လက်မှတ်ထိုးဝင်ခြင်းစနစ်၊ အုတ်မြစ်ကျောက်၊ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်
Vol. 1 Ch. 1
“ဒီမှာဘာဖြစ်နေတာလဲ”
ရှောင်းယီသည် မိမိရှေ့ရှိ အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးကို ကြည့်ရင်း အနည်းငယ် တွေဝေမိန်းမောနေခဲ့သည်။
ထို့နောက် မိမိဘေးတွင် နှစ်မီတာစတုရန်းကျယ်သော ကျွန်းငယ်လေး၊ သစ်ပင်တစ်ပင်၊ ကျောက်တုံးတစ်တုံး၊ ကျောက်တိုင်တစ်ခုနှင့် ကမ်းခြေတွင် ပစ်ထားသည့် ခေါက်ထားသော ငါးဖမ်းပိုက်ဟောင်းတစ်ခုသာ ရှိသည်ကို သတိထားမိလိုက်သည်။ အခြားဘာမှမရှိပေ။
ရှောင်းယီသည် မိမိဘယ်လိုနည်းနှင့် ဤနေရာသို့ ရောက်ရှိလာခဲ့သည်ကို နားလည်ရန် အပြင်းအထန် စဉ်းစားလိုက်၏။
သူသည် အရည်အသွေးထိန်းချုပ်ရေးအထူးကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ကိုင်နေပြီး ရုံးအဆောက်အအုံတွင် လှပသော သူဌေးမကြီးထံ အစီရင်ခံနေချိန်ဖြစ်သည်။
ရုတ်တရက် ကောင်းကင်တစ်ခုလုံး မျက်စိကျိန်းစေသော အဖြူရောင်အလင်းတန်းကြီးတစ်ခု လျှပ်တပြက် လင်းလက်သွားပြီး သူ၏အမြင်အာရုံသာမန်ပြန်ဖြစ်လာသောအခါ သူသည် ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သစ်ပင်နှင့် ကျောက်တုံးများသည် သာမန်အရာများဖြစ်ပြီး ကမ်းခြေရှိ စုတ်ပြဲနေသော ငါးဖမ်းပိုက်ဟောင်းသည်လည်း ထူးခြားမှုမရှိပေ။
ထို့ကြောင့် ရှောင်းယီသည် အလယ်တွင် ရှိသော အနက်ရောင် ကျောက်တိုင်ဆီသို့ ချဉ်းကပ်သွားလိုက်၏။ ထိုနေရာသို့ရောက်သောအခါ ကျောက်တိုင်ပေါ်တွင် စခရင်တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရပြီး အလွန်အံ့အားသင့်သွားသည်။
“ဒါကဘာလဲ”
ရှောင်းယီ စခရင်ကို ကြည့်ရင်း သေသေချာချာ လေ့လာဆန်းစစ်လိုက်၏။
စခရင်ပေါ်တွင် အများသုံးချန်နယ်၊ သီးသန့်ချန်နယ်၊ ဈေးကွက်စာမျက်နှာ၊ မြေပုံနှင့် ဆောက်လုပ်ရေး ဟူသော ခေါင်းစဥ်ငါးခု ရှိလေသည်။
ရှောင်းယီသည် မြေပုံပေါ်ဆိုသည့်ခေါင်းစဥ်ကို တိုက်ရိုက်နှိပ်လိုက်၏။ သူသည် မိမိရောက်ရှိနေသော ဤနေရာ၏ အခြေအနေကို သိရှိနေလိုခဲ့သည်။
မြေပုံကိုဖွင့်လိုက်သောအခါ တစ်ခုတည်းသော လင်းနေသည့်အမှတ်နှင့် ယင်းကို ဝန်းရံထားသော စက်ဝိုင်းတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
“ဒါက ငါရှိနေတဲ့ ကျွန်းငယ်လေးရဲ့ တည်နေရာပဲ။ အခြားနေရာတွေကို မမြင်ရဘူးလား”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်၏။
