အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
အခန်း ၄၄၈ - စုဝေးကြပြီ
"ဟားဟား...ငါတိုခုလိုပြန်ဆုံတွေ့ဖို့ မမျှော်လင့်ထားဘူး...ဒီလိုဆိုရင်လည်း တူတူသွားကြတာပေါ့..."
"ခုဆိုရင်ငါတို့ဟာ ယဇ်ပလ္လင်နဲ့တော်တော်လေးနီးနေပြီ...သြဂတ်စတတ်က ငါတို့ကိုအဲ့နားမှာစောင့်နေတယ်ဆိုတာ သေချာတယ်"
ရှောင်ယုကပြောလိုက်သည်။
"ငါတို့ယဇ်ပလ္လင်ကိုသွားတဲ့ခရီးလမ်းမှာ ခြုံခိုတိုက်ခိုက်မှုတွေကိုဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်နေမှရမယ်...အဲ့ဒါတွေကိုဖြတ်ကျော်ဖို့အတွက် ငါတို့အတွက်မလွယ်ဘူးဆိုတာသေချာတယ်"
နီကိုးလပ်စ်က ပြန်ဖြေလိုက်သည်။
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...အခြားလူတွေနဲ့ကောအဆက်အသွယ်ရပြီလား"
"ဟုတ်တယ်...ငါကအချို့နည်းလမ်းတွေကိုအသုံးပြုပြီးတော့ အခြားလူတွေကိုအကြောင်းကြားခဲ့တယ်...အဲ့ဒီအချိန်ရောက်ရင် ကြီးမားတဲ့အဖြစ်အပျက်တွေရှိလာလိမ့်မယ်...ဂေါ်ဒန်ရဲ့ဦးခေါင်းခွံပေါ်ထွက်လာဖို့ အလားအလာတော်တော်ရှိတယ်...သူတို့ကဒီအခွင့်အရေးကိုလက်လွတ်မခံနိုင်ဘူးလို့ ငါယုံကြည်တယ်"
နီကိုးလပ်စ်ကပြောလိုက်သော်လည်း သူ့စိတ်ထဲ၌ မည်သိုတွေးတောနေသည်ကို မှန်းဆ၍မရခဲ့ပေ။
ရှောင်ယုကခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အော်ဂတ်စတတ်နဲ့ဆက်ဆံရတာ မလွယ်ကူနိုင်ဘူး...ဒီတစ်ခေါက်မှာသူကတစ်ယောက်တည်းမဟုတ်တဲ့အတွက် ငါတို့တွေနဲ့လုံလောက်မှာမဟုတ်ဘူး...ခုချိန်မှာသူတို့က နှင်းဝံပုလွေမျိုးနွယ်တွေအပြင် မကောင်းဆိုးဝါးအောစ့်တွေနဲ့ပါ ပူးပေါင်းထားတာပဲ"
"ဟုတ်တယ်...ဒါဆိုရင်ဘယ်လိုရှေ့ဆက်ကြမလဲ"
ရှောင်ယုသည် ဤနေရာသို့မည်သို့မည်ပုံရောက်လာသည်ကို နီကိုးလပ်စ်မသိချင်ခဲ့ပေ။
သူသည် ရှောင်ယု၏ခြေလှမ်းတိုင်းကို ခြေရာခံနိုင်မည်မဟုတ်ကြောင်း သူနားလည်ထားပေသည်။
သူသည်ရှောင်ယု၏ကိုယ်ပေါ်၌ ခြေရာခံပစ္စည်းကို လျှို့ဝှက်စွာထားခဲ့သော်လည်း အကြောင်းရင်းတစ်စုံတစ်ခုကြောင့် ရှောင်ယု၏တည်နေရာကိုဆက်လက်၍ ခြေရာခံ၍မရတော့ပေ။
သို့သော်လည်း လက်ရှိအချိန်တွင် သူသာရှောင်ယုနှင့်ထိပ်တိုက်ရင်ဆိုင်ပါက ဆုံးရှုံးမှုအလွန်များပြားမည်ဖြစ်ကြောင်း သေချာပေသည်။ သူသည် ထိုကဲ့သို့ဆုံးရှုံးမှုဒဏ်ကို လက်ရှိအချိန်၌တောင့်ခံနိုင်စွမ်းမရှိပေ။
ထိုအချိန်တွင် လမ်းကြောင်း၏အဆုံး၌ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲ..."
နီကိုးလပ်စ်က ချက်ချင်းမေးလိုက်သော်လည်း တစ်ဖက်မှပြန်မဖြေ၍ တိတ်ဆိတ်နေခဲ့သည်။
ထိုလမ်းကြောင်းအဆုံး၌ သူတို့အားစောင့်ဆိုင်းနေသည့် အရာတစ်ခုရှိနေကြောင်း သူတို့သိထားပေသည်။
"သူကဘယ်သူလဲ...လုပ်ကြံသူတစ်ယောက်လား"
လီယိုနာဒိုက ထိုရုပ်သွင်ကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
"အဲ့ကောင်ကလုပ်ကြံသူတော့မဖြစ်နိုင်ဘူး...ဒါပေမဲ့အန္တာရယ်တော့များနိုင်တယ်...ငါတို့ရဲ့ရှေ့မှာအော်ဂတ်စတတ်က ကြိုစောင့်နေတယ်ဆိုတော့ ငါတို့မြန်မြန်လုပ်မှရမယ်"
သူတိုရှေ့ဆက်မယ့်ခရီးလမ်းတွင် စွမ်းအားကြီးမားသောရန်သူတစ်ယောက်စောင့်ကြပ်နေကြောင်း ရှောင်ယုကကြိုသိထားပေသည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အားဖြည့်ရန်အတွက် အထူးအချက်ပြမှုတစ်ခုအား ပေးပို့ခဲ့သည်။
အမှန်တော့ သူတို့သာရှေ့ဆက်သွားလိုပါက အန္တာရယ်များစွာကို ကျော်ဖြတ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သာဆုံးရှုံးမှုနည်းပါးလိုပါက အမြှောက်စာအဖြစ်ပြုလုပ်ပေးမယ့်သူများ ရှာဖွေပေးရန်လိုအပ်ပေသည်။ သို့သော်လည်း ယခုအခါလူတိုင်းသည် ရတနာများကိုရှာဖွေနေကြသည့်အတွက် နေရာအနှံ့ပြန့်ကျဲနေလေရာ တတ်နိုင်သမျှ အမြန်ဆုံးစုဆောင်းရမည်ဖြစ်သည်။
