အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း ၄၃၉ - မျက်နှာခုနှစ်ခု
များမကြာမှီတွင် အခြားသောအဖွဲ့များကလည်း ရှောင်ယုဝင်လာသည့်လမ်းကြောင်းအတိုင်း ဝင်ရောက်လာကြသည်။
ဤသို့လာရာလမ်းတလျှောက်တွင် အချို့အားနည်းသည့်အဖွဲ့များသည် နတ်ဆိုးဝိညာဉ်များ၏ ဝါးမြိုခြင်းကိုခံလိုက်ရသည်။ ဤနေရာ၌လုံလောက်သောအင်အားမရှိဘဲ အပြေးအလွှားတိုးဝင်လာပါက ကြီးမားသောတန်ဖိုးတစ်ရပ်အား ပေးချေရမည်ဖြစ်သည်။
လူတိုင်းသည် အုံ့မှိုင်းသောအော်ရာများကိုထုတ်လွှတ်နေသည့် သေတ္တာကိုစိုက်ကြည့်လိုက်ကြသည်။ ရှောင်ယု၏အဆိုအရဆိုလျှင် ထိုအရာသည် ဝိညာဉ်သေတ္တာဖြစ်၍ လူတိုင်းပျော်ရွှင်နေကြသည်။
"ခုငါတို့ဘာဆက်လုပ်ကြမလဲရှောင်ယု...ငါတို့ဘယ်လိုလုပ်မှ ဒီဝိညာဉ်သေတ္တာကိုရနိုင်မှာလဲ"
နီကိုးလပ်စ်သည် ဝိညာဉ်သေတ္တာကိုရယူရန် အလျင်စလိုမလုပ်ဘဲ ရှောင်ယုကိုအကြံတောင်းလိုက်သည်။
ရှောင်ယုသည် ဝိညာဉ်သေတ္တာကိုကြည့်ရင်း ပြန်ပြောလိုက်သည်။
"ငါလည်းမသိဘူး...ဒါကတကယ့်ကိုနတ်ဆိုးဆန်တဲ့ရတနာတစ်ခုပဲ...အဲ့ဒီအချိန်တုံးကဆိုရင် ဂေါ်ဒန်တောင်မှ ဒီရတနာကိုအပြည့်အဝထိန်းချုပ်နိုင်တာမျိုးမရှိခဲ့ဘူး...မဟုတ်ရင်သူကဒါကိုယူသွားတာကြာရောပေါ့"
"အဲ့ဒါဆိုရင် မင်းကငါတို့ကို ဘာလို့ဒီနေရာကိုခေါ်လာတာလဲ"
နီကိုးလပ်စ်သည် စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။
"ဂေါ်ဒန်ရဲ့ဦးခေါင်းခွံက ဒီနေရာမှာရှိနေနိုင်လို့ပဲ"
ရှောင်ယုက တီးတိုးရေရွတ်လိုက်သည်။
"ဂေါ်ဒန်ရဲ့ဦးခေါင်းခွံ...အဲ့ဒါကဝိညာဉ်သေတ္တာထဲရှိနေတာလား"
နီကိုးလပ်စ်က ထပ်မေးလိုက်သည်။
ရှောင်ယုကခေါင်းခါပြလိုက်ကာ ရိုးရိုးသားသားပြန်ဖြေလိုက်သည်။
"ငါလည်းမသိဘူး"
ရှောင်ယု၏ယခင်ဘဝ၌ ဂိမ်းထဲတွင် အီလီဒမ်သည် ဂေါ်ဒန်၏ဦးခေါင်းခွံကိုလက်နက်အဖြစ် အသုံးပြုခဲ့သည့်အတွက်ကြောင့် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံသည် အီလီဒမ်ကပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ဤကမ္ဘာပေါ်တွင် အီလီဒမ်သည်သူ၏ဘေးနား၌ရှိနေပြီဖြစ်၍ ဂေါ်ဒန်၏ဦးခေါင်းခွံက ဤနေရာ၌ထွက်ပေါ်လာမည်မှာသေချာပေသည်။
"သူ့ကိုယ်သူကာကွယ်ဖို့အတွက် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို အဲ့ဒီနေရာ၌ ထားခဲ့တာဖြစ်နိုင်ပါမလား"
"ဟုတ်တယ်...ငါမြင်တဲ့အတိုင်းသာဆိုရင် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံက အဲ့ဒီနေရာမှာရှိနေရမယ်"
ထိုအချိန်တွင် လူတိုင်း၏အကြည့်များ၌ လောဘမီးများတောက်လောင်နေခဲ့သည်။
သို့သော်လည်း ဤနေရာ၌ လူများစွာရှိနေသည့်အတွက်ကြောင့် ဝိညာဉ်သေတ္တာကို မည်သူကမှဦးစွာသွားယူဝံ့ခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သာရှေ့တက်သွားပါက ထိုလူသည်လူတိုင်း၏ရန်သူဖြစ်သွားမှာဖြစ်သည်။
နီကိုးလပ်စ်သည် သူတို့၏အတွေးအမြင်များကို မည်သို့နားမလည်နိုင်ရမည်နည်း။ ထို့ကြောင့် နီကိုးလပ်စ်သည်လူတိုင်းကိုတစ်ချက်ကြည့်လိုက်ပြီး ရှောက်ယုကိုမေးလိုက်သည်။
"ငါတို့အခုဘာဆက်လုပ်ရမှာလဲ"
ရှောင်ယုသည် ဝိညာဉ်သေတ္တာကိုကြည့်၍ ပြန်ပြောလိုက်သည်။
"သတ္တိရှိတဲ့သူတိုင်း ဝိညာဉ်သေတ္တာကို သွားယူနိုင်တယ်...ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင်ကတော့ ဝိညာဉ်သေတ္တာကိုမရနိုင်ဘူးလို့ ခံစားနေရတယ်"
ရှောင်ယု၏စကားကို လူတိုင်းကြားလိုက်ရသောအခါတွင် လူတိုင်း၏မျက်နှာပေါ်၌ သံသယဖြစ်နေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည် ။ သူတို့သည် တစ်ချိန်ကအေဂါဝမ်အတွက် အမြှောက်စာများဖြစ်လာခဲ့ပြီးဖြစ်ရာ မည်သူကမှရှေ့သို့မတက်ဝံ့ကြပေ။
ထို့ကြောင့်ရှောင်ယုက ထိုလူများကိုကြည့်၍ တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"ငါ့ရဲ့ခန့်မှန်းချက်အရသာဆိုရင် ဝိညာဉ်သေတ္တာထဲမှာ ကောင်းမွန်တဲ့အရာတွေရှိနေမှာဖြစ်ပေမဲ့ အဲ့ဒီထဲမှာ အရမ်းကိုအားကောင်းတဲ့နတ်ဆိုးဝိညာဉ်တွေနဲ့ မကောင်းဆိုးဝါးတွရှိနေနိုင်တယ်....အဆုံးသတ်မှာအဲ့ဒီရတနာဟာ ဝိညာဉ်အနှစ်သာရတွေကိုနှစ်ပေါင်းများစွာစုပ်ယူခဲ့ပြီး နှစ်ပေါင်းဘယ်လောက်ကြာကြာစုပ်ယူခဲ့တယ်ဆိုတာကို နတ်ဘုရားတွေသာသိလိမ့်မယ်...ငါတို့ကဝိညာဉ်သေတ္တာထဲမှာ ပုန်းကွယ်နေတဲ့မကောင်းဆိုးဝါးကို အတူတူပူးပေါင်းသတ်ဖြတ်ပြီးတော့ ရလာတဲ့ရတနာတွေကိုခွဲယူဖို့အကြံပြုတယ်"
ရှောင်ယုထံမှ ထိုစကားကို လူတိုင်းကြားလိုက်ရချိန်တွင် သံသယစိတ်ဖြင့် ရှောင်ယုအားဝိုင်းကြည့်လိုက်ကြသည်။ ရှောင်ယုက ငါတို့ကိုထပ်ပြီးလှည့်စားဖို့ကြံစည်နေတာလား...
အနီးစပ်ဆုံးအနေဖြင့် အေဂါဝမ်၏ကိစ္စ၌ ရှောင်ယုကသူတို့အားလှည့်စားခဲ့သည်မဟုတ်လား...