“ဒါဆိုရင် ဒီမြေပုံက ဘာအသုံးဝင်မှာလဲ။”
ထို့နောက် သူသည် အခြား တက်ခ်ဘား(taskbar)လေးခုကို တစ်လှည့်စီနှိပ်ကြည့်ပြီး အားလုံးဗလာဖြစ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
ရှောင်းယီက တီးတိုးရေရွတ်လိုက်၏။
“ဒီအင်တာဖေ့စ်က ဂိမ်းအင်တာဖေ့စ်နဲ့ ဘာလို့တူနေရတာလဲ။”
ရုတ်တရက် ကျောက်တိုင်မှ အလင်းများ လင်းလက်၏။ ရှောင်းယီ လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ကျောက်တိုင်တွင် ထူးဆန်းတာမရှိကြောင်း သတိထားမိသောအခါမှသာ ရှေ့သို့ပြန်တိုးပြီး သေချာစွာ ကြည့်ရှုလိုက်၏။
မျှော်လင့်မထားစွာဖြင့် အများသုံးချန်နယ်တွင် စာသားများ ရုတ်တရက် ပေါ်လာခဲ့လေသည်။
“ဒီအခြေအနေက ဘာလဲ။ ဘာလို့ ရုတ်တရက် ပင်လယ်ထဲကို ရောက်သွားရတာလဲ။”
ဤစာကြောင်းပေါ်လာသောအခါ ကျောက်တုံးတစ်တုံး ရေကန်ထဲပစ်ချလိုက်သကဲ့သို့ လှုင်းထသွားပြီး အများသုံးချန်နယ်၌ တမဟုတ်ချင်း စည်ကားသွားတော့သည်။
“ဟုတ်တယ်...ငါလည်းတူတူပါပဲ။ မနက်စာတောင် မစားရသေးဘူး။ ဗိုက်ဆာလွန်းလို့ သေတော့မယ်။”
“ဘယ်သူများ ရှင်းပြနိုင်ပေးမလဲ။ ဒီကုန်းမြေဘဲကြီးက ပျာယာခတ်နေပြီ။ ဒီလောက်နေရာသေးသေးလေးက လှိုင်းတစ်ချက်ပုတ်လိုက်တာနဲ့ အကုန်မြုပ်သွားလိမ့်မယ်။”
“အိမ်ပြန်ချင်တယ်...ငါ့အမေကိုရှာရမယ်။ အူးအူးး...”
အများသုံးချန်နယ်ပေါ်ရှိ အကြောင်းအရာများကို ကြည့်ပြီး ရှောင်းယီသည် ဤကဲ့သို့သော ပင်လယ်ပြင်ကြီးထဲသို့ ရောက်ရှိလာသူမှာ သူတစ်ဦးတည်း မဟုတ်ကြောင်း သိရှိလိုက်သည်။
“အချိန်မဖြုန်းနဲ့တော့။ ပင်လယ်ပြင်ထဲက ပစ္စည်းသေတ္တာကို အမြန်ရှာကြ။ အဲ့သေတ္တာထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ ရှိတယ်။”
အများသုံးချန်နယ်ပေါ်တွင် တစ်စုံတစ်ဦးက ရုတ်တရက် ပြောလိုက်၏။
ထိုစာကြောင်းထွက်ပေါ်လာသည်နှင့် အများသုံးချန်နယ်ပေါ်မှ လူအများစု ပျောက်ကွယ်သွားခဲ့သည်။ လူများစွာသည် ပစ္စည်းသေတ္တာများကို ရှာဖွေရန် ထွက်ခွာသွားကြသည်ဟု ယူဆရ၏။
ရှောင်းယီသည် ချက်ချင်းပင် ကမ်းခြေသို့ သွားပြီး မဝေးလှသော နေရာတွင် တစ်မီတာခန့်ရှိသော သေတ္တာတစ်လုံးကို မြင်လိုက်ရလေသည်။
“ဒါကို ဘယ်လိုဆွဲယူရမှာလဲ။”
ရှောင်းယီက သူ့ဘေးနားတွင် ရှိသော ငါးဖမ်းပိုက်ကို ကြည့်လိုက်၏။
“ဒါက ငါတို့ရဲ့ ရှင်သန်နိုင်စွမ်းကို စမ်းသပ်တာလား။”
ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်တွင် မိမိ အသက်ရှင်ရန် သေချာစေရမည်ဖြစ်သည်။ ရှောင်းယီသည် ထိုငါးဖမ်းပိုက်ကို ကိုင်လိုက်၏။
