ရွှေသော့ခလောက် တစ်ဆယ့်သုံးခု စိတ်ဝိညာဉ်ကျင့်စဥ်
Vol. 4 Ch. 46
ချင်မင်သည်လည်း ဖခင်၏ပုံစံအတိုင်း လိုက်နာကာ ဘိုးဘေးများအား ဂါရဝပြုလိုက်သည်။
ဤသည်ကား မိသားစုပင်။ မိသားစုဟူသည် တစ်ဦး သို့မဟုတ် နှစ်ဦးတည်းဖြင့် မိသားစုမဟုတ်ဘဲ သွေးသားတော်စပ်သူများအားလုံး ပေါင်းစပ်ထားခြင်းဖြစ်ပေ၏။
အထက်တန်းလွှာမိသားစုများမှ လူငယ်များသည် မည်သည်ကြောင့် မိသားစုကို ဤမျှထိ တန်ဖိုးထားသည်ကို ချင်းမင် ယခုမှ နားလည်သွားလေသည်။
ဤသည်မှာ တစ်စုံတစ်ယောက်၏ မိသားစုအတွက် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်ပင်။
မိသားစုတစ်စုအတွင်းမှ လူများအားလုံးသည် မိသားစုအတွက် တိုက်ပွဲဝင်နေကြပြီး သူတို့သည် ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီသို့ ဦးတည်နေကြသည်။ ထိုသို့သော မိသားစုတစ်စုသည် ကုန်းမြေပေါ်တွင် အင်အားစုကြီးတစ်ခု မည်သည်ကြောင့် မဖြစ်နိုင်ဘဲ ရှိမည်နည်း။
ဂိုဏ်းများနှင့်အင်ပါယာများသည်လည်း ဤမိသားစုများကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
ဤသည်မှာ သူ၏ဖခင်က သူ့အား ဤနေရာသို့ ဂရုတစိုက် ခေါ်ဆောင်လာခဲ့သည့် ပထမဆုံးအကြိမ်ပင်။ ယခင်က မိသားစုလိုက် ဝတ်ပြုမှုများသည် ပွဲတော်များအတွင်း၌သာဖြစ်ပြီး တစ်နှစ်လျှင် တစ်ကြိမ် မိသားစုတစ်စုလုံး တက်ရောက်ကြရသည်။
"ချင်းမင်....မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ချင်းမိသားစုရဲ့သွေးတွေ စီးဆင်းနေတယ်ဆိုတာ မင်း သိထားရမယ်....မင်းက ငါ့ရဲ့သားပဲ... ဒီနေ့ကစပြီး ငါက ချင်းမိသားစုတစ်ခုလုံးကို မင်းဆီ လွှဲပြောင်းပေးမယ်...မင်းက ချင်းမိသားစု ချင်းမိသားစုက မင်းပဲ.."
ချင်းယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ချင်းမင် ကြီးပြင်းလာကာ ချင်းမိသားစု၏တာဝန်များကို တရားဝင်လက်ခံရမည့်အချိန် ကျရောက်ပြီဖြစ်ကြောင်း သူ ခံစားမိသည်။ အကယ်၍ သူ မတော်တဆတစ်ခုခု ဖြစ်သွားပါက ချင်းမင်သည် ချင်းမိသားစုတစ်စုလုံးကို ထောက်ပံ့နိုင်ပေလိမ့်မည်။
"ဟုတ်ကဲ့ပါ အဖေ"
ချင်းမင်က အလေးအနက်ထား၍ ခေါင်းညိတ်လိုက်၏။
သူသည် ချင်းမိသားစုတစ်ခုလုံးအပေါ် အလွန်ချစ်ခင်တွယ်တာမှု ရှိသည်။ ဤနေရာရှိ လူတိုင်းက သူ့ကို အလွန်ချစ်ခင်ကြပြီး သူ၏ကာကွယ်မှုကို ခံယူထိုက်သူများ ဖြစ်ကြသည်။
သူသည် ဤနေရာတွင် ကြီးပြင်းလာခဲ့ပြီး ဤမိသားစု၏ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရရာ ချင်းမိသားစုသည် သူ၏အခြေခံအုတ်မြစ်ပင်။
"အရမ်းကောင်းတယ်..."
ချင်းယွမ်က မတ်တတ်ထရပ်ပြီး ပြောဆိုသည်။
"ချင်းမင်...မင်းရဲ့ လက်ရှိသိုင်းပညာကျင့်ကြံမှုက ဘယ်အခြေအနေရှိပြီလဲ"
ချင်းမင်၏စိတ်ဝိညာဉ်အမြစ်သည် အကောင်းဆုံး လျှို့ဝှက်စိတ်ဝိညာဉ်အမြစ်ဖြစ်ကြောင်း ကြားသိလိုက်ရုံမျှဖြင့် ချင်းယွမ်သည် သူ့သား၏ ကျင့်ကြံဆင့်စွမ်းအားမှာလည်း အလွန်ကောင်းမွန်ကြောင်း သိရှိလိုက်သည်။
"သားရဲ့ကျင့်ကြံဆင့်က သိုင်းစစ်သည်တော်နယ်ပယ် နဝမအဆင့်ကို ရောက်နေပြီ"
ချင်းမင်က သူ၏ခေါင်းကိုကုတ်ရင်း ပြောဆိုလိုက်၏။
"သိုင်းစစ်သည်တော်နယ်ပယ် နဝမအဆင့်လား..."