ရှောင်ယုသည် ထိုလူများ၏အမူအရာကို ဂရုလုံးဝမစိုက်ဘဲ သူ၏မျက်လုံးများအားမှိတ်ထားလိုက်သည်။
"မင်းတို့အဲလိုမလုပ်ချင်ရင်လည်း ငါတို့ဝိညာဉ်သေတ္တာကိုမဖွင့်ဘဲ လက်လျော့ရုံပဲရှိတော့တာပေါ့...ဘယ်သူသိနိုင်မှာလဲဂေါ်ဒန်ရဲ့ဦးခေါင်းခွံက သေတ္တာထဲရှိရင်လည်းရှိနေနိုင်တာပဲ"
"ဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ"
ထိုအချိန်တွင် ပဥ္စမအဆင့်ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်သည် ဓားရှည်ကြီးတစ်လက်နှင့်အတူရောက်ရှိလာကာ အေးစက်သောလေသံဖြင့်မေးမြန်းလိုက်သည်။
ထိုအခါ ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
"ငါကဘယ်လိုသိနိုင်မှာလဲ...ငါ့မှာနတ်မျက်စိရှိနေတယ်လို့မင်းထင်နေတာလား...ငါသာအရာရာကိုသိနေရင် ငါကရတနာတွေကိုထားခဲ့မယ်လို့မင်းထင်လား...ငါဟာဒီနေရာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ရှေးဟောင်းစာအုပ်အချို့ကရရှိခဲ့တယ်...ခုငါကအကုန်လုံးကိုမျှဝေပေးနေတယ်ဆိုပေမဲ့ မင်းကအဲ့ဒါကိုတန်ဖိုးထားပုံမပေါ်ဘူး"
"ကောင်းပြီရှောင်ယု...မင်းအရင်သွားလိုက်...မင်းသာဝိညာဉ်သေတ္တာကိုအရယူနိုင်သရွေ့ လူတိုင်းဟာသူတို့ရဲ့ခွန်အားကို ဖုံးကွယ်မထားဘဲ တိုက်ပွဲဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်"
ထိုအချိန်တွင် နီကိုးလပ်စ်သည် ရှေ့သို့တိုးလာခဲ့ကာ ရှောင်ယုအားကြည့်၍ အာမခံလိုက်သည်။
အဆုံးသတ်တွင် အစီအစဉ်တချို့ရေးဆွဲပြီးနောက် ရှောင်ယုသည်ဝိညာဉ်သေတ္တာကို ဖွင့်လှစ်ရန်အတွက် ဂရုတစိုက်ချဉ်းကပ်လာခဲ့သည်။
သို့သော်လည်း ဝိညာဉ်သေတ္တာအနီးသို့ရောက်ရှိလာပြီးနောက်တွင် အချိန်တစ်ခုကြာသည်ထိ ဂရုတစိုက်စောင့်ကြည့်ပြီးနောက် ဝိညာဉ်သေတ္တာကိုဖွင့်ရန်နည်းလမ်း ရှာမတွေ့ခဲ့ပေ။ဤဝိညာဉ်သေတ္တာသည် အနည်းငယ်မတူကွဲပြားနေပုံရသည်။
ရှောင်ယုသည် ဝိညာဉ်သေတ္တာမှထွက်လာသော အုံ့မှိုင်းနေသည့်အော်ရာကို သတိထားမိသည်နှင့် သူ၏စိတ်ထဲ၌အတွေးတစ်ခုဝင်လာခဲ့ကာ သူ၏လက်ညိုးကိုကိုက်ဖောက်၍ သွေးတစ်စက်ကိုစီးကျစေခဲ့သည်။
ဝေါင်း...
ရှောင်ယု၏သွေးစက်သည် ဝိညာဉ်သေတ္တာပေါ်သို့ ကျဆင်းသွားသည်နှင့်တပြိုင်နက် ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ဝိညာဉ်သေတ္တာအတွင်းမှနေ၍ ဧရာမပုံရိပ်တစ်ခု ခုန်ထွက်လာခဲ့သည်။
လူတိုင်းသည် ထိုသားရဲကြီးကိုတွေ့မြင်လိုက်ရချိန်တွင် ၎င်း၏ထူးဆန်းသောပုံစံကြောင့် အနည်းငယ်အံ့သြသွားခဲ့ရသည်။
"သေစမ်း...ဒီနတ်ဆိုးသားရဲက မျက်နှာသုံးဖက်နဲ့ဆင်တူပေမဲ့ ဒီကောင့်မှာဦးခေါင်းတွေပိုများနေတာပဲ"
ရှောင်ယုက သူ၏စိတ်ထဲ၌ အတွေးတစ်ခုဝင်လာခဲ့သည်။
ဝိညာဉ်အနှစ်သာရများကို နှစ်ပေါင်းများစွာစုဆောင်းပြီးနောက်တွင် ဤနတ်ဆိုးသည်ထွက်ပေါ်လာလိမ့်မည်ဟု ရှောင်ယုမမျှော်လင့်ထားခဲ့ပေ။ ဤနတ်ဆိုးသည် မျက်နှာသုံးဖက်နတ်ဆိုးနှင့်ဆင်တူပေသည်။
သို့သော်လည်း ဤနတ်ဆိုး၏ပုံစံအရ ၎င်းသည်မျက်နှာသုံးဖက်နတ်ဆိုးထက် များစွာပိုမိုအားကောင်းကြောင်းထင်ရှားပေသည်။
"ငါတို့ဘာဆက်လုပ်ရမလဲရှောင်ယု..."
နီကိုးလပ်စ်သည် ထိုနတ်ဆိုးကိုတွေ့တွေ့ချင်း အံ့အားသင့်သွားခဲ့သည်။ ဤနတ်ဆိုးသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်ဂြိုလ်ဆိုးတမန်တော်ကဲ့သို့ အစွမ်းထက်ပုံရပေသည်။
ယခုအခါ လူတိုင်း၏ပေါင်းစပ်စွမ်းအားသည် ထိုအချိန်ကထက်ပိုမိုအားကောင်းနေပြီဖြစ်သော်လည်း ဤနတ်ဆိုးနှင့်ရင်ဆိုင်ရမည်ဆိုပါက လူတိုင်းမည်မျှထိ ထိခိုက်နစ်နာမည်ကို တပ်အပ်မပြောနိုင်ပေ။
ထို့ပြင် လက်ရှိအချိန်၌လူတိုင်းသည် သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားကိုသာ တွေးတောနေခဲ့ကြသည်။ သို့ဖြစ်ရာ ထိတ်လန့်ဖွယ်ကောင်းသည့် နတ်ဆိုး၏ဟန်ပန်ကြောင့် လူတိုင်းလိုလိုပင် အထိတ်တလန့်ဖြစ်သွားခဲ့ရသည်။
"လူတိုင်းသတိထားကြ...ငါ့ကိုယုံကြည်တယ်ဆိုရင်ငါ့ရဲ့အမိန့်ကိုနာခံကြ...မဟုတ်ဘူးဆိုရင် အသေအပျောက်အများကြီးရှိလိမ့်မယ်"
ထိုအချိန်တွင်ရှောင်ယုက အော်ဟစ်လိုက်သည်။
ဤကိစ္စ၏ပြင်းထန်မှုသည် သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။ သူသာအခြေအနေများကို အချိန်မှီမထိန်းချုပ်နိုင်ပါက လူတိုင်းကံကောင်းကြမည်မဟုတ်ပေ။
"ကောင်းပြီ...ငါတို့သဘောတူတယ်"
ထိုအချိန်တွင် လူတစ်ယောက်ကရုတ်တရက်အသံကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။
ထိုလူသည် ထူးဆန်းသောဝတ်စုံကိုဝတ်ဆင်ထားခဲ့ပြီး သံမဏိမြင်းညီနောင်အဖွဲ့မှ တစ်ယောက်ဟု ရှောင်ယုသံသယရှိနေသူဖြစ်သည်။
တစ်စုံတစ်ယောက်က ရှေ့မှဦးဆောင်လာချိန်တွင် အခြားလူများကလည်း နောက်မှချက်ချင်းလိုက်လာကြသည်။
ထိုမြင်ကွင်းကိုကြည့်၍ ရှောင်ယုကခေါင်းညိတ်ပြလိုက်ကာ အမိန့်ပေးလိုက်သည်။
"ဒိုင်းကိုင်စစ်သည်တွေကရှေ့ကိုတိုးလာပြီး ကာကွယ်ရေးလိုင်းတစ်ခုဖွဲ့စည်းလိုက်"
ရှောင်ယုသည် ဤမျက်နှာမျိုးစုံရှိသော နတ်ဆိုးကိုအမြန်ဆုံးသတ်ဖြတ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးစတင်ကြိုးစားခဲ့သည်။
