွင်းတစ်ခု၏အဆုံးသို့ရောက်ရှိလာချိန်၌ သူတို့သည် ကြီးကျယ်ခမ်းနားသည့်အဆောက်အဦးများကို တွေ့ရှိခဲ့ကြသည်။
ထိုအဆောက်အဦးများသည် အလွန်ပင်ဟောင်းနွမ်းပျက်စီးနေကာ အချို့အစိတ်အပိုင်းများ ပျောက်ဆုံးနေသော်လည်း ထိုနေရာမှထွက်ပေါ်နေသည့် ပြင်းထန်သောဆိုးယုတ်သည့်အော်ရာများကို လျော့တွက်၍မရပေ။
"ဒါက ငါတို့ခရီးစဉ်ရဲ့ဦးတည်ရာပဲ...ပျောက်ဆုံးနေသောရှေးဟောင်းမြို့"
နီကိုးလပ်စ်သည် သူ့လက်ထဲရှိမြေပုံကိုပိတ်ရင်း ပြောလိုက်သည်။
"တော်တော်မှောင်နေပြီ...ငါတို့အထဲကိုဆက်ဝင်အုံးမှာလား"
ရှောင်ယုကခေါင်းညိတ်လိုက်ပြီး သူ့ရှေ့မှအခြေအနေကိုကြည့်လိုက်သည်။ ညဘက်၌ ခရီးဆက်ခြင်းသည် ကောင်းမွန်သည့်ရွေးချယ်ခြင်းမဟုတ်ကြောင်း သူခံစားမိပေသည်။
"ငါလည်းသဘောတူတယ်...ညဘက်မှခရီးသွားရတာက အန္တာရယ်တွေနဲ့ ပိုမိုရင်ဆိုင်ရစေတယ်"
နီကိုးလပ်စ်ကလည်းခေါင်းညိတ်လိုက်ပြီး ညဘက်မသွားရန်အတွက် သဘောတူလိုက်သည်။
သူတို့နှစ်ယောက်၏စကားကြောင့် လီယိုနာဒိုကမျက်လုံးမှိတ်ရင်း ပြောလိုက်သည်။
"ဘုရားကျောင်းကလူတွေကိုငါတွေ့လိုက်တယ်...ငါတို့နဲ့သိပ်မဝေးဘူး...သူတို့ဘက်ကတုံ့ပြန်မှုကိုအရင်စစ်ဆေးပြီးမှ ငါတို့အထဲဝင်သင့်တယ်လို့ထင်တယ်"
ဘုရားကျောင်းက လူတွေရောက်နေတာလား...
ရှောင်ယုကအနည်းငယ်အံ့သြသွားခဲ့သည်။ ရိုးရိုးသားသားပြောရမည်ဆိုပါက သူသည်ဤလာရာလမ်းတလျှောက်တွင် ဘုရားကျောင်းမှလူများ၏ ခြေရာလက်ရာများကို အချိန်ပြည့်စောင့်ကြည့်နေခြင်းဖြစ်သည်။ သို့သော်လည်း သူသည်ဘုရားကျောင်း၏လှုပ်ရှားမှုကို ယခုထိတိုင်အောင် လုံးဝသတိမထားမိခဲ့ပေ။ လီယိုနာဒိုက သူတို့အားမည်ကဲ့သို့ရှာတွေ့ခဲ့သည်နည်း။
ရှောင်ယုသည် အဝေးမြင်ကွင်းကိုအသုံးပြုလိုက်သော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။
ရှောင်ယုသည် အဝေးမြင်ကွင်းအားအဆုံးသတ်လိုက်ပြီးနောက် ဆက်လက်ခန့်မှန်းမှုမလုပ်တော့ပေ။ ဤနေရာသို့ရောက်ရှိလာသူများသည် အစွမ်းထက်သောဝှက်ဖဲများကိုပိုင်ဆိုင်ထားသည့် လျှိ့ဝှက်အင်အားစုများမှ ဆင်းသက်လာသူများဖြစ်ကြသည်။
"ကောင်းပြီ...ငါတို့စခန်းချအနားယူပြီးမှ နောက်တစ်နေ့မှာခရီးဆက်ကြမယ်"
နီကိုးလပ်စ်က ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ့လူများအားအမိန့်ပေးလိုက်သည်။ အရေးအကြီးဆုံးသောအရာမှာ ကာကွယ်ရေးအစီအမံများဖြစ်သည်။ ဤနေရာသည် ပျောက်ဆုံးနေသောရှေးဟောင်းမြို့၏အစွန်ဆုံးနေရာဖြစ်ခဲ့သည်။ ဤနေရာ၌ အန္တာရယ်တစ်စုံတစ်ခုမရှိပါက အလွန်ပင်ထူးဆန်းနေမည်ဖြစ်သည်။
