အခန်း (၂)
Vol. 1 Ch. 2
ထိုသတင်းအချက်အလက်များကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ တစ်ပတ်လျှင် တစ်စတုရန်းမီတာဆိုပါက ဤကျွန်းငယ်လေးသည် မနစ်မြုတ်မီ လေးပတ်သာ ခံနိုင်ရည်ရှိမည်ဖြစ်သည်။
နစ်မြုပ်မှု၏ အကျိုးဆက်များကိုမူ မြင်ယောင်ကြည့်နိုင်ပေသည်။ ပင်လယ်ထဲတွင် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ရပါက လူတစ်ဦးသည် ငါးရက်မှ ခြောက်ရက်အထိ ခံနိုင်ရည်ရှိပေလိမ့်သးမည်။
သို့သော် ပင်လယ်ထဲရှိ သတ္တဝါများသည် သင့်အား ငါးရက်မှ ခြောက်ရက်အထိ သက်တောင့်သက်သာ မျှောနေရန် ခွင့်ပြုမည်မဟုတ်ပေ။
“ဒီအုတ်မြစ်ကျောက်ကို ဘယ်လိုသုံးရမှာလဲ”
ရှောင်းယီသည် လက်တစ်ဖက်တည်းဖြင့်ပင် ကိုင်ဆောင်နိုင်သော ကျောက်တုံးနှစ်လုံးကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်၏။ ၎င်းတို့ကို ပင်လယ်ထဲသို့ ပစ်ချလိုက်ပါက ချက်ချင်းပင် ပျောက်ကွယ်သွားမည်ဟုပင် ခံစားရပြီး ရေတစ်ပွက်ပင် ရောက်ပြန်ဟပ်နိုင်မည့်ပုံမရပေ။ ကျွန်း၏ဧရိယာကို တစ်စတုရန်းမီတာ တိုးချဲ့နိုင်မည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးစာမျက်နှာတွင် တည်ဆောက်ပါ။”
ရှောင်းယီ၏ ညည်းညူသံကို ကြားလိုက်သကဲ့သို့ စနစ်က အကြံပြုလာခဲ့သည်။
ရှောင်းယီသည် ချက်ချင်းပင် အုတ်မြစ်ကျောက်နှစ်ခုကိုယူပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်၏။
ထိုအချိန်တွင် အများသုံးချန်နယ်သည်လည်း ပြန်လည်စည်ကားလာပြီဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ။ ငါက ငါးဖမ်းသမားမဟုတ်ဘူးလေ။ ငါးဖမ်းပိုက်ကို ဘယ်လိုသုံးရမှန်းလည်း မသိဘူး။ အဲ့ဒါကို လုံးဝပြန့်အောင် မဖြန့်နိုင်ဘူးဟ။”
“ငါက ငါးဖမ်းသမားပါပဲ။ ဒါပေမယ့် ဒီငါးဖမ်းပိုက်က အရမ်းကိုမှစုတ်ပျက်သတ်နေတယ်။ ဖမ်းမိသွားလို့ ပြန်ဆွဲလိုက်ရင်တောင် လွတ်သွားရောဟေ့ကောင်ရေ။ ငါသုံးကြိမ်တောင် လွဲပြီးပြီဟ။”
“အကွာအဝေးက အရမ်းမဝေးဘူးထင်တယ်။ ရေကူးသွားပြီး ပြန်တွန်းလာတာ ပိုကောင်းလိမ့်မယ်။”
“ဟုတ်တယ် ရေကူးသွားတာက ဒီပျက်နေတဲ့ငါးဖမ်းပိုက်ထက် ပိုပြီးယုံကြည်စိတ်ချရသေးတယ်။ ငါအရင်ရေထဲဆင်းတော့မယ်။ ငါ့ရဲ့အောင်ပွဲသတင်းကို စောင့်နေကြ။”
ရှောင်းယီသည် ထိုလူများ၏ ဆွေးနွေးမှုများကို လျစ်လျူရှုလိုက်ပြီး ဆောက်လုပ်ရေးအင်တာဖေ့စ်ကို ထောက်လိုက်သည်။
ထို့နောက် မူလက ဗလာဖြစ်နေသော ဆောက်လုပ်ရေးအင်တာဖေ့စ်၌ အကြောင်းအရာများ ပေါ်လာခဲ့သည်။
【ကျွန်းတိုးချဲ့ခြင်း】 လိုအပ်သော ပစ္စည်းများ - တစ်စတုရန်းမီတာလျှင် အုတ်မြစ်ကျောက် ၁ခု
【ကျောက်ပုဆိန်】 လိုအပ်သော ပစ္စည်းများ - ကျောက် ၁၊ သစ်သား ၁၊ လှည်းကြိုး ၁