ဤနတ်ဆိုး၏ခန္ဓာကိုယ်တည်ဆောက်ပုံသည် အလွန်ထူးခြားလှပြီး ထူးဆန်းသောမျက်နှာများဖြင့်ဖွဲ့စည်းထားသည်။ ရှောင်ယုသည် ၎င်းတို့အားသေချာရေတွက်ကြည့်အပြီးတွင် စုစုပေါင်းမျက်နှာ၇ခုရှိနေကြောင်း တွေ့လိုက်ရသည်။
"သေစမ်း...မျက်နှာ၃ခုရှိတဲ့နတ်ဆိုးကိုတောင်သတ်ဖြတ်ဖို့အရမ်းခက်ခဲနေတာ...ခုလိုမျက်နှာ၇ခုရှိတဲ့နတ်ဆိုးမျိုးဆိုရင် ပိုဆိုးပြီပေါ့ဟ"
ထိုအချိန်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးက တဟုန်ထိုးပြေးဝင်လာခဲ့သည်။
"ဒိုင်းကိုင်စစ်သည်တွေက သူ့ကိုပိတ်ဆို့ထားကြ...မှော်ဆရာတွေကတော့သူ့ကိုအဝေးကနေပြီးတိုက်ဖို့လုပ်...လေးသမားတွေနဲ့အခြားတပ်သားတွေက မျက်နှာခုနှစ်ခုနတ်ဆိုးရဲ့နောက်ဘက်ကိုသွားပြီးတော့ ငါအချက်ပေးတဲ့အချိန်တိုက်ခိုက်ဖို့အဆင်သင့်ပြင်ထားကြ"
ထိုအခိုက်အတန့်တွင် ရှောင်ယု၏မျက်လုံးများ၌ ယုံကြည်မှုအပြည့်ရှိနေကာ တည်ငြိမ်သောအမူအရာဖြင့် ကျယ်လောင်စွာအမိန့်ပေးနေခဲ့သည်။ ဤအချိန်တွင် ရှောင်ယုသည်ပုံမှန်အားဖြင့် ကြမ်းတမ်းသောပုံစံကိုထုတ်ဖော်နေရာမှ တည်ငြိမ်သောစစ်ဗိုလ်ချုပ်တစ်ယောက်၏ပုံစံကို ထုတ်ဖော်ပြသလာခဲ့သည်။
မျက်နှာခုနှစ်ခုနတ်ဆိုးသည် သူ၏ပါးစပ်များမှနေ၍ အပြာရောင်မီးလုံးများအား မှုတ်ထုတ်လိုက်သည်။ ထိုအပြာရောင်မီးလုံးများသည် ဒိုင်းလွှားများပေါ်သို့ကျရောက်လာပြီးနောက်တွင် ခုန်ပေါက်ကျော်လွှားသွားခဲ့သည်။
"ဆက်ပြီးပိတ်ဆို့ထားကြ"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဤဒိုင်းကိုင်စစ်သည်များသည် နီကိုးလပ်စ်၏ထိပ်တန်းတပ်သားများဖြစ်သည်ဟုဆိုလျှင် မမှားပေ။ သူတို့သည်ကျွမ်းကျင်စစ်သည်တော်များဖြစ်ကြပြီး ယခုလိုတိုက်ခိုက်ခံရချိန်တွင် ထိခိုက်ဒဏ်ရာမရရှိကြပေ။ သူတို့သည် ရှောင်ယု၏အမိန့်ကိုချက်ချင်းပင်နာခံခဲ့ကြပြီး ခုခံရန်ချက်ချင်းအသင့်ပြင်ထားခဲ့ကြသည်။
...
ထိုအချိန်တွင် ဒိုင်းကိုင်စစ်သည်များကြားသို့ ရွှေရောင်အလင်းတန်းတစ်ခုက တဖြည်းဖြည်းဖုံးလွှမ်းလာခဲ့သည်။ ဤအရာသည် ရှောင်ယုထုတ်ဖော်လိုက်သော ပါလာဒင်ကျွမ်းကျင်မှု ဘုရင့်၏ကောင်းချီးဖြစ်သည်။
ရှောင်ယုသည် အူသာ၏အရေးကြီးသောကောင်းချီးအချို့အား သင်ယူထားခဲ့သည်။ အကယ်၍အူသာသည် အနီးအနားတွင်ရှိမနေခဲ့ပါက တပ်ဖွဲ့၏အလုံးစုံတိုက်ခိုက်ရေးစွမ်းအားကို တိုးတက်စေရန်အတွက် ကောင်းချီးကိုအသုံးချရမည်ဖြစ်သည်။
တပ်မှူးတစ်ယောက်အနေဖြင့် တပ်ဖွဲ့၏အလုံးစုံအင်အားကိုတိုးမြင့်စေနိုင်မယ့် အရန်ကျွမ်းကျင်မှုအချို့အား သင်ယူထားခြင်းမှာ သဘာဝကျပေသည်။
ဘုရင့်ကောင်းချီးကို လက်ခံရရှိလိုက်ကြသည့်တပ်သားများသည် အစောပိုင်း၌ထိတ်လန့်တုန်လှုပ်သွားကြကာ သူတို့၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ယခုအခါ လူတိုင်းကသူတို့၏ခွန်အားနှစ်ဆနီးပါးတိုးလာသည်ကို ခံစားမိလိုက်ကြသည်။
ဤခံစားချက်သည် လူတိုင်းအားရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။ အမှန်တွင် ကျွမ်းကျင်သူများအတွက် ခွန်အားတိုးလာရန်မှာအလွန်ပြင်းပြသောဆန္ဒဖြစ်သည်။ သို့ဖြစ်ရာ သူတို့၏ခွန်အားနှစ်ဆတိုးလာမှုအပေါ် သူတို့အလွန်ပင်စိတ်ကျေနပ်နေကြသည်။
အခန်း ၄၄၀ - မျက်နှာပြောင်းလဲခြင်း
"ဒီကောင်ကဘယ်လိုကောင်လဲဟ..."
"သူ့မှာပါလာဒင်တစ်ယောက်ရဲ့အစွမ်းတွေရှိနေတာပဲ...ပြီးတော့အဲ့ဒီအစွမ်းတော်တော်ကောင်းတယ်...ဘုရားကျောင်းကအူသာကိုသတ်ဖြတ်ချင်နေတာ အံ့သြစရာမဟုတ်တော့ဘူး...အူသာအသက်ရှင်နေရင် သူကဘုရားကျောင်းအတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမှာပဲ...သူသာမသေဆုံးခဲ့ရင် တိုက်ကြီးတစ်ခုလုံးရဲ့စွမ်းအားချိန်ခွင်လျှာက အများကြီးပြောင်းလဲသွားနိုင်တယ်"
ထိုလူများအားလုံးသည် အမိန့်များကိုဆက်တိုက်ထုတ်ပြန်နေသော ရှောင်ယုကိုကြည့်မိလိုက်ကြသည်။ ယခုအခါတွင် ရှောင်ယုသည်တည်ကြည်လေးနက်သောအမူအရာကို ထုတ်ဖော်ထားခဲ့ကာ ကျော်ကြားသည့်ဗိုလ်ချုပ်တစ်ယောက်၏ အငွေ့အသက်ကိုခံစားရစေသည်။ ထိုအချိန်မှရှောင်ယုသည် ကျော်ကြားလှသည့် မဟာဗိုလ်ချုပ်ကြီးရှောင်ကျန်းထျန်၏သားဖြစ်ကြောင်း လူတိုင်းသတိရလာကြသည်။
ထိုပုဂ္ဂိုလ်သည် လောက၏ပလ္လင်တော်အားရယူရန်အတွက် အမှန်တကယ်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မှီသူဖြစ်သည်။
ရှောင်ယု၏အမိန့်နှင့်အတူ တပ်သားများ၏ဖွဲ့စည်းပုံက တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ ဧရာမမျက်နှာခုနှစ်ခုနတ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကိုပိုင်ဆိုင်ထားကာ သူ၏တိုက်ခိုက်မှုတိုင်းက လူတိုင်းကိုကြီးမားသောအန္တာရယ်သို့ကျရောက်စေသော်လည်း အသေအပျောက်များစွာမရှိခဲ့ပေ။
လူတိုင်းသည် လက်ရှိအခြေအနေကိုကြည့်ရင်း ရှောင်ယု၏အမိန့်ကိုနာခံမိသည့်အပေါ် တိတ်တခိုးကျေးဇူးတင်နေမိကြသည်။ ထိုသို့မဟုတ်ပါက သူတို့သည်အသေအပျောက်အလွန်များပြားသွားမည်ဖြစ်သည်။
မျက်နှာခုနှစ်ခုနတ်ဆိုး၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်ပြင်းထန်ကာ တဲ့တိုးဆန်လှပေသည်။ ထို့ကြောင့် ကျွမ်းကျင်တိုက်ခိုက်ရေးသမားအမြောက်အများသည် ခုခံနိုင်စွမ်းမရှိဘဲ နောက်သို့သာဆုတ်ခွာပေးနေရသည်။
