လှုပ်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း မိုးသက်မုန်တိုင်းကြည့်ခြင်း
Vol. 1 Ch. 13
ရှောင်းယီသည် ဗီဒီယိုခေါ်ဆိုမှုကိုဖွင့်ကာ စိတ်လှုပ်ရှားနေသော ဆုဝမ်ကို ကြည့်လိုက်သည်။
“ဘာပစ္စည်းကောင်းတွေရလာလို့ ဒီလောက်တောင် ပျော်နေတာလဲ။”
“ဒီပစ္စည်းသေတ္တာမှာ ပစ္စည်းတွေအများကြီးပါလာတယ်။”
ထိုသို့ပြောရင်းဖြင့် ဆုဝမ်သည် သူမရရှိခဲ့သောပစ္စည်းများအားလုံးကို ဖော်ပြလိုက်၏။
“အုတ်မြစ်ကျောက် ၄၊ တစ်ယောက်အိပ် ရွက်ဖျင်တဲ ၁၊ B အဆင့် လိမ္မော်သီး ၂၊ လီနင်အထည် ၅၊ ဆလတ်မျိုးစေ့ ၂။”
ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“အဲ့လောက်တောင်များတာလား။ မင်းကို ဥရောပဘုရင်ဝင်ပူးနေတာများလား။”
ထိုအခါ ဆုဝမ်က ပြုံးကာ မေးလိုက်သည်။
“ဥရောပဘုရင်ဆိုတာ ကံကောင်းတာကိုပြောတာလား။”
“ဟုတ်တယ်...မင်းရဲ့ လီနင်အထည်နဲ့ ဆလတ်မျိုးစေ့တွေကို ငါ့ကိုပေးပါ။ ကျန်တာတွေကိုတော့ မင်းပဲသိမ်းထားလိုက်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ဆုဝမ်သည် မည်သည့်မှတ်ချက်မျှမပေးဘဲ ပြန်မေးလိုက်၏။
“ဒီလိမ္မော်သီးမှာ အဆင့်သတ်မှတ်ချက်ပါနေတယ်။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ။”
“အတိုချုပ်ပြောရရင် အဲ့ဒါက သာမန်လိမ္မော်သီးထက် ပိုအရသာရှိပြီး လူ့ကိုယ်ခန္ဓာအင်အားကို မြှင့်တင်ပေးနိုင်တယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဒီအခြေအနေမှာ လူတစ်ဦးချင်းစီရဲ့ရုပ်ခန္ဓာက အရမ်းအရေးကြီးတယ်။ အဲ့လိုမှမဟုတ်ရင် အသက်ရှင်ရပ်တည်နိုင်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။”
ဆုဝမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါဆိုရင် အကုန်လုံးကို ငါတစ်ယောက်တည်းမစားနိုင်ဘူး။”
“တော်လိုက်တော့... ငါက အဆင့်ပိုမြင့်တဲ့အသီးတွေရပြီးသား။ မင်းရဲ့ B အဆင့်လောက်ကို ငါမကြိုက်ဘူး။”
ရှောင်းယီက ချက်ချင်းပြောလိုက်သည်။
“ငါပြောတဲ့အတိုင်းပဲ ခွဲဝေလိုက်ပါ။”
“တစ်ယောက်အိပ်ရွက်ဖျင်တဲကိုတော့ နင့်ကိုပေးမယ်။”
ဆုဝမ်က ချီတုံချတုံဖြင့် ပြောလိုက်သည်။
“ငါက သစ်သားအိမ်တစ်လုံး ဆောက်ပြီးသွားပြီ။ ရွက်ဖျင်တဲကို ဘာလိုအပ်မှာလဲ။”
