အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အခန်း ၄၃၃ - ဂေါ်ဒန်၏အသံ
"ဒီကောင်ကဘာဖြစ်ချင်နေတာလဲ..."
ရှောင်ယုသည် ခရစ်ကိုကြည့်ရင်း သူ့စိတ်ထဲတွင်ပြင်းထန်သောဒေါသကိုခံစားလိုက်ရသည်။ ဤလူသည် ရောဘတ်နှင့်အတူလက်တွဲကာ သူ့အားတိုက်ခိုက်ခဲ့၍မဟုတ်ပါက အေဂါဝမ်ကိုနိုးထစေမည်မဟုတ်ပဲ လင်းမူရွယ်သည်လည်း အေဂါဝမ်၏သိမ်းပိုက်ခြင်းကိုခံခဲ့ရမည်မဟုတ်ပေ။
ခရစ်ရှေ့တိုးလာသည်ကိုမြင်သောအခါ ထိုလူများကနောက်သို့ချက်ချင်းပြန်ဆုတ်သွားကြသည်။ မည်သည့်နေရာတွင်မဆို ဘုရားကျောင်း၏ ဆဌမအဆင့်ပါလာဒင်တစ်ယောက်သည် သူတို့အတွက် အလွန်ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ မိသားစုများက သူတို့အားကြောက်လန့်စေသော်လည်း ဘုရားကျောင်း၏စွမ်းအားသည် သူတို့အတွက်ပိုမိုအားကောင်းသည့် ဖြစ်တည်မှုတစ်ခုဖြစ်သည်။
အထူးသဖြင့် ခရစ်ကိုယ်တိုင်က ဤတိုက်ကြီးပေါ်၌ အလွန်ပင်နာမည်ကြီးကြပြီး စွန့်စားသူတိုင်းလိုလိုက ခရစ်ကိုသိထားကြသည်။
ဆဌမအဆင့်ပါလာဒင်သည် လုံးဝကိုကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုဖြစ်သည်။
အကယ်၍ သူတို့သည်ခရစ်အားရင်ဆိုင်လိုပါက ကြီးလေးသည့်တန်ဖိုးတစ်ရပ်အား ပေးချေရမည်ဖြစ်သည်။ ဤသည်မှာ ဆဌမအဆင့်ကျွမ်းကျင်သူ၏ အဟန့်အတားဖြစ်သည်။
ထို့ကြောင့် ဆဌမအဆင့်ကျွမ်းကျင်သူအားလုံးသည် ဤတိုက်ကြီးပေါ်၌ အထူးအဆင့်အတန်းရှိပေသည်။
လူအုပ်ကြီးသည် တဖြည်းဖြည်းလျော့နည်းသွားသော်လည်း သူတို့၏အကြည့်များက လင်းမူရွယ်အပေါ်၌ ရှိနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့ဘာမှမလုပ်ဆောင်နိုင်သော်လည်း အနာဂတ်တွင်အခွင့်အလမ်းမရှိဟု မဆိုလိုပေ။
သူတို့သည် အေဂါဝမ်၏စွမ်းအားကိုကျိန်းသေပေါက်ရယူမှာဖြစ်သည်။
"ဟမ့်...သူတို့ကဘာလို့အဲလိုလုပ်ရတာလည်းဆိုတော့ သူတို့မှာကိုယ်ပိုင်အစီအစဉ်ရှိနေလိုပဲ...ငါတို့သာထွက်သွားပြီဆိုရင် သူတို့အချင်းချင်းပြဿနာတက်ကြလိမ့်မယ်"
စွန့်စားသူများသည် ဤပြဿနာကိုဆွေးနွေးရန် စုဝေးခဲ့ကြသည်။
ဤစွန့်စားသူများသည် ငတုံးများမဟုတ်ကြပေ။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုကိုအမှန်တကယ်ကူညီကြခြင်းမဟုတ်ကြောင်း သူတို့နားလည်ထားခဲ့ကြသည်။ သူတို့အားလုံးသည် ကိုယ်ပိုင်အကျိုးအတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။
"ဟုတ်တယ်...သူတို့အချင်းချင်းသာတိုက်ခိုက်ကြမယ်ဆိုရင် ငါတို့မှာအခွင့်အရေးရှိကောင်းရှိနိုင်သေးတယ်"
သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ ဤမျှကြီးမားသည့်အခွင့်အရေးကြီးကို လက်လွှတ်မခံလိုကြပေ။
သူတို့သာအေဂါဝမ်၏စွမ်းအားကို ရရှိပြီးနောက်တွင် သူတို့သည်ဤလောက၏နတ်ဘုရားနှင့်ပင်ညီမျှသည့် ကျွမ်းကျင်သူများဖြစ်လာကြမည်ဖြစ်သည်။ အဘယ်ကြောင့် သူတို့၏လိုအင်ဆန္ဒကိုထိန်းချုပ်နိုင်မည်နည်း။
ယခုအခါ အေဂါဝမ်၏စွမ်းအားကို ရယူလိုသောဆန္ဒသည် ဂေါ်ဒန်၏ဦးခေါင်းခွံထက်ပင် ကျော်လွန်သွားခဲ့သည်။
လူတိုင်းသည် ပြန့်ကျဲနေကြသော်လည်း အခွင့်အလမ်းကောင်းကိုစောင့်မျှော်နေကြဆဲဖြစ်ကာ အခြားနေရာများ၌စုဝေးနေကြသည်။ ရှောင်ယုကမူ သူတို့အားထိန်းချုပ်ရန် အလွန်ပင်ပျင်းရိနေခဲ့သည်။
လက်ရှိအချိန်၌ သူအစိုးရိမ်ဆုံးမှာ လင်းမူရွယ်ဖြစ်သည်။ လင်းမူရွယ်၏ခန္ဓာကိုယ်အတွင်း၌ရှိနေသော အေဂါဝမ်အားမည်သို့ထုတ်ယူရမည်နည်း။ ရှင်းရှင်းပြောရလျှင် သူ့ထံ၌မည်သည့်နည်းလမ်းမှမရှိပေ။
သူသည် မှော်ပညာအကြောင်းကို နကန်းတစ်လုံးမှမသိပေ။ သူ၏ကျွမ်းကျင်မှုအားလုံးသည် သီအိုရီပိုင်းဆိုင်ရာ တိုက်ရိုက်အသုံးချမှုများသာဖြစ်ကြသည်။
ရှောင်ယုက ထိုအကြောင်းကိုတွေးမိကာ ရေရွတ်လိုက်သည်။
"ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆရာကြီးသီအိုဒိုးဆီကိုသွားရတော့မယ်ထင်တယ်...ဒီလူကြီးဆီမှာ ငါကျေးဇူးကြွေးတစ်ခုတင်ထားတယ်...အဲ့ဒါကိုသုံးဖို့အချိန်တန်ပြီဘဲ....အဘိုးကြီးသီအိုဒိုးတောင်မှ ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းမရှိဘူးဆိုရင် ဒုက္ခကြီးကြီးမားမားဖြစ်သွားမှာကို ငါတကယ်စိုးရိမ်မိတယ်"
ထို့နောက်ရှောင်ယုသည် လင်းမူရွယ်အားစောင့်ကြည့်နေသော လီယိုနာဒိုကိုကြည့်၍ အော်ဟစ်လိုက်သည်။
"မင်းကဘာကိုကြည့်နေတာလဲ...လင်းမူရွယ်ရဲ့ကိုယ်ထဲကနေပြီး အေဂါဝမ်ရဲ့ဝိညာဉ်ကိုနှင်ထုတ်ဖို့နည်းလမ်းရှိလား...လင်းမူရွယ်ကိုမထိခိုက်စေဘဲ အေဂါဝမ်ရဲ့ဝိညာဉ်ကိုထွက်သွားစေမယ့်နည်းလမ်းရှိရင် အေဂါဝမ်ရဲ့စွမ်းအားကိုမင်းကိုပေးလိုက်မယ်"
"လင်းမူရွယ်က မင်းရဲ့တရားဝင်မယားတစ်ယောက်မဟုတ်သေးဘူး...မင်းကဘာလို့အော်ငေါက်နေတာလဲ...ဟမ့်မင်းမှာသာအရည်အချင်းမရှိဘူးဆိုရင် သူ့ကိုငါ့ဆီပေးလိုက်...ငါသူကိုမထိခိုက်စေရဘူးလို့ငါအာမခံတယ်"
လီယိုနာဒိုက ချက်ချင်းတုံ့ပြန်လိုက်သည်။
"မင်းအမေကိုပေးလိုက်ပါလား...ငါကငတုံးတစ်ကောင်လား...ဝံပုလွေတစ်ကောင်လက်ထဲ သိုးငယ်လေးကိုထိုးအပ်စရာလား"
ရှောင်ယုက ဒေါသတကြီးပြန်ပြောလိုက်သည်။
လီယိုနာဒိုသည် ပြန်လည်ငြင်းခုံရန်ပြင်ဆင်လိုက်သည့်အချိန်တွင် နီကိုးလပ်စ်ကဝင်ရောက်ဟန့်တားလိုက်ပြီး ရှောင်ယုကလည်း နောက်သို့လှည့်ထွက်သွားခဲ့သည်။
"ရှောင်ယု မင်းကဘယ်ကိုသွားမလို့လဲ"
နိကိုးလပ်စ်က မေးလိုက်သည်။
ရှောင်ယုက မျက်လုံးပြုးကာ ပြန်ဖြေလိုက်သည်။
"အနားယူဖို့နေရာတစ်ခုရှာလိုက်မယ်"
"မင်းတစ်ယောက်တည်းသွားမယ်ဆိုရင် လင်းမူရွယ်ကိုတခြားသူတွေ လုယူသွားမှာကိုမကြောက်ဘူးလား"