ညအမှောင်ထုက တဖြည်းဖြည်းလွှမ်းခြုံလာခဲ့ပြီးနောက် အဖွဲ့၃ခုသည် တြိဂံပုံစံဖွဲ့စည်းပုံဖြင့် ခံစစ်အနေအထားကိုရယူထားကြသည်။ ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့က ထိုခံစစ်ဖွဲ့စည်းပုံ၏ အလယ်ဗဟို၌ရှိနေခဲ့ကြသည်။
သန်းခေါင်ယံတွင် အစောင့်အနည်းငယ်မှလွဲ၍ လူတိုင်းသည်အနားယူရန် ပြင်ဆင်လိုက်ကြသည်။ ထိုအချိန်တွင် အရိပ်၃ခုသည် ပုန်းအောင်းနေရာမှ အနီးပတ်ဝန်းကျင်၌ လျင်မြန်စွာထွက်ပေါ်လာကြသည်။
သူတို့ရွေ့လျားသည့်အခါတိုင်းတွင် မြေပြင်နှင့်မထိတွေ့သကဲ့သို့ အသံတစ်ခုလေးတောင် ထွက်ပေါ်လာခဲ့ခြင်းမရှိပေ။
ထိုအရိပ်၃ခုလုံးသည် အမှောင်ထုနှင့်တစ်သားတည်းဖြစ်နေခဲ့ပြီး မည်သည့်အရာကိုမှတွေ့မြင်နိုင်ခြင်းမရှိပေ။ အကယ်၍ ရှောင်ယုသာသူတို့အားတွေ့မြင်ပါက ထိုအရိပ်များသည် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များဖြစ်ကြောင်း သတိပြုမိမှာဖြစ်သည်။
ထိုသို့ဆိုလျှင် ဤဝတ်ရုံနက်၃ယောက်သည် အဘယ်ကြောင့်ဤနေရာသို့ ရောက်လာခဲ့ရသနည်း။
ခဏအကြာတွင် ဝတ်ရုံနက်၃ယောက်သည် စတင်လှုပ်ရှားလာခဲ့ပြီး အစောင့်၃ယောက်အားသတ်ဖြတ်ရန် ကြိုးစားလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ခရမ်းရောင်အလင်းများသည် သူတို့၏လက်များမှထွက်ပေါ်လာခဲ့ကာ အစောင့်၃ယောက်၏ခန္ဓာကိုယ်ထဲတိုးဝင်သွားခဲ့သည်။ ထို့နောက် အစောင့်၃ယောက်၏ခန္ဓာကိုယ်သည် စတင်လှုပ်ခါလာခဲ့သည်။
ဤအရာသည် ပြီးဆုံးခြင်းမရှိသေးပေ။ ဝတ်ရုံနက်များသည် အခြားသောအစောင့်များကို အလွှတ်ပေးရန်အစီအစဉ်မရှိဘဲ နောက်ထပ်အစောင့်၉ယောက်အား စတင်တိုက်ခိုက်ခဲ့သည်။
သူတို့၏မစ်ရှင်အောင်မြင်ပြီးနောက် ဝတ်ရုံနက်၃ယောက်သည် သူတို့၏လက်များကို ညင်သာစွာဖြင့်စတင်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အစောင့်၉ယောက်၏ခန္ဓာကိုယ်သည် ရုတ်တရက်ငြိမ်သက်သွားခဲ့ပြီး သူတို့၏မျက်နှာပေါ်၌ ကြောက်လန့်တကြားအမူအရာများဖြစ်ပေါ်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"အား...သရဲတွေ...သရဲတွေ...ပြေးကြ"
ဝှစ်...ဝှစ်...ဝှစ်