သူတို့သည် ထိုအမြှောက်စာများကိုအသုံးပြုကာ အော်ဂတ်စတတ်၏လူများကို တိုက်ထုတ်ရမည်ဖြစ်သည်။ သူတို့၃ယောက်၏အင်အားစုဖြင့် သူတို့၏လူများကိုအသုံးပြုကာ အော်ဂတ်စတတ်အားတိုက်ခိုက်ရလောက်သည်ထိ သူတို့မိုက်မဲခြင်းမရှိပေ။ အကယ်၍ သူတို့၃ယောက်အနက်တစ်ယောက်ကသာ ကြီးကြီးမားမားထိခိုက်ဆုံးရှုံးခဲ့လျှင် အခြားအဖွဲ့များ၏ဝါးမြိုခြင်းကိုခံရမည်ဖြစ်သည်။
ရှောင်ယုသည် အခြားတစ်ဖက်ရှိအခြေအနေကို စစ်ဆေးရန်အတွက် မိုင်ယဗ်အားစေလွှတ်လိုက်သည်။ ထို့နောက်တွင် ရှောင်ယုသည်ဤလူများအား မည်သို့ရှင်းထုတ်ရမည်ကို စတင်စီစဉ်ခဲ့သည်။
မကြာခင်မှာဘဲ မိုင်ယဗ်ပြန်လည်ရောက်ရှိလာပြီး အတွင်းဘက်ရှိအခြေအနေအား သတင်းပို့လိုက်သည်။ မိုင်ယဗ်၏ရှာဖွေတွေ့ရှိမှုအရဆိုလျှင် အတွင်းဘက်၌မည်သည့်သက်ရှိများမှရှိမနေပေ။ အတွင်းဘက်တွင်ရှိနေသောအရာများမှာ ဆာလောင်နေသောအငြိုးဝိညာဉ်များနှင့် မသေမျိုးသတ္တဝါများသာဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ရှောင်ယုကအံ့သြခြင်းမရှိပေ။ နတ်ဆိုးမှော်ဆရာတစ်ယောက်အနေဖြင့် အော်ဂတ်စတတ်သည် ဂေါ်ဒန်၏ဆိုးယုတ်သောနတ်ဆိုးအမွေအနှစ်ကို ဆက်ခံပြီးဖြစ်ပေရာ ဤအရာများကိုပြုလုပ်ခြင်းက ပုံမှန်သာဖြစ်ပေသည်။
ထိုအချိန်တွင် ဆန်းကြယ်သောမန္တန်ရွတ်ဖတ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သတိလစ်နေသောအီလီဒမ်သည် အမျိုးမျိုးသောမန္တန်များကိုရွတ်ဆိုလာခဲ့ပြီး လူတိုင်းကိုလျှို့ဝှက်ဆန်းကြယ်သယောင် ခံစားရစေခဲ့သည်။
ထိုမန္တန်သည် အချိန်နှင့်အာကာသကိုဖြတ်သန်းကာ ဤနေရာသို့ရောက်ရှိလာပုံရသည်။
အီလီဒမ်သည် သတိလစ်မေ့မြောနေသော်လည်း အမှောင်ထုထဲရှိတစ်စုံတစ်ရာက သူ့အားထိန်းချုပ်ထားခဲ့ကာ အခြားအသိစိတ်တစ်ခုနှင့်ချိတ်ဆက်ထားပုံရသည်။
ဤနေရာသည် တစ်ချိန်က အီလီဒမ်အုပ်စိုးခဲ့သောနေရာဖြစ်သည်။ သို့ဖြစ်ရာ အချို့သောနေရာများတွင် အီလီဒမ်၏အကြွင်းအကျန်များရှိနေနိုင်သည်မှာ မထူးဆန်းတော့ပေ။
သို့သော်လည်း အီလီဒမ်သည် အော်ဂတ်စတတ်၏ထိန်းချုပ်မှုအောက်သို့ ကျရောက်နေမည်ကို ရှောင်ယုစိုးရိမ်နေမိသည်။ အစောပိုင်းတွင်အော်ဂတ်စတတ်သည် သူတို့အားနှောင့်ယှက်ရန် လူများကိုစေလွှတ်နေခဲ့သော်လည်း နောက်ပိုင်းတွင်ထပ်မံမစေလွှတ်တော့ပေ။ ထိုအရာအားလုံးသည် ကြီးမားသည့်ပူးပေါင်းကြံစည်မှုတစ်ခုအား ညွန်ပြနေခဲ့သည်။
အော်ဂတ်စတတ်သည် အီလီဒမ်အားအသုံးပြုလိုပုံရသည်။
ရှောင်ယုသည် စိတ်ရှုပ်ထွေးနေသော်လည်း ထိုအကြောင်းကိုဆက်တွေးတတ်တော့ပေ။ အော်ဂတ်စတတ်သည် ငတုံးတစ်ကောင်မဟုတ်ပေ။ ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူသည်အစီအစဉ်ကို တစ်ဆင့်ချင်းဂရုတစိုက်တွက်ချက်ရမည်ဖြစ်သည်။ ထို့ပြင် သူသည်အီလီဒမ်၏ဇာတ်မြစ်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းစွာသိရှိထားကြောင်း ထင်ရှားပေသည်။
သူသည် ဂေါ်ဒန်အားပြန်လည်ရှင်သန်ထမြောက်စေရန် နှစ်ပေါင်းများစွာစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူသည်ရှိရှိသမျှအရာအားလုံးကိုရင်းနှီးထားပြီး ဤကိစ္စနှင့်ပတ်သက်၍ နက်နက်ရှိင်းရှိင်းနားလည်မှုရှိရပေမည်။ ရှောင်ယုသည် နေဝင်ချိန်နွံအိုင်သို့ စတင်ရောက်ရှိချိန်ကပင် အော်ဂတ်စတတ်က ဤအကြံကိုစတင်နေပြီဖြစ်သည်။
"ဒါကမင်းရဲ့အစီအစဉ်ဆိုရင် ငါ့ကိုရက်စက်တဲ့အတွက်အပြစ်မတင်နဲ့တော့"
အော်ဂတ်စတတ်၏ အီလီဒမ်အားထိန်းချုပ်မယ့်အစီအစဉ်အပေါ် ရှောင်ယုကအလွန်ဒေါသထွက်နေခဲ့သည်။ သူသည် အော်ဂတ်စတတ်ကို သတ်ဖြတ်ရန်ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။