နီကိုးလပ်စ်က ရှောင်ယုကိုကြည့်ရင်း အော်ပြောလိုက်သည်။
"မင်းမှာအရည်အချင်းရှိတယ်ဆိုရင်လာခဲ့....ဒီဖေဖေကမကြောက်ဘူး...လာဝံ့တဲ့ကောင်သေလိမ့်မယ်"
ရှောင်ယုသည် တိုင်ရန်ဒီအားနဂါးမီးမြှားကို အသင့်ပြင်ခိုင်းထားလိုက်ကာ လေသံမာမာဖြင့်ပြောလိုက်သည်။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ တိုင်ရန်ဒီသည် အကျဉ်းတန်သောယဇ်ပလ္လင်အား ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်တော့သည်။
ယခင်ကလူတော်တော်များများသည် ယဇ်ပလ္လင်အားဖျက်ဆီးရန် ကြိုးစားခဲ့ကြသော်လည်း ဖျက်ဆီးရခက်ခဲနေခဲ့သည်။သို့သော်လည်း ယခုအခါတွင်ယဇ်ပလ္လင်သည် အလွယ်တကူပြိုကျသွားခဲ့ရာ မြှား၏စွမ်းအားသည်ဆဌမအဆင့်နှင့်ကိုက်ညီကြောင်း သေချာသွားခဲ့သည်။
ရှောင်ယုထံ၌ နဂါးမီးမြှားမည်မျှထိရှိနေသေးကြောင်းကို မည်သူမှမသိခဲ့ကြပေ။ သို့သော်လည်း ရှောင်ယုသည် မြှားတစ်စင်းကိုယခုလိုပေါ့ပေါ့တန်တန်ထုတ်သုံးဝံ့ပေရာ မြှားအများအပြားကျန်ရစ်နေကြောင်း သိသာပေသည်။ ထိုသို့မဟုတ်ပါက ရှောင်ယုသည် ယခုလိုဖြုန်းတီးဝံ့မှာမဟုတ်ပေ။
အမှန်တော့ ရှောင်ယုသည်လူတိုင်းမလုပ်ဝံ့သည့် နည်းလမ်းကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ့ထံတွင် မြှားအနည်းငယ်သာကျန်ရှိတော့သော်လည်း လူတိုင်းကိုကြောက်လန့်စေချင်ခဲ့သည်။
လူတိုင်း၏အကြည့်အောက်တွင် ရှောင်ယုသည် ရှေ့သို့ဆက်သွားခဲ့သည်။ ရှေ့လမ်းတလျှောက်တွင် ကောင်းမွန်သည့်ရတနာများကို ရှာတွေ့မည်ဟုယုံကြည်ခဲ့သည်။
ယခုအချိန်၌ ရှောင်ယုသည် လင်းမူရွယ်၏အခြေအနေကိုစောင့်ကြည့်နေသယောင် ဟန်ဆောင်နေသော်လည်း သူ၏အစစ်အမှန်ရည်ရွယ်ချက်မှာ ရှေ့၌ရှိနေသောရတနာများကို စုဆောင်းရန်ဖြစ်သည်။
လင်းမူရွယ်၏အခြေအနေသည် ဒဏ်ရာနှင့်သက်ဆိုင်မှုမရှိ၍ ကုသရန်နည်းလမ်းမရှိပေ။ ဤနေရာ၌ စိတ်ဝိညာဉ်မှော်ပညာကို သိရှိထားသော မှော်ဆရာကြီးများသည်သာလျှင် အဖြေရှာတွေ့နိုင်မည်ဖြစ်သည်။
ယခုအချိန်၌ သူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ အေဂါဝမ်၏ဝိညာဉ်အား လင်းမူရွယ်နှင့်အပြည့်အဝမပေါင်းစပ်မိစေရန်အတွက် ဆုတောင်းပေးရန်ဖြစ်သည်။ ထိုသို့မဟုတ်ပါက အကုန်လုံးပြီးဆုံးသွားမည်ဖြစ်သည်။
ရှောင်ယုသည် လမ်းကြောင်းအတွင်းသို့ဝင်ရောက်သွားသော်လည်း လူတိုင်းကထွက်ခွာမသွားဘဲ ထိုနေရာ၌စောင့်ဆိုင်းနေခဲ့သည်။
ရှောင်ယုသည် နဂါးလေးကိုလမ်းကြောင်းဝင်ပေါက်၌ စောင့်ဆိုင်းခိုင်းကာ ဝင်လာဝံ့သူတိုင်းကို သတ်ဖြတ်ရန်အမိန့်ပေးလိုက်သည်။
နဂါးလေးအကြိုက်နှစ်သက်ဆုံးသည်လည်း ထိုသို့သောအမိန့်မျိုးသာဖြစ်သည်။ သူသည် သူ့လက်ထဲ၌ရှိနေသော နံချပ်ကူကိုသာအပြန်အလှန်ဝှေ့ယမ်းနေခဲ့သည်။ လူတိုင်းသည် နဂါးလေး၏ကြီးမားသောနံချပ်ကူအား သတိထား၍စောင့်ကြည့်နေကြသည်။
သေစမ်း...အဲ့ဒါကတုတ်လား...အဲ့တုတ်ကြီးက တိုင်လုံးတစ်ခုထက်တောင်အများကြီး ပိုတုတ်နေသလိုပဲ...အဲ့လက်နက်နဲ့ထိတွေ့မိတယ်ဆိုရင် အဆင့်မြင့်ချပ်ဝတ်တန်ဆာတောင်မှ လုံးဝအသုံးမဝင်နိုင်ဘူး
အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရသည့်အခါတွင် အရာအားလုံးကအချည်းနှီးပင်ဖြစ်သည်။ နဂါးတစ်ကောင်၏စွမ်းအားအပြင် နံချပ်ကူ၏ထောက်ပံ့မှုကြောင့် မည်မျှထိကြောက်မက်ဖွယ်ကောင်းလာမည်နည်း။
ရှောင်ယုသည် လမ်းကြောင်းထဲသို့ဝင်ရောက်သွားပြီးနောက် သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ ထိုနေရာသည် သိုလှောင်ရုံကြီးတစ်ခုဖြစ်သည်။ ထိုနေရာ၌ သိုလှောင်ထားသည့်သေတ္တာများ ကျိုးပဲ့ပျက်စီးသွားခဲ့သော်လည်း မရေမတွက်နိုင်သည့် ကြည်လင်သောကျောက်တုံးများက မြေပြင်ပေါ်၌ပြန့်ကျဲနေခဲ့သည်။
"မြလှိုင်း...ကျောက်တုံး...အရိပ်သီချင်းခရမ်းရောင်ကျောက်စိမ်း...နီချွန်ကျောက်၊ကောင်းကင်နီလာ၊ခြင်္သေ့မျက်လုံး...ဒီတစ်ခေါက်တော့ငါချမ်းသာပြီထင်တယ်"
ရှောင်ယုသည် ထိုအရာများကိုကြည့်ပြီးနောက် သူ၏စိတ်ခံစားချက်က ကြီးမားစွာတိုးတက်လာခဲ့သည်။
ယခုအခါရှောင်ယု၏အဖွဲ့၌ ရောဂါသည်နှစ်ယောက်ရှိနေခဲ့သည်။ တစ်ယောက်မှာလင်းမူရွယ်ဖြစ်ပြီး နောက်တစ်ယောက်မှာ အီလီဒမ်ပင်ဖြစ်သည်။ ယခုအချိန်၌ အီလီဒမ်သည်လုံးဝမေ့မျောနေပြီဖြစ်သည်။ အကယ်၍ အီလီဒမ်သာအသက်ရှုနေ၍မဟုတ်ပါက ရှောင်ယုကအီလီဒမ်သေပြီဟုသာ တွေးထင်သွားမည်ဖြစ်သည်။
ဤနေရာ၌ ရတနာများအပြင် မှော်စာလိပ်အနည်းငယ်လည်းရှိနေပေသည်။ ဤနေရာ၌ ပုရပိုက်အမျိုးအစားများလည်းရရှိနိုင်သည့်အတွက် ရှောင်ယုကအရာအားလုံးကို သိုလှောင်လက်စွပ်ထဲ၌ သိမ်းဆည်းထားခဲ့သည်။
အဖိုးတန်ရတနာပစ္စည်းများ ပမာဏများစွာရရှိခြင်းသည်မဆိုးလှပေ။ ထိုအရာအားလုံးသည် အလွန်ပင်တန်ဖိုးကြီးလှပြီး ဟစ်ဂင်လိုအပ်သည့်အရာများဖြစ်ကြသည်။
ရှောင်ယုသည် ထိုနေရာကိုရှာဖွေပြီးနောက်တွင် ခဏလောက်ထိုင်ကာ အနားယူလိုက်သည်။ သူသည်လင်းမူရွယ်အားကြည့်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။
ရှောင်ယုသည် သက်ပြင်းချလိုက်သည့်အချိန်တွင် ဗိမာန်တော်သည်တဖန်ပြန်လည်တုန်ခါလာပြီး အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"နိမ့်ကျတဲ့လူသားတွေ...မင်းတို့ရဲ့ခွန်အားတွေလောက်နဲ့ငါ့ရဲ့စွမ်းအားကိုရရှိနိုင်မယ်လို့ထင်နေတာလား...ရယ်စရာကောင်းလိုက်တာ...ရယ်စရာကောင်းလိုက်တာ...ငါဂေါ်ဒန်က အောစ့်မျိုးနွယ်စုရဲ့အကြီးမြတ်ဆုံးသူရဲကောင်းဖြစ်တယ်....ငါ့ရဲ့စွမ်းအင်ကိုဘယ်သူမှမစုပ်ယူနိင်ဘူး"
အခန်း ၄၃၄ - စိတ်ဝိညာဉ်ပြိုကွဲခြင်း
"ဂေါ်ဒန်ကပြန်ပြီးတော့မွေးဖွားလာပြီလား..."
