အိုးယန်မိသားစု
Vol. 4 Ch. 49
"အဖေ...ကျွန်တော်တို့မိသားစုက ချန်မိသားစုထက် ပိုပြီးအစွမ်းထက်ရင်တောင်မှ ချေမှုန်းပစ်နိုင်တဲ့အဆင့်အထိတော့ မရောက်သေးဘူး"
"ချန်မိသားစုက ထိပ်သီးမိသားစုကြီးသုံးစုထဲက တစ်စုဖြစ်တာကြောင့် သူတို့ရဲ့အခြေခံအုတ်မြစ်ကို ကျွန်တော်တို့က ယှဉ်လို့မရဘူး....ကျွန်တော်တို့က သူ့ကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်အောင် မလုပ်နိုင်ဘူးဆိုရင် လှိုင်းတံပိုးတွေ အများကြီး ထလာလိမ့်မယ်...ဒါကြောင့် ကျွန်တော်တို့ချင်းမိသားစုတစ်စုတည်းရဲ့ အင်အားနဲ့ ချန်မိသားစုကို သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ကျွန်တော်တို့တွေက ပြင်ပအင်အားကိုလည်း အားကိုးဖို့ လိုတယ်"
ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်ပင်။ သူတို့၏အင်အားသည် ချန်မိသားစုထက် ပို၍အစွမ်းထက်ရုံမျှဖြင့် သူတို့ကို သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဤမျှ ရိုးရှင်းခဲ့ပါက ချန်မိသားစုသည် ယခင်ကတည်းက တခြားလူများ၏သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
အဓိကအချက်မှာ ချန်မိသားစု ပျက်စီးသွားပြီးနောက် သူတို့မိသားစုတွင် အလွန်အကျွံ ဆုံးရှုံးမှု မရှိစေရန်ပင်။
အထူးသဖြင့် မြို့တော်ဝန်နှင့် တခြားထိပ်သီးမိသားစုများသည် အလဟဿထိုင်ကြည့်နေမည် မဟုတ်ခြင်းပင်။ အကယ်၍ ချင်းမိသားစုသာ အလွန်အကျွံ ဆုံးရှုံးခဲ့ပါက တောခွေးများ သွေးနံ့ရသကဲ့သို့ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာကြလိမ့်မည်။
"လျိုမြို့က ထိပ်သီးမိသားစုကြီးလေးစုထဲမှာ ကျောက်မိသားစုက ပျက်စီးသွားပြီ... အခု ထိပ် သီးမိသားစုကြီးသုံးစု ဖြစ်သွားပြီ....ချန်မိသားစု၊ ဝမ်မိသားစုနဲ့ အိုးယန်မိသားစုတို့ပဲ ကျန်တယ်... ဝမ်မိသားစုက ချန်မိသားစုလိုပဲ ဗိုလ်ကျစိုးမိုးတတ်တယ်..ကျွန်တော်တို့က သူတို့နဲ့ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါကြောင့် အခု ကျွန်တော်တို့က အိုးယန်မိသားစုနဲ့ပဲ ပူးပေါင်းလို့ရတော့မယ်"
ချင်းမင်က တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ အိုးယန်မိသားစုခေါင်းဆောင်က ပြင်ပအရေးကိစ္စတွေကို လျစ်လျူရှုထားတာ နှစ်တော်တော်ကြာနေပြီ.... သူက ဘယ်လိုလုပ်ပြီး ငါတို့ကို ကူညီမှာလဲ"
ချင်းယွမ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။
ချင်းမင်က ရယ်မောပြီး တုံ့ပြန်သည်။
"အဖေ...အိုးယန်မိသားစုက အခုအချိန်မှာ ပြင်ပအရေးကိစ္စတွေကို လျစ်လျူရှုထားတယ်ဆိုတာ မဖြစ်နိုင်ဘူး...သူတို့က ကျောက်မိသားစုရဲ့ ဆိုင်တွေ အများကြီးကို ဝါးမျိုခဲ့တာ...သူတို့က ဘယ်လိုလုပ်ပြီး ပြင်ပအရေးကိစ္စတွေကို ဂရုမစိုက်ဘဲ နေမှာလဲ... သူတို့က ဟန်ဆောင်နေတာပဲ"
"သူတို့မိသားစုရဲ့ အကျိုးစီးပွားနဲ့ တကယ်ကြီး သက်ဆိုင်လာတဲ့အချိန်မှာ သူတို့က ဘယ်လိုလုပ်ပြီး ဘေးကနေ ထိုင်ကြည့်နေနိုင်မှာလဲ"
ချင်းမင်သည် နှစ်တစ်သောင်းကျော် ရှင်သန်နေထိုင်ခဲ့သူဖြစ်ရာ မိသားစုအမျိုးမျိုးကို သူ မြင်တွေ့ဖူးပြီးဖြစ်သည်။
ပြင်ပအရေးကိစ္စများကို ဂရုမစိုက်သော ဤကဲ့သို့သော မိသားစုတော်တော်များများကို ချင်းမင် မြင်တွေ့ဖူးပေ၏။ ဤကဲ့သို့ မိသားစုမျိုးသည် ပြင်ပအရေးကိစ္စများကို ဂရုမစိုက်သည့် အကြောင်းရင်းမှာ သူတို့အတွက် အကျိုးအမြတ် မရှိသောကြောင့်ပင်။
ကျောက်မိသားစု ပျက်စီးသွားစဉ်က မည်သည့်အရာကိုမျှ ဂရုမစိုက်သော အိုးယန်မိသားစုခေါင်းဆောင်သည် ကျောက်မိသားစု၏ဆိုင်များကို သိမ်းပိုက်ခြင်းအား ဦးစီးဦးဆောင် ပြုခဲ့သည် မဟုတ်လော...