သို့သော် သူသည် သူ၏လက်ထဲရှိ ငါးဖမ်းပိုက်ကို ကြည့်ရင်း မည်သို့အသုံးပြုရမည်ကို မသိခဲ့ပေ။
သူသည် သာမန်ကုမ္ပဏီဝန်ထမ်းတစ်ဦးသာ ဖြစ်ပြီး ဤအလုပ်မျိုးကို မည်သို့ကျွမ်းကျင်စွာလုပ်ဆောင်နိုင်မည်နည်း။
စမ်းကြည့်မယ်ကွာ.....။
ရှောင်းယီသည် ငါးဖမ်းပိုက်ကို ကိုင်မြှောက်ပြီး ပစ္စည်းသေတ္တာဆီသို့ ပစ်လွှတ်လိုက်၏။
ငါးဖမ်းပိုက်သည် ချည်မျှင်ပန်းဖွားတစ်ခုကဲ့သို့ ပျံသန်းသွားပြီး ပစ္စည်းသေတ္တာ၏ဘေးနားတွင် ကျသွားကာ ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။
လုံးဝပြန့်ကားမသွားပေ။
နောက်တစ်ခါ ပစ်မယ်... ။
ထပ်မံ၍ ပန်းဖွားတစ်ခုလို ပျံသန်းသွားပြန်သည်။
နောက်တစ်ခါ...။
အလားတူပင်...။
“ရေကူးသွားရမလား...။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်၏။ သို့သော် သူသည် ရေကူးတတ်သည်ဆိုသော်လည်း ကျွမ်းကျင်မှု မရှိသေးပေ။
ရေကူးကန်ထဲတွင် လှုပ်ရှားနိုင်သော်လည်း ပင်လယ်ထဲတွင်မူ....။
မေ့လိုက်တော့...။ ပိုပြီးမြန်မြန်ဆန်ဆန် သေဆုံးသွားနိုင်တယ်။
ရှောင်းယီသည် ကမ်းခြေကို အနီးကပ် ကြည့်လိုက်ရှုပြီးနောက် ကမ်းခြေသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုဟုပင် ထင်လိုက်ရသည်။
သူရဲ့ကျွန်းက ပင်လယ်အောက်ခြေကနေ ထိုးထွက်နေတဲ့ ဆလင်ဒါတစ်ခုများလား။
“ဒင်! လက်မှတ်ထိုးဝင်ခြင်းစနစ်ကို အသက်သွင်းလိုက်ပါပြီ။”
ရှောင်းယီ အခက်တွေ့နေချိန်တွင် ရုတ်တရက် သူ၏ ဦးနှောက်ထဲမှ အသံတစ်ခု ကြားလိုက်ရ၏။
“ဘာလဲ။ လက်မှတ်ထိုးဝင်ခြင်းလား။ စနစ်လား။”
ရှောင်းယီသည် ဤကဲ့သို့ထူးခြားပြီး ပုံမှန်မဟုတ်သည့်အခြေအနေကြောင့် ကြက်သေသေသွားခဲ့သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပြီး အလိုအလျောက်ငါးဖမ်းပိုက်တစ်ခု ရရှိပါသည်။”
ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။
“ငါ ငါးဖမ်းပိုက်အကြောင်းစဥ်းစားရင်းနဲ့ ရူးသွားတာလား။ ဘယ်မှာလဲ အလိုအလျောက်ငါးဖမ်းပိုက်က။”
“လက်မှတ်ထိုးဝင်ခြင်းမှ ရရှိသော ပစ္စည်းများကို စနစ်၏သိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားပါသည်။ ကျေးဇူးပြု၍ ကိုယ်တိုင်ထုတ်ယူပါ။”
နောက်ထပ်အသံတစ်ခုကို ထပ်မံကြားလိုက်ရ၏။
“စနစ်သိုလှောင်ခန်းလား။”
ရှောင်ယီ၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
“စနစ်!”