ရှောင်ယုကအံ့သြသွားခဲ့သည်။ ဂေါ်ဒန်၏ဦးခေါင်းခွံသည် ဤမျှရဲတင်းသောထုတ်ပြန်ချက်ကို ကြေငြာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ထိုအသံကိုကြားချိန်တွင် ရှောင်ယုသည် ဤနေရာ၌ဆက်စောင့်နေရန် မဖြစ်နိုင်တော့ပေ။
ဂေါ်ဒန်၏ဦးခေါင်းခွံသည် ဤစွန့်စားခရီး၏ အရေးအကြီးဆုံးသောရည်ရွယ်ချက်ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် အီလီဒမ်သည် သတိလစ်မေ့မြောနေသည့်အတွက် ဂေါ်ဒန်၏ဦးခေါင်းခွံကိုရယူရန် အလွန်ခက်ခဲနေမည်ဖြစ်သည်။
မူလက အီလီဒမ်၏အကူအညီဖြင့်ဆိုလျှင် ဂေါ်ဒန်၏ဦးခေါင်းခွံကိုရယူရန်အတွက် အချိန်တစ်ခုသာလိုအပ်သော်လည်း ယခုအခါတွင်သူသည် အရာအားလုံးကို အဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်သည်။ သူသည် ဂေါ်ဒန်၏ဦးခေါင်းခွံကိုရန်သူများလက်ထဲသို့ ကျရောက်ခွင့်မပေးနိုင်ပေ။ ရှောင်ယုသည် သူ၏လက်အောက်ငယ်သားများကို စတင်၍အမိန့်ပေးလိုက်သည်။
အပြင်ဘက်တွင် လူတိုင်းကစတင်လှုပ်ရှားနေကြပြီဖြစ်သည်။ သူတို့သည် လင်းမူရွယ်ကိုမျက်စိကျနေမည့်အစား ဂေါ်ဒန်၏စွမ်းအားကိုရရှိရန်အတွက် အခွင့်အရေးရယူခြင်းက ပိုကောင်းပေသည်။
အဆုံးသတ်တွင် ဂေါ်ဒန်၏ဦးခေါင်းခွံသည် သူတို့၏ခရီးစဉ်မှ နောက်ဆုံးရည်ရွယ်ချက်ပင်ဖြစ်သည်။
ရှောင်ယုသည် သူ့လူများနှင့်အတူထွက်ခွာသွားသည်ကိုကြည့်ရင်း ထိုလူများကပို၍ပျော်ရွှင်သွားခဲ့သည်။ ရှောင်ယုသည်လည်း ဂေါ်ဒန်၏ဦးခေါင်းခွံကိုရယူရန် ကြိုးစားနေပုံရသည်။ ထိုအဖြစ်အပျက်သည် သူတို့အားဒုက္ခပင်လယ်၌ ငါးမျှားခွင့်ပေးလိုက်သည်နှင့်တူညီနေပြီး ထိုအချိန်သို့ရောက်သည်နှင့် ရှောင်ယုသည်လည်း မည်သို့မှလုပ်ဆောင်ခွင့်ရမည်မဟုတ်ပေ။
ရှောင်ယုထွက်လာသည်နှင့် နီကိုးလပ်စ်ကပြုံးပြီးမေးလိုက်သည်။
"ရှောင်ယု...ခုချိန်မှာငါတို့ကမဟာမိတ်တွေဖြစ်နေဆဲမလား...ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုအရင်ရအောင်ယူပြီးတော့ နောက်မှပြန်လည်ခွဲဝေဖို့ ငါတို့အချင်းချင်းပူးပေါင်းရမယ်"
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
"ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကတစ်ခုတည်း...ငါတို့က၃ယောက်...ဘယ်လိုခွဲယူကြမှာလဲ"
နီကိုးလပ်စ်က အပြုံးမပျက်ပြန်ဖြေလိုက်သည်။
"အဲလိုအခြေအနေမျိုးကိုဖြေရှင်းဖို့အတွက် နည်းလမ်းတွေအများကြီးရှိနေတာပဲ...ဥပမာအားဖြင့် ငါတို့အားလုံးက တစ်ဖွဲ့စီကိုလူတစ်ယောက်စီစေလွှတ်ပြီးတော့ အနိုင်ရတဲ့အဖွဲ့က ရတနာကိုအပိုင်ရလိမ့်မယ်...ဒါမှမဟုတ်ရင်ရတနာကိုလိုချင်တဲ့အဖွဲ့က လုံလောက်တဲ့ဘဏ္ဍာတွေကိုထုတ်ယူပြီး ကျန်အဖွဲ့တွေကိုပေးလို့ရတာပဲ"
"ကောင်းပြီလေ...မဟာမိတ်ဖွဲ့တာကလွဲပြီး ဦးခေါင်းခွံကိုရယူဖို့အခြားနည်းလမ်းမရှိဘူး...ဘုရားကျောင်းရဲ့ရွှေခြင်္သေ့ဘုရင်က ဦးခေါင်းခွံကို မျက်စိကျနေတာပဲ...ငါတို့ထဲကတစ်ယောက်ယောက်က သူ့ကိုတိုက်ခိုက်မယ်ဆိုရင် ငါတို့ကသူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တာသေချာတယ်....ကနေဒီမိသားစုကရောဘတ်လည်းရှိနေတာပဲ...သူကဘုရားကျောင်းနဲ့ပူးပေါင်းလိုက်ပြီဆိုတော့ ငါတို့အတွက်ပိုပြီးတော့အန္တာရယ်များလာခဲ့ပြီ"
ရှောင်ယုက ညဉ်းတွားလိုက်သည်။
နီကိုးလပ်စ်က ခေါင်းညိတ်ပြလိုက်သည်။
"မင်းပြောတာမှန်တယ်...တကယ်တော့ အချင်းချင်းပူးပေါင်းဆောင်ရွက်နေတဲ့ အခြားအင်အားစုတွေလည်းရှိတယ်...ဒါပေမဲ့သူတို့ကမဟာမိတ်ဖွဲ့တာကိုဖုံးကွယ်ထားပြီးတော့ အမှောင်ထဲမှာတိတ်တဆိတ်လှုပ်ရှားနေမှာပဲ...သူတို့ဟာတစ်ယောက်နဲ့တစ်ယောက်မသိဟန်ဆောင်ပြီးတော့ နောက်ဆုံးအခိုက်အတန့်ကိုရောက်လာတဲ့အချိန်မှာတော့ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုရယူဖို့ အတူတကွလုပ်ဆောင်ကြမှာဖြစ်တယ်"
နီကိုးလပ်စ်၏မျက်လုံးများတွင် အလင်းရောင်တဖျတ်ဖျတ်တောက်ပနေခဲ့ပြီး အခြားသောအဖွဲ့များ၏အင်အားကို တိတ်တဆိတ်တွက်ချက်နေခဲ့သည်။
သူ၏ရည်မှန်းချက်သည် ဂေါ်ဒန်၏ဦးခေါင်းခွံအားရယူရုံလောက်ဖြင့် မရိုးရှင်းပေ။ တိုက်ကြီးတစ်ခုလုံးမှတပ်ဖွဲ့များသည် ဤနေရာသို့ရောက်ရှိလာကြခြင်းဖြစ်သည်။ သူသည် ဂေါ်ဒန်၏ဦးခေါင်းခွံအတွက်သာမက အဓိကအင်အားစုများ၏အခြေအနေကို နားလည်ရန်အတွက် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ဤနေရာရှိအင်အားစုများ၏အခြေအနေကို ကောင်းစွာနားလည်ရန်ပြင်ဆင်လာခြင်းဖြစ်သည်။
ရှောင်ယုကခေါင်းညိတ်ပြလိုက်ပြီး ထိုလူများကိုကြည့်လိုက်ပြီး သတိကိုအမြင့်ဆုံးတင်ထားလိုက်သည်။ အမှန်တော့ အေဂါဝမ်၏အမွေအနှစ်အတွက် တိုက်ပွဲဝင်နေချိန်ကပင် ထိုအင်အားစုများကထွက်ပြနေခဲ့ပြီဖြစ်သည်။
