သိုင်းဘုရင်
Vol. 4 Ch. 47
"ချင်းမင်...ဒီကျင့်စဉ်ကို ဘယ်ကရတာလဲ"
ချင်းယွမ်က စာအုပ်ငယ်ကို ရုတ်တရက်ပိတ်လိုက်ပြီး ချင်မင်အား စူးစိုက်၍ကြည့်လိုက်သည်။
ဤသည်မှာ ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုပင်။ ချန်ယန်မြို့ရှိ မိသားစုများတွင်ပင် အများဆုံးအနေမြင့် မြေကမ္ဘာအဆင့်နိမ့် ကျင့်စဉ်များသာ ရှိကြသည်။
ဤစာအုပ်ငယ်အတွင်းရှိ မိတ်ဆက်စကား မှန်ကန်ပါက ဤသည်မှာ ကောင်းကင်အဆင့် အဆင့်မြင့်ကျင့်စဉ်တစ်ရပ် ဖြစ်ပေမည်။
ဤကဲ့သို့ ကျင့်စဉ်မျိုးသည် သတင်းအနည်းငယ်မျှ ပေါက်ကြားသွားရုံမျှဖြင့် သွေးချောင်းစီးမှုများ ဖြစ်ပွားစေပေလိမ့်မည်။
"ကျွန်တော်ရဲ့ဆရာက မတော်တဆ ရခဲ့တာ...တကယ်တော့ သူက မဟာသိုင်းဆရာကြီးအဆင့်မှာ မဟုတ်ဘူး...သူက သိုင်းဘုရင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ"
"ဒါပေမဲ့ အခု သူက ဒဏ်ရာရထားတာကြောင့် သိုင်းဘုရင်တစ်ယောက်ရဲ့စွမ်းအားကို ထုတ်သုံးလို့မရသေးဘူး"
ချင်းမင်သည် ချင်းယန်အား ဆွဲထည့်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
"သိုင်းဘုရင် သိုင်းဘုရင်..."
ချင်းယွမ်သည် မိသားစုဘိုးဘေးခန်းမထဲတွင် ဂဏာမငြိမ်စွာ လမ်းလျှောက်နေပြီး သူ၏အမူအယာတွင် စိတ်လှုပ်ရှားမှုနှင့်စိုးရိမ်ပူပန်မှုတို့ ရောယှက်နေသည်။
အလွန်မြင့်မြတ်သော သိုင်းဘုရင်တစ်ပါးသည် တစ်နေ့တွင် သူနှင့် ဤမျှထိနီးကပ်စွာ ရှိနေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ထို့ပြင် ထိုသိုင်းဘုရင်သည် သူ၏မိသားစုအား အကာအကွယ်ပေးသူ ဖြစ်လာခဲ့ရာ ဤသည်မှာ အိပ်မက်မက်နေသည့်အလားပင်။
ချင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်းရှိုက်ကာ ချင်းမင်အား ပြောဆိုလိုက်သည်။
"ချင်းမင်.... ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့...သိုင်းဘုရင်တစ်ယောက်ဆိုတာ အကျိုးကျေးဇူးလည်း ဖြစ်နိုင်သလို ဘေးအန္တရာယ်လည်း ဖြစ်လာနိုင်တယ်.."
"ဟုတ်ကဲ့ အဖေ... ကျွန်တော်က ဘယ်သူ့ကိုမှ မပြောပါဘူး...အဖေ့ကိုပဲ ပြောတာပါ"
ချင်းမင်က ခေါင်းညိတ်ပြပြီး သူ၏ဖခင်အား ပြောဆိုလိုက်၏။
"ကောင်းပြီလေ"
ချင်းယွမ်က စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ယခုအချိန်၌ သိုင်းဘုရင်တစ်ယောက်သည် သူတို့၏နေအိမ်သို့ ရောက်ရှိနေလေပြီ။
ချမ်းသာကြွယ်ဝမှုဖြစ်စေ ကံဆိုးမိုးမှောင်ကျမှုဖြစ်စေ သူတို့ ခံယူရပေမည်။
ဤဘေးအန္တရာယ်ကို ကျော်လွှားနိုင်ပါက သူတို့သည် နဂါးများ ဖြစ်လာကြမည်ဖြစ်သော်လည်း ကျရှုံးခဲ့လျှင်မူ ပြာမှုန်များ ဖြစ်သွားကြလိမ့်မည်။
"ချင်းမင်...မင်းရဲ့ဆရာက သူ ဘယ်လိုဒဏ်ရာရခဲ့တယ် သူ့ရဲ့ရန်သူက ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာ ပြောပြသေးလား"
သိုင်းဘုရင်တစ်ပါးကို ဒဏ်ရာရစေရန်မှာ သိုင်းဘုရင် သို့မဟုတ် သိုင်းဘုရင်အထက် ကျင့်ကြံဆင့်ရှိမှသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ချင်းယွမ် ဤမျှထိ စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။
"ဆရာပြောတာတော့ သူ့ရဲ့ရန်သူက သိုင်းဘုရင်အဆင့်တစ်ယောက်ပဲ...သူ့မှာ ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိလို့ ကျွန်တော်တို့တွေကို စိတ်မပူဖို့ ပြောထားတယ်"
ချင်းမင်က နှစ်သိမ့်လိုက်သည်။
"ဒါဆိုရင် ကောင်းတာပေါ့.. ဒါက အရမ်းကောင်းတယ်"
ချင်းယွမ်က တီးတိုးရေရွတ်လိုက်သည်။
"အဖေ....ကျောက်စိမ်းပုလင်းထဲမှာ ဘာပါလဲဆိုတာ ကြည့်ပါအုံး"
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"အင်း..."
