ယှဉ်ပြိုင်တိုက်ခိုက်ခြင်း
Vol. 56 Ch. 831
စိုတယ်နတ်ဆိုးသည် ယီထျန်းယွမ်ထံမှ ပျစ်ပျစ်နှစ်နှစ် အပြောခံရသဖြင့် မျက်နှာတစ်ခုလုံး ပုပ်သိုးသွားသည်။ မျှော်စင်သခင်စစ်ဆေးမှုအတွက် ဝင်ရောက်လာစဉ်ကတည်းက ယခုအချိန်ထိ အဆက်မပြတ် ပြောင်လှောင်စော်ကား ခံနေရပြီး ယခုပင် ဆဲဆိုခံရသည်ထက် ပိုဆိုးနေရသည်။
အဓိကအချက်မှာ သူ့တွင် ပြန်လှန်ပြောဆိုရန် အကြောင်းမရှိသည့်အပြင် ဘာမှအသုံးမဝင်ပေ။ အဆက်မပြတ် အစော်ကားခံနေရသည်။ ယီထျန်းယွမ်၏ စကားများသည် အမှန်တရားများဖြစ်ပြီး သူပြောခဲ့သော စကားများသည် မာန်ဖီလွန်းသဖြင့် နောက်ဆုံးတွင် ယီထျန်းယွမ်ထံမှ ပြောင်လှောင်ထေ့ငေ့ါ ခံလိုက်ရသည်။
“ကောင်လေး... မင်းအခုလောက်မာန်ဖီတာ နောက်ဆုံးမှာ မင်းသေရမယ့်ဒဏ်က ပိုဆိုးလိမ့်မယ်...”
စိုတယ်နတ်ဆိုးက အံကို တင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
“ငါက မာန်ဖီတယ်ပေါ့...” ယီထျန်းယွမ်က သူ့ကို ကြည့်ရင်း တည်ငြိမ်စွာ ပြုံးလိုက်သည်။ “ဘယ်သူက အစကတည်းက ကြီးကြီးကျယ်ကျယ် စကားတွေပြောပြီး ဒါက ညံ့တယ်၊ ဟိုဟာကလည်း မိုက်မဲတယ်လို့ ပြောနေတာလဲ... နောက်ဆုံးမှာတော့ ကိုယ့်စကားနဲ့ကိုယ် အစော်ကားခံလိုက်ရတာကို ငါကမာန်ဖီတယ်လို့ ပြောရမှာလား...”
“ဟုတ်တယ်လေ... နောက်ဆုံးမှာ ဘယ်သူက ပိုပြီး ဆိုးဆိုးဝါးဝါး သေရမယ်ဆိုတာ ဘယ်သူမှ မသိသေးဘူးမဟုတ်လား...”
အကယ်၍ တိုက်ခိုက်၍ရမည်ဆိုပါက ယီထျန်းယွမ်သည် စိုတယ်နတ်ဆိုးနှင့် ရင်ဆိုင်တိုက်ခိုက်နေလောက်ပြီဖြစ်ပြီး ဤနေရာ၌ ထိုင်စောင့်နေမည်မဟုတ်ပေ။
“ကောင်းပြီ... မင်းစောင့်နေ... မကြာခင် သိလာလိမ့်မယ်...”
စိုတယ်နတ်ဆိုးက ခြေလှမ်းကို ရှေ့သို့ မြှောက်လိုက်ပြီး ရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုလမ်းကြောင်းသည် သူတို့ကို ဆက်လက်ရှေ့သို့ ဆောင်ကြဉ်းပေးမည့် လမ်းဖြစ်သည်။
“ယီညီငယ်... မင်းက သူ့ကို ဒီလိုမျိုး ဒေါသထွက်အောင် လုပ်လိုက်တော့...”
ဖန်ဟုန်ဒါး၏ မျက်လုံးများထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ထပ်မံပေါ်ထွက်လာသည်။ ပြိုင်ဘက်သည် နတ်ဘုရားနယ်ပယ်အဆင့်ရှိသူဖြစ်ပြီး အကယ်၍ တိုက်ပွဲဖြစ်လာပါက အလွန်ဆိုးရွားပေလိမ့်မည်။
“တစ်ဖက်ကနေ ပြောရရင်... ငါက သူ့ကို ဒေါသထွက်အောင် မလုပ်ရင် သူက ငါ့ကို ဘာမှ မလုပ်ဘူးလို့ ထင်နေတာလား...” ယီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “သူ့ကို မဖြစ်နိုင်လောက်အောင် ရင်ဆိုင်လို့မရရင်တောင် စိတ်ဓာတ်အားဖြင့်တော့ သူတို့ထက် တစ်စက်တောင် အားနည်းမနေရဘူး... ခေါင်းဆောင်ဖန်... မင်းက အပြင်မှာ ကြာရှည်နေခဲ့ရတော့ စိတ်ဓာတ်တောင် အနည်းငယ် အားနည်းလာပုံပဲ...”