အနည်းငယ် ရှုပ်ထွေးနေသေးသော်လည်း ရှောင်းယီသည် သူ ကြီးမားသော ကံကောင်းမှုတစ်ခုကို ရရှိလိုက်ပြီဖြစ်ကြောင်း နားလည်လိုက်လေတော့သည်။
“အလိုအလျောက်ငါးဖမ်းပိုက်ကို ထုတ်ယူမယ်။”
ရှောင်းယီက ကြိုးစားကာ ပြောလိုက်၏။ ရုတ်တရက် သူ့ရှေ့တွင် ကားငယ်တစ်စီး ထွက်ပေါ်လာခဲ့သည်။
“အလိုအလျောက်ငါးဖမ်းပိုက်
SS-အဆင့်ကိရိယာ : လှည့်ပတ်သွားလာရန်လမ်းကြောင်းနှင့် ပစ်မှတ်များကို သတ်မှတ်ပြီးလျှင် လမ်းကြောင်းအနီး ၃၂၀ မီတာအတွင်းရှိ ပစ်မှတ်များကို ဖမ်းယူနိုင်သည်။”
ရှောင်းယီ၏ မျက်လုံးများ ထပ်မံ၍ပြူးကျယ်သွားခဲ့သည်။ သူ၏အမြင်၌ ကားပေါ်တွင် ရှင်းလင်းချက်စာသားများ ပေါ်လာပြီး သူသည် အခြားအရာဝတ္ထုများကို ကြည့်ရှုရန် သူ၏ခေါင်းကို အလျင်အမြန် လှည့်လိုက်၏။
“ငါးဖမ်းပိုက်ဟောင်း: D-အဆင့်ကိရိယာ၊ စုတ်ပြဲနေသော ငါးဖမ်းပိုက်၊ ၎င်းသည် ဖမ်းမိထားသောအရာများ လွတ်မသွားရန်သာ ဆုတောင်းနိုင်သည်။ အများဆုံးဖမ်းယူနိုင်သော အချင်းဝက်မှာ ၁၀ မီတာဖြစ်သည်။”
“ပါလ်ကမ်သစ်ပင် - ခုတ်လှဲပါက သစ်သား၊ အရွက်နှင့် အခေါက်အချို့ ရရှိမည်။”
“ကျောက်တုံး - တူးဖော်ပါက ကျောက်တုံးအချို့ ရရှိမည်။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် - ၎င်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အဆင်ပြေမည်။ ၎င်းကို ဆုံးရှုံးပါက ရွေ့လျားရန် ခက်ခဲမည်။ သင်သည် ၎င်းကို မလိုအပ်လောက်အောင် အားကောင်းနေပါက လုံခြုံစွာထားရန် မလိုအပ်ပါ။”
အရာဝတ္ထုများပေါ်တွင် ရုတ်တရက် ပေါ်လာသော သတင်းအချက်အလက်များသည် စနစ်၏လုပ်ဆောင်ချက်ဟုတ်၊ မဟုတ် သူမသိသော်လည်း ရှောင်းယီသည် လှုပ်ရှားသင့်ပြီဖြစ်ကြောင်း သိရှိလိုက်လေသည်။
သူသည် အလိုအလျောက်ငါးဖမ်းပိုက်ဘေးသို့ အလျင်အမြန်သွားပြီး ယင်းပေါ်တွင် လှည့်ပတ်သွားရန် လမ်းကြောင်းများကို သတ်မှတ်လိုက်၏။
လက်ရှိတွင် နှစ်မီတာစတုရန်းကျယ်သော ကျွန်းငယ်၏ အစွန်းတစ်ဝိုက်တွင်သာ လှည့်ပတ်သွားလာနိုင်သည်။ ပစ်မှတ်မှာ ပစ္စည်းသေတ္တာဖြစ်ပြီး အနီးဆုံးရှိ ပစ္စည်းသေတ္တာကို ဘေ့တ်အင်ကင်မရာဖန်ရှင်၏ ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူလိုက်သည်။
ဓာတ်ပုံရှိပါက အလိုအလျောက်ငါးဖမ်းပိုက်သည် ပစ်မှတ်ကို ကိုယ်တိုင်ကိုယ်ကျ အလိုအလျောက်အသိအမှတ်ပြုပြီး ဖမ်းယူနိုင်ပေသည်။
သတ်မှတ်ပြီးပြီ လှည့်ပတ်မယ်။
အလိုအလျောက်ငါးဖမ်းပိုက်သည် ချက်ချင်းပင် လှုပ်ရှားသွား၏။
ဘက်!