ချင်းယွမ်သည် သတိပြန်ဝင်လာပေ၏။ သိုင်းဘုရင်တစ်ပါးမှ ပေးအပ်သော အရာများသည် အလွန်ဆိုးရွားမည် မဟုတ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
ချင်းယွမ်သည် ကျောက်စိမ်းပုလင်းကို ဖြည်းညှင်းစွာဖွင့်ပြီး ဆေးလုံးများကို သွန်ချလိုက်သည်။
"ဒါက ချီစုစည်းခြင်းဆေးလုံး...ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးပဲ....အရေအတွက်က... အလုံးနှစ်ဆယ် တိတိပဲ"
"ဟုတ်တယ် အဖေ"
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဒီဆေးလုံးတွေနဲ့ ကောင်းကင်အဆင့် ကျင့်စဉ်နေမှတော့ အဖေက မဟာသိုင်းဆရာကြီးနယ်ပယ်ကို မကြာခင်မှာ ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"
"ကောင်းတယ်...ဟား ဟား..ဟား... ကောင်းတယ်"
ချင်းယွမ်က ရယ်မောလိုက်သည်။ သူ အိပ်မက်မက်ခဲ့ရသော မဟာသိုင်းပညာရှင်အဆင့်သို့ သူ မကြာမီ ရောက်ရှိနိုင်တော့မည်ဟု တွေးမိချိန်၌ သူ မည်မျှထိ ပျော်ရွှင်နေသည်ကို မည်သူ သိနိုင်မည်နည်း။
"ချင်းမင်....မင်းလည်း ငါနဲ့အတူ ဒီကျင့်စဉ်ကို လေ့ကျင့်တာ မကောင်းဘူးလား...မင်းသာ ဒီကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် မင်းရဲ့အရည်အချင်းနဲ့ဆို မဟာသိုင်းဆရာကြီးအဆင့်ကို လွယ်လွယ်ကူကူ ရောက်ရှိနိုင်လောက်တယ်"
ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"အဖေ...ကျွန်တော်ရဲ့ကျင့်စဉ်ကလည်း မဆိုးပါဘူး...အဖေ့ရဲ့ကျင့်စဉ်ထက်တောင် ပိုကောင်းနိုင်တယ်....ဒါပေမဲ့ အဲ့ဒီကျင့်စဥ်ရဲ့အမြန်နှုန်းက နည်းနည်းနှေးတယ်... ဒီကျင့်စဉ်က ကျွန်တော်အတွက် သီးသန့်ဖန်တီးထားသလိုပဲ.."
"နှေးတယ် ဟုတ်လား"
ချင်ယွမ်က ခေါင်းခါလိုက်သည်။ တစ်လအတွင်း သိုင်းဆရာကြီးအဆင့်သို့ ကျင့်ကြံနိုင်သည်ကို နှေးသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။
"မင်းလည်း အသက်ရလာပြီဆိုတော့ ကိုယ်ပိုင်အမြင်တွေ ရှိလာပြီပဲ... မင်း သေချာစဉ်းစားပြီးတော့ မင်းလုပ်ချင်တာကိုသာ လုပ်ပါ...ဒါပေမဲ့ မင်းရဲ့ကျင့်စဉ်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားရရင်တော့ အမြန်ဆုံး ရပ်ပစ်ရမယ်"
ချင်းယွမ်က မှာကြားလိုက်သည်။
"ဟုတ်ကဲ့ပါ အဖေ...စိတ်မပူပါနဲ့"
ချင်းမင်က ထပ်မံ၍ ပြောဆိုသည်။
"အဖေ....ဒီကျင့်စဉ်ကို အဖေတစ်ယောက်တည်းပဲ လေ့ကျင့်လို့ရမယ်...ကျွန်တော်တို့ဆီမှာ ကောင်းကင်အဆင့် ကျင့်စဉ်ရှိမှန်း တခြားလူတွေ သိသွားရင် ဒါက ကောင်းချီးမဟုတ်ဘဲ ဘေးကပ်ဆိုးတစ်ခု ဖြစ်သွားလိမ့်မယ်"
ချင်းယွမ်က ချင်မင်အား ကြည့်၍ ပြောဆိုလိုက်၏။
"ကောင်စုတ်လေး စိတ်မပူပါနဲ့...မင်းရဲ့အဖေက အဲ့ဒီလောက်ထိတော့ မတုံးအသေးပါဘူး... စည်းစိမ်ဥစ္စာတွေကို ထုတ်ဖော်မပြရဘူးဆိုတဲ့ သဘောတရားကို ငါ သိတာပေါ့...”
"ငါတို့မိသားစုက ဒီကျင့်စဉ်ကို ကာကွယ်နိုင်လောက်အောင် မခိုင်မာသေးသရွေ့တော့ ဘယ်သူ့ကိုမှ ငါ ထုတ်ပြောမှာမဟုတ်ဘူး"