ရှောင်းယီက ပြန်မေးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို ဘေးသို့အနည်းငယ်ရွှေ့ကာ သစ်သားအိမ်၏နံရံကို ပုတ်ပြပြီး ပြောလိုက်သည်။
ရှောင်းယီသည် အမှန်တကယ် သစ်သားအိမ်ထဲတွင် ရောက်ရှိနေကြောင်း မြင်လိုက်ရသောအခါ ဆုဝမ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“နင်က အရမ်းရှေ့ရောက်နေပြီ။”
အခြားသူများသည် အစားအစာများရရှိရန်အတွက် ရုန်းကန်နေကြရစဉ်တွင် ရှောင်းယီသည် သစ်သားအိမ်ဖြင့်ပင် နေနေပြီဖြစ်သည်။
တကယ်ကို နှိုင်းယှဉ်လို့မရဘူးပဲ။
“နည်းလမ်းမရှိဘူး။ ဒါကသစ်သားအိမ်လေးတစ်လုံးပါပဲ။ နည်းနည်းသေးနေသေးတယ်။”
ရှောင်းယီသည် အနည်းငယ် ဘဝင်မြင့်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ဒါဆို ငါ နင့်ကို ယဉ်ကျေးမနေတော့ဘူးနော်။”
ဆုဝမ်သည် ထိုသို့ပြန်ဖြေလိုက်ပြီးနောက် သူမ၏သီးသန့်ချန်နယ်မှ လဲလှယ်မှုတစ်ခုကို စတင်လိုက်လေသည်။
“[အုတ်မြစ်ကျောက်] ၂၊ [လီနင်အထည်] ၅၊ [ဆလတ်မျိုးစေ့] ၂ - လဲလှယ်မှုမရှိပါ။”
ရှောင်းယီသည် သူမ စတင်ခဲ့သော လဲလှယ်မှုကိုကြည့်ပြီး ခေါင်းခါကာ လဲလှယ်မှုကို အတည်ပြုလိုက်သည်။
လဲလှယ်မှုပြီးဆုံးသွားပြီးနောက် အလိုအလျောက်ငါးဖမ်းပိုက်၏သတိပေးသံမြည်လာသောကြောင့် ရှောင်းယီသည် သစ်သားအိမ်ထဲမှ ထွက်လာခဲ့လိုက်လေသည်။ အပြင်သို့ရောက်လာသောအခါ ပစ္စည်းသေတ္တာတစ်လုံးကို ကျွန်း၏အစွန်းတွင် တွေ့လိုက်ရ လေသည်။
ထိုအခါ ရှောင်းယီသည် သူ၏လက်ဖဝါးများကို ပွတ်သပ်ကာ ပြောလိုက်၏။
“ပစ္စည်းကောင်းတစ်ခုခုရကွာ...။”
ထို့နောက် ဖွင့်ကြည့်လိုက်၏။
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂၊ လှုပ်ကုလားထိုင်ထုတ်လုပ်မှုပုံစံ (B အဆင့်) ၁၊ မြေဆီလွှာ ၁၊ သစ်သားစည်ပိုင်းထုတ်လုပ်မှုပုံစံ ၁။”
“အစားအစာ မပါပြန်ဘူးလား။ တစ်နေ့လုံး ငါးကင်ပဲစားနေရလို့တော့ မဖြစ်ဘူးလေ။ အရေးအကြီးဆုံးက ဟင်းခတ်အမွှေးအကြိုင်တောင် မရှိတာပဲ။”
ရှောင်းယီသည် မနေနိုင်လဲ ညည်းတွားလိုက်မိသည်။
ထို့နောက် သူသည် လှုပ်ကုလားထိုင်ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်၏။
“လှုပ်ကုလားထိုင်ထုတ်လုပ်မှုပုံစံ (B အဆင့်) - သစ်သား ၁၀၊ သတ္တုပြား ၈။”
