← Chapters

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုရွှေ့ပြောင်းနိုင်ခြင်းနှင့် လက်နက်ထုတ်လုပ်မှုပုံစံ

Vol. 1 Ch. 12

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုရွှေ့ပြောင်းနိုင်ခြင်းနှင့် လက်နက်ထုတ်လုပ်မှုပုံစံ

Vol. 1 Ch. 12

လီယု၏ ဈေးကွက်တွင် တင်ထားသော ငါးမန်းသားများသည် ရှောင်းယီထက်ပင် ဈေးချိုနေသေးသည်။

ရှောင်းယီသည် သတ္တုပြား ၂၅ ခုနှင့် ငါးမန်းသား ၅ဝဝ ဂရမ်ကို လဲလှယ်ထားခဲ့ခြင်းဖြစ်ပြီး လီယုသည်မူ သူ့တွင် ၅၀၀ ဂရမ်ရှိသော်လည်း သတ္တုပြား ၂၀ သာ တောင်းဆိုထားပေသည်။

တစ်နည်းအားဖြင့် အခြားသူများသည် သတ္တုပြားနည်းနည်းဖြင့် ငါးမန်းသားများ ပိုမိုရရှိနိုင်မည်ဖြစ်ပြီး လီယုနှင့်သာ လဲလှယ်ကြမည်ဖြစ်သည်။

“လီယုက ငါနဲ့ယှဉ်ပြိုင်ချင်နေတာလား။”

ရှောင်းယီ မျက်မှောင်ကြုံ့ကာ တွေးလိုက်၏။

“အဲ့လိုမဟုတ်နိုင်ဘူး။ သူ့ရဲ့လုပ်ဆောင်ချက်အရ သတ္တုပြားတွေကို အရေးတကြီးလိုအပ်နေတာပဲဖြစ်ရမယ်။”

အကယ်၍ ဤသို့မဟုတ်ခဲ့လျှင် ငါးမန်းသားများအား သတ္တုပြားများ ပိုမိုရရှိစေရန်အတွက် လဲလှယ်လိုက်ခြင်းသည်က ပို၍ကောင်းမည်မဟုတ်ပါလော။

ဒါဆို လီယုက ဘာကိရိယာတွေလုပ်ဖို့ သတ္တုပြားတွေကို ဒီလောက်အရေးတကြီးလိုနေတာလဲ။

ဟုတ်ပေသည်...ရှောင်းယီသည် ထိုအကြောင်းကို တွေးကြည့်ရုံသာဖြစ်သည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် မည်မျှရှိသည်အား သူမသိနိုင်သလို လီယု၏အခြေအနေကိုလည်း မမြင်နိုင်ပေ။

သူမျှော်လင့်ထားသည့်အတိုင်း စျေးကွက်တွင် လီယုတင်ထားသော ငါးမန်းသားများအား အလျင်အမြန်ပင် ရောင်းထွက်သွားခဲ့၏။

သတ္တုပြား ၂၀ အား အလွယ်တကူရရှိသွားသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ၏မျက်လုံးများကို လှိမ့်လိုက်ကာ တွေးတောလိုက်သည်။

သူသည် ဈေးကွက်တွင် တင်ထားသော ငါးမန်းသားများကို မပြောင်းလဲဘဲ လီယုသတ်မှတ်ထားသော ဈေးနှုန်းအတိုင်း နောက်ထပ်တစ်ခါထပ် တင်လိုက်လေသည်။

ဤသို့ဖြင့် သူသည် လဲလှယ်ရေးဈေးကွက်ရှိ လူတိုင်းကို ငါးမန်းသားများ အပြိုင်အဆိုင် ရောင်းချနေသည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးရှိသည်ဟု ထင်မှတ်မှားစေမည်ဖြစ်သည်။

အစားအစာလိုအပ်နေသူများသည် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူကြမည်ဖြစ်သည်။

