ကာကွယ်ခြင်း
Vol. 160 Ch. 2276
ရန်ဟောင်ချန်းနှင့် တခြားလူများက ထိုနေရာကို ဆက်လက်ကာကွယ်ကြ၏။ ဗဟိုချက်မမှ မီးလျှံများမှာ ကွယ်ပျောက်သွားပြီး ဖြစ်သည်။ မီးလျှံများ ပျောက်ကွယ်သွားသည်နှင့် နေမင်းဘုံတစ်ခုလုံးမှာလည်း ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာမြေကြီးသည် အကြီးအကျယ်ပြောင်းလဲသွားကြောင်းကို နေမင်းဘုံမှ တန်ခိုးရှင်များက ခံစားမိကြသည်။ သို့သော်လည်း သာမန်တန်ခိုးရှင်များမှာ မည်သည့်အရာများ ပြောင်းလဲသွားသည်ကို အတိအကျ မပြောနိုင်ကြပေ။ အဆင့်မြင့်တန်ခိုးရှင်များသည်သာ ဖြစ်ပျက်နေသည်များကို နားလည်ကြ၏။
ယခုမှစ၍ နေမင်းဘုံသည် ကွဲပြားခြားနားသွားပေတော့မည်။
အချိန်များ ကုန်လွန်သွားသည်။ ဗဟိုချက်မတွင် စုရုံးနေကြသော တန်ခိုးရှင်များမှာ တဖြေးဖြေး ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့အတွက် ဆက်လက်စောင့်ဆိုင်းနေပါကလည်း အချည်းနှီး မဟုတ်ပါလား။ သူတို့က ရီဖူရှင်းအား တိုက်ခိုက်၍ မဖြစ်သလို တခြားနည်းလမ်းဖြင့်လည်း ရတနာကို ရယူနိုင်ခြင်း မရှိချေ။
ရန်ဟောင်ချန်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များသည်သာ ထိုနေရာတွင် ဆက်လက်ကျန်ရစ်ကာ ရီဖူရှင်းအား ကာကွယ်ပေးနေကြ၏။
အတန်ကြသောအခါ ရီဖူရှင်း၏ခန္ဓာကိုယ်မှ မီးလျှံများမှာ ပါးလျသွားသည်။ သူ၏သက်စောင့်ဟော်နန်း၌ စစ်မှန်သော လောကတစ်ခု ဖြစ်ပေါ်လာ၏။ နေမင်းနှင့် လမင်းတို့သည် ကောင်းကင်တွင် ထွန်းလင်းနေကာ ကြယ်တာရာများသည်လည်း ဘေးတွင် ဝန်းရံနေကြ၏။ သူသည် နောက်ဆုံးတွင် ယင်နှင့် ယန်ဓာတ်တို့အပြင် ကြယ်တို့၏စွမ်းအားကိုလည်း ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ထို့အပြင် သူသည် မငြိမ်းသတ်နိုင်သော ဝူထုံမီးတောက်အားလည်း ပိုင်ဆိုင်၏။
ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်လျှင် သူ့မျက်လုံးအစုံ၌ မီးလျှံများ တောက်လောင်သွားသည်။ သူ၏အကြည့်များက တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်စွမ်း ရှိဟန်ရသည်။
ရီဖူရှင်း၏ကိုယ်အရှိန်အဝါ တဖန်ပြောင်းလဲသွားသည်ကို ရန်ဟောင်ချန်းနှင့် တခြားလူများ သတိထားမိကြ၏။ သို့သော်လည်း အပြောင်းအလဲမှာ သိပ်မကြီးမားပေ။ မည်သို့ဆိုစေ ရီဖူရှင်းသည် တခြားစွမ်းရည်များကိုလည်း ပိုင်ဆိုင်သည် မဟုတ်ပါလား။
ရီဖူရှင်းက နောက်လှည့်ကာ လူအုပ်အား ကြည့်လျှက်ပြောသည် “သွားရအောင်”
လူအုပ်က ခေါင်းညိတ်ကာ သူ့နောက်မှ လိုက်ပါသွားကြသည်။ အတန်ကြာလျှင် သူတို့သည် မြေအောက်မှ ထွက်လာနိုင်ကာ ကမ္ဘာ့မြေပြင်ကို မြင်ကြရ၏။ မီးတောက်များမှာ ပျောက်ကွယ်သွားပြီးဖြစ်သော်လည်း မြေပြင်ကား လောင်ကျွမ်းခံရပြီးဖြစ်သည်။