【သစ်သားပြား】 လိုအပ်သော ပစ္စည်းများ - သစ်သား ၃
ယခုအချိန်တွင် ကျွန်းတိုးချဲ့ခြင်းသည်သာ အလင်းရောင်လက်နေပြီး အခြားအရာများမှာ အမည်းရောင်ဖြစ်နေသေးသည်။ သူ့တွင် ပစ္စည်းများ မလုံလောက်သောကြောင့် ဖြစ်နိုင်၏။
ရှောင်းယီသည် တွန့်ဆုတ်မနေဆော့ဘဲ ပထမဆုံး ကျွန်းတိုးချဲ့ခြင်းဆီသို့ ရွှေ့လိုက်သည်။
“အုတ်မြစ်ကျောက်တစ်ခုကို အသုံးပြုပြီး တစ်စတုရန်းမီတာ တိုးချဲ့ပါမည်။ တိုးချဲ့မည့်နေရာကို အတည်ပြုပါ။”
ထိုအချိန်တွင် ကျွန်း၏သုံးဖက်မြင်ပုံရိပ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အင်တာဖေ့စ်ပေါ်တွင် ထွက်ပေါ်လာ၏။ ရှောင်းယီသည် ထိုအစွန်းကို နှိပ်လိုက်သည်။
“တိုးချဲ့မှု အောင်မြင်ပါသည်။”
ရှောင်းယီ၏ လက်ထဲရှိ အုတ်မြစ်ကျောက်တစ်ခု ပျောက်ကွယ်သွားခဲ့သည်။ သူသည် ခေါင်းလှည့်ပြီး မိမိရွေးချယ်ထားသော တိုးချဲ့မည့်နေရာကို ကြည့်လိုက်သောအခါ တစ်စတုရန်းမီတာခန့် နေရာလွတ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
“ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘယ်သူလုပ်ခဲ့တာလဲ။”
ရှောင်းယီ တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ ဤအရာသည် သူ၏အသိအမြင်များကို အပြည့်အဝ ပြောင်းလဲစေခဲ့သည်။
သို့သော် ၎င်းသည် မယုံကြည်နိုင်စရာကောင်းသော်လည်း ရှောင်းယီတွင် အခြားနည်းလမ်းမရှိသေးသဖြင့် ဤနေရာ၏ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။
ရှောင်းယီသည် နောက်ထပ် အုတ်မြစ်ကျောက်တစ်ခုကို အသုံးပြုကာ ကျွန်းကို တိုးချဲ့လိုက်ပြန်သည်။
ယခုအခါ ရှောင်ယီ၏ ကျွန်းသည် အစက ၂×၂ မှ ၂×၃ အထိ ဖြစ်လာပြီး စတုဂံပုံစံ ဖြစ်လာခဲ့သည်။
ကျွန်းကိုတိုးချဲ့ပြီးနောက် ရှောင်းယီသည် အများသုံးချန်နယ်သို့ ပြန်ပြောင်းလိုက်၏။
“ရေကူးသွားတဲ့အစ်ကိုကြီး ပြန်ရောက်လာပြီလား။”
“သူပြန်မလာနိုင်မှာကို ငါကြောက်မိတယ်။ ငါပစ္စည်းသေတ္တာအနားမှာ ငါးမန်းတစ်ကောင်တွေ့လို့ ရေထဲတောင်မဆင်းရဲဘူး။”
“အဲ့ဒီပစ္စည်းသေတ္တာ လှိုင်းတွေနဲ့ ကမ်းစပ်ကို တွန်းလာတဲ့အထိ စောင့်လိုက်ရနိုင်မလားမသိဘူး။”
“မင်းက မက်မွန်သီးအကြောင်းစဉ်းစားနေတာလား။ သူတို့က ပိုပိုပြီးဝေးကွာသွားရုံပဲရှိမှာ။ အရင်က ငါနဲ့အနီးဆုံးပစ္စည်းသေတ္တာက အခုဆို ပိုပြီးတောင်ဝေးသွားပြီ။ အခုဆိုရင် ငါးဖမ်းပိုက်အပြည့်အစုံပေးရင်တောင် မရနိုင်တော့ဘူး။”
ဤအချိန်တွင် ရေကူးသွားမည်ဟု ပြောခဲ့သူက ပြန်ရောက်လာခဲ့သည်။
“ဟမ့်! ငါပြန်လာပြီကွ။”
“အစ်ကိုကြီး ပစ္စည်းသေတ္တာကို တကယ်ပဲ တွန်းလာခဲ့တာလား။”