ဤအချိန်တွင် ရှောင်းယီသည် လဲလှယ်ရေးဈေးကွက်တွင် အမည်မဖော်ဘဲ လဲလှယ်မှုများပြုလုပ်နိုင်သည်ကို ကျေးဇူးတင်မိသွားသည်။

ထိုသို့မဟုတ်ပါက သူသည် တစ်ယောက်တည်းဖြင့် ဇာတ်ကောင်နှစ်ခုကို ကစားနိုင်မည်မဟုတ်ပေ။

“မင်းတို့တွေ့ကြလား။ လဲလှယ်ရေးဈေးကွက်မှာ ငါးမန်းသားရောင်းတဲ့သူဌေးကြီးနှစ်ယောက်တောင် ရှိနေပြီ။”

“တွေ့တယ် တွေ့တယ် ယှဉ်ပြိုင်မှုတွေရှိလာရင် ဈေးလျှော့ရတာက သဘာဝပဲ။”

“အဲ့ဒီသူဌေးကြီးနှစ်ယောက် ယှဉ်ပြိုင်တာက ငါတို့အတွက်တော့ တကယ်အမြတ်ထွက်တာပဲ။”

“မင်းအတွက်တော့ အကျိုးရှိတယ်ဆိုပေမယ့် ငါ့မှာတော့ ဘာသတ္တုပြားမှမရှိဘူးကွာ...။”

“မင်းမှာက သတ္တုပြားပဲ မရှိတာ။ ငါ့မှာက ဘာမှကိုမရှိဘူး။ ပစ္စည်းသေတ္တာလည်း မဆွဲရသေးဘူး။ အားလည်းမရှိတော့ဘူး။ ငါ့ကို ဘယ်သူကများ ကယ်တင်ကြမှာလဲ။”

လူတိုင်းက သူဌေးကြီးနှစ်ဦး ယှဉ်ပြိုင်နေသည်ဟု ထင်နေကြသော်လည်း ရှောင်ယီတစ်ယောက်တည်းက နောက်ကွယ်မှဇာတ်ညွှန်းရေးနေခြင်းဖြစ်သည်ကိုမူ မသိကြပေ။

ရလဒ်အနေဖြင့် ရှောင်းယီ၏သတ္တုပြားစုဆောင်းနှုန်းအမြန်နှုန်းမှာ အဆမတန်တိုးလာခဲ့သည်။

ဆုဝမ်သည်လည်း လဲလှယ်ရေးဈေးကွက်ရှိ အချက်အလက်များကို တွေ့လိုက်ရပြီးနောက် ရှောင်းယီထံသို့ အမြန်စာပို့လိုက်သည်။

“ရှောင်းယီ လဲလှယ်ရေးဈေးကွက်မှာ နောက်ထပ်ငါးမန်းသားရောင်တဲ့သူတွေရှိနေပြီ။ နင့်ရဲ့ရောင်းဈေးထက်လည်း သက်သာတယ်။”

ဆုဝမ်က စိုးရိမ်စွာ ပြောလိုက်သည်။

“နင်ဈေးနည်းနည်းလောက် လျှော့လိုက်ပါလား။ ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ ငါမထင်ခဲ့မိဘူး။ တစ်ယောက်ယောက်က တမင်ဈေးနှိမ်နေတာပဲ။”

ထိုအခါ ရှောင်းယီက ပြုံးကာပြန်ဖြေလိုက်၏။

“မစိုးရိမ်ပါနဲ့... အဲ့ဒါတွေအားလုံးက ငါတင်ထားတာချည်းပါပဲ။”

ဆုဝမ် အံ့အားသင့်သွား၏။ ထို့နောက် သူမသည် ရှောင်းယီ၏နည်းလမ်းကို ချက်ချင်းပင် နားလည်သွားခဲ့သည်။

“ငါက နောက်ထပ် ငါးမန်းတွေသတ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိနေတယ်ထင်နေတာ။ နင်က ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်နေတာကိုး။”