နောက်ဆုံးတိုက်ပွဲအတွက် အရာအားလုံးကိုပြင်ဆင်ပြီးနောက် ဂေါ်ဒန်၏ဦးခေါင်းခွံကိုရယူရန်အတွက် မရေအတွက်နိုင်သောလူများသည် ဤနေရာ၌စုရုံးလာခဲ့သည်။ သူတို့သည် ဂေါ်ဒန်၏ဦးခေါင်းခွံမှစွမ်းအားကိုစုပ်ယူခြင်းဖြင့် ပိုမိုအားကောင်းလာရန်ဆန္ဒရှိကြသည်။
တစ်စတစ်စ ပိုမိုများပြားလာသည့်လူများကိုကြည့်ရင်း ရှောင်ယုကနီကိုးလပ်စ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့ကြောင့် နီကိုးလပ်စ်က ချက်ချင်းရှေ့သို့တိုးလာခဲ့သည်။
"ဂေါ်ဒန်ရဲ့ဦးခေါင်းခွံအတွက် လူတိုင်းဒီကိုရောက်လာခဲ့ကြတာမလား...ခုငါတို့ရဲ့အကြံအစည်ကိုဖျက်ဆီးချင်နေတဲ့ လူတစ်စုကိုသတ်ဖြတ်ဖို့အတွက် ငါတို့အတူလက်တွဲရမယ်...တကယ်လို့ငါတို့သာအဲ့လူတွေကိုမသတ်နိုင်ဘဲ လွတ်မြောက်ခွင့်ပေးလိုက်မယ်ဆိုရင် သူတို့အားဂေါ်ဒန်ကိုတောင်အောင်အောင်မြင်မြင်အသက်သွင်းနိုင်ဖွယ်ရှိတယ်...အဲ့ဒီအချိန်ရောက်ရင်တော့ ငါတို့လည်းဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး"
"ဒီတိုက်ပွဲမှာ သူတို့ကိုရှင်းလင်းနိုင်ဖို့အတွက် ငါတို့ဟာနည်းလမ်းတိုင်းကိုထုတ်သုံးရလိမ့်မယ်...ဒီနေရာမှာခွန်အားကိုသာ ကွယ်ဝှက်ထားချင်တယ်ဆိုရင်တော့ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုတိုက်ခိုက်တဲ့ အဆုံးသတ်တိုက်ပွဲထိစောင့်ကြ...အဲလိုမှမဟုတ်ဘူးဆိုရင်တော့ ငါကိုယ်တိုင်အဲလူကိုသတ်ဖြတ်မယ်လို့ အာမခံတယ်"
"ဟုတ်တယ်....ခွန်အားကိုဖုံးကွယ်ထားတဲ့သူကို သတ်ဖြတ်ကြ"
"အားလုံးတိုက်ကြ..."
တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
လူတစ်စုသည် ရှေ့သို့ပြေးဝင်သွားပြီးနောက်တွင် ခန်းမအတွင်း၌စုရုံးနေသော အားကောင်းသည့်ယင်စွမ်းအင်ကို ခံစားလိုက်ရသည်။
"ဒီမသေမျိုးတွေကဘာတွေလဲ...ဒီမသေမျိုးတွေကို ဘယ်လိုဖန်တီးခဲ့တာလဲ"
"အဲ့ဒါကအရမ်းကိုအားကောင်းလွန်းတယ်...လူတိုင်းသတိထားကြ"
ကြီးမားသောအသွင်အပြင်သည် လူတိုင်း၏မျက်လုံးထဲ၌ ထင်ဟပ်နေခဲ့သည်။
"နာဂ...အဲ့ဒါကနာဂတစ်ကောင်အဖြစ်ပြောင်းလဲသွားတာလား"
ဤကဲ့သို့အစွမ်းထက်သောနာဂတစ်ကောင်သည် ၎င်းအသက်ရှိစဉ်တုံးကဆိုလျှင် ယခုထက်များစွာအစွမ်းထက်မည်ဖြစ်ကြောင်း သေချာပေသည်။
အခန်း ၄၄၉ - နိမ်းတက်စ်၏စွမ်းအား
ယခင်က ဝါစီချီနှင့်အီလီဒမ်တို့သည် မဟာမိတ်များဖြစ်ကြသည်။
နာဂ၏သစ္စာစောင့်သိမှုအားသေချာစေရန်အတွက် အီလီဒမ်သည် အမှောင်ဗိမာန်တော်ကိုကာကွယ်ရန်အတွက် နိမ်းတက်စ်ကိုတောင်းဆိုခဲ့သည်။
ထို့ကြောင့်ဝါစီချီသည် နိမ်းတက်စ်ကိုချန်ရစ်ခဲ့ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။ ထိုအားကောင်းလှသည့် နာဂသူရဲကောင်းသည် ဝါစီချီကို အမြဲလိုလိုပင်သစ္စာစောင့်သိခဲ့သည်။
နိမ်းတက်စ်ကိုတွေ့ဆုံချိန်တွင် ရှောင်ယုသည် သူ၏နှာခေါင်းကိုပွတ်လိုက်မိသည်။
အမှောင်ဗိမာန်တော်သည် သူရဲကောင်းများစွာနှင့် သက်ဆိုင်နေခဲ့သည်။ ထို့ကြောင့် ရှောင်ယုသည် နေရာတိုင်းတွင် သူရဲကောင်းများ၏ခြေရာကို ရှာဖွေနိုင်ခဲ့သည်။
ဝေါင်း...
ထိုအချိန်တွင် ခန်းမအတွင်းရှိမသေမျိုးများသည် သွေးဆာနေသောအကြည့်များဖြင့် ဟိန်းဟောက်လိုက်ကာ ခန်းမထဲချဉ်းကပ်လာသူများကို စိုက်ကြည့်နေခဲ့သည်။
"သတ်..."
ရှောင်ယုသည် မည်သည့်အကြောင်းကိုတွေးနေမှန်း နီကိုးလပ်စ်မသိပေ။ ထို့ကြောင့် မသေမျိုးများက သူတို့ထံအပြေးအလွှားချဉ်းကပ်လာသည်ကိုမြင်သောအခါတွင် ချက်ချင်းအမိန့်ပေးကာ တိုက်ခိုက်စေခဲ့သည်။
လူတိုင်းသည် နီကိုးလပ်စ်၏အမိန့်ကိုကြားသောအခါ ကျယ်လောင်စွာမာန်သွင်း၍ ရှေ့သို့ပြေးတက်သွားခဲ့သည်။
ချက်ချင်းပင် နှစ်ဖက်လုံးအပြင်းအထန်တိုက်မိကြပြီး အကုန်လုံးကမောက်ကမဖြစ်ကုန်ကြသည်။ သို့သော်လည်း မကြာမှီ ထိုမသေမျိုးများ၏စွမ်းအားသည် သူတို့ထင်ထားသည်ထက်များစွာပိုမိုမြင့်မားကြောင်း လူတိုင်းတွေ့ရှိခဲ့ကြသည်။
ဝုန်း...