ရှောင်းယီသည် လဲလှယ်ရေးဈေးကွက်ကို တစ်ချက်ကြည့်လိုက်ပြီး ငါးမန်းသား အချို့လဲလှယ်ထားသောကြောင့် ထိုအရောင်းအဝယ်များကို အတည်ပြုလိုက်၏။ ထို့နောက် ထိုလှုပ်ကုလားထိုင်ကို ထုတ်လြပ်ရန်အတွက် လိုအပ်သော သတ္တုပြားများကို စုဆောင်းပြီးသွားခဲ့ပြီး ချက်ချင်းပင် ထုတ်လုပ်လိုက်တော့သည်။
လှုပ်ကုလားထိုင်ကို ထုတ်ယူပြီးနောက် ရှောင်းယီသည် ထိုအပေါ်တွင် ကျေနပ်စွာလှဲချလိုက်၏။
“လှုပ်ကုလားထိုင် (B အဆင့်) - လှဲလိုက်ပါက ပင်ပန်းနွမ်းနယ်မှုကို ကောင်းစွာပြန်လည်ကောင်းမွန်စေသည်။ သင်ကိုယ်တိုင်လွှဲရန်လို အပ်သည်။”
ရှောင်းယီသည် လှုပ်ကုလားထိုင်ပေါ်လှဲကာ ၎င်းကိုလွှဲရင်းဖြင့် အိပ်ပျော်သွားခဲ့လေသည်။
အချိန်မည်မျှကြာသွားသည်မသိ...ရှောင်းယီသည် သူ၏မျက်နှာပေါ်သို့ ရေစက်များ ပြုတ်ကျလာသည်ကို ခံစားလိုက်ရပြီးနောက် လန့်နိုးလာခဲ့သည်။ သူသည် သံသယဖြင့် တိမ်မည်းများဖြင့် ပြည့်နှက်နေသောကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက် သူ၏လှုပ်ကုလားထိုင်ကိုဆွဲယူကာ သစ်သားအိမ်ထဲသို့ ဝင်သွားလိုက်သည်။
“တကယ်ကို မိုးရွာတော့မှာပဲ။”
ရှောင်းယီသည် သစ်သားအိမ်ထဲသို့ပြန်ဝင်သွားပြီး အပြင်ဘက်ရှိ မည်းမှောင်နေသောကောင်းကင်ကို ကြည့်ရင်း ရေရွတ်မိလိုက်သည်။
“ဖျတ်!”
လျှပ်စီးတစ်တစ်ချောင်း လျှပ်တပြတ်လင်းလက်သွား၏။ ၎င်းသည် မိုးသည်းထန်စွာ ရွာသွန်းတော့မည့် နိဒါန်းတစ်ခုသကဲ့သို့ပင်။
“ဝေါ....”
မိုးသည်းထန်စွာ ရွာသွန်းလာ၏။
ရှောင်းယီသည် လှုပ်ကုလားထိုင်ပေါ်တွင် နောက်တဖန် ပြန်လည်လဲလျောင်းလိုက်ပြီး ပေါက်ကွဲထွက်လာသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်ကို ကြည့်နေလိုက်သည်။
“မိုးရွာလာတာလား။”
“ဒီမှာ မိုးက သည်းကြီးမည်းကြီးကို ရွာနေတာပဲ။ ငါ့ကျွန်းတောင် ရေမြုပ်တော့မယ်လို့ ခံစားရနေတယ်။”
“ဘာလဲ။ မိုးရွာနေတာလား။ ဒီမှာတော့ ဘာမိုးမှမရွာဘူး။”
“ဘာလဲ ဘာလို့ မင်းဆီမှာကျ မရွာတာလဲ။ ငါ့ဆီမှာကျ တစ်မီတာလောက်အကွာကိုတောင် လုံးဝမမြင်ရတော့ဘူး။”
“မကြာခင် ညရောက်တော့မယ်။ ဒီလိုသာ မိုးထဲမှာနေရမယ်ဆိုရင် အအေးမိသွားလိမ့်မယ်။”
“ကောင်းလိုက်တာ...ငါရေမသောက်ရတာ သုံးရက်နီးပါးရှိပြီ။ ဒီမိုးက အချိန်ကိုက်ရောလာတာပဲ။”
“ဟုတ်တယ် ငါသေရမယ်ဆိုရင်တောင် မသေခင် ရေတစ်ခွက်လောက်တော့ သောက်သွားချင်သေးတယ်။”
“ဘာလို့ ဒီမှာမိုးမရွာရတာလဲ။”