“ဟားဟား!! ခုနကမှ တစ်ယောက်ယောက်က ငါ့ကိုအမြင်ဖွင့်ပေးခဲ့တာလေ။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး လီယု၏ထူးဆန်းသော လုပ်ဆောင်ချက်များကို ခြုံငုံပြောပြလိုက်လေသည်။

ဆုဝမ်သည်လည်း ကူကယ်ရာမဲ့သွားခဲ့ပြီး မေးလိုက်၏။

“အဲ့ဒီလူက ဘာလုပ်နေတာလဲ။”

ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“ဒါတော့ ငါလည်းမသိဘူး...သူက အရေးကြီးတဲ့ပစ္စည်းတစ်ခုခု တည်ဆောက်ချင်နေတာဖြစ်မယ်။ မဟုတ်ရင် ဒီငါးမန်းသားတွေကို ဈေးချပြီးရောင်းမှာမဟုတ်ဘူး။”

ဆုဝမ်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။

“အင်း...နောက်ဆုံးပစ္စည်းသေတ္တာက ငါနဲ့ အနီးဆုံးအကွာအဝေးကို ရောက်လုနီးပါးဖြစ်နေပြီ။ နောက်မှဆက်ပြောကြတာပေါ့။”

ထိုသို့ပြောပြီးနောက် ဆုဝမ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်သွားပြီး ပစ္စည်းသေတ္တာ၏ဦးတည်ရာကို အာရုံစိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှောင်းယီ၏ကျွန်းမှ ၆၀ ကီလိုမီတာအကွာတွင်ရှိသော ကျွန်းငယ်တစ်ခုပေါ်တွင် လီယုသည် စိတ်လှုပ်ရှားစွာအော်ဟစ်နေသည်။

“အောင်မြင်ပြီ...နောက်ဆုံးတော့ စုဆောင်းပြီးသွားပြီကွ။”

သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စိတ်လှုပ်ရှားစွာရပ်ကာ ထုတ်လုပ်မှုစာမျက်နှာသို့ ပြောင်းလိုက်သည်။

သူ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် ဆောက်လုပ်ရန် အဆင်သင့်ဖြစ်နေသော ပစ္စည်းတစ်ခုရှိနေခဲ့လေသည်။

“[သစ်သားလှေငယ်] သစ်သားလှေငယ်ထုတ်လုပ်မှုပုံစံအတိုင်း ထုတ်လုပ်ထားသည်။”

လီယု၏လက်ထဲတွင် သစ်သားလှေငယ်ထုတ်လုပ်မှုပုံစံကို ကိုင်ဆောက်ထားခဲ့သည်။

“[သစ်သားလှေငယ်ထုတ်လုပ်မှုပုံစံ] - သစ်သား ၆၀၊ သတ္တုပြား ၃၀။”

“ထုတ်လုပ်မယ်။”

လီယုသည် သူ၏တုန်ယင်နေလက်များဖြင့် ထုတ်လုပ်ခလုပ်ရန်ကို နှိပ်လိုက်တော့လေသည်။

သက်ဆိုင်ရာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အတွင်း၌ သစ်သားလှေတစ်စင်း ထွက်ပေါ်လာခဲ့သည်။

“ထားရှိရန် နေရာကို ရွေးချယ်ပါ။”

လီယုသည် ထိုလှေငယ်ကို သူ၏ကျွန်းဘေးတွင် ချက်ချင်းပင် နေရာချလိုက်သည်။

လှေငယ်ကို နေရာချပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၌ နောက်ထပ်သတိပေးချက်တစ်ခု ထွက်ပေါ်လာ၏။

“လှေငယ်ဆောက်လုပ်ပြီးစီးကြောင်း အတည်ပြုပါသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ်သို့ ပြောင်းရွှေ့လိုပါသလား။”

“မှတ်ချက် - တစ်ကြိမ်ပြောင်းရွှေ့ပြီးပါက နောက်ထပ်တစ်နှစ်အတွင်း ထပ်မံ၍ ပြောင်းရွှေ့နိုင်တော့မည်မဟုတ်ပါ။ သေချာစွာရွေးချယ်ပါ။”