ဖန်ဟုန်ဒါးသည် တိတ်ဆိတ်သွားသည်။ ယခင်ကထက် သူသည် အလွန်အမင်း သတိထားလာရသည်။ အကယ်၍ ထိန်းမထားခဲ့ပါက သေမင်းနှင့်ရင်ဆိုင်ရမည့် ဘေးဒုက္ခများ ကျရောက်လာနိုင်သည်။
သူသည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ လူများက ကိုင်တွယ်ပုံမတူညီကြပေ။ သူသည် အလယ်အလတ်လမ်းကို လိုက်နာသူဖြစ်သဖြင့် အလွန်အမင်း ထင်ပေါ်ပြီး ရန်စမှုကို မပြုလုပ်ချင်ပေ။ အနည်းငယ်မျှ သတိထားနေရင်း နိမ့်ကျစွာ နေထိုင်ခြင်းက ပိုကောင်းသည်။
သို့သော် ယီထျန်းယွမ်ကတော့ ထိုသို့မထင်ပေ။ နှိမ့်ချစွာ နေထိုင်ခြင်းသည် ကောင်းမွန်သော်လည်း အချို့သူများက တံခါးဝသို့ ရောက်လာပြီး ရန်စလာသည့်အခါ အနည်းငယ်မျှတောင် မခုခံပါက ပိုမိုဆိုးရွားစွာ အနိုင်ကျင့်ခံရလိမ့်မည်။
ထို့နောက် သူတို့သည် လျင်မြန်စွာ လမ်းကြောင်းအတိုင်း လိုက်သွားသည်။ ဤနေရာတွင် ရှည်လျားသော စင်္ကြံတစ်ခုရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် ယခင်လမ်းကြောင်းနှင့် မထူးခြားသည့် ယင်စွမ်းအင်မီးလျှံများ ရှိနေသည်။
ဤတစ်ကြိမ်တွင် စိုတယ်နတ်ဆိုးသည် အလွန်လျင်မြန်စွာ ပြေးထွက်သွားပြီး ရှေ့သို့ အပြေးအလွှား ထွက်ခွာသွားသည်။ သူသည် ဤနေရာကို အလွန်ထူးဆန်းသည်ဟု ခံစားရပြီး ယခင်က အခြေအနေမျိုးကို ထပ်မံခံစားလိုခြင်း မရှိသဖြင့် အလျင်အမြန် ပြေးထွက်သွားသည်။ မြန်နိုင်သမျှ မြန်မြန်ပြေးသွားသည်။
ယီထျန်းယွမ်က သူ၏ ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း အားမလိုအားမရဖြင့် ခေါင်းခါလိုက်သည်။ သူသည် ဤသို့သော အခြေအနေကို ဆက်လက်ကစားလိုခဲ့သော်လည်း ပြိုင်ဘက်က အလွန်လျင်မြန်စွာ ထွက်ပြေးသွားသည်။
သူတို့သည် ထွက်ပေါက်သို့ ရောက်ရှိသွားသောအခါ မျက်စိရှေ့တွင် ကျယ်ပြန့်သော မြေပြန့်တစ်ခု ပေါ်ထွက်လာသည်။ ရှေ့တွင် ဘာမှမရှိပေ။
ထိုအခါ လေထဲတွင် အရိပ်တစ်ခု စုဝေးလာပြီး လူငယ်တစ်ဦး၏ ပုံရိပ်ဖြစ်ပေါ်လာသည်။ ထိုသူသည် လူသက်သက်မဟုတ်ဘဲ ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်ကို ထိန်းချုပ်ရန် မင်နတ်ဘုရားက ထားရှိခဲ့သော ဝိညာဉ်တစ္ဆေဖြစ်သည်။
“နောက်ဆုံးအဆင့်ကို ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်... လူဦးရေများနေတဲ့အတွက် တစ်ဦးကို ဖယ်ရှားရမယ်...”