အများသုံးချန်နယ်ရှိ ဆွေးနွေးမှုများကိုကြည့်ပြီး ရှောင်းယီသည် သူ၏နေရာသည် မိုးရွာသောဒေသများအတွင်းတွင် တည်ရှိနေပြီး မိုးမရွာသောနေရာများနှင့် အတော်ဝေးကွာနေကြောင်း ချက်ချင်းဆိုသလိုပင် နားလည်သွားခဲ့သည်။
သူသည် မိုးရေကို တိုက်ရိုက်သောက်သုံးသူများအတွက် ဝမ်းလျှောခြင်းနှင့် မိုးရွာပြီးနောက် အအေးမိခြင်းများ မဖြစ်စေရန် ဆုတောင်းပေးရုံသာ တတ်နိုင်ပေသည်။
ထိုအချက်ကိုတွေးမိပြီးနောက် ရှောင်းယီသည် ဆုဝမ်ထံသို့ စာပို့လိုက်၏။
“မင်းနေရာမှာ မိုးရွာနေလား။”
“ရွာနေပြီ! မိုးအရမ်းသည်းတယ်။”
ဆုဝမ်က ချက်ချင်းပြန်ဖြေသည်။
“ငါတို့တွေ တစ်နေရာတည်းမှာ ရှိနေတယ်ထင်တယ်။”
ရှောင်းယီက ခန့်မှန်းလိုက်သည်။
“ဟုတ်တယ် ဘယ်လောက်ဝေးလဲမသိဘူး။”
ဆုဝမ်က ပြန်ဖြေသည်။ သူမသည် ရှောင်းယီနှင့် ပြန်လည်ဆုံတွေ့ရရန် အလွန်မျှော်လင့်နေမိသည်။ တစ်ယောက်တည်းနေရသည်မှာ အလွန်အထီးကျန်ဆန်လွန်းလှချေ၏။
“ဘုရားပဲသိလိမ့်မယ်။ နေသာပြီး ကောင်းကောင်းမြင်ရတဲ့နေ့တုန်းက ငါ ကြည့်ဖူးတယ်။ ကျွန်းတစ်ခု၊ လူတစ်ယောက်ကိုမှ မမြင်ဖူးဘူး။”
ရှောင်းယီသည် ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
ဆုဝမ်က ခေါင်းညိတ်လိုက်၏။ သူမသည်လည်း ထထုသို့ပြုလုပ်ဖူးပြီး အခြားကျွန်းများကို မမြင်ခဲ့ရပေ။
“မင်းက တကယ်ကံကောင်းတာပဲ။ မင်း ရွက်ဖျင်ရခဲ့လို့သာမဟုတ်ရင် လူသေကောင်ဖြစ်နေလောက်ပြီ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဟုတ်တယ်။ နင့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ နင်သာ ငါ့ရဲ့ငါးဖမ်းပိုက်ကို မပြင်ပေးခဲ့ရင် ငါ ငါးဖမ်းပိုက်မပစ်နိုင်ရုံတင်ကဘူး အစာငတ်ပြီးသေသွားလိမ့်မယ်။”
ဆုဝမ်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
“ဒါ့အပြင် အဲ့ဒါကို မင်းအသုံးချတတ်ဖို့လည်း လိုသေးတယ်လေ။ ဟုတ်သားပဲ မင်းညနေစာစားပြီးပြီ လား။”
ရှောင်းယီက မေးလိုက်သည်။
“လိမ္မော်သီးနှစ်လုံးစားထားတယ်။”
ဆုဝမ်က ပြန်ဖြေသည်။
“ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ အပူစီးကြောင်းတစ်ခု လှည့်ပတ်နေသလိုခံစားရတယ်။ ဒါက ထင်ယောင်ထင်မှားဖြစ်နေတာလားဆိုတာတော့ ငါမသိဘူး။”
“မဟုတ်ဘူး။ ငါ အရင်က အဆင့်သတ်မှတ်ထားတဲ့ပန်းသီးစားဖူးတယ်။ အဲ့ဒီခံစားချက်က အတူတူပဲ။ အခု မင်းကိုယ်ခန္ဓာမှာ ခွန်အားတွေပြည့်နေသလိုခံစားရတယ်မလား။”