ထိုသတိပေးချက်နှစ်ခုကိုမြင်ရသောအခါ လီယုသည် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ရီသွား၏။

ထိုသတိပေးချက်များအရ သူသည် ကျွန်းကိုစွန့်ခွာပြီး ပင်လယ်ထဲတွင် ဖွံ့ဖြိုးတိုးတက်နိုင်သည်ဟု ဆိုလိုနေခြင်းပင်။

တံငါသည်တစ်ဦးအနေဖြင့် ပင်လယ်သည် သူ၏အိမ်ဖြစ်သည်။

“အင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ်ကို ပြောင်းရွှေ့မယ်။”

လီယုသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်၏။

ထို့နောက် သူ၏ကျွန်းပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ချက်ချင်းပက် ပျောက်ကွယ်သွားပြီး လှေအခန်းအတွင်း၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

လီယုသည် တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သူ၏ငါးဖမ်းပိုက်အဟောင်း နှင့် ပထမနေ့တွင်ရရှိခဲ့သော Dအဆင့်ပုဆိန်ကို လှေပေါ်သို့ ပစ်တင်လိုက် သည်။

“ဒီနေ့ကစပြီး ငါက ပင်လယ်ရဲ့အရှင်သခင် ဖြစ်လာစေရမယ်။”

လီယုသည် ရဲရင့်စွာကြွေးကြော်လိုက်၏။

ပင်လယ်သည် ပိုမိုအန္တရာယ်များသော်လည်း ရေနေသတ္တဝါများနှင့် ကြုံတွေ့ရပါက ကုန်းပေါ်ကဲ့သို့ ပုန်းအောင်းနေနိုင်မည်မဟုတ်ဘဲ တိုက်ရိုက်သာ တိုက်ခိုက်ရမည်ဖြစ်သည်။ ၎င်းသည် ကျွန်းပေါ်တွင်နေထိုင်ခြင်းထက် အကျိုးကျေးဇူးများစွာရှိပေသည်။

၎င်းသည် လှေငယ်တစ်စီးသာဖြစ်သောကြောင့် လီယုသည် လှေကိုလှော်ခတ်ကာ ပစ္စည်းသေတ္တာများကို ဖမ်းယူနိုင်ပေသည်။

ရေနေသတ္တဝါများ၏တိုက်ခိုက်မှုကို ကာကွယ်ရန် လီယုသည် လှံရှည်ငါးချောင်းကိုလည်း ပြင်ဆင်ထားခဲ့သည်။

သူ၏မြင်ကွင်းအတွင်း၌ ပစ္စည်းသေတ္တာနှစ်လုံးကျန်ရှိနေသေးပြီး လီယုသည် သူ၏လှေငယ်ကိုလှော်ခတ်ကာ ၎င်းကိုဖမ်းယူရန် ထွက်ခွာခဲ့လိုက်သည်။

“ဒီဒီဒီ!!!”

အလိုအလျောက်ငါးဖမ်းပိုက်မှ တတိယအကြမ် ပစ်မှတ်ဖမ်းမိသည့် အချက်ပေးသံကို ထုတ်လွှတ်လာ၏။

ရှောင်းယီသည် သူ၏သစ်သားအိမ်ထဲမှ ထွက်လာပြီး ပစ္စည်းသေတ္တာသုံးလုံးကို တစ်ပြိုင်နက်တည်း ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂၊ ငှက်ပျောသီး ၅ဝဝ ဂရမ်။”

“ရရှိသောပစ္စည်းများ - လီနင်အထည် ၃၊ တိုက်တိုက်ပစ်ဒူးလေးထုတ်လုပ်မှုပုံစံ (Aအဆင့်)။”

“ရရှိသောပစ္စည်းများ - သတ္တုပြား ၅၊ သစ်သား ၁ဝ၊ အမဲသားအရွတ် ၁။”

“လက်နက် ထွက်ပေါ်လာပြီပဲ။”