"မင်းတို့ရဲ့စွမ်းအားကို ထိန်ချန်ထားဖို့မကြိုးစားကြနဲ့...အဲ့ကောင်ကြီးကိုအချိန်မှီသတ်ဖြတ်တာမျိုးမလုပ်နိုင်ရင် အသေအပျောက်အရမ်းများသွားလိမ့်မယ်...မင်းတို့ရဲ့ဝှက်ဖဲတွေကိုထိန်ချန်ထားတာမျိုးတို့လုပ်ရင် တစ်စက္ကန့်လေးနှောင့်နှေးမှုက သေဆုံးမှုနှုန်းကိုကြောက်မခန်းလိလိမြင့်တက်သွားစေမှာပဲ"
ရှောင်ယုသည် ထိုအခြေအနေကိုကြည့်၍ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်သည်။
ရှောင်ယု၏အော်ဟစ်သံကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် လူတိုင်း၏မျက်နှာသည်နီရဲလာခဲ့ကာ ချက်ချင်းပင်ပြင်းထန်သောတိုက်ခိုက်မှုများကို ထုတ်ဖော်လာခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော မှော်တိုက်ခိုက်မှုများထွက်ပေါ်လာခဲ့ကာ မျက်နှာခုနှစ်ခုနတ်ဆိုးအား ချက်ချင်းနစ်မြုပ်သွားစေခဲ့သည်။
ဤနေရာသို့ရောက်လာသူတိုင်း၏စွမ်းအားသည် အလွန်အံ့သြဖွယ်ကောင်းသည်မှာ ငြင်းဆန်၍မရပေ။
ဤနေရာသို့ရောက်လာကြသူများသည် သက်ဆိုင်ရာအင်အားစုများ၏ လက်ရွေးစင်ကျွမ်းကျင်သူများဖြစ်ကြသည်။ ဤလက်ရွေးစင်များသာ ကောင်းမွန်စွာပူးပေါင်းလုပ်ဆောင်နေသရွေ့ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် သဘာဝကျစွာပင် အလွန်အားကောင်းလာမည်ဖြစ်သည်။
သူတို့သာ မျက်နှာခုနှစ်ခုနတ်ဆိုးကိုသတ်ဖြတ်နိုင်သရွေ့ ဝိညာဉ်သေတ္တာကို ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
စိတ်ဝိညာဉ်သေတ္တာအတွင်း၌ ဂေါ်ဒန်၏ဦးခေါင်းခွံရှိမနေလျှင်တောင်မှ ကောင်းမွန်သည့်အရာများရှိနေနိုင်ကြောင်း ရှောင်ယုယုံကြည်မှုရှိပေသည်။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ မျက်နှာခုနှစ်ခုနတ်ဆိုး၏ ပထမမျက်နှာသည် မှတ်မိနိုင်စွမ်းမရှိလောက်သည်အထိ တိုက်ခိုက်ခံလိုက်ရသည်။ ထို့နောက်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် ကြေကွဲဖွယ်အသံဟိန်းဟောက်လိုက်ရာ ၎င်း၏ဝိညာဉ်မီးတောက်က ချုပ်ငြိမ်းသွားခဲ့သည်။
ဝိညာဉ်မီးတောက်ချုပ်ငြိမ်းခြင်းက ဤမျက်နှာသည်လုံးဝပျက်စီးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
မျက်နှာတစ်ခုပျက်စီးသွားသည်ကို မြင်လိုက်ရပြီးနောက်တွင် အောင်ပွဲခံနိုင်ရန်အတွက် အာရုဏ်ဦးကိုတွေ့မြင်လိုက်သောကြောင့် လူတိုင်းရွှင်မြူးသွားခဲ့ကြသည်။
သို့သော်လည်း ဤအရာသည်အစသာရှိသေးကြောင်း ရှောင်ယုတစ်ယောက်သာသိထားပေသည်။ အဆုံးသတ်တွင် ဤမျက်နှာခုနှစ်ခုနတ်ဆိုးသည် ကိုင်တွယ်ရအလွန်ခက်ခဲပေသည်။
ထိုအချိန်တွင် လူတိုင်း၏ခြေထောက်အောက်ရှိမြေပြင်သည် လှုပ်ခါလာခဲ့ကာ ဝိညာဉ်သေတ္တာသည် တဖန်ပြန်လည်ဖွင့်ဟလာခဲ့ပြီး မျက်နှာခုနှစ်ခုနတ်ဆိုးတစ်ကောင် ထွက်ပေါ်လာခဲ့ပြန်သည်။
မျက်နှာခုနှစ်ခုနတ်ဆိုးသည် သူ၏စွမ်းအားကိုပြန်လည်ရရှိလာပြီဖြစ်ကြောင်း သိရှိလိုက်သည့်အတွက်ကြောင့် ရှောင်ယုကကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။
"နေရာရွေ့ကြ...လူစုခွဲပြီး နတ်ဆိုးရဲ့တစ်နေရာတည်းကိုအာရုံစိုက်တိုက်ခိုက်နေတာကိုရပ်လိုက်"
ရှောင်ယု၏အမိန့်ကိုကြားချိန်တွင် လူတိုင်းကဖြန့်ခွဲလိုက်ကြသည်။ အကယ်၍ အန္တာရယ်တစ်စုံတစ်ခုနှင့်ကြုံတွေ့ခဲ့လျှင်ပင် သူတို့သည် ဤသို့ဖြန့်ကျက်ထားခြင်းကြောင့် သေကျေပျက်စီးမှုများစွာကိုခံရမည်မဟုတ်ပေ။
မျက်နှာခုနှစ်ခုနတ်ဆိုး၏ တိုက်ခိုက်မှုစွမ်းအားသည် အလွန်ပင်ပြင်းထန်လှပေသည်။ အကယ်၍ ၎င်း၏တိုက်ခိုက်မှုကိုခုခံနိုင်စွမ်းရှိသည့် အစွမ်းထက်သောဒိုင်းကိုင်တပ်သားများကြောင့်သာမဟုတ်ပါက သူတို့သည်ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီးဖြစ်သည်။ အကယ်၍သူတို့ကသာ မျက်နှာခုနှစ်ခုနတ်ဆိုးကို ရှေ့တိုးခွင့်ပေးလိုက်ပါက သူတို့၏တပ်သားများစွာသေကြေပျက်စီးသွားရမည်ဖြစ်သည်။
"သေစမ်း...သူထပ်လုပ်ပြန်ပြီ"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက်ထအော်လိုက်သည်။
ယခုတစ်ကြိမ်တွင် မျက်နှာခုနှစ်ခုနတ်ဆိုး၏ခန္ဓာကိုယ်မှ လောင်ကျွမ်းနေသည့်မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ဒိုင်းစစ်သည်များသည် ထိုမီးတောက်များဖြင့်ထိမှန်ခံလိုက်ရသည့်အခါ အော်ဟစ်သံများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
"နောက်ဆုတ်ကြ...သူ့အာရုံကိုဆွဲဆောင်မယ့်သူတွေ သူ့အနားကိုအရမ်းကြီးမကပ်ကြနဲ့"
မျက်နှာခုနှစ်ခုနတ်ဆိုး၏ တိုက်ခိုက်မှုအားသတိထားမိချိန်တွင် ထိုတိုက်ခိုက်မှုအား ခုခံနိုင်သူများစွာမရှိကြောင်း ရှောင်ယုနားလည်လိုက်သည်။
နှစ်ပေါင်းသောင်းချီကြာအောင် မသေမျိုးများ၏ဝိညာဉ်အနှစ်သာရများကိုစုပ်ယူပြီးမှ ရရှိလာသည့်ဤအစွမ်းထက်သောမီးတောက်ကို သာမန်လူများတောင့်ခံနိုင်စွမ်းမရှိပေ။
အဝေးမှတိုက်ခိုက်နေသည့် မှော်ဆရာများအား သူတို့၏တိုက်ခိုက်မှုအားလျော့ချရန်အတွက် ရှောင်ယုကအမိန့်ပေးခဲ့သည်။ထိုမှသာ မျက်နှာခုနှစ်ခုနတ်ဆိုးက အခြားသူများကိုပစ်မှတ်ထားလာနိုင်မှာဖြစ်သည်။
ဘန်း...
