← Chapters

ဆုဝမ်၏ အုတ်များဖြင့်ကျေးဇူးဆပ်ခြင်း

Vol. 1 Ch. 8

ဆုဝမ်၏ အုတ်များဖြင့်ကျေးဇူးဆပ်ခြင်း

Vol. 1 Ch. 8

ပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်၏။

“ရရှိသောပစ္စည်း - အုတ်မြစ်ကျောက် ၁၊ ကျောက်တုံး ၃၊ သတ္တုပြား ၅၊ သစ်သားဘေစင်ထုတ်လုပ်မှုပုံစံ ၁။”

“ဒီနေ့ ပစ္စည်းသေတ္တာလေးလုံးဖွင့်ပြီးတာတောင် စားစရာတစ်ခုမှမပါဘူး။ ဒါက ဘယ်လိုကံတရားမျိုးလဲ။”

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။

သို့သော် ကံကောင်းစွာဖြင့် သူ့တွင် ပင်လယ်ငါးများ ကျန်နေသေးသည်။

ပင်လယ်ငါးအကြောင်းပြောရင်းဖြင့် ရှောင်းယီသည် အရင်ဆုံး အကင်စက်ပြုလုပ်နိုင်ကြောင်း သတိရသွား၏။

“ကင်စက်ထုတ်လုပ်မှုပုံစံ (C အဆင့်) - သတ္တုပြား ၁၀။”

ယခုအခါ ရှောင်းယီတွင် သတ္တုပြား ၂၂ ခုရှိပြီဖြစ်ပြီး အကင်စက်ပြုလုပ်ရန်အတွက် လုံလောက်ပေသည်။ သူသည် ပင်လယ်ငါးမီးဖုတ်များကို ထပ်မံစားလိုစိတ်မရှိတော့ပေ။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာကို ရှာဖွေပြီးနောက် ပြုလုပ်ရန်ခလုပ်ကိုနှိပ်လိုက်သောအခါ ပစ္စည်းများ ပျောက်ကွယ်သွားပြီး အကင်စက်တစ်ခု ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နားတွင် ပေါ်လာခဲ့သည်။

သူသည် နေရာလွတ်တစ်ခုကို ရွေးချယ်ပြီးနောက် အကင်စက်ကို နေရာချလိုက်သည်။

“ဆုဝမ်က သင်နဲ့စကားပြောဖို့တောင်းဆိုနေပါတယ်။ သဘောတူပါသလား။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက်သတိပေးလာ၏။

“သဘောတူတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထို့နောက် ဆုဝမ်၏ စိတ်လှုပ်ရှားနေသောမျက်နှာလေးသည် အင်တာဖေ့စ်ပေါ်၌ ထွက်ပေါ်လာခဲ့တော့သည်။

“ရှောင်းယီ ငါပစ္စည်းသေတ္တာတစ်လုံးကို အောင်အောင်မြင်မြင်ဖမ်းမိသွားပြီ။ အုတ်မြစ်ကျောက်လည်း ပါလာတယ်။”

ဆုဝမ်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဒါဆို မင်းရဲ့ကျွန်းကို အမြန်ဆုံးတိုးချဲ့လိုက်တော့။”

ရှောင်းယီက သူမကိုလက်မထောင်ပြကာ ပြန်ပြောလိုက်၏။

“စုစုပေါင်း နှစ်ခုရှိတယ်။ ငါတို့ တစ်ခုစီယူကြရအောင်ယ”

ဆုဝမ်က ပြန်ဖြေသည်။ ယခင်က သဘောတူထားသည့်အတိုင်း နှစ်ဦးစလုံးသည် ၅၀% စီရရှိမည်ဖြစ်သည်။

“ငါ့ရဲ့ကျွန်းဧရိယာက လုံလောက်နေပြီ။ မင်းကိုယ်တိုင်ပဲသုံးလိုက်ပါ။”

ရှောင်းယီက ငြင်းလိုက်သည်။

“မဟုတ်ဘူး အရင်ကပြောထားတယ်လေ။ တစ်ယောက်တစ်ဝက်စီပဲ။”

ဆုဝမ်က ဇွဲမလျှော့ဘဲ ပြောလိုက်သည်။

ရှောင်းယီသည် အနည်းငယ် တွေးတောလိုက်ပြီးနောက် မေးလိုက်သည်။

“အုတ်မြစ်ကျောက်ကလွဲရင် ပစ္စည်းသေတ္တာထဲမှာ ဘာတွေထပ်ရှိသေးလဲ။”

“သတ္တုပြား ၆ ခုရှိသေးတယ်။”