ရှောင်းယီက မေးလိုက်သည်။
ဆုဝမ် ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းယီက ဆက်ပြော၏။
“ဒါဆို အမှန်ပဲ။ နောက်ပိုင်းမှာ အဆင့်သတ်မှတ်ထားတဲ့အစားအစာတွေ ပိုစားရမယ်။ ဒါမှ ငါတို့ကိုယ်ခန္ဓာတွေ ပိုကောင်းလာပြီး အန္တရာယ်တွေကို ရင်ဆိုင်နိုင်လိမ့်မယ်။”
ဆုဝမ်သည် ထပ်မံခေါင်းညိတ်သော်လည်း ခါးသီးစွာပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
“အဆင့်သတ်မှတ်ထားတဲ့အစားအစာတွေရဖို့က ဒီလောက်လွယ်မှာမဟုတ်ဘူး။”
“မင်း ငါးဖမ်းပိုက်ကို ပိုသုံးရမယ်။”
ရှောင်းယီသည် သူ၏တင်ပါးအောက်ရှိ လှုပ်ကုလားထိုင်ကိုလွှဲရင်း အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“နင် လှုပ်ကုလားထိုင်လုပ်ထားတာလား။”
ဆုဝမ်သည် ထိုလှုပ်ကုလားထိုင်ကို သတိထားမိသွား၏။
“အခုမှလုပ်ထားတာ။ အတော်လေးသက်သောင့်သက်သာရှိတယ်။ မင်း စမ်းကြည့်ချင်လား။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“ထားလိုက်ပါ။ အဲ့ဒါကို ငါ့ရဲ့ရွက်ဖျင်တဲထဲ ထည့်လို့မရဘူး။”
ဆုဝမ်က ပြန်ဖြေသည်။
“တခြားသူတွေက အသက်ရှင်ဖို့ကြိုးစားရုန်းကန်နေတယ်။ နင်ကတော့ အားလပ်ရက်အပန်းဖြေခရီး ထွက်နေသလိုပဲ။”
“ဒီလိုမပြောပါနဲ့။ ငါလည်း ကြိုးစားပြီး အသက်ရှင်နေရတာပါ။”
ရှောင်းယီက ပြုံးပြီး ပြန်ဖြေလိုက်သည်။
“အေးပါ ငါအနားယူတော့မယ် နှုတ်ဆက်ပါတယ်။”
ဆုဝမ်က သန်းဝေပြီး ပြောလိုက်သည်။
နေ့လယ်ခင်းတွင် ပစ္စည်းသေတ္တာဖမ်းခြင်းနှင့် သစ်ပင်ခုတ်ခြင်းတို့ကြောင့် သူမ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူမသည် ယခင်က ရုံးအလုပ်သမားတစ်ဦးဖြစ်သည့်အတွက် ဤကဲ့သို့ အလွန်ကြမ်းတမ်းသော အလုပ်မျိုးကို မလုပ်ဖူးခဲ့ပေ။
ရှောင်းယီသည်လည်း သူမကို နားလည်ပေသည်။ သံကြိုးလွှသည် အတော်လေး,လေးကြောင်း သူသိ၏။
“နှုတ်ဆက်ပါတယ် ကောင်းကောင်းအနားယူပါ”
သူက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်ပြီးဖြစ်သောကြောင့် ယခုအချိန်တွင် အိပ်ချင်စိတ်ရှိမနေပေ။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏စာမျက်နှာကို လဲလှယ်ရေးဈေးကွက်သို့ ပြောင်းလဲလိုက်သည်။
“ဟေ့ တကယ်ကို ပစ္စည်းကောင်းတွေ ရှိနေတာပဲ။”