ရုတ်တရက်ဆိုသလိုပင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် လေပေါ်ခုန်တက်ပြီး သူ၏လက်ဖြင့်မြေပြင်ကိုရိုက်ချလိုက်ချိန်တွင် ကြီးမားသောတွင်းပေါက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်ရှေ့ဆုံးမှလူစုသည် တွင်းပေါက်အတွင်းသို့ပြုတ်ကျသွားခဲ့သည်။
တွင်းပေါက်ထဲရှိလူများသည် ထိုတိုက်ခိုက်မှုအားရှောင်တိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မျက်နှာခုနှစ်ခုနတ်ဆိုးက လျင်မြန်စွာတိုက်ခိုက်လိုက်၍ သူတို့၏အရိုးများကျိုးပဲ့သွားခဲ့ရသည်။
ဘန်း...
နောက်ထပ်တစ်ကြိမ်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် မျက်နှာခုနှစ်ခုနတ်ဆိုး၏လက်ချက်ကြောင့် ထိုပေါက်ကွဲသံဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ရှောင်ယုက မျက်နှာခုနှစ်ခုနတ်ဆိုး၏ပါးစပ်ထဲသို့ ဗုံးတစ်ခုကိုပစ်ချလိုက်သောကြောင့်ဖြစ်သည်။
ရှောင်ယုသည် ဂေါ်လောခ့်ရတနာသိုက်မှ ဗုံးများစွာကိုသိမ်းဆည်းမိခဲ့သည်။ ဗုံးများသည် ပျက်စီးမှုဖြစ်ပေါ်စေနှုန်းအလွန်မြင့်မားလှသည်။ သို့သော် ၎င်းတို့သည်အပြင်၌ပေါက်ကွဲပါက ပေါက်ကွဲစွမ်းအားအနည်းငယ်နိမ့်ပါး၍ အကန့်အသတ်ဖြင့်သာပျက်စီးစေသည်။
သို့သော်လည်း မျက်နှာခုနှစ်ခုနတ်ဆိုး၏ပါးစပ်ထဲ၌ ပေါက်ကွဲသွားပါက တစ်မျိုးတစ်ဖုံကွဲပြားသွားမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် သူ၏ဝမ်းဗိုက်အတွင်းမှဖြစ်ပေါ်လာသည့် ပြင်းထန်သောနာကျင်မှုကြောင့် ကျယ်လောင်စွာအော်ဟစ်ကာ ရှောင်ယုထံသို့ပြေးဝင်လာခဲ့သည်။
ရှောင်ယုသည် မျက်နှာခုနှစ်ခုနတ်ဆိုး၏တိုက်ခိုက်မှုအား ရှောင်တိမ်းရန်အတွက် တည်နေရာရွေ့ပြောင်းလိုက်သော်လည်း ရှောင်ယု၏နောက်ကွယ်မှလူများသည် ထိုမျှကံကောင်းလှခြင်းမရှိပေ။
"ငါလုပ်သလိုမျိုးလုပ်ပြီး သူ့ကိုအသေသာသတ်ပစ်လိုက်"
ရှောင်ယုသည် အနီးအနားရှိလူများကို ဗုံးများပစ်ပေးလိုက်ကာ အတူတကွစုပေါင်း၍ တိုက်ခိုက်စေခဲ့သည်။ ဤနည်းဖြင့်သာဆိုလျှင် မျက်နှာခုနှစ်ခုနတ်ဆိုးက တဖြည်းဖြည်းပင်ပန်းနွမ်းနယ်လာမည်ဖြစ်သည်။
လူတိုင်းအတူတကွတိုက်ခိုက်ပြီးနောက် ရာနှင့်ချီသောပေါက်ကွဲမှုများကိုခံစားအပြီးတွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် တဖြည်းဖြည်းအရေးနိမ့်လာခဲ့သည်။ အဆုံးသတ်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် နာကျင်စွာဖြင့်အော်ဟစ်လိုက်ကာ သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။
ထို့ကြောင့် မျက်နှာခုနှစ်ခုနတ်ဆိုး၏ဝိညာဉ်မီးတောက်က ထပ်မံ၍ချုပ်ငြိမ်းသွားခဲ့သည်။
သို့သော် ဝိညာဉ်သေတ္တာသည် တဖန်ဖွင့်ဟမည့်ပုံစံပြသလာခဲ့ကာ နောက်ထပ်မျက်နှာခုနှစ်ခုနတ်ဆိုးက ထွက်ပေါ်လာရန်ဟန်ပြင်နေခဲ့သည်။
"ဒီသေတ္တာကိုဖျက်ဆီးဖို့နည်းလမ်းရှိလား"
နီကိုးလပ်စ်က ဝိညာဉ်သေတ္တာကိုကြည့်ရင်းမေးမြန်းလိုက်သည်။
"ငါလည်းသေချာမသိဘူး...ဒါပေမဲ့မင်းစမ်းကြည့်လို့ရတယ်"
ရှောင်ယုကသူတို့အားကြည့်၍ ပြန်ဖြေလိုက်သည်။
နီကိုးလပ်စ်သည် ရှောင်ယု၏စကားကိုကြားပြီးနောက်တွင် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မှော်ဆရာတစ်ယောက်ရှေ့ထွက်လာခဲ့ပြီး ဝိညာဉ်သေတ္တာကိုဦးတည်၍ မီးလုံးတစ်ခုကိုပစ်လွှတ်လိုက်သည်။
ဒိုင်း....
ဧရာမမီးလုံးကြီးသည် အရှိန်အဟုန်အပြည့်ဖြင့် ဝိညာဉ်သေတ္တာဆီသို့ချည်းကပ်သွားခဲ့သော်လည်း ဝိညာဉ်သေတ္တာကိုထိမိသည်နှင့် ချက်ချင်းပြန်ကန်ထွက်လာခဲ့သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မှော်ဆရာသည်ထိခိုက်မှုမရှိခဲ့ပေ။
ဤဝိညာဉ်သေတ္တာသည် အလွန်ပင်အစွမ်းထက်၍လူတိုင်းတုန်လှုပ်သွားခဲ့ကြသည်။ ဤသေတ္တာကိုအရယူနိုင်ပြီး အစွမ်းထက်အဂ္ဂိရိတ်ပညာရှင်နှင့် ပြသနိုင်သည့်မည်သူမဆို အစွမ်းထက်သောရတနာတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
မကြာမှီ ဝိညာဉ်သေတ္တာသည်တဖန်ဖွင့်ဟလာကာ မျက်နှာခုနှစ်ခုနတ်ဆိုးတစ်ကောင်က ထပ်မံ၍ခုန်ထွက်လာခဲ့သည်။ လူတိုင်းသည် ဤမျက်နှာခုနှစ်ခုနတ်ဆိုးကိုတွေ့မြင်ချိန်၌ ဆိုးရွားသောအန္တာယ်အသိပေးချက်ကို ခံစားမိလိုက်ကြသည်။
ဤမျက်နှာခုနှစ်ခုနတ်ဆိုးသည် ယခင်မျက်နှာခုနှစ်ခုနတ်ဆိုးများထက်ပိုမိုအားကောင်းသလို ၎င်း၏အရွယ်အစားကလည်းသိသိသာသာကြီးမားပေသည်။
ဝေါင်း...
မျက်နှာခုနှစ်ခုနတ်ဆိုးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ရာ ချက်ချင်းပင်လူတိုင်း၏အောက်ခြေမြေပြင်သည် စတင်အက်ကွဲလာခဲ့သည်။
"ဘာဖြစ်တာလဲ"
ရုတ်တရက်အဖြစ်အပျက်ကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
အခန်း ၄၄၁ - ပြန်လည်တုံ့ပြန်ခြင်း
မျက်နှာခုနှစ်ခုနတ်ဆိုးသည် ဝိညာဉ်သေတ္တာမှနေ၍ ခုန်ထွက်လာခဲ့ကာ စူးရှစွာအော်ဟစ်လိုက်ပြီး လူအုပ်ဆီသို့ပြေးဝင်လာခဲ့သည်။
"တိုက်ကြ...အဲ့ကောင်ကိုအချိန်တိုအတွင်း သတ်ဖြတ်ဖို့ကြိုးစားကြ"
ရှောင်ယုသည် လက်ရှိအခြေအနေကိုတွေ့မြင်ပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထိုနတ်ဆိုး၏ အစစ်အမှန်လုပ်ဆောင်နိုင်စွမ်းကို သူမသိပေရာ ၎င်းကိုအမြန်ဆုံးဖယ်ရှားခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သံသယဖြစ်စရာမလိုအပ်ပေ။
"သတ်ကြ..."