ဆုဝမ်က ပြန်ဖြေသည်။

“ဒါဆို အဲ့ဒီသတ္တုပြား ၆ ခုလုံးကို ငါလိုချင်တယ်ာ အုတ်မြစ်ကျောက်ကိုတော့ မင်းပဲသိမ်းထားလိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ဆုဝမ်သည် အနည်းငယ်တုံ့ဆိုင်းပြီးနောက် ခေါင်းညိမ့်လိုက်၏။

“ကျေးဇူးတင်ပါတယ်။”

ရှောင်းယီသည် သူမကို ဂရုစိုက်သောကြောင့် အုတ်မြစ်ကျောက်ကို မရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သူမသိပေသည်။

ရှောင်းယီက ပြုံးပြီး ပြောလိုက်၏။

“အခုငါ့မှာ သတ္တုပြားတွေ အများကြီးလိုနေတယ်။ မင်း နောက်ထပ်ရှာတွေ့ရင် ငါ့အတွက်သိမ်းထားပေးပါဦး။”

“ပြဿနာမရှိပါဘူး။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။ သတ္တုပြားများကို လဲလှယ်ပေးပြီးနောက် သူမသည် အုတ်မြစ်ကျောက်များဖြင့် သူမ၏ကျွန်းကို တိုးချဲ့ရန် ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

သူမ၏ကျွန်းဧရိယာသည် နှစ်စတုရန်းမီတာ တိုးလာသည်ကို မြင်သောအခါ ဆုဝမ်၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်၏။

“ဒါက တကယ်ဖြစ်နိုင်တယ်ပေါ့။”

“ပစ္စည်းသေတ္တာ ဆက်ဖမ်းရမယ်။ ရှောင်းယီအတွက် သတ္တုပြားတွေ ပိုရှာပေးဖို့လိုတယ်။”

ဆုဝမ်က တိတ်တဆိတ် ကတိပြုလိုက်သည်။

ရှောင်းယီသာ ဤကမ္ဘာ၏စည်းမျဉ်းများကို မပြောပြခဲ့ပါက သူမသည် တစ်ယောက်တည်း ဟိုဟိုသည်သည် လမ်းလျှောက်နေရင်းဖြင့် ကျွန်းတစ်ခုလုံး နစ်မြုပ်သွားမည်ကို ကြောက်ရွံ့ရ‌ပေသည်။

ဤအချက်ကို တွက်ကြည့်ပါက ရှောင်းယီသည် သူမ၏အသက်သခင်ကျေးဇူးရှင်ဟုပင် ဆိုနိုင်ပေသည်။

ရှောင်းယီမှာမူ ဤအချိန်တွင် သူ၏ပင်လယ်ငါးကို ကိုင်တွယ်ပြီး ကင်စားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သူသည် ဤတစ်ကြိမ်တွင်မူ ငါးအူနှင့် ပါးဟက်များအားလုံးကို ကမ်းခြေ၌ ပစ်ထားလိုက်သည်။ ဤအကြိမ်တွင် ကိရိယာအိတ်ရှိသောကြောင့် ကိုင်တွယ်ရာ၌ အလွန်လွယ်ကူခဲ့သည်။

နောက်ဆုံးတွင် ၎င်းကို ရေသန့်အနည်းငယ်ဖြင့် ဆေးကြောလိုက်၏။ အသုံးပြုသော ပမာဏမှာမူ အလွန်နည်းပါးပေသည်။ ရေသန့်စက်အား မပြုလုပ်ရသေးမီ ရေအနည်းငယ်ချွေတာရန် လိုအပ်နေဆဲပင်။

ငါးများကိုဆေးကြောပြီးနောက် ရှောင်းယီသည် ငါးကို အကင်စက်ပေါ်တွင် တင်လိုက်တော့လေသည်။

“အကင်စက် (C အဆင့်) - မီးအပူချိန် အတန်အသင့်တည်ငြိမ်ပြီး သင့်တော်စွာအသုံးပြုနိုင်သော်လည်း လှန်လှောရာ၌ သတိထားရမည်။ မဟုတ်ပါက မီးကျွမ်းသွားနိုင်ပြီး မီးထဲသို့ သစ်သားများထပ်ထည့်ရန် လိုအပ်သည်။”

“သစ်သားတစ်ပြားသည် နှစ်နာရီကြာအောင် ကင်နိုင်သည်။”

“သစ်သားကလည်း နေ့စဉ်သုံးကုန်ပစ္စည်းဖြစ်နေသေးတာပဲလား။”

ရှောင်းယီသည် တီးတိုးရေရွတ်လိုက်ပြီး အကင်စက်ထဲသို့ သစ်သားတစ်ပြားတစ်ခု ထပ်ထည့်လိုက်သည်။

ဘက်စုံသုံးကိရိယာအိတ်ထဲမှ မီးခြစ်ကို အသုံးပြု၍ မီးမွှေးပြီးနောက် ရှောင်းယီသည် ငါးကို ဂရုတစိုက် လှန်လိုက်သည်။