နေမင်းနတ်နန်းတော်မှာလည်း ပြာပုံအတိ ဖြစ်သွားသည်။ ၎င်းကား သမိုင်းတွင်သာ ကျန်ရစ်ပေတော့မည်။ နေမင်းဘုံသည်လည်း နေမင်းစွမ်းအားကို ပိုင်ဆိုင်တော့မည် မဟုတ်ပေ။
အဝေးတွင် နေမင်းဘုံမှ တန်ခိုးရှင်အများအပြားသည် ရီဖူရှင်းတို့အုပ်စု ထွက်ပေါ်လာသည်ကို သတိထားမိကြ၏။ သူတို့အားလုံးက ထိုအုပ်စုအား လှမ်းကြည့်နေကြသည်။ ၎င်းအထဲတွင် နေမင်းဘုံမှ ထိပ်သီးအင်အားစုများ၏ကျင့်ကြံသူ တချို့ ပါဝင်သည်။ သူတို့က ရီဖူရှင်းတို့အား ချက်ချင်း မှတ်မိ၏။
နေမင်းနတ်နန်းတော်သည်ကား အပြတ်ရှင်းခံလိုက်ရပြီဖြစ်သည်။ ယနေ့မှစ၍ နေမင်းဘုံသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်၏လက်အောက်ခံ ဖြစ်သွားပေလိမ့်မည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သာ ဆန္ဒရှိပါက သူတို့သည် နေမင်းဘုံအား တိုက်ရိုက် အုပ်ချုပ်နိုင်၏။
သို့သော်လည်း လက်ရှိနေမင်းဘုံသည် တန်ဖိုးမရှိတော့သလို ထင်ရသည်။ နေမင်းနတ်မီးတောက်မှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ၎င်းအား ရီဖူရှင်းတို့အုပ်စုမှ တစ်စုံတစ်ယောက်က ယူဆောင်သွားခြင်း ဖြစ်ရပေမည်။ ထိုသူမှာ ရီဖူရှင်း ကိုယ်တိုင် ဖြစ်ဖို့များ၏။
ရီဖူရှင်းသည် အရိပ်ဘုံ၌လည်း တူညီသော ကိစ္စအား လုပ်ဆောင်ခဲ့ခြင်းကို ဒေသခံတန်ခိုးရှင်များအားလုံး သိကြသည်။ သူလုပ်ခဲ့သည်ကား နေမင်းနတ်နန်းတော် မတတ်နိုင်သော ကိစ္စဖြစ်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းတစ်ဦးတည်းသာ ထိုသို့ လုပ်နိုင်သည်။
ထို့ကြောင့် သူ၏အုပ်စုတွင် ကျင့်ကြံဆင့်အားအနည်းဆုံးဖြစ်သော ရီဖူရှင်းကသာ နတ်ရတနာအား ရယူသွားသည်ဟု လူအများက ယူဆကြသည်။
ရီဖူရှင်းက လူအများကို လှမ်းကြည့်သည်။ ထို့နောက် သူက ဘေးမှ သူ့လူများကို မေးသည် “ကျုပ်တို့က နေမင်းဘုံကို လက်မလွှတ်သင့်ဘူး”
အဆင့်မြင့်ဘုံကိုးခုလုံးမှာ မူလဘုံ၏အစိတ်အပိုင်းများဖြစ်ကာ ကျင့်ကြံရန်အတွက် အကောင်းဆုံးနယ်မြေများဖြစ်ကြသည်။ သူတို့မှာ မူလဘုံ၏အနာဂတ်လည်း ဖြစ်၏။
ရီဖူရှင်းက မူလဘုံတစ်ခုလုံးကို ထိန်းချုပ်ရန် ဆုံးဖြတ်ထားသည်။ နေမင်းဘုံအား သည်အတိုင်း လက်မလွှတ်လိုပေ။
“ဒီမှာ ဘယ်သူ့ကို တာဝန်ပေးရန် ကောင်းလဲ” အရှင်ထိုက်ရွှမ်က မေးသည်။
“ကျုပ်တို့က ဒီမှာ ကျောင်းတော်တစ်ခု တည်ဆောက်ရန် ကောင်းမယ်” ရီဖူရှင်းက အကြံပေးသည် “ပြီးတော့ ကျုပ်တို့က နေမင်းဘုံက လူတွေကို လက်ခံသင်ကြားပေးပြီးတော့ ထူးချွန်တဲ့သူတွေကို ကောင်းကင်အာဏာစက်ကျောင်းတော်မှာ လေ့ကျင့်စေမယ်”
“အင်း… ဒါလည်း ကောင်းတာပဲ” အရှင်ထိုက်ရွှမ်က သဘောတူသည်။ အဝေးတွင် တန်ခိုးရှင်များသည် ရီဖူရှင်း၏စကားကိုကြားကာ အလွန်စိတ်လှုပ်ရှားမိကြသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ခွင့်ရတော့မည့် အခွင့်အရေး ရှိနေသည်။