ဝိညာဉ်တစ္ဆေက ဖန်ဟုန်ဒါးနှင့် စိုတယ်နတ်ဆိုးတို့ကို ညွှန်ပြလိုက်ရင်း ပြောသည်။
“မင်းတို့နှစ်ယောက်က ယှဉ်ပြိုင်တိုက်ခိုက်ရမယ်... ရှုံးတဲ့သူ ထွက်ခွာရမယ်... နိုင်တဲ့သူ ဆက်လက်ရှေ့ဆက်ရမယ်...”
“ဟား... ဟား... နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာပြီ... မင်းကိုစပြီး ဖယ်ရှားမယ်...”
စိုတယ်နတ်ဆိုးက ဖန်ဟုန်ဒါးကို အေးစက်စွာ ကြည့်ရင်း ပြောသည်။
“ကောင်းကင်မင်နတ်ဘုရားနိုင်ငံရဲ့ ခေါင်းဆောင်... အရင်က မင်းကို ဝါးမျိုဖို့ ကြိုးစားခဲ့ပေမဲ့ မင်းရဲ့ ထူးခြားတဲ့ အခွင့်အာဏာနဲ့ ရှောင်ထွက်သွားခဲ့တယ်... အခုတော့ ဘယ်လိုရှောင်မလဲ ကြည့်ရအောင်...”
မင်နတ်ဘုရား၏ နောက်ဆက်ခံသူများ၏ သွေးရိုးဗီဇသည် သူတို့၏ အဓိကလိုက်လံဖမ်းဆီးရမည့် ပစ်မှတ်ဖြစ်သည်။ ဖန်ဟုန်ဒါး၏ သွေးရိုးဗီဇသည် အလွန်သန့်စင်သဖြင့် မည်သို့လျှင် လက်လွှတ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဖန်ဟုန်ဒါးကို တွေ့သောအခါ သူ့ကို ဝါးမျိုရန် ကြိုးစားခဲ့သော်လည်း ဖန်ဟုန်ဒါး၏ ထူးခြားသော အခြေအနေကြောင့် ဝါးမျိုရန် မဖြစ်နိုင်ခဲ့ပေ။
အကယ်၍ အပြင်တွင် ဆက်လက် ကျင့်ကြံခွင့်ပေးထားပါက သြဇာလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် နောက်ဆုံးတွင် မိုးကြိုးနယ်မြေသို့ လွှတ်ထုတ်ကာ သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။
ယခုမူ အနည်းငယ်မျှ ကွဲပြားသွားသည်။ မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်ပြီး စိုတယ်နတ်ဆိုးသည် ဖန်ဟုန်ဒါးအား ထွက်ပြေးရန်နယ်မြေသို့ မရောက်မီ လမ်းကြားတွင် ဖမ်းဆီးနိုင်မည့် အခွင့်အရေးရှိသည်။
ဖန်ဟုန်ဒါး၏ မျက်နှာသည် မှောင်မိုက်သွားသည်။ စိုးရိမ်ခဲ့ရသည့်အရာသည် နောက်ဆုံးတွင် ရောက်ရှိလာသည်။ သူ၏ ကျင့်စဉ်အဆင့်သည် မနိမ့်ကျသော်လည်း နတ်ဘုရားနယ်ပယ်အဆင့်ရှိသူတစ်ဦးကို ရင်ဆိုင်ရသောအခါ အနိုင်ကျင့်ခံရမည့်အခြေအနေသာ ရှိသည်။
ထိုအချိန်တွင် ယီထျန်းယွမ်က လက်ဆန့်ထုတ်ကာ တစ်ခုခုကို ဖန်ဟုန်ဒါး၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီး စိတ်အာရုံဖြင့် ပြောလိုက်သည်။ “အမြန်ပြေးထွက်သွား... ကျန်တာကို ငါထိန်းထားပေးမယ်...”
ဖန်ဟုန်ဒါးသည် လက်ထဲရှိ အရာကို ကိုင်လိုက်ပြီးနောက် အနည်းငယ်မျှ မှင်တက်မိသွားသည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မဖြေပေ။
ဖန်ဟုန်ဒါးက ထိုအရာကို သိမ်းလိုက်ပြီးနောက် ယီထျန်းယွမ်က ဝိညာဉ်တစ္ဆေကို ကြည့်ရင်း ပြောလိုက်သည်။
“အဲ့ဒီကောင်က ယုံမင်နတ်ဆိုးမျိုးနွယ်ဖြစ်တယ်... သူ့ကို အရေးမယူဘူးလား...”