ငြိမ်းချမ်းနေစဉ်ကာလအတွင်း အင်အားစုများစွာက ဇာတ်မြုပ်နေထိုင်နေခဲ့သော်လည်း ယခုလိုရုန်းရင်းဆန်ခတ်ကာလ၌ ထိုသို့ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။ အထူးသဖြင့် ထူးဆန်းသောဖြစ်စဉ်များ ပေါ်ပေါက်လာသည့်အခါတွင် သူတို့သည် ယခင်ကထက်တောင့်တင်းသောအင်အားကို ထုတ်ဖော်နေခဲ့ပြီဖြစ်သည်။
ဤခေတ်ကာလသည် ပရမ်းပတာဖြစ်နေခဲ့သည်။ အောင်ပွဲကိုရရှိမယ့်မည်သူမဆို ဤပရမ်းပတာခေတ်ကိုအောင်နိုင်ကာ အုပ်စိုးရှင်တစ်ပါးဖြစ်လာမှာဖြစ်ပြီး ရှေးခေတ်သူရဲကောင်းများလို ထင်ပေါ်ကျော်ကြားလာမည်ဖြစ်သည်။
အကယ်၍ မအောင်မြင်ပါက မြေမှုန်များအကြား ပျောက်ကွယ်သွားမည်ဖြစ်သည်။
ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ထိုအကြောင်းကိုအနည်းငယ်ဆွေးနွေးပြီးနောက်တွင် ဂေါ်ဒန်၏ဦးခေါင်းခွံကိုရှာဖွေရန် ရှေ့သို့ထွက်လာခဲ့ကြသည်။
အစမှအဆုံးထိတိုင်အောင် လီယိုနာဒိုကဘာမှမပြောခဲ့ပေ။ သူသည် ရှောင်ယုနှင့်ပတ်သက်၍ မည်သည့်အရာမှစကားမစလိုပေ။ သူလိုချင်သည့်တစ်ခုတည်းသောအရာမှာ ရှောင်ယုကိုချေမှုန်းရန်ဖြစ်သော်လည်း ယခုအချိန်၌သူလုပ်ဆောင်နိုင်သည့်အရာမရှိပေ။
တပ်ဖွဲ့၃ခုမဟာမိတ်သည် အံ့မခန်းပင်ဖြစ်သည်။ ယခုအချိန်တွင် မည်သူကမှ လင်းမူရွယ်နှင့်ပတ်သက်၍ အကြံညဏ်မပေးဝံ့တော့ပေ။ သူတို့သည်လျှို့ဝှက်စွာဖြင့် ဤကိစ္စကိုလုပ်ဆောင်နိုင်စွမ်းရှိနေသော်လည်း ရှောင်ယုကသူတို့အားလုံးဝခွင့်မပြုကြောင်း သိနေသည့်အတွက် ထိုကိစ္စကိုမစဉ်းစားရဲကြပေ။
"ရှောင်ယု...အေဂါဝမ်ရဲ့အကြောင်းကို မင်းဘယ်လောက်ထိသိထားလဲ"
နီကိုးလပ်စ်သည် ရှောင်ယုအားရုတ်တရက်မေးမြန်းလိုက်သည်။
ရှောင်ယု၏မျက်လုံးများက ချက်ချင်းစူးရှတောက်ပလာခဲ့သည်။
"ဒါကငါ့ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်လို့ ဘယ်သူ့ကိုမှထုတ်မပြောဘူးလို့ဆုံးဖြတ်ထားတာပဲ...ဒါပေမဲ့မင်းကိုတော့တကယ်သဘောကျတဲ့အတွက် ပြောပြဖို့ဆုံးဖြတ်လိုက်ပြီ"
နီကိုးလပ်စ်၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားခဲ့သည်။
ရှောင်ယုသည် ဗိမာန်တော်၏ထိပ်သို့ လှမ်းမျှော်ကြည့်ကာ အလွန်လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
"ရှေးခေတ်စစ်ပွဲရဲ့အကြွင်းအကျန်တွေက အများကြီးကျန်နေသေးတယ်ဆိုတာ မင်းသိထားတယ်မလား"
နီကိုးလပ်စ်ကခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ငါအဲ့ဒါကိုသိထားပီးပီ"
ရှောင်ယုက ဆက်၍ပြောလိုက်သည်။
"ငါ့အဖေဖြစ်တဲ့ ရှောင်ကျန်းထျန်ကငယ်ငယ်တုံးက စွန့်စားခန်းထွက်ရတာကိုအရမ်းဝါသနာပါတယ်...သူကရှေးခေတ်ဟောင်းရဲ့သမိုင်းကြောင်းနဲ့အပျက်အစီးတွေကိုရှာဖွေဖို့အတွက် တိုက်ကြီးရဲ့ထောင့်ပေါင်းစုံကိုသွားလာရတာကို တကယ်နှစ်သက်ခဲ့တယ်...တကယ်တော့သူ့ရဲ့ဝါသနာကိုလူတော်တော်များများသိထားကြတယ်"
နီကိုးလပ်စ်က အလျင်အမြန်ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ရှေးခေတ်ဟောင်းရဲ့အကြွင်းအကျန်အပျက်အစီးတွေက တကယ်ကိုလျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတယ်...မင်းအဖေကကော တစ်ခုခုရှာတွေ့သွားပြီလို့ပြောချင်တာလား"
ရှောင်ယုကလေးနက်တည်ကြည်သောအကြည့်စိုက်ကြည့်၍ ပြောလိုက်သည်။
"ဟုတ်တယ်...ငါ့လိုအသုံးမကျတဲ့လူပေါ်ကြော့တစ်ယောက်က အချိန်တိုလေးအတွင်း ခုလိုတိုးတက်လာတာကအံ့သြစရာကောင်းတယ်လို့ မင်းမထင်ဘူးလား"
ရှောင်ယု၏စကားကိုနားထောင်ရင်း နီကိုးလပ်စ်၏မျက်လုံးများက အလင်းရောင်များတောက်ပလာခဲ့သည်။
"မင်းပြောတာမမှားဘူး...မင်းရဲ့တိုးတက်မှုကတယ့်ကိုရုတ်ချည်းဆန်လွန်းတယ်...မင်းမှာအရင်ကဘယ်လိုအရာမှမရှိခဲ့ပေမဲ့ ချက်ချင်းကြီးဆိုသလိုပဲ မျိုးနွယ်စုပေါင်းစုံကစစ်သည်တော်တွေရှိလာခဲ့တယ်"
"အမှန်ပဲ…"
ရှောင်ယုက နီကိုးလပ်စ်၏ပုခုံးကိုပုတ်လိုက်ကာ အနားသို့ကပ်၍ပြောလိုက်သည်။
"ငါ့အဖေကအရမ်းကိုအရေးကြီးတဲ့ ရတနာတစ်ခုကိုရှာတွေ့ခဲ့ပြီးတော့ ငါ့အတွက်ချန်ထားရစ်ခဲ့တယ်...အဲ့ဒါကငါ့မှာရှိရှိသမျှအရာတွေကို ရရှိလာရခြင်းရဲ့အဓိကအရာပဲ"
"အိုး...အဲ့ဒါကဘာလဲ"
ရှောင်ယု၏စကားကိုကြားသောအခါတွင် နီကိုးလပ်စ်သည်သူ၏အာရုံကိုချက်ချင်းပင်စုစည်းလိုက်တော့သည်။
လီယိုနာဒိုသည်တောင်မှ ချက်ချင်းပင်သူတို့ဘက်သို့လှည့်၍ နားစွင့်ထားလိုက်သည်။
ရှောင်ယုသည် အလေးအနက်ဖြစ်နေသော သူတို့နှစ်ယောက်ကိုကြည့်ပြီး သူ့စိတ်ထဲတွင်ရယ်မောနေခဲ့သော်လည်း အလွန်လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
"ငါ့အဖေက အေဇာရောဂ့်အထွေထွေသမိုင်းလို့ခေါ်တဲ့ စာအုပ်တစ်ခုကိုရခဲ့တယ်"
"အေဇာရောဂ့်အထွေထွေသမိုင်း..."