ကား၏ ဝမ်းဗိုက်ပိုင်းမှ ငါးဖမ်းပိုက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အနီးဆုံးပစ္စည်းသေတ္တာကို တိကျစွာ ဖမ်းယူကာ ပိုက်ကို ပြန်ဆွဲယူလိုက်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် ဆယ်စက္ကန့်ထက် ပိုမကြာခဲ့ပေ။
“အလိုအလျောက်ဆိုတဲ့အတိုင်း...အရမ်းကို လွယ်ကူနေတုန်းပဲ။”
ရှောင်းယီက သက်ပြင်းချလိုက်မိ၏။
သူသည် ခုနက ငါးဖမ်းပိုက်ပစ်ရန်အတွက် အားစိုက်ထုတ်ခဲ့ရသောကြောင့် အလွန်ပင်ပန်းနေပြီဖြစ်သည်။ ယခု စက်သည် ငါးဖမ်းပိုက်ပစ်နေပြီဖြသ်သောကြောင့် ဘေးက ထိုင်ကြည့်ရုံသာ လိုအပ်တော့လေသည်။
၎င်းသည် ကမ်းခြေသို့ ပြန်လည်ဆွဲယူပြီးနောက် ငါးဖမ်းပိုက်ကို အလိုအလျောက်ပြန်သိမ်းလိုက်ပြီး အလိုအလျောက်ငါးဖမ်းပိုက်သည် တဒစ်ဒစ်အသံများ ထွက်ပေါ်လာကာ လှည့်လည်ရန် လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားသွားခဲ့သည်။
ရှောင်းယီသည် ချက်ချင်းပင် ပစ္စည်းသေတ္တာဆီသို့ သွားလိုက်၏။
“ပစ္စည်းသေတ္တာ - ရရှိသည့်ပစ္စည်းများမှာ ကံပေါ်မူတည်သည်။ သင်၏ကံကောင်းမှုအတွက် ဆုတောင်းပါ။”
ရှောင်းယီသည် ရေစိုခံတိပ်ကို ဖယ်ရှားပြီးနောက် သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂ခု၊ သစ်သား ၂ခု၊ ရေ ၅၀၀ မီလီလီတာ ၂ဘူး၊ ပေါင်မုန့် ၁၀၀ဂရမ် ၁ခု။”
“ကောင်းတယ်...။”
ရှောင်းယီသည် အစားအစာနှင့် ရေရှိသည်ကို တွေ့ရှိလိုက်သောအခါ သူ၏မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားခဲ့သည်။ အသက်ရှင်ရန်အတွက် အစားအစာနှင့် ရေလိုအပ်ပြီး အခြားအရာအားလုံးမှာ အရေးမကြီးပေ။
သို့သော် ရှောင်းယီသည် အုတ်မြစ်ကျောက်နှစ်ခုကို ကြည့်လိုက်သောအခါ ထိုအတွေးသည် ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
“အုတ်မြစ်ကျောက်သည် ကျွန်း၏ဧရိယာကို ၁စတုရန်းမီတာ တိုးချဲ့နိုင်သည်။
မှတ်ချက် - သင့်ကျွန်း၏ဧရိယာကို အမြန်ဆုံးတိုးချဲ့ပါ။ ပင်လယ်ရေသည် တစ်ပတ်လျှင် ကျွန်း၏ ၁ စတုရန်းမီတာကို နစ်မြုပ်စေမည်။”