“တွန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပစ္စည်းသေတ္တာနားမှာ နှစ်မီတာရှည်လောက်တဲ့ ပင်လယ်မြွေတစ်ကောင်ရှိတယ်။ အဆိပ်ရှိမရှိ မသိပေမယ့် ငါမချဉ်းကပ်ရဲဘူး။”
“ဒါဆို အဆုံးသတ်သွားပြီ။ ပစ္စည်းသေတ္တာတိုင်းရဲ့ အနားမှာ အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါတွေ ရှိနေတယ်ထင်တယ် ဘယ်လိုလုပ်ရမလဲ။”
“ဗိုက်အရမ်းဆာတာပဲ။”
“ငါ ရေအရမ်းငတ်နေပြီ။”
“ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါ့ကို ငါးဖမ်းပိုက်တွေ လဲလှယ်ပေးပါ။ ငါးဖမ်းပိုက်ပျက်နှစ်ခုကို ပေါင်းပြီး ပြီးပြည့်စုံတဲ့ငါးဖမ်းပိုက်တစ်ခု လုပ်လိုက်မယ်။ ဒါဆို ငါ့ရဲ့ပိုက်နဲ့ ပစ္စည်းတွေရပြီး အခမဲ့ ပြန်ပြီးလဲလှယ်ပေးမယ်။ ငါ့ကိုယုံတယ်ဆိုရင် ငါနဲ့စတင်ပြီးလဲလှယ်မယ်။”
သူ့ကိုယ်သူ ငါးဖမ်းသမားဟု အခိုင်အမာပြောဆိုခဲ့သူက အများသုံးချန်နယ်တွင် ထပ်မံပြောဆိုလိုက်သည်။
ရှောင်းယီ ထိုလူ၏အိုင်ဒီကို ကြည့်လိုက်၏။
လီယု။
ဤအမည်သည် လူတစ်ဦး၏ အမည်မဟုတ်ရသည့် အကြောင်းရင်းမှာ အများသုံးချန်နယ်ပေါ်တွင် ထူးဆန်းသောအမည်များရှိသူများစွာရှိပြီး ယခင်အွန်လိုင်းဂိမ်းများပေါ်ရှိ အမည်များနှင့် တူညီပေသည်။
သို့သော် လီယုသည် ထိုကဲ့သို့သော အစီအစဉ်ကို တင်ပြခဲ့သော်လည်း မည်သူကမျှ တုံ့ပြန်ခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြပေ။ ဤငါးဖမ်းပိုက်သည် မိမိ၏ အသက်ရှင်ရေးနှင့် သက်ဆိုင်နေ၏။ ၎င်းသည် ပျက်နေသော ငါးဖမ်းပိုက်ဖြစ်သော်လည်း မည်သူမျှ အခြားသူများနှင့် အလွယ်တကူ လဲလှယ်မည်မဟုတ်ပေ။
“ဟားဟား!! ငါ ပစ္စည်းသေတ္တာတစ်လုံးကို ဖမ်းမိသွားပြီကွ။ ဘာတွေရလဲဆိုတာ ဖွင့်ကြည့်ရအောင်။”
အများသုံးချန်နယ်တွင် တိလင်ထျန်းရှားဟူသော အိုင်ဒီတပ်ထားသူက ပြောလိုက်၏။
ခဏအကြာတွင် တိလင်ထျန်းရှားက ထပ်ပြောသည်။
“အိုး! အရမ်းကောင်းတယ်။ ဒီထဲမှာ ရေ ၅၀၀မီလီလီတာ တစ်ပုလင်းနဲ့ ပေါင်မုန့် ၁၀၀ဂရမ် ရှိတယ်။”
“အစ်ကို ကျေးဇူးပြုပြီး ပေါင်မုန့်တစ်ကိုက်လောက် လဲလှယ်ပေးပါလား။ ဗိုက်ဆာလွန်းလို့ ကျုပ်ရဲ့ အစာအိမ်က ကျောဘက်ကို ကပ်နေပြီ။”
“အစ်ကိုကြီး ရေတစ်ငုံလောက် သောက်ခွင့်ပေးပါ။ ကျုပ်ရေငတ်လွန်းလို့ သေတော့မယ်။”
“အစားအစာနဲ့ ရေအကြောင်း တွေးမနေနဲ့။ ငါပြောပြနိုင်တာက မင်းတို့ပတ်ဝန်းကျင်က အရာတွေကို အသုံးပြုပြီး ပစ္စည်းသေတ္တာကို ရယူနိုင်မယ့် အရာတစ်ခုခု လုပ်ဖို့ပဲ။ ဒါမှမဟုတ်ရင် သေဖို့ပဲ စောင့်နေလိုက်တော့။”
တိလင်ထျန်းရှားသည် လူငယ်များကို ပညာပေးသကဲ့သို့ ပြောလိုက်၏။