ရှောင်ယုပြောလိုက်သည့်စကားကိုကြားသောအခါ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အံ့သြတကြီးမရေရွတ်ဘဲမနေနိုင်ကြတော့ပေ။ ထိုအရာသည် အမှန်အတိုင်းဖြစ်ခဲ့လျှင် အလွန်ပင်အရေးကြီးသောရတနာတစ်ခုဖြစ်လာမည်ဖြစ်သည်။
ရှောင်ယုသည် သမိုင်းကြောင်းကိုများစွာသိရှိထားပြီး ရှေးခတ်သူရဲကောင်းများကို ဆင့်ခေါ်နိုင်ခဲ့သည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။ သူ့ထံတွင်ယခုလို ရတနာသဖွယ်စာအုပ်တစ်ခုရှိနေ၍ဖြစ်သည်။ ဤစာအုပ်တွင် ရှေးခေတ်သူရဲကောင်းများကိုဆင့်ခေါ်နိုင်သည့် ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခုရှိနေပုံရပေသည်။
"ဟုတ်တယ်...အဲ့ဒါကအေဇာရောဂ့်တိုက်ကြီးရဲ့ ယေဘုယျသမိုင်းဘဲ...အရင်တုံးကဒီတိုက်ကြီးကိုအေဇာရောဂ့်တိုက်လို့ခေါ်တယ်ဆိုတာ မင်းတို့သိထားသင့်တယ်...အစပိုင်းမှာတိုက်ကြီးနှစ်တိုက်ရှိပြီးတော့ အခြားတစ်ခုကိုကယ်လန်ဒေါလို့ခေါ်တယ်...တိုက်ကြီးနှစ်ခုရဲ့အလယ်မှာဆိုရင် ကြီးမားတဲ့စွမ်းအင်လှိုင်းလုံးကြီးတစ်ခုရှိနေတယ်...ဒါပေမဲ့နောက်ပိုင်းမှာ ဘယ်လိုအကြောင်းတွေကြောင့်လည်းမသိ နတ်ဘုရားတွေကတိုက်ကြီးကို တစ်ခုတည်းအဖြစ်ပေါင်းစည်းခဲ့တယ်"
"ဒီစာအုပ်ကိုအတွဲတွေအများကြီးပိုင်းခြားထားပြီးတော့ အချို့ကမပြီးပြည့်စုံတော့ဘူး...ပထမအတွဲ၃ခုကဒီတိုက်ကြီးရဲ့ဖွဲ့စည်းပုံကိုဖော်ပြထားတယ်...ဒီကမ္ဘာကြီးကိုဘယ်လိုဖွဲ့စည်းခဲ့တာလဲဆိုတာကောပေါ့...မင်းတို့ကိုငါပြောဖူးခဲ့တဲ့ တိုက်တန်တွေရဲ့ဇာတ်လမ်းတွေ၊ထာဝရရေတွင်းနဲ့နတ်ဆိုးဝိညာဉ်တွေအကြားဇာတ်လမ်းတွေ၊ကမ္ဘာ့မြေပြင်နဲ့ကမ္ဘာကြီးရဲ့အကြောင်းတွေ၊နဂါးနေ့လို့နာမည်ကျော်ကြားခဲ့တဲ့အကြောင်းတွေ၊အရှင်သခင်ကလန်ရဲ့အကြောင်းတွေ၊နောက်ဆုံးသောကာကွယ်သူ၊သွေးဒဏ္ဍာရီ၊အမှန်းတရားလှည်းဘီး၊အမှောင်တံခါး၊နတ်ဆိုးဘုရင်ရဲ့မြင့်တက်လာမှု၊အမှောင်ထုဒီရေ၊နဂါးမျိုးနွယ်ရဲ့အမှောင်အမိုက် အဲ့ဒါတွေအကုန်ပါတယ်"
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် စာအုပ်၌ပါဝင်သည့်အကြောင်းအရာများကို ကြားလိုက်ရချိန်၌ လွန်စွာတုန်လှုပ်သွားခဲ့ရသည်။ သူတို့သည် ထိုအကြောင်းများကိုယခင်ကမကြားဖူးပေ။ ရှောင်ယုပြောသောစကားများက တိုက်ကြီး၏အလွန်ပင်အရေးကြီးလှသော သမိုင်းကြောင်းများဖြစ်ကြသည်။
"အဲလိုစာအုပ်မျိုးတကယ်ရှိနေတာလား...စာအုပ်ထဲမှာဘာတွေပါသေးလဲ"
နီကိုးလပ်စ်က လေးနက်သောလေသံဖြင့်မေးမြန်းလိုက်သည်။
သူသည် ပထမဆုံးအကြိမ်အဖြစ် ရှောင်ယု၏နောက်ကောက်ချခြင်းအားခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုစာအုပ်ကိုကိုင်ဆောင်ထားသည့် ရှောင်ယုအဖို့ အခွင့်အရေးကောင်းများကိုရရှိပြီးနောက်တွင် ဤမျှများပြားလှသည့်မျိုးနွယ်စုမှ စစ်သည်များအားစုဆောင်းနိုင်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ထိုအချိန်တွင် ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
"ဒီသမိုင်းဝင်မှတ်တမ်းတွေအပြင် စာအုပ်ထဲမှာရှေးခေတ်မန္တန်တွေနဲ့ပရောဖက်ပြုချက်တွေ...ရှေးခေတ်သူရဲကောင်းတွေကိုပြန်လည်ဆင့်ခေါ်နိုင်မယ့်ဂါထာတွေကိုလည်း ရေးမှတ်ထားတယ်"
"ရှေးခေတ်သူရဲကောင်းတွေကို မင်းဘယ်လိုဆင့်ခေါ်နိုင်တာလဲ...အဲ့ဒါကဖြစ်နိုင်မယ်ထင်လား"
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားခဲ့သည်။
"ဟုတ်တယ်...ငါ့အဖေက ဒီအတွက်ခရီးတွေအများကြီးထွက်ခဲ့ပြီးတဲ့နောက်ဆုံမှာတော့ ဒီသူရဲကောင်းတွေကိုဆင့်ခေါ်နိုင်တဲ့ အန်ကာဂန်တောင်တန်းတွေကိုရှာတွေ့ခဲ့တယ်"
"မင်းကဘာလို့ သမိုင်းကြောင်းကိုနက်နက်နဲနဲနားလည်ထားရတာလဲဆိုတဲ့အကြောင်းကို ငါခုနားလည်လာခဲ့ပြီ"
နီကိုးလပ်စ်က သူ့စိတ်ထဲ၌သက်ပြင်းချမိလိုက်သည်။ ရှောင်ယုသည် အမှန်တကယ်ပင် သူ့အတွက်အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည်။
သူသည် သင့်တော်သည့်အခွင့်အရေးကိုရှာဖွေကာ ရှောင်ယုအားသတ်ဖြတ်ပစ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှောင်ယု၏သူရဲကောင်းများသာ အနာဂတ်၌ကြီးပြင်းလာမည်ဆိုပါက သူ့အတွက်ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သူသည်လည်း အခြားသောမျိုးနွယ်စုမှစစ်သားများကို စုဆောင်းနိုင်သော်လည်း ရှောင်ယုနှင့်နှိုင်းယှဉ်ထား၍မရပေ။
အဝေး၌ရှိနေသော ခရစ်သည် ရှောင်ယု၏စကားကိုယခုမှတွေးတောနေခြင်းဖြစ်သည်။ အမှန်တော့သူ့ထံတွင် လူများကိုခြေရာခံစူးစမ်းနိုင်သော ရတနာတစ်ခုရှိနေခဲ့သည်။
ထို့ကြောင့်ရှောင်ယုပြောသည့်စကားကို သူကြားလိုက်ရသည်။
ရှောင်ယုပြောသည့်စကားများသာ အမှန်ဆိုပါက ရှောင်ယုသည် အူသာကိုဆင့်ခေါ်ရန်နည်းလမ်းများကိုရှာတွေ့ခဲ့ကာ အူသာကိုအမှန်တကယ်ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် လင်းမူရွယ်၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့သည့် အေဂါဝမ်၏ဝိညာဉ်မှပြောလာသည့် စကားများအရဆိုလျှင် အူသာ၏အကြောင်းကမှားယွင်းမည်မဟုတ်ပေ။
ထို့ပြင် ရှောင်ယု၏ပတ်ဝန်းကျင်ရှိ သူရဲကောင်းများအားလုံးသည် ရှေးခေတ်ဟောင်း၏သူရဲကောင်းများဖြစ်ကြောင်း အေဂါဝမ်ကပြောခဲ့သည်။ ထို့ကြောင့် ရှောင်ယု၏စကားအရဆိုလျှင် အရာအားလုံးက အမှန်ပင်ဖြစ်သင့်ပေသည်။
"ငါဘာလုပ်ရမလဲ...ငါဘာဆက်လုပ်ရမှာလဲ"