ထို့နောက်တွင် ဤနေရာ၌မည်သူမှမရှိဖူးခဲ့သကဲ့သို့ ဝတ်ရုံနက်၃ယောက်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းပြီလေ...သရဲကဘယ်မှာလဲ...သရဲကမင်းရဲ့အမဖြစ်နေတာလား...ငါအိပ်မောကျနေတာကို ဘယ်ကောင်နှောင့်ယှက်တာလဲကွ"
ရှောင်ယုသည် အိပ်မောကျနေရာမှ အစောင့်၏အော်သံကြောင့် လန့်နိုးလာခဲ့ရပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်အားစစ်ဆေးလိုက်သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည်လည်း အလားတူပင်ဖြစ်သည်။
ရှောင်ယုသည် သူ၏အဖွဲ့ဆီရောက်ရှိလာချိန်တွင် သူ၏အစောင့်၃ယောက်က ကြောက်လန့်တကြားအော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ယုသည် ထိုအစောင့်၃ယောက်အား ပါး၃ချက်ရိုက်လိုက်သော်လည်း ထိုအစောင့်၃ယောက်သည် မည်သို့မှခံစားရပုံမပေါ်ဘဲ ကျယ်လောင်စွာဖြင့်အော်ဟစ်နေကြဆဲဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှောင်ယုသည် လူတစ်ယောက်၏ဦးနှောက်အားထိန်းချုပ်ရာ၌ အသုံးပြုသည့်နတ်ဆိုးမှော်ပညာအား ရုတ်တရက်သတိရမိလိုက်၍ မျက်ခုံးတွန့်မိလိုက်သည်။
"အူသာ...ဒီကိုလာပြီးတစ်ချက်လောက်ကြည့်...ဒီမကောင်းတဲ့သက်ရောက်မှုတွေကိုဖယ်ရှားလိုက်...မိုင်ယဗ်...မင်းကဒီအနားတဝိုက်ကိုစစ်ဆေးပြီး တစ်စုံတစ်ယောက်ရဲ့ခြေရာလက်ရာကိုတွေ့မလားရှာကြည့်ခဲ့"
ရှောင်ယုက ချက်ချင်းအမိန့်ပေးလိုက်သည်နှင့် ပုံရိပ်နှစ်ခုသည်သူ့ဘေးနားမှလျင်မြန်စွာ ထွက်ပေါ်လာခဲ့ကာ ရှောင်ယု၏အမိန့်အတိုင်းလိုက်နာခဲ့ကြသည်။
အူသာသည် မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီး ကြောင်တောင်တောင်ဖြစ်နေသောလူ၃ယောက်အား အလင်းရောင်ဖြင့်ဖြန်းပက်လိုက်သည်။ ထိုမြင်ကွင်းကိုကြည့်၍ ရှောင်ယုသည်ပင်အနည်းငယ်မနာလိုဖြစ်သွားခဲ့သည်။ သူကိုယ်တိုင်သည်လည်း ဤမန္တန်ကိုအသုံးပြုနိုင်သော်လည်း လူတစ်ယောက်တည်းကိုသာသက်ရောက်မှုရှိစေသည်။ သို့သော် အူသာကမူလူ၃ယောက်အား တပြိုင်တည်းအသုံးပြုသည်တော်မှ ပင်ပန်းနွမ်းနယ်ပုံမရပေ။
ခဏအကြာတွင် အစောင့်၃ယောက်၏မျက်နှာအမူအရာသည် ကြောက်လန့်တကြားဖြစ်နေသေးသော်လည်း ဆက်လက်အော်ဟစ်မနေတော့ဘဲ သူတို့၏ဦးခေါင်းကိုကိုင်ကာ မြေပေါ်လူးလိမ့်နေကြသည်။
ထိုအခိုက်အတန့်တွင် ဤအရာသည်သူ့အားတမင်တကာရည်ရွယ်သည့် နတ်ဆိုးမှော်အတတ်ဖြစ်ကြောင်း ရှောင်ယုနားလည်သဘောပေါက်လိုက်သည်။
ဘယ်သူလဲ...ဘယ်သူတွေကဒီလိုနတ်ဆိုးမှော်ပညာကို အသုံးပြုနိုင်တာလဲ...