မကြာမီ ငါးကင်အနံ့များ ထွက်ပေါ်လာခဲ့လေသည်။

“ကျစ်! ကျစ်! ကျစ်! ဒီအကင်စက်က မီးဖိုထက်စာရင် ပိုပြီးယုံကြည်စိတ်ချရသေးတယ်။ ငါးကင်ဖို့အတွက်တော့ အခက်အခဲမရှိတော့ဘူး။”

ရှောင်းယီက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဆုဝမ်ကို အစိမ်းစားတာနဲ့ပတ်သက်ပြီး သတိထားဖို့ သတိပေးသင့်လား။”

ရှောင်းယီသည် သူ့ရှေ့တွင်ရှိနေသော ငါးကင်ကို ကြည့်ရင်း ငါးမန်းများအကြောင်း တွေးလိုက်မိသည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှနးတစ်ဆင့် ဆုဝမ်ဆီသို့ မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့ပြီး အခြေအနေကို ရှင်းပြလိုက်သည်။

နောက်ဆုံးတွင် အတူတူစကားပြောပေးနိုင်မည့် လူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှောင်းယီနှင့် ဆုဝမ်တို့သည် တစ်ဦးနှင့်တစ်ဦး ပြဿနာမရှိစေလိုကြပေ။

“ဘာ! နင့်ကျွန်းရဲ့ အုတ်မြစ်ကျောက်ကို ငါးမန်းတစိကောင်က တိုက်ခိုက်ခဲ့တာလား။ နင်ဘယ်လိုနေသေးလဲ။ အဆင်ပြေရဲ့လား။”

ဆုဝမ်သည် အလျင်အမြန်ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်ကာ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“အဆင်ပြေပါတယ် အရင်က ဖြစ်ခဲ့တာပါ။ အခုကရှင်းသွားပါပြီ။”

ရှောင်းယီက ပြုံးပြီး ပြန်ဖြေလိုက်သည်။

ရှောင်းယီ အဆင်ပြေနေကြောင်း ကြားလိုက်ရသောအခါ ဆုဝမ်သည် စိတ်သက်သာရာရသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ၏ဝမ်းဗိုက်မှ အသံမြည်လာခဲ့သည်။ ဆုဝမ်သည် ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။

“နင် အဆင်ပြေနေတယ်ဆိုရင် ပြီးတာပါပဲ။ ငါ ပစ္စည်းသေတ္တာကို ဆက်ဖမ်းလိုက်ဦးမယ်။”

“အလုပ်ကိုနောက်မှလုပ်ပါ။ ငါ နင့်ကို ငါးကင်းကျွေးမယ်။”

ရှောင်းယီသည် ဆုဝမ်၏ဗိုက်ထဲမှ သံစုံတီးဝိုင်းကို ကြားလိုက်ရသောကြောင့် ပြောလိုက်ခြင်းပင်။

“ဒါပေမယ့် နင့်ကိုလဲလှယ်ပေးဖို့ ငါဘာမှမဖမ်းမိသေးဘူး။”

ဆုဝမ်သည် ပို၍ပင် ရှက်ရွံ့သွား၏။

“ပြဿနာမရှိပါဘူး။ နောက်ပစ္စည်းသေတ္တာတွေထဲမှာ ငါလိုချင်တာတွေ ရှိရင်ရှိလာမှာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဒါဆို ငါအရင်သွားဖမ်းလိုက်မယ်။”

ဆုဝမ်သည် ထိုသို့ပြန်ဖြေပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်သွားခဲ့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်ခွာသွားပြီးနောက် ဆုဝမ်သည် သူမ၏ကျွန်းမှ ၂၀ မီတာအကွာရှိ ပစ္စည်းသေတ္တာကို ကြည့်ကာပြောလိုက်၏။

“နင့်ကို ငါမိအောင်ဖမ်းရမယ်။”

ပစ္စည်းသေတ္တာ၏ မျောပါလာသည့် ဦးတည်ချက်အရ သူမ၏အနီးဆုံးသို့ ရောက်ရှိရန် တစ်မိနစ်ခန့်သာကြာမည်ဖြစ်ပြီး အကွာအဝေးမှာ ၂၀ မီတာခန့်ဖြစ်ပေသည်။

၂၀ မီတာသည် သူမ၏ ငါးဖမ်းပိုက်အသုံးပြုနိုင်သည့် အကန့်အသတ်ဖြစ်၏။ အကယ်၍ ဤအခွင့်အလမ်းကိုသာ မဆုပ်ကိုင်နိုင်ခဲ့ပါက ယနေ့အတွက် အခြားပစ္စည်းသေတ္တာများကို ဖမ်းမိရန် နည်းလမ်းမရှိတော့ပေ။