ထိုနေရာတွင်ရှိသောလူတိုင်းသည်လည်း မျက်နှာခုနှစ်ခုနတ်ဆိုးအား အမြန်ဆုံးသတ်ဖြတ်ခြင်းသည် အကောင်းဆုံးသောရွေးချယ်မှုဖြစ်ကြောင်း သဘာဝကျကျနားလည်ထားသည့်အတွက်ကြောင့် စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်လိုက်ကြသည်။
ဝေါင်း...
လူတိုင်းသည် တိုက်ခိုက်မှုများ၏စွမ်းအားကို အမြင့်ဆုံးထိထုတ်ဖော်၍ မျက်နှာခုနှစ်ခုနတ်ဆိုးကိုဖိနှိပ်ခဲ့ကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကျွမ်းကျင်သူများပူးပေါင်းတိုက်ခိုက်မှုသည် ယခင်ကပင်အလွန်စွမ်းအားပြင်းထန်နေပြီဖြစ်ရာ ယခုအခါအဆပေါင်းများစွာပို၍ပင်ပြင်းထန်လာခဲ့သည်။
ရှောင်ယု၏ကောင်းချီးအောက်တွင် ပဥ္စမအဆင့်အထွတ်အထိပ်ကျွမ်းကျင်သူများသည်ပင် အနိုင်ယူ၍မရနိုင်သောကျွမ်းကျင်သူများဖြစ်လာကြသည်။
ယခင်မျက်နှာခုနှစ်ခုနတ်ဆိုးများအား ချောချောမွေ့မွေ့သတ်ဖြတ်နိုင်ရသည့်အကြောင်းရင်းမှာ ရှောင်ယုထုတ်ဖော်ထားသည့် ကောင်းချီး၏အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူတို့၏ပင်ကိုယ်စွမ်းအားဖြင့်ဆိုပါက မျက်နှာခုနှစ်ခုနတ်ဆိုးအား သတ်ဖြတ်နိုင်ကြမည်မဟုတ်ပေ။
လူတိုင်းသည် မျက်နှာခုနှစ်ခုနတ်ဆိုးကိုဖိနှိပ်ရန် ရုန်းကန်နေရသည်ကိုမြင်သောအခါ ရှောင်ယုကခိုင်ရင်းကိုအမိန့်ပေးလိုက်သည်။
"ခိုင်ရင်း...မင်းသွားတော့"
ရှောင်ယု၏အမိန့်ကိုကြားသောအခါ ခိုင်ရင်းသည် စကားတစ်ခွန်းမှမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်သည် တစ်စတစ်စပိုမိုကြီးထွားလာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမတိုက်တန်နွားသိုးအဖြစ်ပြောင်းလဲသွားခဲ့သည်။
ဘန်း..
အသွင်ပြောင်းပြီးနောက်တွင် ခိုင်ရင်းသည်မျက်နှာခုနှစ်ခုနတ်ဆိုးနှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့သည်။သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ချင်း ပြင်းထန်စွာတိုက်ခိုက်ရာမှ ကျယ်လောင်သောအသံများထွက်ပေါ်လာခဲ့သည်။
"သွက်လက်တဲ့တိုက်ခိုက်ရေးသမားတွေနဲ့လုပ်ကြံသူတွေအားလုံး ဒီနတ်ဆိုးကိုသတ်ဖြတ်ဖို့အတွက် ရှေ့တက်လာကြ"
ရှောင်ယု၏အမိန့်ကို လက်ခံရရှိပြီးနောက်တွင် လူတိုင်းသည်သူတို့၏ဖွဲ့စည်းပုံအား ချက်ချင်းပြောင်းလဲခဲ့ကြသည်။ လူတိုင်းသည် ဤနတ်ဆိုးအားသတ်ဖြတ်ရန်အတွက် အတူတကွလုပ်ဆောင်ခဲ့ကြသည်။
ထိုလူများအနက် မိုင်ယဗ်၏စွမ်းဆောင်မှုသည် ထင်ပေါ်နေခဲ့ကာ သူမ၏တိုက်ခိုက်မှုအရှိန်အဟုန်သည် အလွန်ပင်လျင်မြန်နေခဲ့သည်။ သူမသည် အချိန်ခဏတာအတွင်း တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်ဖော်နေခဲ့သည်။
ထို့ပြင် မိုင်ယဗ်သည်ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုများအား အလွယ်တကူရှောင်တိမ်းနိုင်ပေသည်။ ဆဌမအဆင့်ကျွမ်းကျင်သူများသည်ပင် သူမအားတိုက်ခိုက်လိုပါက လွယ်ကူနေမည်မဟုတ်ပေ။
ထိုအချိန်တွင် နီကိုးလပ်စ်၏အမိန့်ကြောင့် ရီလာသည်တိုက်ပွဲ၌ပါဝင်လာခဲ့သည်။ သူမသည် သွေးခြင်္သေ့ကိုပေါင်းစည်းလိုက်ကာ ခိုင်ရင်းနှင့်တိုက်ခိုက်နေသော မျက်နှာခုနှစ်ခုနတ်ဆိုးကို တွန်းလှန်စေခဲ့သည်။
ရီလာသည် အမှန်တကယ်ပင်အစွမ်းထက်လှပေသည်။ အဆုံးသတ်တွင် သူမသည်ဆဌမအဆင့်သွေးနတ်သူငယ်မှော်ဆရာဖြစ်ခဲ့ပြီး နီကိုးလပ်စ်ထံမှ သွေးလှံတံကိုလက်ခံရရှိထား၍ သူမ၏စွမ်းအားကိုပိုမိုကြီးထွားလာစေခဲ့သည်။
သွေးခြင်္သေ့သည် မျက်နှာခုနှစ်ခုနတ်ဆိုးကိုတိုက်ခိုက်ရန် ရှေ့သို့ပြေးဝင်လာခဲ့သည်။ ထိုအချိန်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် သွေးခြင်္သေ့ကိုပိုမို၍အာရုံစိုက်လာခဲ့သည်။ မျက်နှာခုနှစ်ခုနတ်ဆိုးသည် ချက်ချင်းပင်သွေးခြင်္သေ့အား လက်ဦးမှုရယူ၍တိုက်ခိုက်လိုက်သည်။ ဤသည်ကိုကြည့်ခြင်းဖြင့် သွေးခြင်္သေ့၏တိုက်ခိုက်နိုင်စွမ်းသည် ခိုင်ရင်းထက်မနိမ့်ကျကြောင်းသိသာပေသည်။
"အား..."
ထိုအချိန်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် စတင်ပြောင်းလဲလာကာ ထွင်းဖောက်၍တွေ့မြင်လာရသည်။
ထိုမြင်ကွင်းကိုတွေ့မြင်ချိန်၌ ရှောင်ယုကချက်ချင်းအော်ဟစ်လိုက်သည်။
"သတိထားကြ...လူတိုင်းနောက်ပြန်ဆုတ်"
ရှောင်ယု၏အော်ဟစ်သံကိုကြားချိန်တွင် လူတိုင်းဇဝေဇဝါဖြစ်သွားသော်လည်း အမြန်ဆုံးနောက်ပြန်ဆုတ်လိုက်ကြသည်။သို့သော် အနည်းငယ်တုံ့ဆိုင်းသွားသူအချို့က ယခုအချိန်၌ကံမကောင်းကြတော့ပေ။ သူတို့သည် သူတို့၏အသက်ဖြင့်ပေးဆပ်ခဲ့ရသည်။
ရှောင်ယု၏စကားအဆုံးတွင် မျက်နှာခုနှစ်ခုနတ်ဆိုး၏ခန္ဓာကိုယ်ပေါ်မှ မျက်နှာတစ်ခုပေါက်ကွဲသွားခဲ့ကာ ပေါက်ကွဲမှုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် အာကာပြင်သည်ပင်ပုံပျက်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ရှောင်ယုကလူတိုင်းအားဆုတ်ခွာရန် သတိပေးနိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက သူတို့၏ဆုံးရှုံးမှုသည်ပိုမိုများပြားသွားမှာဖြစ်သည်။
ယခုအချိန်တွင် ရှောင်ယုကသူတို့အား အမိန့်ပေးနေသည့်အပေါ် မည်သူကမှငြင်းဆန်ရဲခြင်းမရှိတော့ပေ။ ထိုသို့မဟုတ်ဘဲ ရှောင်ယုက တစ်ကိုယ်ကောင်းဆန်ကာမောက်မာစွာပြုလုပ်ခဲ့ပါက လူဘယ်နှစ်ယောက်အသက်ဆုံးရှုံးရမည်ကို မသိနိုင်ခဲ့ပေ။ ယခုမူ ရှောင်ယု၏အချိန်မှီသတိပေးချက်ကြောင့် လူများစွာအသက်ရှင်သန်နိုင်ခဲ့ကြသည်။
ထိုပေါက်ကွဲမှုအပြီးတွင် မျက်နှာခုနှစ်ခုနတ်ဆိုး၏ဝိညာဉ်မီးတောက်သည် ဖျော့တော့သွားခဲ့ကာ အားနည်းသွားခဲ့သည်။
ရှောင်ယုသည် မျက်နှာခုနှစ်ခုနတ်ဆိုးကို တတ်နိုင်သမျှအမြန်ဆုံးသတ်ဖြတ်လိုသည့်အတွက် နတ်ဆိုး၏မျက်နှာတစ်ခုစီအား ဗုံးများဖြင့်အသီးသီးပစ်ချလိုက်သည်။
ရှောင်ယု၏ဗုံးများကြောင့် မျက်နှာခုနှစ်ခုနတ်ဆိုး၏ ပါးစပ်များ၌ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာကာ သိသိသာသာပျက်စီးစေခဲ့သည်။
ထို့ပြင် အခြားလူများကလည်း တုံ့ဆိုင်းခြင်းမရှိတိုက်ခိုက်ခဲ့ရာ မျက်နှာခုနှစ်ခုနတ်ဆိုး၏ ဝိညာဉ်မီးတောက်သည် သိသိသာသာပင်အားနည်းလာခဲ့သည်။ ထိုအချိန်၌ မျက်နှာခုနှစ်ခုနတ်ဆိုး၏အရောင်သည် အနည်းငယ်တောက်ပလာကြောင်း ရှောင်ယုကသတိထားမိလိုက်သည်။
ထိုအရာသည် လုံးဝပုံမှန်ဖြစ်မနေခဲ့ပေ။
ဘန်း...