ထိုအချိန်တွင် ရှောင်ယု၏အတွေးထဲ၌ ပုံရိပ်တစ်ခုကတဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကို ဆိုးယုတ်သောအော်ရာများကအချိန်ပြည့်လွှမ်းခြုံထားပြီး အနက်ရောင်ဝတ်ရုံက ထိုလူအားလျှို့ဝှက်ဆန်းကြယ်သယောင်ပြုလုပ်ပေးနေခဲ့သည်။
"တကယ်ပဲလား...သူတို့ကဘာလို့ငါတို့ဆီကိုရောက်လာတာလဲ"
ရှောင်ယုသည် ချက်ချင်းနားလည်သွားခဲ့သည်။ ဂေါ်ဒန်၏ဦးခေါင်းခွံသည် လျှို့ဝှက်သောအင်အားစုကိုပင် လှုပ်ရှားစေနိုင်စွမ်းရှိပေသည်။ သို့ဖြစ်ရာ လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ ထွက်ပေါ်လာခြင်းကမထူးဆန်းတော့ပေ။
အချိန်ခဏအတွင်း အူသာ၏ကုသမှုအဆုံးသတ်သွားခဲ့ပြီးနောက် သူတို့သုံးယောက်သည် အာရုံများကိုပြန်လည်စုစည်းလာနိုင်ခဲ့ပြီး သူတို့၏မျက်လုံးများကပြန်လည်ကြည်လင်လာခဲ့သည်။
"မင်းတို့ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိကြသေးလား"
ရှောင်ယု၏အေးစက်သောလေသံကြောင့် အစောင့်၃ယောက်လုံးတုန်လှုပ်သွားခဲ့ရသည်။
"မဟုတ်ဘူး...ငါတို့အမြဲသတိရှိနေတယ်ဆိုပေမဲ့...အဲ့အချိန်ကဘာတွေဖြစ်ပျက်သွားတာလဲဆိုတာ မမှတ်မိတော့ဘူး"
အစောင့်တစ်ယောက်သည် ရှောင်ယု၏မေးခွန်းကိုချက်ချင်းပြန်လည်ဖြေကြားခဲ့သည်။
ရှောင်ယုကလည်း ယခုလိုအဖြေကို ကြိုတင်မျှော်လင့်ထား၍ ခေါင်းညိတ်ပြလိုက်သည်။ ဤသို့နတ်ဆိုးဆန်သောမှော်ပညာ၏ အကျိုးသက်ရောက်မှုကို သူခန့်မှန်းမိထားပြီးဖြစ်သည်။
အစောင့်၃ယောက်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏကြာအောင်တစ်စုံတစ်ခုကို အသည်းအသန်စဉ်းစားနေခဲ့သည်။ ထို့နောက်အစောင့်တစ်ယောက်က ရုတ်တရက်ခေါင်းကိုပုတ်၍ပြောလိုက်သည်။
"အိုး...ဟုတ်တယ်...ငါအဲ့ဒါကိုသတိရပြီ...ငါသတိမမေ့ခင်လေး တောက်ပတဲ့အနီရောင်အလင်းတစ်ခုက ငါ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားသလိုပဲ...အဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်သလဲဆိုတာ ငါမမှတ်မိတော့ဘူး"
ရှောင်ယုက ခေါင်းညိတ်၍ပြောလိုက်သည်။
"အိုးကောင်းပြီ...မင်းတို့တွေနှစ်ရက်လောက်ကောင်းကောင်းအနားယူပြီးတော့ ဆေးသေချာသောက်ကြ"
အစောင့်များ၏အဖြေမှတဆင့် ဤကိစ္စ၏လက်သည်တရားခံသည် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များဖြစ်ကြောင်း ရှောင်ယုတစ်ယောက် ၈၀-၉၀ရာခိုင်နှုန်းသေချာသွားခဲ့သည်။
မကြာခင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့လည်း ရောက်ရှိလာခဲ့သည်။