"ဒါ့ပြင် ကျွန်တော်တို့ အခုလှုပ်ရှားမယ့် မိသားစုက ချန်မိသားစု...အခုလက်ရှိ ထိပ်သီးမိသားစုကြီးသုံးစုထဲက တစ်စုပဲ..."
"ကျွန်တော်တို့ လှုပ်ရှားလိုက်တာနဲ့ လျိုမြို့တစ်မြို့လုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်.. အဲ့ဒီအချိန်ကျရင် အိုးယန်မိသားစုက ဘေးကနေ ထိုင်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..."
ချင်းမင်က ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုအလား ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
ချင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဟူး...ငါ မထင်ထားမိဘူး... ငါ့ရဲ့သားက ငါ့ထက်တောင် ပိုပြီးအမြင်ကျယ်နေပါလား... ငါ တကယ်ကို အသက်ကြီးသွားပြီ"
သူသည် ထိုသို့ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန်ပျော်ရွှင်နေမိသည်။
သူ၏သားဖြစ်သူထံတွင် အရည်အချင်းရှိနေသည်မှာ သူ အပျော်ရွှင်ရဆုံးကိစ္စပင်။
ချင်းယွမ်သည် နတ်ဘုရားများက သူ၏သားကို လမ်းညွှန်ပေးလိုက်သည့်အလား ခံစားနေရသည်။ ချင်းမင်သည် ယခင်က အလွန်လိမ္မာပါးနပ်ခဲ့သော်လည်း၊ ဤအဆင့်အထိ မရောက်ရှိခဲ့ချေ။
ယခင်က သူ လိမ္မာပါးနပ်သည်မှာ ဉာဏ်အနည်းငယ်ကောင်းရုံမျှသာ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူသည် မွန်းစတားအိုကြီးတစ်ဦးနှင့် တူညီပေ၏။
အကယ်၍ ချင်းယွမ်သည် သူ၏သားကို မျက်မြင်ကိုယ်တွေ့ မြင်နေရခြင်းကြောင့်သာ မဟုတ်ပါက သူသည် မွန်းစတားအိုကြီးတစ်ကောင်နှင့် စကားပြောနေရသည်ဟု တွေးထင်မိလိမ့်မည်။
"မင်းက အရာရာကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် နားလည်သဘောပေါက်နေတာလဲ"
ချင်းယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ သူသည် သူ၏စစ်မှန်သောစွမ်းရည်ကိုပင် မသုံးရသေးချေ။
"ဒါတွေအားလုံးက ကျွန်တော်ရဲ့ဆရာ သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေကြောင့်ပါ"
ချင်းမင်က ပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ချင်းယန်သည် သိုင်းဘုရင်အဆင့်တွင် ရှိနေပေ၏။ သူ၏ဖခင်သည် သိုင်းဘုရင်အဆင့်ရှိ ထိပ်သီးကျင့်ကြံသူများကို နားလည်သူမဟုတ်ရာ သူသည် ကိစ္စများကို သူ၏ဆရာအပေါ်သို့ တိုက်ရိုက်လွှဲချနိုင်သည်။
ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ သိုင်းဘုရင်တစ်ယောက်က ချင်းမင်ကို သင်ကြားပေးခဲ့သည်ဖြစ်ရာ ဤသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ရပ်ပင်။
"ဒါဆိုရင် ငါတို့က အိုးယန်မိသားစုနဲ့ ဘယ်လိုမဟာမိတ်ဖွဲ့ကြမလဲ"
ချင်းယွမ်က ဆက်လက်၍မေးမြန်းသည်။
"အိုးယန်မိသားစုနဲ့ ပူးပေါင်းချင်တယ်ဆိုရင်...ကျွန်တော်တို့က အကျိုးအမြတ်နဲ့ ခြိမ်းခြောက်မှု....အချက်နှစ်ချက်လုံးကို အသုံးပြုရမယ်"
"ဘယ်လိုအကျိုးအမြတ်နဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးလဲ"
"အကျိုးအမြတ်ကတော့ ရှင်းပါတယ်...ချင်းမိသားစုနဲ့ ပူးပေါင်းလိုက်ရင် သူတို့အတွက် ဆေးလုံးတွေ အများကြီးရလိမ့်မယ်...အိုးယန်မိသားစုက မမိုက်မဲသရွေ့တော့ သူတို့က ဒါကို မြင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
"ခြိမ်းခြောက်မှုအတွက်ကတော့ ပိုတောင်ရှင်းသေးတယ်...ကျွန်တော်တို့ချင်းမိသားစုနဲ့ ချန်မိသားစုက ထိပ်တိုက်ရင်ဆိုင်နေကြပြီ...သူတို့က ချင်းမိသားစုဘက်မှာ မရပ်တည်ဘူးဆိုရင် ချန်မိသားစုဘက်မှာ ရပ်တည်ရလိမ့်မယ်"
"ချန်မိသားစုက ဘယ်လိုလူစားမျိုးတွေလဲဆိုတာ အဖေက ကျွန်တော်ထက် ပိုသိမှာပါ... အိုးယန်မိသားစုက ချန်မိသားစုဘက်မှာ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။