ဝိညာဉ်တစ္ဆေသည် ချက်ချင်းပင် စိုတယ်နတ်ဆိုးကို အကြည့်ပို့လိုက်ပြီး ရှေ့နောက်စစ်ဆေးကြည့်ရှုပြီးနောက် နက်ရှိုင်းစွာ ပြောလိုက်သည်။ “သူ့ခန္ဓာကိုယ်ထဲမှာ မင်နတ်ဘုရားဘုရင်ရဲ့ သွေးရိုးဗီဇရှိတဲ့အတွက် အရေးမယူနိုင်ပါ...”
မထင်မှတ်ထားသည့်အတိုင်း ဖြစ်သွားသည်။ အကယ်၍ အရေးယူနိုင်ခဲ့ပါက ကြာမြင့်စွာကတည်းက အရေးယူခံရပြီးဖြစ်သည်။ မင်နတ်ဘုရား၏ သွေးရိုးဗီဇရှိသူမည်သူမဆို အရေးယူမှုသည် ချက်ချင်းပင် အကျိုးမသက်ရောက်ပေ။ ထိုကိစ္စတွင် ခြွင်းချက်မရှိပေ။
“ဟား... ဟား... မသာကောင်... ဒီလိုလုပ်ရင် အဆင်ပြေမယ်ထင်နေတာလား...” စိုတယ်နတ်ဆိုးက အေးစက်စွာ ပြောလိုက်သည်။ “ဒီကောင်ကို ဖယ်ရှားပြီးရင် မင်းကို နောက်ထပ်ဖယ်ရှားမယ်... အမြန်စတင်စမ်းပါ... ငါက မစောင့်နိုင်တော့ဘူး...”
ဝိညာဉ်တစ္ဆေက သူတို့နှစ်ဦးကို ကြည့်ရင်း မေးလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်ပြီလား...”
“ငါ အခုနကမှ ပြောခဲ့တယ်မဟုတ်လား... အဆင်သင့်ဖြစ်ပြီးသား...”
စိုတယ်နတ်ဆိုးက စိတ်မရှည်စွာ ပြောလိုက်သည်။
“ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ...”
ဖန်ဟုန်ဒါးက ခေါင်းညိတ်ပြီး ပြောသည်။
“ဒါဆိုရင် တိုက်ပွဲကို စတင်ပြီး... နယ်မြေအပြင်ဘက်ကို ထွက်ပြေးသွားရင် ရှုံးကြောင်း သတ်မှတ်မယ်... လမ်းတစ်လျှောက်မှာ အလျှော့ပေးလို့ ရှုံးတယ်လို့ မသတ်မှတ်ဘူး... နယ်မြေအပြင်ဘက်ကို ထွက်ပြေးမှသာ အလျှော့ပေးတယ်လို့ သတ်မှတ်မယ်...” ဝိညာဉ်တစ္ဆေက ထူထဲသော အကာအရံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူတို့ကို လွှမ်းမိုးထားသည်။ နယ်မြေဧရိယာသည် ပေတစ်ထောင်ပတ်လည်ခန့်ရှိသည်။
ဤသည်မှာ အမှန်တကယ် သိပ်ကျယ်ပြန့်သည်မဟုတ်ပေ။ ပြဿနာမှာ ပြိုင်ဘက်သည် အလွန်သန်မာပါက ထွက်ပြေးရန်ပင် မဖြစ်နိုင်ပေ။
အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် ဝိညာဉ်တစ္ဆေက ပြောလိုက်သည်။
“ဒါဆိုရင် ယှဉ်ပြိုင်တိုက်ခိုက်မှုကို တရားဝင်စတင်ပါပြီ...”
အမိန့်ပေးလိုက်သည်နှင့် စိုတယ်နတ်ဆိုးထံမှ နတ်ဘုရားနယ်ပယ်အဆင့်နှစ်စွမ်းအားသည် ချက်ချင်းပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားသည်။
“ဘုန်း...”