ချင်းယွမ်မှာ ထိတ်လန့်သွားသည်။
သူ မှတ်မိသည်မှာ မှန်ကန်လျှင် လွန်ခဲ့သော သုံးရက်က ချင်းမင်၏ကျင့်ကြံမှုသည် သိုင်းစစ်သည်တော်နယ်ပယ် ပထမအဆင့်၌သာ ရှိသေးပြီး ယခုအချိန်၌ သူသည် နဝမအဆင့်သို့ ရောက်ရှိနေလေပြီ။
ဤသည်မှာ...
တစ်နေ့လျှင် အဆင့်ငယ်သုံးဆင့် မြင့်တက်သွားခြင်းပင်။
"တကယ်တော့...ကျွန်တော်ရဲ့ကျင့်စဉ်က နည်းနည်းထူးခြားတယ်....ဒါက အဆင့်ပြန်ကျသွားလိမ့်မယ်..."
ချင်မင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။
"အဆင့်ပြန်ကျသွားမှာလား..."
ချင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်မှု ရှိနိုင်လား"
"မရှိပါဘူး"
ချင်းမင်က ခေါင်းခါလိုက်၏။
"ကျွန်တော်ရဲ့ခန္ဓာကိုယ် ထိခိုက်မှုမရှိတဲ့အပြင် ကောင်းကျိုးတောင် ရှိတယ်...ဒါက ကျွန်တော် ကျင့်ကြံနေတဲ့ ကျင့်စဉ်ရဲ့ ထူးခြားချက်ပဲ...ဒါ့ပြင် ကျင့်ကြံဆင့်က တစ်ခါတည်း ကျတာမဟုတ်ဘဲနဲ့ ကိုးခါတောင် ပြန်ကျလိမ့်မယ်"
"ကိုးခါတောင်.. ဟုတ်လား"
ချင်းယွမ်က အနည်းငယ် မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီကျင့်စဉ်က အကြိမ်ပေါင်းများစွာ ကျင့်ကြံရမှာဆိုတော့ မင်း ဘယ်တော့မှ သိုင်းဆရာကြီးနယ်ပယ်ကို တက်လှမ်းနိုင်မှာလဲ"
တစ်ချိန်တည်းမှာပင် ဤကျင့်စဉ်သည် မည်ကဲ့သို့ကျင့်စဉ်ဖြစ်သည်ကို သူ အနည်းငယ် စိုးရိမ်မိသည်။ ဆယ်ကြိမ်တိုင်တိုင် ကျင့်ကြံရန် လိုအပ်သဖြင့် သူ၏သား ကျင့်စဉ်ပြောင်းသင့်မပြောင်းသင့် သူ တွေးမိသည်။
"သား သိုင်းဆရာကြီးအဆင့်ကို တက်လှမ်းဖို့ တစ်လလောက်တော့ ကြာလိမ့်မယ်... အင်း... ဒါက တစ်လတော့ မကြာလောက်ဘူး... နည်းနည်းတော့ နှေးတယ်..."
ချင်းမင်က သူ၏နှာခေါင်းကိုပွတ်သပ်ရင်း ပြောဆိုလိုက်သည်။
"တစ်လနဲ့ သိုင်းဆရာကြီးဖြစ်တာကို နှေးတယ် ....ဟုတ်လား"
ချင်းယွမ်သည် မည်ကဲ့သို့ ပြောရမည်ကို မသိတော့ချေ။
"ဒါနဲ့ အဖေ...ဒါက ဆရာက အဖေ့ကို ပေးခိုင်းလိုက်တဲ့ဟာပါ"
ချင်းမင်က စာအုပ်ငယ်တစ်အုပ်နှင့် ကျောက်စိမ်းပုလင်းတစ်လုံးကို သူ၏ဖခင်ထံ လက်ကမ်းပေးလိုက်သည်။
"သိုလှောင်လက်စွပ်လား"
ချင်းယွမ်သည် ချင်းမင်က လက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်အား မြင်ချိန်၌ အနည်းငယ် အံ့အားသင့်သွားပြီး ပြောဆိုလိုက်၏။
"ချင်းမင်...မင်းရဲ့ဆရာက မင်းအပေါ်မှာ အရမ်းကောင်းတာပဲ.... မင်းက မင်းဆရာပြောတဲ့စကားကို သေချာနားထောင်ရမယ်"
ချင်းယွမ်က ထိုသိုလှောင်လက်စွပ်သည် အကြီးအကဲချင်းမှ ချင်းမင်အား ပေးခဲ့သည်ဟု ထင်မှတ်သွားသည်။
"ဟုတ်ကဲ့ အဖေ....ဘာတွေလဲဆိုတာ အမြန်ကြည့်လိုက်ပါဦး"
ချင်းမင်က တိုက်တွန်းလိုက်သည်။
ချင်းယွမ်က ပြုံးလိုက်ပြီး ထိုစာအုပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
"‘ 'ရွှေသော့ခလောက် တစ်ဆယ့်သုံးခု စိတ်ဝိညာဥ်ကျင့်စဥ်’ကောင်းကင်အဆင့် ကျင့်စဉ်တစ်ရပ်ဖြစ်ပြီး သာမန်ကျင့်စဉ်များထက် စိတ်ဝိညာဉ်စွမ်းအား ဆယ့်သုံးဆ ပို၍ရရှိနိုင်သည်"
ခေါင်းစီးစာမျက်နှာပေါ်မှ ဤစာလုံးများကို မြင်လိုက်ချိန်၌ ချင်းယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဤသည်မှာ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုပင်။