ယခုတစ်ကြိမ်တွင် မှော်တိုက်ခိုက်မှုများက ဆက်တို်က်ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် မှော်ဆရာများသည် မသေမျိုးများအား သတ်ဖြတ်ရန်အတွက် အဓိကအင်အားစုဖြစ်လာခဲ့သည်။ ထိုမသေမျိုးများသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကို အလွန်ပင်တောင့်ခံနို်င်စွမ်းရှိသည့်အတွက်ကြောင့် အစွမ်းထက်သောမှော်တိုက်ခိုက်မှုများကသာ ၎င်းတို့အားပျက်စီးစေခဲ့သည်။
တိုက်ပွဲအတွင်း၌ သူရဲကောင်းများသည် လျင်မြန်စွာတိုးတက်လာခဲ့သည်။ ယခုဆိုလျှင် ကဲလ်သက်၏ဖီးနစ်အစွမ်းသည် အဆင့်၂သို့ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ဖီးနစ်နှစ်ကောင်အား တပြိုင်နက်ဆင့်ခေါ်နိုင်ပြီဖြစ်သည်။
ဖီးနစ်နှစ်ကောင်သည် ကဲလ်သက်၏ဆင့်ခေါ်မှုကြောင့် ထွက်ပေါ်လာခဲ့ကာ မသေမျိုးများအားထုရိုက်လိုက်သည်။
(ဝါစီချီ)နာဂသည် နိမ်းတက်စ်ကိုတွေ့မြင်ချိန်တွင် တစ်စုံတစ်ခုအားသတိရနေသကဲ့သို့ သူမ၏မျက်လုံးများ၌မှိန်ဖျော့ဖျော့အလင်းအချို့ တောက်ပလာခဲ့သည်။
သို့သော်လည်း နိမ်းတက်စ်သည် အဝေးတွင်ရှိနေဆဲဖြစ်ကာ ရုန်းရင်းဆန်ခတ်အဖြစ်အပျက်များကြောင့် ဝါစီချီသည် နိမ်းတက်စ်အနားသို့မကပ်နိုင်ခဲ့ပေ။
နိမ်းတက်စ်သည် မည်သည့်အရာများအားလုပ်ဆောင်နေသည်ကို သိရှိနိုင်ရန်အတွက် ဝါစီချီသည်ရှေ့သို့အပြေးအလွှားသွားရောက်လိုစိတ်ပြင်းပြနေ၍ သူမ၏လေးကိုမြှောက်ကာ အဆက်မပြတ်ပစ်ခတ်ခဲ့သည်။
သူမပစ်လွှတ်လိုက်သောမြှားချက်တိုင်းသည် မသေမျိူးများအား ချက်ချင်းပင်ပြာအဖြစ်သို့ပြောင်းလဲသွားစေခဲ့သည်။ ရှောင်ယုသည် မျက်တောင်တစ်ချက်ခတ်၍စိုက်ကြည့်လိုက်ရာ ဝါစီချီ၏မြှားချက်တိုင်းတွင် မှော်အစွမ်းပါဝင်နေသည်ကို တွေ့လိုက်ရသည်။
"မင်းတို့စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါတွေ...အမှောင်ဗိမာန်တော်ကိုခြေတစ်လှမ်းမှ မဝင်ခဲ့ကြနဲ့"
နိမ်းတက်စ်သည် သူ့ထံချဉ်းကပ်လာသူများကိုကြည့်၍ ဒေါသတကြီးအော်ဟစ်ရင်း အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။
ဘန်း...ဘန်း...ဘန်း...
နိမ်းတက်စ်သည် သူ့လက်ထဲ၌ကိုင်ဆောင်ထားသော ဧရာမသုံးခွမိန်းကိုဝှေ့ယမ်းလိုက်ရာ ကျွမ်းကျင်သူအမြောက်အများ လွှင့်ထွက်သွားခဲ့သည်။
အနီးကပ်တိုက်ခိုက်ရေးသမားများသည် နိမ်းတက်စ်၏တိုက်ခိုက်မှုကို လုံးဝခုခံနိုင်စွမ်းမရှိပေ။ သူတို့သည် အထွတ်အထိပ်ပဥ္စမအဆင့်တိုက်ခိုက်ရေးသမားများဖြစ်လျှင်ပင် နိမ်းတက်စ်၏သုံးခွမိန်းကို ခုခံနိုင်စွမ်းမရှိပေ။
နှစ်ပေါင်းသောင်းချီကြာမြင့်ပြီးနောက်တွင် နိမ်းတက်စ်၏အင်အားက တဖန်တိုးတက်လာပုံရသည်။
ရှောင်ယုသည် နိမ်းတက်စ်၏ခွန်အားကို အမှန်တကယ်ပင်ထိတ်လန့်နေမိသည်။ နိမ်းတက်စ်သည် သူ၏အထွတ်အထိပ်ကာလ၌ မည်သူ့ကိုမဆိုအံတုဝံ့သည့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်။
နီကိုးလပ်စ်၏ ကျွမ်းကျင်ဒိုင်းကိုင်စစ်သည်တော်များသည် ခရစ်မိုးကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသော်လည်း နိမ်းတက်စ်၏တိုက်ခိုက်မှုတစ်ခုအောက်တွင် မည်သို့မှခုခံနိုင်စွမ်းမရှိဘဲ လွှင့်ထွက်သွားခဲ့ရသည်။
လက်ရှိအချိန်တွင် နိမ်းတက်စ်၏ခွန်အားသည် ခရစ်ထက်သာလွန်သည်ဟုဆိုလျှင် မမှားနိုင်ပေ။
ခရစ်အားသတ်ဖြတ်ရန်အတွက် ရှောင်ယုတစ်ယောက်များစွာအားထုတ်ခဲ့ရသည်ဟုဆိုလျှင် ယခုပို၍ပင်အစွမ်းထက်သောနိမ်းတက်စ်ကိုသတ်ဖြတ်ရန် ပို၍ပင်ခက်ခဲပေသည်။
ဘန်း...