ပင်လယ်ထံတွင် အခြားပစ္စည်းသေတ္တာတစ်လုံး ရှိသေးသော်လည်း ယင်းပစ္စည်းသေတ္တာသည် သူမနှင့် ၅၀ မီတာအကွာတွင် ရှိနေ၏။ ခန့်မှန်းချေအရ ဆုဝမ်နှင့် နီးကပ်ဆုံးသို့ ရောက်ရှိလာမည်ဆိုပါက ၎င်းသဘ် အနည်းဆုံး ၄၀ မီတာအကွာတွင် ရှိနေမည်ဖြစ်သည်။

သူမအတွက် အခွင့်အလမ်းလုံးဝမရှိပေ။

ဆုဝမ်သည် သူမနှင့်အနီးဆုံးရှိ ပစ္စည်းသေတ္တာကို ကြည့်ပြီး တိတ်တဆိတ်တွက်ချက်လိုက်သည်။

“အခုပဲ!”

ထို့နောက် ဆုဝမ်သည် အနည်းငယ်အားစိုက်ထုတ်ပြီး ငါးဖမ်းပိုက်ကို ပစ်လွှတ်လိုက်တော့လေသည်။

ငါးဖမ်းပိုက်သည် လေထဲသို့ ပျံတက်သွားပြီး ပစ္စည်းသေတ္တာကို တိကျစွာ ဖုံးအုပ်လိုက်၏။

“အောင်မြင်ပြီ။”

ဆုဝမ်သည် ပျော်ရွှင်စွာပြောလိုက်ကာ ပစ္စည်းသေတ္တာကို သူမ၏ကျွန်းဆီသို့ ဆွဲယူလိုက်လေသည်။

“အရမ်းလေးတာပဲ။”

ဆုဝမ်က တီးတိုးရေရွတ်လိုက်၏။

“နည်းနည်းလောက်ပိုရဖို့ မျှော်လင့်ပါတယ်။”

အားများစွာစိုက်ထုတ်ကာ ပစ္စည်းသေတ္တာကို ကမ်းစပ်သို့ ဆွဲယူပြီးနောက် ဆုဝမ်သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ပင့်မကာ ပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂၊ အုတ် ၅၊ ရေသန့် ၅၀၀မီလီလီတာ ၁၊ ခေါက်ဆွဲခြောက် ၁၀၀ဂရမ် ၁။”

ဆုဝမ်သည် ရေသန့်ပုလင်းကို တစ်ခါတည်း တန်းမြင်လိုက်၏။ သူမသည် သူမ၏ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ရေသန့်ပုလင်းအဖုံးကို ဖွင့်ကာ တစ်ဝက်သောက်လိုက်လေသည်။

ထို့နောက် သူမသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားပြီး ရှောင်းယီနှင့် စကားပြောရန် တောင်းဆိုလိုက်၏။

ရှောင်းယီသည်လည်း ငါးကင်ကို အခုလေးတင် ကင်ပြီးခဲ့ခြင်းဖြစ်ပေသည်။ ပြီးနောက် ထိုငါးကင်ကိုကြည့်လိုက်သောအခါ အဆင်ပြေနေကြောင်း မြင်လိုက်ရ၏။ အနည်းဆုံးတော့ ဖော်ပြချက်အရ ဂျိုးတူးနေသောငါးမဟုတ်တော့ပေ။

“ငါးကင် - ၂ ကီလိုဂရမ်၊ အရသာမှုန့်မပါသော်လည်း ဗိုက်ဝစေရန် ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။”

“ငါ ပစ္စည်းသေတ္တာထဲကနေ အုတ်မြစ်ကျောက် ၂ ခု၊ အုတ် ၅ ခု၊ ရေသန့် ၅၀၀မီလီလီတာ တစ်ပုလင်းနဲ့ ခေါက်ဆွဲခြောက် ၁၀၀ဂရမ် တစ်ထုပ် ရခဲ့တယ်။”

ဆုဝမ်က အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမယ့် ငါအရမ်း‌ရေဆာနေလို့ ရေသန့်တစ်ဝက်သောက်လိုက်မိတယ်။ အကယ်၍ နင်စိတ်မရှိဘူးဆိုရင် ကျန်တဲ့တစ်ဝက်ကို နင့်ကိုပေးမယ်။”

‘တကယ်လို့ သူစိတ်မရှိဘူးဆိုရင် တစ်ဝက်ကျန်တဲ့ ရေသန့်ဘူးကို သူနဲ့လဲလှယ်ရမှာပေါ့။ ဒါက သွယ်ဝိုက်အနမ်းနဲ့ တူမနေဘူးလား။’

ဆုဝမ်သည် သူမ၏ခေါင်းကို ခါယမ်းလိုက်ပြီး ထိုမသင့်တော်သော အတွေးများကို ဖယ်ရှားရန် ကြိုးစားလိုက်လေသည်။

All Chapters