စိုတယ်နတ်ဆိုးက မြေပြင်ကို ခြေနင်းလိုက်သည်နှင့် မာကျောသော မြေပြင်သည် တွင်းတစ်ခုဖြစ်ပေါ်သွားသည်။ ယခင်က စိတ်ထဲရှိခဲ့သော ရှက်ရွံ့မှုနှင့် ဒေါသများအားလုံးသည် ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသည်။ သူသည် ယခုအခါ ဖန်ဟုန်ဒါးကို အပိုင်းပိုင်းဖြတ်စဉ်းပြီး ဝါးမျိုပစ်လိုက်ရုံသာ လိုလားသည်။ ဤမျှရိုးရှင်းသည်။
ဖန်ဟုန်ဒါးက လှည့်ပြီး ဘေးသို့ ထွက်ပြေးသွားသည်။ သူ၏ အမြန်နှုန်းသည်လည်း အမြင့်ဆုံးအဆင့်သို့ ပေါက်ကွဲထွက်လာသည်။ သူသည် အားပြလျှင် ဤနေရာတွင် သေရမည်ကို သိသည်။ တောင်စိမ်းရှိနေသမျှ ထင်းမရှားပေ။
“ထွက်ပြေးချင်လား... မဖြစ်နိုင်ဘူး...”
စိုတယ်နတ်ဆိုးသည် အပြည့်အဝစွမ်းအားထုတ်လွှတ်ရင်း ဖန်ဟုန်ဒါးအနီးသို့ လျင်မြန်စွာ ချဉ်းကပ်ရောက်ရှိလာသည်။ သူ၏ အမြန်နှုန်းသည် ဖန်ဟုန်ဒါးထက် အဆပေါင်းများစွာ မြန်ဆန်ပြီး မျက်တောင်တစ်ခတ်အတွင်း ဖန်ဟုန်ဒါးရှေ့သို့ ရောက်ရှိသွားသည်။ သူတို့နှစ်ဦးအကြား ကွာဟချက်သည် ကြီးမားသော ချောက်ကမ်းပါးတစ်ခုကဲ့သို့ ဖြည့်စွမ်းရန် ခက်ခဲလှသည်။
စိုတယ်နတ်ဆိုးက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဖန်ဟုန်ဒါးကို မြေပြင်ပေါ်သို့ ဖိချလိုက်ရန် ကြံရွယ်သည်။ ဖန်ဟုန်ဒါး ဖမ်းမိတော့မည့်အခါ ရုတ်တရက် ဖန်ဟုန်ဒါး၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော အကာအရံတစ်ခု ဖြစ်ပေါ်လာသည်။
ဤအကာအရံအောက်တွင် စိုတယ်နတ်ဆိုးကို တွန်းထုတ်လိုက်သည်။ စိုတယ်နတ်ဆိုးက ဂရုမစိုက်ဘဲ ပြင်းထန်စွာ လက်ဖဝါးဖြင့် ဖိချလိုက်သော်လည်း အင်အားကြီးမားသော စွမ်းအားတစ်ခုက ပြန်လည်တွန်းထုတ်လာသည်။
“ဒုန်း”
သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားသည်။
ထိုအကာအရံသည် ပေါက်ကွဲသံနှင့်အတူ စွမ်းအင်အပိုင်းအစများအဖြစ် ပေါက်ကွဲသွားသည်။ သို့သော် ဤမတိုင်မီ ဖန်ဟုန်ဒါးသည် ထိုအခြေအနေကို အသုံးချပြီး ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားကာ ယှဉ်ပြိုင်မှုနယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားသည်။
ပေါက်ကွဲထွက်လာသော အကာအရံသည် တကယ်တော့ မိုးကောင်းကင်ဝါးမျိုရတနာဖြစ်သည်။ ယီထျန်းယွမ်က ဤမိုးကောင်းကင်ဝါးမျိုရတနာကို ဖန်ဟုန်ဒါးထံ ငှားပေးခဲ့ပြီး ဤအကာအရံသည် နတ်ဘုရားနယ်ပယ်အဆင့်ရှိသူ၏ တစ်ချက်ရိုက်ချက်ကို ခုခံနိုင်သည်။ ဤအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးရန် လုံလောက်သည်။
သန်မာသူများအကြား တိုက်ပွဲသည် မျက်တောင်တစ်ခတ်အတွင်း အဆုံးသတ်နိုင်ပြီး အချိန်အကြာကြီး မလိုအပ်ပေ။
အခန်း (၈၃၁) ပြီးပါပြီ။