လက်ရှိတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် မူလဘုံ၏ဗဟိုချက်မတွင် တည်ရှိသည်။ ထိုနေရာထက် သာလွန်သော နေရာ မရှိတော့ချေ။ သူတို့သည် မူလဘုံ၏ဘုရင်များဖြစ်ကြသည်။
“ကျုပ်တို့က ကျောင်းတော်ကို ပြန်ရောက်တဲ့အခါ ဒီကိစ္စကို အသေးစိတ်ဆွေးနွေးကြတာပေါ့” ရီဖူရှင်းက ပြောသည်။ တခြားလူများကလည်း ခေါင်းညိတ်ကြ၏။ ထို့နောက် သူတို့က လေဟာနယ်ကို ခွဲကာ နေမင်းဘုံမှ ထွက်သွားကြတော့သည်။
နေမင်းဘုံမှ တန်ခိုးရှင်များမှာ မီးကျွမ်းထားသော မြေပြင်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကာ ကျန်ရစ်ကြတော့သည်။
…
နေမင်းနတ်နန်းတော် ရှင်းလင်းသုတ်သင်ခံလိုက်ရသည့်သတင်းမှာ ဘုံကိုးခုသို့ ပျံ့နှံ့သွားတော့သည်။ လက်ရှိတွင် ဘုံကိုးခုလုံးမှာ ကောင်းကင်အာဏာစက်ကျောင်းတော်၏ထိန်းချုပ်မှုအောက်သို့ ကျဆင်းသွား၏။ ထို့ကြောင့် သတင်းမှာ အလွန်မြန်ဆန်စွာ ပျံ့သွားသည်။ ထိုသတင်းသည် ဗဟိုအင်ပါယာဘုံတွင် ကြီးမားစွာ လှုပ်ခတ်ခဲ့၏။
ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်းနှင့် တခြားလူများမှာ ပြန်ရောက်လာပြီဖြစ်သည်။ လူတစ်ယောက်က သူတို့အား ပင်မခန်းမတွင် နောက်ဆုံးရအခြေအနေများကို တင်ပြနေသည်။
ထိုလူက ပြောသည် “နတ်ဘုရာမာန်ဟုန်ကျောင်းတော်က သူတို့နေရာကို စွန့်ခွာပြီး ပျောက်ကွယ်သွားကြပြီ။ သူတို့တပည့်အတော်များများကလည်း နေရာအနှံ့အပြားကို ထွက်သွားကြတယ်” နတ်ဘုရားမာန်ဟန်ကျောင်းတော်သည် အထက်ဘုံမှ အင်အားစုတစ်ခု၏အထောက်အပံ့ရှိသည်။ ထို့ကြောင့် သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လာရောက်ကာ အညံ့ခံခြင်း မရှိခဲ့ချေ။ လက်ရှိတွင် ထိုအဖွဲ့မှ လူတိုင်းမှာ ထွက်သွားကြဟန်ရှိသည်။
သိသာစွာပင် သူတို့က နေမင်းနတ်နန်းတော်ကဲ့သို့ အန္တရာယ်နှင့် ကြုံရနိုင်ကြောင်း သိကြသည်။
အမှန်တကယ်အားဖြင့် နေမင်းနတ်နန်းတော်ရှင်းလင်းခံရခြင်းမှာာ နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်ကြောင့် ဖြစ်သည်။ မဟုတ်လျှင် နေမင်းနတ်နန်းတော်သည် ထိုကံဆိုးမိုးမှောင်ကျမှုကြီးမှ လွတ်မြောက်နိုင်သည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုလူက အကြောင်းအရာများကို တင်ပြပြီးနောက် ခန်းမမှ ထွက်သွားသည်။
နတ်ဘုရားမာန်ဟုန်ကျောင်းတော်မှ ပင်မလူများအားလုံးမှာ အထက်ဘုံမှလူများနှင့်အတူ ထွက်သွားကြခြင်း ဖြစ်ရပေမည်။ တခြားသော ကျင့်ကြံသူများမှာကား ရီဖူရှင်းအတွက် လိုက်လံဖမ်းဆီးရန် အရေးမပါပေ။ သူသည် ရှန်ကလန်မှ အဖွဲ့ဝင်တိုင်းကို မသတ်ဖြတ်၊မဖမ်းဆီးခဲ့မှတော့ သူက နတ်ဘုရားမာန်ဟုန်ကျောင်းတော်မှ လူများကိုလည်း ထိုသို့ လုပ်မည် မဟုတ်ပေ။
“ဗဟိုအင်ပါယာဘုံမှာ အင်အားစုတွေကို ပြန်ပြီး ပြင်ဆင်ဖွဲ့စည်းတာ ပြီးသွားပြီလား” ရီဖူရှင်းက ဘေးမှ ရှောင်မုယွီကို မေးသည်။