ထိုအချိန်တွင် နိမ်းတက်စ်သည် ကြီးမားသောရေလှိုင်းများကို ဖန်တီးလိုက်သည်။ ၎င်းသည် ဝါစီချီ၏ဒီရေလှိုင်းနှင့်တူသော်လည်း ပို၍စွမ်းအားကြီးမားပေသည်။ ထိုရေလှိုင်းများသည် လမ်းတလျှောက်ပိတ်ဆို့နေသောလူအများအပြားကို ထိမှန်သွားခဲ့သည်။
ကျွမ်းကျင်သူအမြောက်အများသည် အချိန်မှီမရှောင်တိမ်းနိုင်ဘဲ သုံးခွမှိန်းလက်ချက်ကိုခံစားလိုက်ရကာ သူတို့၏ခန္ဓာကိုယ်သည် သုံးခွမှိန်း၏ထိုးဖောက်ခြင်းကိုခံလိုက်ရသည်။ ထိုခဏတွင် လူတိုင်း၏စိတ်ဓာတ်သည် အောက်ဆုံးသို့ပင်ထိုးကျသွားခဲ့ရသည်။
"ခိုင်ရင်း...တိုက်တော့"
လက်ရှိအချိန်တွင် လူတိုင်း၏စိတ်ဓာတ်ကိုတည်ငြိမ်အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ ထိုလူများသည် တူညီသောအစုအဖွဲ့တစ်ခုမှ ဆင်းသက်လာသူများမဟုတ်ပေ။ အကယ်၍ အသေအပျောက်အလွန်များပြားနေပါက သူတို့သည်ချက်ချင်းထွက်ပြေးရန် ရွေးချယ်ကြမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့သာဒုက္ခရောက်မည်ဖြစ်သည်။
ဤသို့လူများစွာကိုစုဝေးနိုင်ရန် အလွန်ခက်ခဲသလို ရှေ့ခရီး၌လည်း သူတို့၏ခွန်အားကိုအားကိုးရမည်ဖြစ်၍ လက်ရှိအခြေအနေအားတည်ငြိမ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ရှောင်ယုသည် ခိုင်ရင်းအားတိုက်ခိုက်ရန် အမိန့်ပေးလိုက်ချိန်တွင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည်လည်း အငြိမ်မနေနိုင်တော့ဘဲ သူတို့၏လူများကို ချက်ချင်းစေလွှတ်ခဲ့သည်။ လီယိုနာဒိုသည် လူအိုကြီးတာအိုကိုချက်ချင်းစေလွှတ်ခဲ့သည်။ ဆဌမအဆင့်နှင့်အကန့်အသတ်မရှိနီးကပ်နေသော လူအိုကြီးတာအိုသည် နိမ်းတက်စ်၏ခန္ဓာကိုယ်ပေါ်သို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။
နီကိုးလပ်စ်သည် အခြားသောတိုက်ခိုက်ရေးသမားများကိုစေလွှတ်ခဲ့သည်။ များသောအားဖြင့်ဆိုလျှင် သူတို့သည်အလွန်ပင်သာမန်ကျသည်ဟု ထင်ရသော်လည်း ယခုအချိန်၌ထိုကျွမ်းကျင်သူများသည် နိမ်းတက်စ်၏တိုက်ခိုက်မှုများအား အဆက်မပြတ်ရှောင်တိမ်းနေခဲ့ကာ သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသောလက်နက်များက နိမ်းတက်စ်အား အဆက်မပြတ်ထိမှန်နေခဲ့သည်။
ဝေါင်း...
နိမ်းတက်စ်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ့လက်ထဲရှိ သုံးခွမှိန်းဖြင့် ခိုင်ရင်းအားထိုးစိုက်လိုက်သည်။ ခိုင်ရင်း၏ခန္ဓာကိုယ်သည် သန်မာအားကောင်းသော်လည်း နိမ်းတက်စ်၏သုံးခွမှိန်းသာ ထိုးစိုက်ခံရမည်ဆိုပါက ရလဒ်သည်ကောင်းမွန်လာမည်မဟုတ်ပေ။
ထို့ကြောင့်ခိုင်ရင်းသည် ထိုတိုက်ခိုက်မှုအားခုခံရန်အတွက် ဆူးချွန်ဒိုင်းလွှားကိုထုတ်ယူကာ သူ့ကိုယ်သူကာကွယ်ထားလိုက်ရသည်။
ထို့နောက်တွင် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ခိုင်ရင်း၏ခြေထောက်များသည် ကြမ်းပြင်ပေါ်သို့ချက်ချင်းကျွံကျသွားခဲ့သည်။
လူတိုင်းသည် နိမ်းတက်စ်၏တိုက်ခိုက်မှုနောက်ကွယ်၌ ပါဝင်သောစွမ်းအားကိုကြည့်၍ သူတို့၏နှလုံးသားများလှုပ်ခါသွားခဲ့ရသည်။ အကယ်၍ ခိုင်ရင်းနေရာတွင်သူတို့ဆိုပါက သူတို့သည်ချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်သည်။
အခြားသောသူရဲကောင်းများသည် ထိုအခွင့်အရေးကိုအမိအရဖမးဆုပ်နိုင်ရန်အတွက် ပြေးဝင်သွားခဲ့ကြသည်။ သူတို့သည် နိမ်းတက်စ်ကိုဦးတည်၍ အဆက်မပြတ်တိုက်ခိုက်နေကြကာ နိမ်းတက်စ်အား အမြန်ဆုံးသတ်ဖြတ်နိုင်ရန် မျှော်လင့်ထားကြသည်။
ဘန်း...ဘန်း...ဘန်း
ရုတ်ချည်းဆိုသလိုပင် နိမ်းတက်စ်ကဟိန်းဟောက်လိုက်ပြီးနောက် သူ၏ပတ်ဝန်းကျင်၌ရေငွေ့များစုပုံလာခဲ့ကာ မရေမတွက်နိုင်သောလေးထောင့်ပုံစံ ရေခဲများဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင် နိမ်းတက်စ်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ရေခဲပုံစံနှင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ထို့နောက်တွင် ထိုရေခဲစက်များသည် နိမ်းတက်စ်၏ပတ်ဝန်းကျင်မှလူများ၏ ခန္ဓာကိုယ်အားတိုက်ရိုက်ထိုးဖောက်ခဲ့သည်။
နီကိုးလပ်စ်၏ လက်အောက်ခံတပ်ကြပ်ကြီးတစ်ယောက်သည်ပင် လွတ်မြောက်နိုင်စွမ်းမရှိဘဲ ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။
နိမ်းတက်စ်၏ အုပ်စုလိုက်တိုက်ခိုက်ရေးအစွမ်းသည် အမှန်တကယ်ပင်ခေါင်းကိုက်စေခဲ့သည်။ ထိုတိုက်ခိုက်မှုသည် အလွန်ပင်ပြင်းထန်လှပြီး ပုံမှန်မဟုတ်သည့်အတွက်ကြောင့် ခိုင်ရင်းနှင့်နဂါးလေးတို့၏ အားကောင်းသောခန္ဓာကိုယ်ဖြင့်ပင် ထိုတိုက်ခိုက်မှုအားခုခံနိုင်စွမ်းမရှိခဲ့ပေ။
နိမ်းတက်စ်က ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် ဝါစီချီကတစ်စုံတစ်ခုကို ပြောလိုက်သည်။ နိမ်းတက်စ်သည် ထိုစကားကိုကြားချိန်တွင် တိုက်ခိုက်မှုအားချက်ချင်းရပ်၍ မယုံကြည်နိုင်လောက်သည့်အကြည့်ဖြင့် ဝါစီချီအားကြည့်လိုက်မိသည်။
"ဘုရင်...မိဖုရား"
နိမ်းတက်စ်က တိုးတိုးလေးရေရွတ်လိုက်သော်လည်း ၎င်း၏ကြီးမားသောအရွယ်အစားကြောင့် သူ၏အသံသည်ခန်းမတစ်ခုလုံးအနှံ့ထွက်ပေါ်လာခဲ့ကာ လူတိုင်းရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
လူတိုင်းသည် နိမ်းတက်စ်၏စကားကြောင့် တုန်လှုပ်သွားခဲ့ရသည်။ ဝါစီချီက နိမ်းတက်စ်ရဲ့ဘုရင်မလား...