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
လူများသည် ဤနေရာတဝိုက်၌အေးအေးလူလူ သွားလာလှုပ်ရှားနေကြပြီး အခြားသောလူများကို လုံးဝသတိထားမိပုံမရပေ။
သူတို့ပတ်ဝန်းကျင်ရှိရှုခင်းများက ပြောင်းလဲသွားခဲ့သလို သူတို့၏မြင်ကွင်းကလည်း အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။ သူတို့အားလုံးသည် 3Dရုပ်ရှင်ရုံထဲ၌ ရောက်ရှိနေသလိုခံစားလိုက်ရသည်။
ထိုမြင်ကွင်းများသည် အမှောင်ဗိမာန်တော်အတွင်း၌ နေထိုင်ခဲ့ကြသူများ(သူတို့မသေဆုံးမှီ အသက်ရှင်သန်ခဲ့စဉ်ကကြုံတွေ့ခဲ့သည့်)အမှတ်တရများဖြစ်သည်။ ရံဖန်ရံခါတွင် သူတို့သည်အလွန်အေးချမ်းပျော်ရွှင်ပြီး သက်တောင့်သက်သာရှိနေခဲ့ကြသည်။ ရံဖန်ရံခါတွင် သူတို့သည်သတ်ဖြတ်ခြင်း၊အမှောင်ထု၊သွေးဆာခြင်းနှင့်အခြားသောအပျက်သဘောဆောင်သည့် ဆန္ဒများဖြင့်ပြည့်နှက်နေခဲ့ကြသည်။
လူတိုင်းသည် ထိုမြင်ကွင်းကိုကြည့်၍ အံ့သြသွားခဲ့ကြသည်။
"ဘာဖြစ်နေတာလဲ"
ထိုအချိန်တွင် ရှောင်ယုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မင်းတို့တွေထိတ်လန့်နေစရာမလိုတော့ဘူး...ဒါဟာဝိညာဉ်သေတ္တာကမှတ်တမ်းတင်ထားတဲ့ အမှောင်ဗိမာန်တော်ရဲ့နှစ်ပေါင်း၁၀၀၀၀ကြာမှတ်တမ်းတစ်ခုဖြစ်တယ်...အခုဒီမှတ်တမ်းကိုပြန်လည်ထုတ်ဝေနေတာပဲ...ငါတို့သာဂရုတစိုက်ကြည့်မယ်ဆိုရင် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်"
ရှောင်ယု၏စကားသံကိုကြားလိုက်ရချိန်တွင် လူတိုင်းတုန်လှုပ်အံ့သြသွားကြသော်လည်း အဆုံးသတ်၌သက်ပြင်းတစ်ချက်ချမိလိုက်သည်။ လူတိုင်း၏စိတ်အာရုံသည် ပြင်းထန်သောတိုက်ပွဲကြောင့် တင်းမာနေခဲ့သည်။
အထူးသဖြင့် အဆုံးသတ်တွင် မျက်နှာခုနှစ်ခုနတ်ဆိုးသည် သူကိုယ်တိုင်ဖောက်ခွဲလိုက်ချိန်၌ အလွန်ကြောက်စရာကောင်းခဲ့သည်။
ယခုအရာအားလုံးအဆုံးသတ်သွားချိန်တွင် လူတိုင်းသည်မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြပြီး အသက်ဝဝရှုကာ မှော်ဆန်သောမြင်ကွင်းကို ထိုင်ကြည့်နေခဲ့ကြသည်။
ထိုစဉ် ရုတ်တရက်အသံတစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏နားထဲတိုးဝင်သွားခဲ့သည်။
"အမှောင်ဗိမာန်တော်ရဲ့မူလသွင်ပြင်ကို ငါမှတ်မိနေသေးတယ်...ဒါဟာဒရာနီတို့ရဲ့ဝတ်ပြုတဲ့နေရာဖြစ်ခဲ့တယ်...သူတို့ဟာဗိမာန်တော်ထဲမှာဆုတောင်းပြီး ဥယာဉ်ထဲမှာတရားထိုင်ခဲ့တယ်...အဲ့ဒါကအရမ်းကိုပျော်ပြီးအေးချမ်းတဲ့ဘဝတွေပိုင်ဆိုင်ခဲ့တဲ့နေရက်တွေပဲ...ဗိမာန်တော်ထဲကိုဖောက်ထွင်းဝင်ရောက်လာခဲ့တဲ့ သားရဲတွေကငါသတိရနေသေးတယ်...ငါတို့မျိုးနွယ်ထဲကိုဝင်ရောက်ကျူးကျော်လာခဲ့တဲ့ နတ်ဆိုးစစ်တပ်နဲ့အောစ့်စစ်တပ်ကိုလည်း ငါအမှတ်ရနေသေးတယ်"
"အဲ့ဒီအမှောင်ထုဖုံးလွှမ်းခဲ့တဲ့နေ့ရက်တွေမှာ မက်ဂါဒီရွန်ကဗိမာန်တော်ကိုသိမ်းပိုက်ခဲ့တယ်...ပြီးတော့အီလီဒမ်...သစ္စာဖောက်တစ်ယောက်လို့ခေါ်ကြတဲ့ နတ်ဆိုးအမဲလိုက်သူတစ်ယောက်...သူကရန်သူတွေအတွက် ဆူးတစ်ချောင်းဖြစ်ခဲ့တယ်"
"အရင်က အမှောင်ဗိမာန်တော်ကိုငါတကယ်လွမ်းမိတယ်..ဟူး..."
ရှောင်ယုသည် ထူးဆန်းသည့်အသံကိုကြားလိုက်ရချိန်တွင် လွန်စွာတုန်လှုပ်သွားခဲ့ရသည်။
"အဂါမာ..."