ခရစ်သည် နက်နဲသောအကျပ်အတည်းတစ်ခုထဲ ကျရောက်နေသလိုခံစားလိုက်ရသည်။ တစ်ဖက်တွင် သူတာဝန်ထမ်းဆောင်နေရသည့် ဘုရားကျောင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူတို့၏နတ်ဘုရားဖြစ်သည်။ သူကမည်သည်ကိုရွေးချယ်ရမည်နည်း။
"ဒီကိစ္စနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ခုချိန်မှာဆိုရင်ဘာမှမသိသေးဘူးဆိုပေမဲ့ သူကအူသာကိုသတ်ဖြတ်ဖို့ကြိုးစားနေတာပဲ...ငါတို့ဟာ ငါတို့ရဲ့နတ်ဘုရားဖြစ်တဲ့အူသာအပေါ်အလုံးစုံအပ်နှံထားတယ်ဆိုတာ လူတိုင်းအသိပဲ...သူကငါတို့ရဲ့နတ်ဘုရားအသစ်ဖြစ်ချင်နေတာလား...ငါအူသာကိုပြန်ခေါ်သွားလို့မရဘူး...တကယ်လို့ငါသာအူသာကိုခေါ်သွားမယ်ဆိုရင် ပုပ်ရဟန်းမင်းကအူသာကိုသတ်ဖြတ်ပြီးတော့ နောက်ထပ်နတ်ဘုရားဖြစ်လာဖို့ကြိုးစားလိမ့်မယ်"
ခရစ်သည် အရာရာကိုစေ့စေ့စပ်စပ်တွေးတောပြီးနောက်တွင် ပုပ်ရဟန်းမင်းလက်မှ အူသာကိုကာကွယ်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် သူ့စိတ်ထဲ၌အက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ကာ တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသလိုခံစားလိုက်ရသည်။ သူ၏ဝိညာဉ်သည် ယခုအချိန်၌အလုံးစုံပျက်စီးသွားခဲ့ပုံရသည်။
နောက်အခိုက်အတန့်တွင် သူ၏မျက်လုံးထဲ၌ သွေးဆာနေသည့်အလင်းရောင်တစ်ခု တောက်ပလာခဲ့သည်။
"အူသာကိုသတ်...အူသာကိုအသက်ရှင်ခွင့်မပေးနိုင်ဘူး"
ခရစ်သည် သွေးနီရောင်မျက်လုံးများနှင့် ရေရွတ်လိုက်သည်။
မိုင်ထောင်ချီဝေးကွာသောနေရာတစ်ခု၌ ပုပ်ရဟန်းမင်းသည် ဝမ်းနည်းခြင်းနှင့်သနားခြင်းအပြည့်ဖြင့် သူ့လက်ထဲ၌ရှိနေသော အနက်ရောင်သလင်းကျောက်ဘောလုံးကို ကြည့်နေခဲ့သည်။
"ခရစ်...မင်းရဲ့အကြီးမားဆုံးအားနည်းချက်က ရိုးဖြောင့်လွန်းနေတာပဲ"
အခန်း ၄၃၅ - ဝိညာဉ်သေတ္တာနှင့်သက်ဆိုင်သောနေရာ
"ဆရာ...မင်းဘာဖြစ်နေတာလဲ"
အလွန်ဆိုသည် ခရစ်ကိုကြည့်ရင်း တစ်စုံတစ်ခုမှားယွင်းနေသလိုခံစားလိုက်ရသည်။
ခရစ်သည် အလွန်ဆိုကိုကြည့်ရင်း အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ဘာမှတော့မဟုတ်ဘူး...မင်းသာအခွင့်အရေးရမယ်ဆိုရင် အူသာအတုကိုသတ်ဖြတ်ပြီး ဘုရားကျောင်းရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ ကြိုးစားရမယ်ဆိုတာ မင်းသတိရသင့်တယ်"
ခရစ်၏စကားကိုကြားသောအခါ အလွန်ဆိုသည် ရုတ်တရက်ထိတ်လန့်သွားခဲ့သည်။ သူ့ဆရာဖြစ်သူ၏သဘောထားသည် ဤသို့မဖြစ်သင့်ပေ။ ယခင်က ခရစ်သည် အူသာအစစ်ဟုတ်မဟုတ်သံသယဝင်နေသေးသည်။ ယခုသူ၏လေသံအရဆိုလျှင် ခရစ်သည်ဆုံးဖြတ်ချက်တစ်ခုအား ပြတ်ပြတ်သားသားချမှတ်ပြီးဖြစ်ရပေမည်။
အလွန်ဆိုသည် သူ့စိတ်ထဲ၌သံသယစိတ်ရှိနေသော်လည်း ထုတ်ဖော်မပြောဝံ့ပေ။ ယခုအခါ သူအပါအဝင် အခြားသောပါလာဒင်များသည် အူသာအပေါ်မည်သည့်ခံစားချက်မှ ထားရှိ၍မရပေ။ သူတို့၏အမြင်အရလည်း သူတို့သည်ခရစ်၏အမိန့်ကိုလိုက်နာရမည်ဖြစ်ကာ မည်သည့်အမိန့်ချိုးဖျက်မှုကိုမှ ခရစ်ကသည်းခံနေမည်မဟုတ်ပေ။
သွေးနီရောင်ခရူးဆိတ်သည် ဘုရားကျောင်းမှဦးနှောက်ဆေးကြောပေးထားသော ဘုရားကျောင်းနှင့်နက်ရှိုင်းစွာပတ်သက်ထားသည့် လူများနှင့်သာပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ သူတို့သည် ဘုရားကျောင်းအပေါ်၌သာ အကြွင်းမဲ့သစ္စာစောင့်သိထား၍ သူတို့၏တွေးခေါ်နိုင်စွမ်းအား ဆုံးရှုံးထားခဲ့ပြီဖြစ်သည်။ သူတို့ထံတွင် ဘုရားကျောင်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်ဟူသည့်အတွေးသာရှိကြပြီး ဘုရားကျောင်းအားဆန့်ကျင်သူများကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။
သူတို့သည် ဘုရားကျောင်းအပေါ်၌ သစ္စာမရှိသော မည်သည့်စိတ်ဝိညာဉ်ကိုမဆို ဖယ်ရှားသန့်စင်ထားပြီးဖြစ်သည်။
အလွန်ဆိုသည် ခရူးဆိတ်များနောက်သို့ နေရာများစွာလိုက်ပါခဲ့ဖူးကာ ယခုလိုရူးသွပ်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအား ရပ်တန့်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း သူထိုသို့ကြိုးစားချိန်တိုင်းတွင် သူတို့၏အပြုအမူများသည် လွန်စွာယိုယွင်းလာခဲ့ပြီး ဆိုးသွမ်းသောဝိညာဉ်များကဲ့သို့ဖြစ်လာမည်ဟု ပြင်းထန်စွာသတိပေးချက်ကို ရရှိလိုက်သည်။
ထို့ကြောင့် အလွန်ဆိုသည် စကားအပိုမပြောဝံ့တော့ပေ။ သူသာထိုအကြောင်းကိုဆက်ပြောနေပါက ဘုရားကျောင်း၏သူရဲကောင်းဖြစ်နေလျှင်တောင် ထိုရူးသွပ်နေသောသွေးနီရောင်ခရူးဆိတ်များက သတ်ဖြတ်ပစ်မည်ကို စိုးရိမ်ရသည်။
သူတို့၏အမြင်တွင် ဘုရားကျောင်း၏တစ်ခုတည်းသောနတ်ဘုရားမှာ ပုပ်ရဟန်းမင်းပင်ဖြစ်သည်။
"မဟုတ်ဘူး...သူတို့ကိုအူသာကိုသတ်ဖြတ်ခွင့်လုံးဝမပေးနိုင်ဘူး...မဟုတ်ရင်ငါ့ရဲ့စိတ်ဝိညာဉ်ဟာ အဆုံးမဲ့ညဉ်းပန်းခြင်းကိုခံရလိမ့်မယ်"
ထိုအခိုက်အတန့်တွင် အလွန်ဆိုသည်တစ်စုံတစ်ခုမှ လွတ်မြောက်သွားပုံရပြီး သူ့အားချုပ်နှောင်ထားသည့်အရာသည် ပျက်စီးသွားကြောင်းသူခံစားလိုက်ရသည်။ ကမ္ဘာကြီးပေါ်၌လည်း သူ၏အမြင်ကအလွန်ပင်ရှင်းလင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ထိုနေရာ၌ဖြစ်ပျက်ခဲ့သမျှကို သိရှိခြင်းမရှိပေ။ သူသည်ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို ရှာဖွေရန်အတွက် လူတိုင်းနှင့်အတူရှေ့ဆက်သွားခဲ့သည်။