ရှောင်းယီသည် အံ့အားသင့်စွာဖြင့် ဒူးလေးထုတ်လုပ်မှုပုံစံ ကို ကြည့်ရှုရင်း စိတ်ထဲမှ ပြောလိုက်မိသည်။

“ဆက်တိုက်ပစ်လေးထုတ်လုပ်မှုပုံစံ (Aအဆင့်) - တိရ စ္ဆာန်အရွတ်ကြော ၁၊ သစ်သား ၃၊ သတ္တုပြား ၁၀။”

ဒူးလေးထုတ်လုပ်ရန် လိုအပ်သော ပစ္စည်းများကိုကြည့်ပြီးနောက် ရှောင်းယီ မနေနိုင်ဘဲ ပြုံးလိုက်မိသည် ။

“ပစ္စည်းသေတ္တာထဲကနေ အမဲအရွတ်ကြောကို တစ်ခါတည်းရခဲ့တာ ကံကောင်းတာပဲ။ မဟုတ်ရင် တိရစ္ဆာန်အရွတ်ကြောကို ဘယ်မှာရှာမလဲမသိဘူး။”

ရှောင်းယီသည် လဲလှယ်ရေးဈေးကွက်ရှိ လဲလှယ်မှုများမှတစ်ဆင့် သတ္တုပြား ၃၀ နီးပါးကို စုဆောင်းထားပြီးဖြစ်သဖြင့် အခုအချိန်တွင် ဆက်တိုက်ပစ်ဒူးလေးကို ချက်ချင်း ထုတ်လုပ်နိုင်ပြီဖြစ်သည်။

ထို့ကြောင့် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာသို့ ပြောင်းကာ ထုတ်လုပ်ရန်ခလုပ်ကို နှိပ်လိုက်၏။ ထိုအခါ သက်ဆိုင်ရာပစ္စည်းများပျောက်ကွယ်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အတွင်းတွင် ဒူးလေးတစ်ခု ပေါ်လာခဲ့လေသည်။

ရှောင်းယီသည် ၎င်းကို တိုက်ရိုက်ပင် ထုတ်ယူလိုက်ပြီး ထိုဒူးလေးကိုကြည့်ကာ သူ၏သစ်သားအိမ်နံရံသို့ ပစ်ကြည့်လိုက်သည်။

“ဘုန်း ဘုန်း ဘုန်း!”

ဒူးလေးမှပြေးထွက်သွားသော မြားများသည် သစ်သားအိမ်၏နံရံထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားပြီး လေခွင်းသံများပင် ထွက်ပေါ်လာခဲ့လေသည်။

“အရမ်းအားကောင်းတယ်။”

ရှောင်းယီသည် အံ့အားသင့်စွာ ပြောလိုက်မိ၏။ အကွာအဝေးက သိပ်အဝေးကြီးမဟုတ်သော်လည်း မီတာ ၃၀အတွင်း သေစေနိုင်စွမ်းရှိသည်ဟု ခံစားလိုက်ရသည်။

ရှောင်းယီသည် ထိုမြှားများကို နံရံထဲမှ ပြန်လည်ဆွဲထုတ်ရန် အင်အားများစွာ စိုက်ထုတ်ရ၏။ တစ်ချိန်တည်းတွင် ထိုမြှားများကိုလည်း မချိုးပစ်မိစေရန် သတိထားနေခဲ့ရသည်။

“ငါ့ရဲ့အရင်က ကိုယ်ခန္ဓာအခြေအနေနဲ့ဆိုရင် ဒါတွေကို ပြန်ထုတ်လို့တောင် မရနိုင်လောက်ဘူး။”

ရှောင်းယီက စိတ်ထဲမှ ပြောလိုက်မိသည်။

ဒီဒီ!!

ထိုစဉ် ဆုဝမ်က ရုတ်တရက်ကြီး စာပို့လာခဲ့လေသည်။

“ငါ ပစ္စည်းကောင်းတစ်ခု ရခဲ့တယ်။”

All Chapters