“အင်း…” ရှောင်မုယွီက ခေါင်းညိတ်ကာ ပြောသည် “အဲဒါက အနည်းနဲ့အများ ပြီးနေပြီ။ အခု ဗဟိုအင်ပါယာဘုံက အင်အားစုတွေအားလုံး ကျွန်မတို့ ထိန်းချုပ်မှုအောက်မှာပဲ။ နေမင်းဘုံတိုက်ပွဲပြီးကတည်းက ကျွန်မတို့က မူလဘုံက အင်အားစုတွေအကုန်လုံးကို ထိန်းချုပ်နိုင်ပြီဆိုရမယ်။ ပြင်ပကမ္ဘာက အင်အားစုတွေတော့ မပါဘူးပေါ့”
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့က မူလဘုံမှ အင်အားစုများကို ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းစဉ် ပြီးစီးသွားမှတော့ မူလဘုံတစ်ခုလုံးကို ပြန်လည်စုစည်းရန် အချိန်ကျလာပြီဖြစ်သည်။ ထို့နောက်တွင် ပြင်မဘုံမှ အင်အားစုများက အလွယ်တကူ တိုက်ခိုက်ရဲတော့မည် မဟုတ်တော့။
ရီဖူရှင်းက ရေရွက်သည် “ဒါပေမဲ့ ဘုံသုံးထောင်ကတော့ ထိခိုက်ခံစားနေရတုန်းပဲ။ သူတို့က ပြင်ပဘုံက အင်အားစုတွေကို ခုခံဖို့ အားမဲ့တယ်”
အရှင်ထိုက်ရွှမ်က သဘောတူဟန်ဖြင့် ပြောသည် “မင်း ပြန်မလာခင်က ဘုံသုံးထောင်ဟာ မှော်နက်လောကရဲ့တိုက်ခိုက်သိမ်းပိုက်တာကို ခံကြရတယ်။ လက်ရှိမှာ မှော်နက်လောကက အင်အားစုအများအပြားက အဲဒီဘုံတချို့ကို ထိန်းချုပ်ထားတုန်းပဲ”
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက အဝေးကိုကြည့်ကာ ပြောသည် “ကျုပ်အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီးတော့ ဘုံသုံးထောင်ဟာ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့အကာအကွယ်အောက်မှာ ရှိမယ်။ တကယ်လို့ အင်အားစုတစ်ခုခုက ဘုံသုံးထောင်က အပြစ်မဲ့လူတစ်ယောက်ကို သတ်ခဲ့မယ်ဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်က သေချာပေါက် အဲဒီအင်အားစုကို အပြစ်ပေးရလိမ့်မယ်”
ရီဖူရှင်း၏စကားကိုကြားကာ လူအများအပြားမှာ အံ့အားသင့်ကြသည်။ သူတို့၏အကြည့်များမှာ သူ့ထံသို့ ရောက်နေသည်။ ရီဖူရှင်းက ဘုံသုံးထောင်လုံးကို ကာကွယ်ပေးလိုသည်လား။
ပြင်ပမှ အင်အားစုများမှာ အလွန်အင်အားကောင်းပြီး ဘုံသုံးထောင်မှာလည်း ကျယ်ပြောလွန်း၏။ ကောင်းကင်အာဏာစက်ကျောင်းတော်က အဆင့်မြင့်ဘုံကိုးခုကို ထိန်းချုပ်ထားသည်မှာ မှန်သော်လည်း ဘုံသုံးထောင်လုံးကို ကာကွယ်လိုခြင်းမှာ အလွန်ခက်ခဲသော ကိစ္စဖြစ်ပေမည်။
သို့သော်လည်း သူ့ရှေ့မှ တန်ခိုးရှင်များက ဦးညွတ်ကာ ဆိုသည် “ကောင်းပါပြီ”
တန်ခိုးရှင်အများအပြားက နောက်လှည့်ကာ ထွက်သွားကြသည်။ အရှင်ထိုက်ရွှမ်နှင့် ထိပ်သီးတန်ခိုးရှင်များကလည်း ပြောသည် “ကျုပ်တို့ကလည်း ဒီသတင်းကို ထုတ်ပြန်ပေးမယ်”
သူတို့အားလုံးက ရီဖူရှင်း၏ဆန္ဒကို သဘောကျကြပေသည်။
ယခု ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျောင်းအုပ်ဖြစ်သည်။ သူ့အနေဖြင့် မူလဘုံကို ကာကွယ်ပေးလိုခြင်းမှာ သင့်တော်သော ကိစ္စလည်းဖြစ်၏။