လမ်းတလျှောက်တွင် ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိူတို့အားသမိုင်းကြောင်းများ၊သူရဲကောင်းများ၏ဇာတ်လမ်းတိုများအကြောင်း စသည်တို့ကိုပြောနေခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုပြောသည့်စကားများကို မှန်သည်မှားသည် မခွဲခြားနိုင်တော့ပေ။ သူတို့သည် အရာအားလုံးကို အလွယ်တကူပင်ယုံကြည်ထားကြသည်။
"ထရီဇာက တကယ့်ကိုသနားစရာကောင်းတာပဲ...တကယ်လို့သူမသာမသေဆုံးသွားခဲ့ဘူးဆိုရင် လူတစ်ယောက်ကသားရဲတစ်ကောင်နဲ့ချစ်ဖို့တကယ်ဖြစ်နိုင်ခဲ့တာပဲ"
ရှောင်ယုသည် ထိုအကြောင်းကိုပြောနေချိန်၌ အသံအကျယ်ကြီးဖြင့်မပြောဆိုဝံ့ခဲ့ပေ။ ဂရင်းသည် ထိုအကြောင်းကိုကြားပြီး ထရီဇာအားပြန်ပြောပြပါက သူ့အတွက်မကောင်းနိုင်ပေ။
ဤဇာတ်လမ်းသည် သရောလ်နှင့်သူ့ညီမဖြစ်သည့်ထရီဇာတို့၏ ဘုရင့်မျိုးနွယ်အကြားအရှုပ်တော်ပုံဖြစ်သည်။ သရောလ်သည် အောစ့်တို့၏ခေါင်းဆောင်ဖြစ်လာခဲ့သည့်အကြောင်းရင်းသည် ထရီဇာနှင့်ဆက်စပ်နေခဲ့သည်။
ထရီဇာသည် ကြင်နာတတ်သောအမျိုးသမီးတစ်ယောက်အဖြစ် သရောလ်အား ချစ်ခြင်းမေတ္တာတို့ကိုပေးအပ်ခဲ့သည်။ ထို့ကြောင့် သရောလ်သည် သတ်ဖြတ်ရန်ကိုသာသိသော သားရဲတစ်ကောင်အဖြစ်သို့ရောက်ရှိမသွားအောင် ထရီဇာကတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဤလောကကြီးတွင် အချစ်နှင့်တူသောအရာတစ်ခုရှိနေကြောင်း သူမနားလည်ထားပြီး တရားမျှတမှုနှင့်ကောင်းမြတ်မှုတို့လည်းရှိကြောင်း သရောလ်ကိုသင်ပြပေးခဲ့ခြင်းဖြစ်သည်။
သရောလ်နှင့်ပတ်သက်လာလျှင် ထရီဇာ၏ခံစားချက်ကိုမည်သူမှနားလည်နိုင်မည်မဟုတ်ဘဲ သူမကိုယ်တိုင်သာသိရှိမှာဖြစ်သည်။
ဤအရာသည် မောင်နှမ၊ချစ်သူ၊မိခင်စသည်ဖြင့် ဝေခွဲမရဘဲအလွန်ရှုပ်ထွေးနေခဲ့သည်။
ရှောင်ယုသည်သာမက နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည်လည်း သရောလ်၏ဇာတ်လမ်းကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ယခင်က အောစ့်များသည် လူသားများအတွက်ကျွန်များသာဖြစ်ကြောင်း သူတို့ကထင်မြင်ယူဆခဲ့ကြသည်။
"ရှေ့မှာမသေမျိုးတွေရှိနေတယ်..."
စစ်သားတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်သည်။
"မသေမျိုးတွေလား"
ရှောင်ယုသည်အံ့သြသွားခဲ့သော်လည်း ရုတ်တရက်ဆိုသလိုပင် သူ့စိတ်ထဲ၌အတွေးတစ်ခုဖြစ်တည်လာခဲ့သည်။
"ဝိညာဉ်ရတနာက ဒီနေရာမှာရှိနေတာလား"
ရှောင်ယုသည် ရှေ့သို့ချက်ချင်းပင်ပြေးတက်သွားခဲ့သည်။ ထိုအခါ အလွန်ယိုယွင်းပျက်စီးနေသော ခန်းမတစ်ခုသည် လူတိုင်း၏ရှေ့၌ထွက်ပေါ်လာခဲ့သည်။ ခန်းမအတွင်းရှိအခြေအနေသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး မသေမျိုးအမျိုးအစားသတ္တဝါများက ခန်းမတွင်း၌ ဦးတည်ချက်မဲ့စွာပြေးလွှားနေခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် သူတို့ထံသို့ချဉ်းကပ်လာသည့်အခါတွင် ထိုမသေမျိုးများသည်ချဉ်းကပ်လာသူအား ဝိုင်းအုံကာသတ်ဖြတ်ကြမည်ဖြစ်သည်။
"သေချာတယ်...အဲ့ဒါကဒီမှာပဲ"
ရှောင်ယုသည် ထိုမြင်ကွင်းကိုတွေ့သောအခါတွင် ဝိညာဉ်ရတနာသေတ္တာသည် ဤနေရာ၌ရှိနေကြောင်းချက်ချင်းနားလည်သွားခဲ့သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဤအမှောင်ဗိမာန်တော်၌ သေဆုံးသွားခဲ့သည့်ဝိညာဉ်များသည် ဤသေတ္တာ၏စုပ်ယူခြင်းကိုခံရမည်ဖြစ်သည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာမြင့်အပြီးတွင် ထိုဝိညာဉ်များသည် ပို၍ပင်သန်မာလာခဲ့သည်။
ရှေးခေတ်အဆိုများအရ ဘိုးဘေးများသေဆုံးသွားပြီးနောက်တွင် သူတို့၏ဝိညာဉ်များအား ထာဝရမပျောက်ကွယ်သွားစေရန်အတွက် ဒရာနီတို့သည် ၎င်းတို့၏ဝိညာဉ်များကို ဤဝိညာဉ်သေတ္တာအတွင်း ထည့်သွင်းသိမ်းဆည်းထားကြောင်းသိခဲ့ရသည်။ ထို့နောက်တွင် ဘိုးဘေးများကိုကိုးကွယ်ရန်အတွက် ဤဝိညာဉ်သေတ္တာကို အထွတ်အမြတ်ရတနာအဖြစ် ဒရာနီတို့ကအသုံးပြုခဲ့ကြသည်။
နောက်ပိုင်းတွင် ဂေါ်ဒန်သည်အောက်လမ်းမှော်ပညာကိုအသုံးပြုပြီး ဤဝိညာဉ်များကို မကောင်းဆိုးဝါးဝိညာဉ်များအဖြစ်သို့ အတင်းအကြပ်ပြောင်းလဲပစ်ခဲ့သည်။ ထိုအောက်လမ်းမှော်ပညာသည် သေလွန်သူတို့၏ဝိညာဉ်ကို မသေမျိုးသတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
သို့သော်လည်း ဂေါ်ဒန်သည်ဤရတနာကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်သေတ္တာကို အကြိမ်များစွာအသုံးမပြုနိုင်ခဲ့ပဲ ဝိညာဉ်သေတ္တာသည် အမှောင်ဗိမာန်တော်အတွင်း၌သာရှိနေခဲ့ကာ ဖုန်မှုန့်များဖြင့်ကပ်ညှိနေခဲ့ရသည်။
ထိုအချိန်တွင် အခြားလူများအားလုံးက ထူးဆန်းသောနေရာကိုဝိုင်းအုံပြီး ကြည့်နေခဲ့ကြသည်။
နီကိုးလပ်စ်က ရှောင်ယုအားမေးမြန်းလိုက်သည်။
"ဒါကဘယ်နေရာလဲ"
ရှောင်ယုကတိုးတိုးလေးပြောလိုက်သည်။
"ဒီနေရာဟာ တစ်ချိန်ကဝိညာဉ်တွေကို ကိုးကွယ်တဲ့နေရာတစ်ခုပဲ...ဒါပေမဲ့နောက်ပိုင်းမှာ နတ်ဆိုးတွေကဒီနေရာကိုကျုးကျော်ခဲ့တယ်...နတ်ဆိုးတွေကျုးကျော်မှုနဲ့အတူ ဝိညာဉ်တွေကမသေမျိုးတွေအဖြစ်ပြောင်းလဲသွားလိမ့်မယ်...ပြီးတော့သူတို့နဲ့နီးကပ်လာသူတိုင်းကို သတ်ဖြတ်ကြတယ်"
"ဒီမှာမသေမျိုးတွေမှ အများကြီးပဲ...ဒါတွေကိုငါတို့ဘယ်လိုဖြေရှင်းကြမလဲ"
လီယိုနာဒိုက ခန်းမတစ်ခုလုံးအပြည့်ဖြစ်နေသော မသေမျိုးများကိုကြည့်နေခဲ့သည်။