“သစ်ပင်ကြီးတစ်ပင်နဲ့ ကျောက်တုံးတစ်တုံးလေ။ အဲ့ဒီနှစ်ခုကို ကိရိယာတွေမပါဘဲ တစ်ခုခုလုပ်ဖို့ဆိုတာ ခက်ခဲတယ်။ ဒါမှမဟုတ် လက်သည်းတွေနဲ့ ကုတ်ခြစ်ရမှာလား။”
“အဟုတ်ပဲ ဒါက ဘာတွေဖြစ်နေတာလဲ။”
“မင်းတို့ နည်းနည်းကြီးတဲ့ အကိုင်းအခက်တစ်ခုယူပြီး ငါးဖမ်းပိုက်ကိုဖြုတ် တြိဂံပုံစံချည်ပြီး ပစ္စည်းသေတ္တာကို ဖုံးအုပ်ကြည့်လိုက်။ အောင်မြင်နိုင်ချေနည်းတယ်ဆိုပေမယ့် အနည်းဆုံးတော့ အောင်မြင်နိုင်သေးတယ်။”
တိလင်ထျန်းရှားက ပြန်ဖြေလိုက်သည်။
“အိုင်ဒီယာကောင်းပဲ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျုပ်မြန်မြန်လုပ်ရမယ်။ ပစ္စည်းသေတ္တာက တဖြည်းဖြည်းနဲ့ ပိုဝေးသွားပြီ။”
ရှောင်းယီသည် သူတို့၏ စကားဝိုင်းကို ကြည့်ရင်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“အမှန်ပဲ။ လူတွေကို ဖိအားပေးလိုက်ရင် ထွက်ပေါ်လာမယ့် အောက်ခြေလူတန်းစားတွေရဲ့ ဉာဏ်ပညာက အဆုံးမရှိဘူး။”
အများသုံးချန်နယ်ပေါ်မှ လူများစွာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ဒီဒီဒီ!
အလိုအလျောက်ငါးဖမ်းပိုက်သည် တစ်ဖန် အသံမြည်လာပြီး ပစ္စည်းသေတ္တာတစ်လုံးကို ပြန်လည်ဆွဲယူလာခဲ့သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်လာခဲ့ပြီး ပစ္စည်းသေတ္တာဆီသို့ သွားကာ ရေစိုခံတိပ်ကို ဖွင့်လိုက်၏။
“ရရှိသောပစ္စည်းများ - ရေသန့်စက်ထုတ်လုပ်မှုပုံစံ (A အဆင့်)၊ ချောကလက် ၂၀၀ဂရမ် ၁ထုပ်။”
ရေသန့်စက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးစာမျက်နှာတွင် တွေ့နိုင်ပေသည်။
[ရေသန့်စက်] ထုတ်လုပ်မှုပုံစံအရ ပစ္စည်းများကို သတ်မှတ်ရမည်။
ရှောင်းယီ ထုတ်လုပ်မှုပုံစံကို ဖွင့်ကြည့်လိုက်သည်။
“ရေသန့်စက်ထုတ်လုပ်မှုပုံစံ (A အဆင့်) - ဖန် ၈၊ လီနင်ပိတ်စ ၈၊ မီးသွေး ၈၊ သတ္တုပြား ၈။”
သူလုံးမတွေ့ဖူးသေးသော ပစ္စည်းများကို ကြည့်ရင်း ရှောင်းယီသည် အကူညီမဲ့စွာ ခေါင်းယမ်းလိုက်မိ၏။ ရေသန့်စက်ကို ဆောက်လုပ်ရန် စောင့်ဆိုင်းရဦးမည်ပုံပင်။ ကံကောင်းစွာဖြင့် သူ့တွင် ရေ ၅၀၀မီလီလီတာ နှစ်ပုလင်း ရှိသေးသည်။
သိပ္ပံနည်းကျ သုတေသနများအရ လူတစ်ဦးသည် ရေမသောက်ဘဲ သုံးရက်သာ ခံနိုင်ရည်ရှိပြီး အစာမစား ရေမသောက်ဘဲ လေးပတ်နီးပါး ခံနိုင်ရည်ရှိသည်။
ထို့ကြောင့် ရေသန့်စက်ပြုလုပ်ရန် ဦးစားပေးမှုမှာ အမြင့်ဆုံးဖြစ်သည်။
ရှောင်းယီသည် ရေသန့်စက်ထုတ်လုပ်မှုပုံစံကို သိမ်းဆည်းလိုက်ပြီးနောက် ဗလာဖြစ်သွားသော ပစ္စည်းသေတ္တာနှစ်လုံးကို ကြည့်လိုက်သည်။
“ဒါတွေကို ဖြုတ်ပစ်လိုက်ရင် လေဒဏ် မိုးဒဏ်ခံနိုင်တဲ့ သစ်သားအိမ်တစ်လုံး ဖြစ်လာနိုင်လောက်မလား။”
ရှောင်းယီသည် မိမိ၏မေးစေ့ကို ပွတ်ရင်း တွေးလိုက်မိသည်။