သို့သော်လည်း နိမ်းတက်စ်၏မျက်လုံးများသည် ချက်ချင်းနီရဲလာကာ အော်ဟစ်လိုက်သည်။
"မင်းကိုငါသတ်ချင်တယ်...ငါကနာဂမျိုးနွယ်ရဲ့အကြီးမြတ်ဆုံးသောဘုရင်ပဲ..."
နိမ်းတက်စ်သည် ထိုသို့အော်ဟစ်လိုက်ကာ ဝါစီချီထံသို့ပြေးဝင်သွားခဲ့သည်။
"နိမ်းတက်စ်က ထိန်းချုပ်မှုကင်းမဲ့သွားပြီ...နဂါးလေးသွားလိုက်တော့"
လက်ရှိအချိန်၌ ဝါစီချီသည် နိမ်းတက်စ်၏ပြိုင်ဘက်မဟုတ်ကြောင်း ရှောင်ယုသိရှိထားပေသည်။ သို့ဖြစ်ရာ သူသည်ဝါစီချီသတ်ဖြတ်ခံရမည်ကို ကြည့်မနေနိုင်ပေ။
နဂါးလေးသည် ရှောင်ယု၏အမိန့်ကိုလက်ခံရရှိပြီးနောက် စိတ်လှုပ်ရှားစွာဟိန်းဟောက်၍ နိမ်းတက်စ်ထံပြေးဝင်သွားခဲ့သည်။
အခန်း ၄၅၀ - ထူးဆန်းသောဆယ်ကျော်သက်
နဂါးလေး၏နံချပ်ကူသည် လေထုကိုထိုးခွင်းဝင်ရောက်လာခဲ့သည်။
ထို့နောက် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ နဂါးလေး၏နံချပ်ကူနှင့် နိမ်းတက်စ်၏သုံးခွမှိန်းတို့ အချင်းချင်းတိုက်မိကြပြီးနောက် အချင်းချင်းနောက်သို့ခြေနှစ်လှမ်းဆုတ်ခွာပေးလိုက်ရကာ အားပြင်းသောစွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။
နဂါးလေးသည် အရှိန်ပြန်ထိန်းလိုက်ကာ နိမ်းတက်စ်ကိုကြည့်၍ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
ဝေါင်း...
နိမ်းတက်စ်ကလည်း ပြန်လည်ဟိန်းဟောက်လိုက်ကာ သူ့အားရင်ဆိုင်ဝံ့သူကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ထိပ်တန်းစစ်ဘုရင်တစ်ပါးအနေဖြင့် နိမ်းတက်စ်သည် တစ်ချိန်ကဝါစီချီနောက်သို့ လိုက်ပါခဲ့ပြီး စစ်မြေပြင်၌ဦးဆောင်ကာ ရန်သူများအားအပြင်းအထန်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင် နဂါးလေးသည် သူ့အားအတင်းအကျပ်နောက်သို့ဆုတ်ခွာစေခဲ့၍ သူသည်သဘာဝကျစွာပင် အလွန်ဒေါသထွက်သွားခဲ့သည်။
"နိမ်းတက်စ်ရဲ့ ဂုဏ်သိက္ခာကိုစိန်ခေါ်ဝံ့တယ်ပေါ့...မင်းကတကယ်သေချင်နေတာပဲ"
နိမ်းတက်စ်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ၏သုံးခွမှိန်းအားလှုပ်ခါ၍ မြေပြင်ကိုရိုက်ချလိုက်သည်။
ထိုတိုက်ခိုက်မှုနှင့်အတူ ပြင်းထန်သောမြေငလျင်လှိုင်းများဖြစ်ပေါ်လာခဲ့ကာ ပေါက်ကွဲစေနိုင်သောစွမ်းအားများကို သယ်ဆောင်လာခဲ့သည်။
ခိုင်ရင်း၏ခန္ဓာကိုယ်သည် ခွန်အားကြီးမားသော်လည်း နိမ်းတက်စ်၏တိုက်ခိုက်မှု၌ပါဝင်သော သက်ရောက်မှုအား ခံနိုင်ရည်မရှိခဲ့ပေ။
အဝေး၌ရှိနေသူသည်ပင် ထိုလှိုင်းလုံးကြီး၏ဖိအားကို ခံစားနေခဲ့ရသည်။
ထိုလှိုင်း၏အဓိကပန်းတိုင်မှာ နဂါးလေးကိုထိခိုက်စေရန်ဖြစ်သည်။ အကယ်၍ နဂါးလေးသာတိုက်ရိုက်ထိမှန်ခံလိုက်ရပါက အခြေအနေမကောင်းမည်မှာ သေချာပေသည်။
အကယ်၍နဂါးလေးသာ ရှောင်တိမ်းလိုပါက ပြဿနာမရှိပေ။ သို့သော်လည်း နဂါးလေး၏နောက်ကျောဘက်တွင်ရှိသော ရှောင်ယု၏တပ်များသည် နဂါးလေး၏အကာအကွယ်ကိုမရပါက အသေအပျောက်ကြီးစွာခံစားရမည်ဖြစ်သည်။
ထို့ကြောင့် နဂါးလေးသည် တပ်ဖွဲ့များအားကာကွယ်ရန်အတွက် ရှောင်တိမ်းရန်စိတ်ကူးအားဖယ်ရှားလိုက်ကာ နံချပ်ကူအားလွှင့်ပစ်လိုက်သည်။ ထို့နောက်သူ၏ခြေသည်းနှစ်ခုကို ဆန့်ထုတ်လိုက်ကာ လှိုင်းလုံးအားဟန့်တားရင်ဆိုင်လိုက်သည်။
ဘန်း...
ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ သူ၏ပတ်ဝန်းကျင်ရှိလူများသည် နံရံတစ်ဖက်တစ်ချက်စီသို့ လွှင့်ထွက်သွားခဲ့သည်။
ခန်းမတစ်ခုလုံး ဖုန်မှုန့်များဖြင့်လွှမ်းခြုံသွားခဲ့သည်။ ဖုန်မှုန့်များကင်းစင်သွားချိန်တွင် လူတိုင်းကမျက်လုံးပြူး၍ အခြေအနေကိုစူးစမ်းလိုက်ကြရာ သွေးများဖြင့်ဖုံးလွှမ်းနေသော နဂါးလေးကိုဦးစွာသတိထားမိလိုက်သည်။ နဂါးလေးသည် ဒဏ်ရာရနေသော်လည်း သူ၏မျက်လုံးများ၌ ခေါင်းမာပြီးတဇွတ်ထိုးနိုင်သော စိတ်ဆန္ဒများဖြင့်ပြည့်နှက်နေခဲ့သည်။
ရှောင်ယု၏အမိန့်အရ နဂါးလေးသည် မရေမတွက်နိုင်အောင်ပြင်းထန်သော တိုက်ပွဲများစွာကိုကြုံတွေ့ခဲ့ရသည်။ သူသည် သွေးထွက်သံယိုတိုက်ပွဲများကိုဆင်နွဲတိုင်း သူ၏စွမ်းရည်များတိုးတက်လာခဲ့သည်။
လက်ရှိအချိန်တွင် နဂါးလေးသည်ကစားရန်ကိုသာသိသော ချစ်စဖွယ်နဂါးလေးတစ်ကောင်မဟုတ်တော့ပေ။ ယခုအခါသူသည် စစ်မှန်သောတိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့် ပြည့်ဝနေသည့်နဂါးကြီးတစ်ကောင်ဖြစ်သည်။
နိမ်းတက်စ်သည် နဂါးလေး၏အစွမ်းကြောင့် ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း နိမ်းတက်စ်သည် ဆက်လက်တိုက်ခိုက်နေခဲ့ပြီး နဂါးလေးကမူသဘာဝကျစွာဖြင့် အကျဘက်သို့ရောက်နေသောကြောင့် ခုခံကာကွယ်ရုံသာတတ်နိုင်ခဲ့သည်။ ထို့ကြောင့်နိမ်းတက်စ်သည် သူ၏ကြီးမားသောခန္ဓာကိုယ်အား နဂါးလေးဆီသို့ရွေ့လျားစေလိုက်သည်။
နဂါးလေးကလည်း သူ၏နောက်ခြေထောက်များကိုအားပြု၍ နိမ်းတက်စ်ထံသို့ပြေးဝင်သွားခဲ့သည်။
သူတို့နှစ်ယောက်တိုက်မိခါနီးအချိန်တွင် အရိပ်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ကာ နိမ်းတက်စ်အား ခိုးဝင်တိုက်ခိုက်လိုက်သည်။
အရာအားလုံးသည် စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခဲ့သည်။ လူတိုင်းသည် သတိပြန်ဝင်လာချိန်တွင် လူတစ်ယောက်၏လက်ချက်ကြောင့် နိမ်းတက်စ်သည်ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း တွေ့ရှိလိုက်ကြသည်။
"ဒီလူကဘယ်သူလဲ..."
ရှောင်ယုသည် ထိုလူ၏ကျွမ်းကျင်မှုကြောင့် အလွန်ပင်ထိတ်လန့်သွားခဲ့ရသည်။ ထိုပုဂ္လိုလ်၏စွမ်းအားသည် ဆဌမအဆင့်သို့မရောက်ရှိသေးပေ။ သို့သော်လည်း သူထုတ်ဖော်လိုက်သောတိုက်ခိုက်ရေးစွမ်းအားက အဆများစွာအားကောင်းကာ သာမန်ဆဌမအဆင့်အောက် နိမ့်ကျခြင်းမရှိပေ။
ထို့ပြင် ထိုလူ၏လှုပ်ရှားမှုများကလည်း အလွန်ပင်မြန်ဆန်လွန်းလှပေသည်။ နိမ်းတက်စ်သည် အလွန်ပင်အားကောင်းလှသည့်အတွက် ခိုးဝင်တိုက်ခိုက်ခံရပြီးနောက်တွင် နိမ်းတက်စ်ကတဖန်ပြန်လည်၍ ပြင်းထန်စွာတိုက်ခိုက်ခဲ့သော်လည်း ထိုလူကအလွယ်တကူရှောင်တိမ်းနိုင်ခဲ့သည်။
"ကောင်းမွန်ပြီး အစွမ်းထက်တဲ့ခန္ဓာကိုယ်"
ရှောင်ယုဘေးနားတွင်ရပ်နေသော နီကိုးလပ်စ်ကလည်း အံ့သြသင့်သွားခဲ့သည်။
ထိုလူသည်အေးစက်သောမျက်လုံးတစ်စုံကိုပိုင်ဆိုင်ကာ နိမ်းတက်စ်၏နောက်တွင်ရပ်နေခဲ့သည်။ သူ၏မာနကြီးသောအသွင်အပြင်နှင့်သူ၏လက်ထဲ၌ကိုင်ဆောင်ထားသော လှပတဲ့ဓားရှည်နှစ်လက်ဖြင့် အားကောင်းသန်မာသောဆယ်ကျော်သက်အရွယ်ပုံရိပ်က လူတိုင်း၏စိတ်အာရုံ၌စွဲထင်သွားခဲ့သည်။
ချောလိုက်တာ...