"အဂါမာကဘယ်သူလဲ...သူကအစွမ်းထက်လား"
နီကိုးလပ်စ်က ရှောင်ယု၏အနားသို့ချက်ချင်းတိုးကပ်သွားပြီး မေးမြန်းလိုက်သည်။
ရှောင်ယုကခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။
"အဂါမာက ဒရာနီပဲ...သူဟာအမှောင်ဗိမာန်တော်ရဲ့အကြီးမြတ်ဆုံးပညာရှိပဲ...သူကဘုန်းတော်ကြီးနဲ့တူညီတဲ့အဆင့်မှာရှိတယ်...နောက်ပိုင်းမှာတော့သူ့ရဲ့ဝိညာဉ်ဟာကျွန်ပြုခံခဲ့ရပြီး အီလီဒမ်ရဲ့ကျွန်ဖြစ်လာခဲ့တယ်...ဒါပေမဲ့အဂါမာဟာ လုံးဝပျောက်ဆုံးသွားတာမျိုးမရှိဘူး...သူဟာ အီလီဒမ်ကိုသတ်ဖြတ်ပြီး ဗိမာန်တော်ကိုကယ်တင်ဖို့အတွက် ဒီနေရာကိုရောက်လာမယ့်သူရဲကောင်းကိုစောင့်ဆိုင်းနေခဲ့တယ်"
မကြာမှီ မြင်ကွင်းသည်တဖြည်းဖြည်းရှေ့တိုးလာခဲ့သည်။ အဆုံးသတ်တွင် အဖွဲ့တစ်ခုသည် အမှောင်ဗိမာန်တော်အားတိုက်ခိုက်ကာ အီလီဒမ်ကိုသတ်ဖြတ်ခဲ့သည်မြင်ကွင်းကို ပြသလာခဲ့သည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ....ဒီမှာကစားသူတွေကဘယ်လိုရောက်လာတာလဲ"
ရှောင်ယုသည် သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အလွန်ပင်အံ့သြသွားခဲ့သည်။ သူသည် အီလီဒမ်ကိုသတ်ဖြတ်ခဲ့သည့် ဂိုဏ်းအဖွဲ့အားအလွန်ပင်ရင်းနှီးနေခဲ့သည်။ ထိုအဖွဲ့သည် သူ၏အသင်းဟောင်းဖြစ်ကြောင်းထင်ရှားပေသည်။ထိုထဲတွင် ကပ်ဆိုး၏ဓားသွားကိုကိုင်ဆောင်ထားသည် ကစားသမားတစ်ယောက်ကိုရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။ ထိုကစားသမားသည် သူကိုယ်တိုင်ပင်ဖြစ်သည်။
"ကစားသမား...ကစားသမားဆိုတာဘာလဲ"
ရှောင်ယု၏စကားကိုကြားချိန်တွင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သိချင်စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ကြတော့ပေ။
ရှောင်ယုက တုန်လှုပ်နေသောလေသံဖြင့်ပြောလိုက်သည်။
"သူတို့သာပြိုင်စံရှားတဲ့သူရဲကောင်းတွေပါ...သူတို့ဟာဂုဏ်ကျက်သရေနဲ့အိပ်မက်အတွက် အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ကြရင်း အကြိမ်ရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့ကြပေမဲ့ လက်မလျော့ဘဲဘယ်လောက်ပဲသေဆုံးပါစေ ဆက်လက်ရှင်သန်ခဲ့ကြတယ်"
ရှောင်ယုက အလွန်စိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ကစားသမားဟုခေါ်သည့်လူများကို အံ့သြနေခဲ့ကြသည်။
မြင်ကွင်းများက အဆက်မပြတ်ပြောင်းလဲနေဆဲဖြစ်သည်။
ရုတ်ချည်းဆိုသလိုပင် မြင်ကွင်းများအကြား၌ ရှောင်ယုကိုနှလုံးခုန်နှုန်းမြန်ဆန်စေမယ့် အရာတစ်ခုကိုတွေ့လိုက်ရသည်။ ထိုနေရာသည် မိုင်ယဗ်ထောင်ကျခဲ့သည့်အုတ်ဂူဖြစ်သည်။ ထိုနေရာတွင်ရှိနေစဉ် မိုင်ယဗ်သည်သူမ၏လက်ထဲတွင် ထူးဆန်းသောအရာဝတ္ထုတစ်ခုအား ကိုင်ဆောင်ထားခဲ့သည်။
ရှောင်ယုသည် အရာရာကိုနားလည်သွားခဲ့ပြီဖြစ်သည်။
ထိုထောင်ထဲ၌ အချိန်များစွာကုန်ဆုံးခဲ့ပြီးနောက်တွင် မိုင်ယဗ်သည်ကောင်းမွန်သောအရာများစွာကို ချန်ရစ်ထားခဲ့မည်ဖြစ်သည်။
ရှောင်ယုသည် သူ၏နောက်ဆုံးပန်းတိုင်ကို သိရှိလိုက်ပြီဖြစ်သည်။ မိုင်ယဗ်ကိုင်ဆောင်ထားသည့် ထူးဆန်းသောပစ္စည်းသည် သူ့အတွက်အလွန်ပင်အသုံးဝင်လှသောကြောင့် မရရအောင်ယူဆောင်ရမည်ဖြစ်သည်။
မြင်ကွင်းကတဖန်ပြောင်းလဲသွားခဲ့သည်။ ထိုအရာသည် အယ်လ်ဒါရီ၏အကြောင်းဖြစ်သည်။ လူ၄ယောက်သည် တစ်နေရာ၌စုဆုံခဲ့ကာ တစ်စုံတစ်ခုကိုလေ့လာနေခဲ့သည်။ ထို့နောက် အချို့နေရာများ၌ သိုဝှက်ထားသည့်အရာများကို တူးဖော်နေကြသည်။
"တကယ်လို့ ကဲလ်သက်ကသာ အယ်လ်ဒါရီကောင်စီရဲ့စွမ်းအင်ကိုစုပ်ယူနိုင်မယ်ဆိုရင် အရမ်းကိုတိုးတက်လာမှာပဲ"
ရှောင်ယုသည် ယခုတစ်ကြိမ်တွင် အလွန်ပင်ပျော်ရွှင်နေခဲ့သည်။ ယခုတစ်ကြိမ်ကြုံတွေ့ရမည့်အရာများသည် မိုင်ယဗ်၏ခွန်အားကိုသိသိသာသာတိုးတက်စေသလို အယ်လ်ဒါရီကောင်စီ၏ သွေးနတ်သူငယ်စွမ်းအင်ကလည်း ကဲလ်သက်အတွက်အမှန်ပင်သင့်တော်ပေသည်။
ဤအရာသည် အမှန်တကယ်ပင်မထင်မှတ်ထားသည့် ရိတ်သိမ်းမှုကြီးဖြစ်ပေသည်။
မကြာမှီ မြင်ကွင်းများက အထပ်ထပ်အခါခါပြောင်းလဲသွားခဲ့ပြီးနောက် အဆုံးသတ်၌ရှောင်ယုသည် အီလီဒမ်နှင့်မိုင်ယဗ်တို့ထိပ်တိုက်ရင်ဆိုင်မိကြသည့် အရေးအကြီးဆုံးမြင်ကွင်းအား မြင်တွေ့လိုက်ရသည်။
အီလီဒမ်နှင့်မိုင်ယဗ်တို့သည် အပြင်းအထန်တိုက်ခိုက်ကြပြီးနောက်တွင် အီလီဒမ်သည် ပြင်းထန်သည့်မကောင်းဆိုးဝါးစွမ်းအင်များကိုထုတ်လွှတ်နေသော ဦးခေါင်းခွံကိုထုတ်ယူလိုက်သည်။ ထိုအရာသည် လူတိုင်းရှာဖွေနေသော အဆုံးစွန်ဆုံးရတနာဖြစ်သည့် ဂေါ်ဒန်၏ဦးခေါင်းခွံဖြစ်သည်။
"နတ်ဆိုးရဲ့စွမ်းအားကိုခံစားကြည့်လိုက်"
ထိုမြင်ကွင်းကိုကြည့်၍ လူတိုင်းလိုလိုပင်ရင်ခုန်နေကြသည်။ ထိုအရာသည် သူတို့၏အန္တိမပန်းတိုင်ဖြစ်သည်။ ဂေါ်ဒန်၏ဦးခေါင်းခွံမှထုတ်လွှတ်နေသည့် အစွမ်းထက်သောစွမ်းအင်ကို အီလီဒမ်မှစုပ်ယူနေသည်ကိုတွေ့မြင်ပြီးနောက် သူတို့အားလုံးကထိုစွမ်းအင်ကိုလိုချင်တပ်မက်သွားကြသည်။
သို့သော် ရှောင်ယုကမူအခြားတစ်ခုကို တွေးတောနေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဂေါ်ဒန်၏ဦးခေါင်းခွံမှစွမ်းအင်ကိုစုပ်ယူလိုက်မည်ဆိုပါက အဆုံးသတ်တွင် အီလီဒမ်ကဲ့သို့ဖြစ်သွားမှာဖြစ်သည်။ ခွန်အားကိုရရှိရန်အတွက် ထိုသို့လုပ်ဆောင်ရန်လိုအပ်ပါမည်လား။
မကြာမှီ မြင်ကွင်းများသည် အဆုံးသတ်သွားခဲ့ကာ လူတိုင်းသည် ဤအံ့မခန်း3Dမြင်ကွင်းအားဖြတ်ကျော်ရန် အချိန်အတော်ကြာသွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများသည် ပွင့်နေသောဝိညာဉ်သေတ္တာကိုစူးစိုက်၍ ကြည့်ရှုလိုက်ကြသည်။