ထိုကောင်များသည် သားရဲများထက်ပင် သတ်ဖြတ်ရန်ပိုမိုခက်ခဲပေသည်။ သူတို့အားသတ်ဖြတ်ရန် အထူးနည်းလမ်းများကိုသာအသုံးပြုနိုင်ပေသည်။
ရှောင်ယုသည် ထိုမသေမျိုးများကိုကြည့်၍ အလွန်အမင်းကြောက်လန့်နေခြင်းမရှိပေ။ သူသည် မသေမျိုးများကိုသတ်ဖြတ်ရာ၌ များပြားသည့်အတွေ့အကြုံများကို ပိုင်ဆိုင်ထားပေသည်။ သူသည် မြေအောက်မြို့တော်၌ရှိခဲ့စဉ်အခါက ဤမသေမျိုးများကိုကိုင်တွယ်ရန်အတွက် သွေးများကိုဓားပေါ်၌လိမ်းကျံ၍ စမ်းသပ်အသုံးပြုခဲ့ဖူးသည်။
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
"ငါတို့က သူတို့နဲ့တိုက်ရိုက်ကြီးဆက်ဆံနေစရာမလိုဘူး...ဒီကောင်တွေကိုကိုင်တွယ်ဖို့ အသင့်တော်ဆုံးလူအချို့ငါတို့မှာမရှိဘူးလား"
ရှောင်ယု၏စကားကိုကြားသောအခါတွင် နီကိုးလပ်စ်ကချက်ချင်းပြုံးပြလိုက်သည်။
"မင်းက ဘုရားကျောင်းကလူတွေအကြောင်းပြောနေတာမလား...ဒါပေမဲ့သူတို့ကငတုံးတွေလိုမျိုး ဒီမသေမျိုးတွေကိုငါတို့ကိုယ်စားသတ်ပေးဖို့စဉ်းစားနေတာလား"
"ဒီထဲမှာ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံမရှိတော့ဘူးဆိုရင်တောင်မှ အထဲကစိတ်ဝိညာဉ်သေတ္တာက အရမ်းကိုအစွမ်းထက်လွန်းတယ်"
"စိတ်ဝိညာဉ်သေတ္တာ...အဲ့ဒါကဘာလဲ"
နီကိုးလပ်စ်က ချက်ချင်းမေးမြန်းလိုက်သည်။
"ဘိုးဘေးတွေကိုကိုးကွယ်ဖို့အတွက် ဒရာနီကရတနာတစ်ခုအဖြစ် အရင်ကအသုံးပြုခဲ့ပေမဲ့...နောက်ပိုင်းမှာတော့ဂေါ်ဒန်ကသူအသုံးပြုနိုင်ဖို့အတွက် အရမ်းကိုအစွမ်းထက်တဲ့မှော်လက်နက်အဖြစ်ပြောင်းလဲပစ်ခဲ့တယ်"
"ဂေါ်ဒန်ကအသုံးပြုခဲ့တာလား...ဒါကဒီလိုဖြစ်လာတာပေါ့...အဲ့ဒါဆိုရင်ဂေါ်ဒန်ရဲ့ဦးခေါင်းခွံက အတွင်းထဲမှာရှိနေတာပိုဖြစ်နိုင်တယ်"
နီကိုးလပ်စ်သည် ရှောင်ယုအားစေ့စေ့စပ်စပ်စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဤနေရာသို့လူများစွာ စုဝေးလာခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ခန်းမအတွင်းသို့မဝင်ရောက်ဝံ့ကြပေ။ အဆုံးသတ်တွင် ခန်းမအတွင်း၌မသေမျိုးများပြည့်ကျပ်နေခဲ့ပြီး အစောဆုံးဝင်သွားသူတိုင်း ကံကောင်းနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် သွေးနီရောင်ခရူးဆိတ်များက ရုတ်တရက်ရောက်ရှိလာခဲ့ပြီး ခရစ်သည် သွေးနီရောင်ခရူးဆိတ်များရှေ့သို့ရောက်လာသည်ကို တွေ့လိုက်ရသည်။
ရှောင်ယုနှင့်နီကိုးလပ်စ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ခရစ်အား ဤမသေမျိုးများကိုသတ်ဖြတ်ခိုင်းရန်အတွက် တွေးတောနေကြသည်။ ခရစ်မိုးသည် အရည်အချင်းပြည့်မှီသောပါလာဒင်တစ်ယောက်ဖြစ်ပြီး မကောင်းသည့်အရာများကိုမုန်းတီးနေခဲ့သည်။ ထို့ကြောင့် သူတို့သည်ကောင်းမွန်သည့် နည်းဗျူဟာတစ်ခုအား အကောင်အထည်ဖော်နေသရွေ့ ခရစ်အား မသေမျိုးများကိုသတ်ဖြတ်ရန် တွန်းအားပေးနိုင်မည်ဖြစ်သည်။
သို့သော်လည်း သူတို့မျှော်လင့်ထားသည်ထက်ကျော်လွန်နေသော အရာများဖြစ်ပေါ်လာခဲ့သည်။ ခရစ်သည် လူတိုင်း၏ရှေ့သို့ရောက်လာပြီး မသေမျိုးများကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။
"ဒီကောင်တွေက တကယ့်ကိုမုန်းစရာကောင်းနေတာပဲ...ဒီကောင်တွေကလူတွေကိုဒုက္ခပေးနေတာဆိုတော့ ငါတို့ပါလာဒင်တွေကသန့်စင်ဖို့လိုတာပေါ့"
ခရစ်၏စကားကိုကြားချိန်တွင် ရှောင်ယုနှင့်နီကိုးလပ်စ်တို့က အံ့သြသွားခဲ့ကြသည်။ သူတို့သည် အစီအစဉ်တစ်ခုရေးဆွဲရန် ဦးနှောက်အရှုပ်ခံ၍ စဉ်းစားနေခဲ့သော်လည်း ယခုအခါလုံးဝလိုအပ်မှုမရှိတော့ကြောင်း ထင်ခဲ့ရသည်။
"သွေးနီရောင်ခရူးဆိတ်တွေ အကုန်လုံးနားထောင်ကြ...ငါတို့ဟာအလင်းနတ်ဘုရားရဲ့ကိုယ်စားလှယ်တွေဖြစ်ကြပြီး အလင်းရဲ့ကောင်းချီးကိုခံယူထားကြသူတွေဖြစ်တယ်...ဒီမသေမျိုးတွေကလောကမှာရှိမနေသင့်တော့ဘူး...ငါတို့ရဲ့တာဝန်ဟာကမ္ဘာပေါ်မှရှိနေတဲ့ မကောင်းမှုတွေအားလုံးကိုသန့်စင်ဖို့ဖြစ်တယ်...ငါတို့်အားလုံးရဲရင့်စွာတိုက်ခိုက်ပြီး မကောင်းမှုတွေကိုဖယ်ရှားကြစို့"
"ငါ့နောက်ကိုလိုက်ခဲ့ကြ..."
ခရစ်သည် စကားအပိုမပြောတော့ဘဲ ရှေ့တည့်တည့်သို့သာပြေးဝင်သွားခဲ့သည်။
ခရစ်သည် ရှေ့ဆုံးကဦးဆောင်ကာ သူ့လက်ထဲရှိဓားရှည်ကြီးအားဝှေ့ယမ်းလိုက်သည်။ ထိုအခါ တောက်ပသောအလင်းတန်းတစ်ခုလင်းလက်လာခဲ့ပြီး အရှေ့ဘက်မီတာ၁၀၀အကွာ၌ရှိနေသော မသေမျိုးများအားလုံး ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
ခရစ်သည် ရှေ့သိုအပြေးအလွှားတိုးဝင်သွားသည်ကိုကြည့်ပြီး အခြားလူများကထိုင်ကြည့်မနေနိုင်တော့ပေ။ အထဲတွင် ရတနာတစ်ခုခုရှိနေကြောင်း လူတိုင်းသိထားကြရာ ယခုလိုအချိန်မျိုး၌ နောက်ကောက်ကျမခံနိုင်ကြပေ။
ထို့နောက်တွင်လူတိုင်းသည် ဤမသေမျိုးများအား သတ်ဖြတ်ရန်အတွက် စတင်၍လုပ်ဆောင်ကြတော့သည်။
ရှောင်ယုနှင့်နီကိုးလပ်စ်တို့သည်လည်း အထဲသို့ဝင်ရောက်လာကြသည်။ အထဲတွင်ရှိနေသော မသေမျိုးများ၏အရေအတွက်သည် အလွန်ပင်များပြားနေသော်လည်း လူတိုင်းကမသေမျိုးများအား အဆက်မပြတ်သတ်ဖြတ်နေကြသည့်အတွက်ကြောင့် ယင်းမှာပြဿနာကြီးကြီးမားမားဖြစ်လာမည်မဟုတ်ပေ။
သို့သော်လည်း လူတိုင်းကမသေမျိုးများအား လိုက်လံတိုက်ခိုက်နေကြသည့်အချိန်တွင် ခရစ်သည်လေပေါ်သို့ခုန်တက်လာခဲ့ပြီး သူ့လက်ထဲရှိဓားကိုမြှောက်ကာ အူသာကိုခုတ်ချလိုက်တော့သည်။
Thank For Reading.