ထိုအရာသည် လူတိုင်း၏ပထမဆုံးအတွေးဖြစ်ကြောင်း သေချာပေသည်။
အသက်၂၀ကျော်ခန့်သာရှိလောက်သည့် ထိုကောင်လေးသည် အရပ်ရှည်ကာသွယ်လျသော အသွင်အပြင်ရှိသည်။ ထိုကောင်လေးသည် လူသားတစ်ယောက်၏ပုံစံထက် နတ်သူငယ်တစ်ယောက်နှင့်ပိုတူပေသည်။
သူ၏နားရွက်များသည် နတ်သူငယ်များကဲ့သို့ ချွန်ထက်ခြင်းမရှိသော်လည်း သူ၏မျက်လုံးများ၌ ခရမ်းရောင်တောက်ပနေသောအလွှာတစ်ခုရှိနေပြီး ထိုအရာမှာနတ်သူငယ်တို့၏ သိသာထင်ရှားသောလက္ခဏာတစ်ရပ်ဖြစ်သည်။
သူ၏နို့နှစ်ကဲ့သို့ဖြူဖွေးသောအသားအရောင်သည် အမျိုးသမီးများကိုပင် အရှက်ရစေနိုင်သည်။
"နတ်သူငယ်တစ်ဝက်..."
ရှောင်ယုသည် ထိုကောင်လေးကိုမြင်မြင်ချင်းသဘောပေါက်သွားခဲ့သည်။ ထိုလူသည် နတ်သူငယ်နှင့်လူသားတို့၏ပေါင်းစပ်ထားသော သက်ရှိတစ်မျိုးပင်ဖြစ်သည်။
ယခုအချိန်တွင် နိမ်းတက်စ်သည် ထိုကောင်လေးအားတိုက်ခိုက်ရန်လှည့်ကြည့်ချင်ခဲ့သည်။ သို့သော်လည်း နဂါးလေးကသူ၏အနား၌ရှိနေခဲ့သည်။ အကယ်၍ သူသာထိုကောင်လေးအားလှည့်၍တိုက်ခိုက်လိုက်မည်ဆိုပါက နဂါးလေး၏နံချပ်ကူကသူ့ထံကျိန်းရောက်လာမည်ဖြစ်သည်။
ထို့ကြောင့် နိမ်းတက်စ်က မတိုက်ခိုက်ရဲပေ။
ကောင်လေး၏ဓားချက်ကြောင့် သူသည်ပြင်းထန်စွာဒဏ်ရာရနေပြီဖြစ်သည်။ အကယ်၍ သူသာနဂါးလေး၏တိုက်ခိုက်မှုအား နောက်တစ်ကြိမ်ထပ်ခံရမည်ဆိုပါက ပြင်းထန်စွာဒဏ်ရာရသွားမည်ဖြစ်သည်။
ဘန်း...
နဂါးလေး၏နံချပ်ကူသည် နိမ်းတက်စ်၏သုံးခွမှိန်းအားထိမှန်ကာ နိမ်းတက်စ်ကိုလွှင့်ထွက်သွားစေခဲ့သည်။ အဆုံးသတ်တွင် နိမ်းတက်စ်သည် ကောင်လေး၏ခိုးဝင်တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားပြီးဖြစ်ရာ နဂါးလေး၏အားကောင်းသည့်တိုက်ခိုက်မှုများကို ဆက်လက်၍မခုခံနိုင်တော့ပေ။
နိမ်းတက်စ်သည် နဂါးလေး၏တိုက်ခိုက်မှုကြောင့် အခြေမလှဖြစ်နေချိန်တွင် ကောင်လေးသည်ထိုအခွင့်အရေးအား လက်လွှတ်မခံခဲ့ပေ။ သူ၏ပုံရိပ်သည် တဖန်ပြန်လည်၍တောက်ပလာခဲ့ကာ နိမ်းတက်စ်၏အနား၌ထွက်ပေါ်လာခဲ့သည်။ ကောင်လေးသည် ဓားကိုအကြိမ်အနည်းငယ်ဆက်လက်ဝှေ့ယမ်းလိုက်ကာ နိမ်းတက်စ်သည်လည်း နောက်တစ်ကြိမ်ဒဏ်ရာရရှိခဲ့သည်။
နဂါးလေး၏တိုက်ခိုက်မှုကြောင့် နိမ်းတက်စ်နောက်ဆုတ်ပေးလိုက်ရတိုင်း ကောင်လေးကဝင်ရောက်တိုက်ခိုက်နေသလို ရီလာ၏သွေးခြင်္သေ့ကလည်း မသိမသာတိုက်ခိုက်နေခဲ့သည်။
နိမ်းတက်စ်သည် ခရစ်ထက်ပိုမိုအစွမ်းထက်သော်လည်း ဤနေရာတွင် အလွန်များပြားသောကျွမ်းကျင်သူများရှိနေကြသည်။ ထိုကျွမ်းကျင်သူများသည် အတူတကွလက်တွဲကာ သူ့အားသတ်ဖြတ်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။
အထူးသဖြင့် ထူးဆန်းပြီးကြိုတင်မှန်းဆ၍မရနိုင်သော ဆယ်ကျော်သက်ကောင်လေးသည် အမှန်တကယ်ပင်သူ့အား ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။
"သူ့ကိုချက်ချင်းသတ်ဖြတ်ဖို့ကြိုးစားတော့"
ရှောင်ယုသည် အခြေအနေအားသတိထားမိပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လက်ရှိအချိန်တွင် နိမ်းတက်စ်သည် အလွန်မောပန်းနွမ်းနယ်နေကာ ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း ရှောင်ယုသိရှိထားသည်။ အကယ်၍ နိမ်းတက်စ်သာထွက်ပြေးလွတ်မြောက်သွားပါက နောင်တွင်သူ့အားသတ်ဖြတ်ရန် ခက်ခဲမှာဖြစ်သည်။
ရှောင်ယု၏အမိန့်ကို လူတိုင်းကြားသောအခါတွင် နိမ်းတက်စ်အား ချက်ချင်းသတ်ဖြတ်နိုင်ရန်အတွက် တိုက်ခိုက်မှုမျိုးစုံအား ဆက်တိုက်ထုတ်လွှတ်ခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် လူတိုင်းသည် ကျယ်လောင်သောဟိန်းဟောက်သံကိုကြားလိုက်ရပြီး ကောင်းကင်ပေါ်မှနေ၍ ဧရာမငရဲမီးသားရဲတစ်ကောင်သည် နိမ်းတက်စ်အားတိုက်ခိုက်နေသည့် လူများအပေါ်သို့ကျရောက်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ငရဲမီးများက ကျွမ်းကျင်သူအမြောက်အများကို ပြာအဖြစ်သို့တိုက်ရိုက်ပြောင်းလဲသွားစေခဲ့သည်။
Thank For Reading.