အိုးယန်မိသားစု
Vol. 4 Ch. 51
ချင်းမင်သည် မိသားစုဘိုးဘေးခန်းမထဲမှ ထွက်ခွာလာပြီးနောက် သူသည် အိုးယန်မိသားစုထံသို့ ဦးတည်လိုက်၏။
"အစ်ကို ဘယ်သွားမလို့လဲ"
ချင်းမိသားစု၏တံခါးဝတွင် ကစားနေသော ချင်းချင်းသည် အပြင်သို့ လျှောက်လှမ်းသွားသော ချင်မင်အား မြင်ချိန်၌ စူးစမ်းစွာ မေးမြန်းလိုက်သည်။
ချင်းမင်က ချင်းချင်း၏ခေါင်းကို ပွတ်သပ်လိုက်ပြီး အပြုံးနှင့် ပြောဆိုသည်။
"အစ်ကိုက အိုးယန်မိသားစုဆီ သွားလည်မလို့... ဘယ်လိုလဲ မင်း လိုက်ချင်လား"
"ကောင်းတာပေါ့...ဒါက အရမ်းကောင်းတယ်"
ချင်းချင်းက ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်သည်။
"ညီမလေး တစ်ယောက်တည်း ဘယ်လောက်တောင် ပျင်းနေလဲဆိုတာ အစ်ကို မသိပါဘူး... အိမ်က လူတိုင်းက အလုပ်ရှုပ်နေတာကြောင့် ညီမလေးနဲ့ လာမကစားကြဘူး"
"အစ်ကိုက အကောင်းဆုံးပဲ... အမြဲတမ်း ညီမလေးနဲ့ အတူတူ နေပေးတယ်"
ချင်းမင်၏ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးသွားသည်။ ချင်းမိသားစုတွင် တစ်ခုခု မှားယွင်းနေပါသလော။ ဤသည်မှာ သူတို့အားလုံး ကျင့်ကြံနေခြင်း ဖြစ်ပေမည်။
ချင်းမိသားစုဝင်အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ကျင့်ကြံခြင်းသည် အရေးကြီးဆုံးအရာပင်။ သူတို့သည် ကျင့်ကြံရာတွင် အာရုံစိုက်နေကြသဖြင့် သူ၏ညီမငယ်နှင့် ကစားပေးရန် အချိန် မည်သို့ ရှိနိုင်မည်နည်း။ အချိန်ရှိသူများမှာ အစေခံများနှင့် အိမ်ဖော်များသာ ဖြစ်ကြသည်။ သို့ရာတွင် အစေခံများနှင့် အိမ်ဖော်များသည် အဆင့်အတန်း ကွဲပြားသဖြင့် အိမ်တော်သခင်မလေးနှင့် အတူကစားရန် မဝံ့ရဲကြချေ။
"ဒါဆို သွားကြရအောင်"
ချင်းမင်သည် ငယ်စဉ်ကအတိုင်း ချင်းချင်း၏လက်ကို ဆွဲကိုင်ကာ သူ၏ညီမငယ်အား အပြင်သို့ ခေါ်ဆောင်သွားသည်။
မကြာမီပင် ချင်းမင်နှင့်ချင်းချင်းတို့သည် အိုးယန်မိသားစု၏အိမ်တော်သို့ ရောက်ရှိလာကြ၏။
အိုးယန်မိသားစု တံခါးမကြီးသည် အလွန်ရိုးရှင်းပြီး တိတ်ဆိတ်နေကာ ပြင်ပအရေးကိစ္စများကို အနည်းငယ် လျစ်လျူရှုထားဟန် ရှိနေဆဲပင်။ အနည်းဆုံးအနေဖြင့် အိုးယန်မိသားစု၏ သဘောထားကို ပြသရန် ထိုသို့ ပြုမူထားသည်။
"ချင်းမိသားစုက ချင်းမင်က အဘိုးအိုးယန်ကို လာရောက်တွေ့ဆုံပါတယ်... ကျေးဇူးပြုပြီး သတင်းပို့ပေးပါ"
ချင်းမင်သည် တံခါးဝတွင်ရပ်ကာ နှုတ်ဆက်လွှာတစ်စောင်ကို လက်ကမ်းပေးပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
တံခါးဝတွင် အစေခံ နှစ်ဦး တာဝန်ကျနေခဲ့သည်။ ချင်းမင်၏နှုတ်ဆက်လွှာကို ကြည့်ရှုပြီးနောက် အသက်အနည်းငယ် ပိုကြီးပုံရသော အစေခံတစ်ဦးက ပြောဆိုလိုက်၏။
"တောင်းပန်ပါတယ်...ကျွန်တော်တို့သခင်ကြီးက အခုအချိန်မှာ ဧည့်သည်တွေနဲ့ မတွေ့ပါဘူး...ဒါက လူသိများတဲ့ ကိစ္စတစ်ခုပါ ကျေးဇူးပြုပြီး ပြန်ကြပါတော့"
ချင်းမင်က နှုတ်ဆက်လွှာကို ပြန်မယူဘဲ ဆက်လက်၍ ပြောဆိုသည်။
"မဟာဆေးဆရာကြီးရဲ့တပည့် ချင်းမင် အိုးယန်မိသားစုခေါင်းဆောင်ကို လာတွေ့တာပါ.. ကျေးဇူးပြုပြီး သတင်းပို့ပေးပါအုံး"
"ဘာ...."
မူလက စိတ်မရှည်ဟန် ရှိနေခဲ့သော အိုးယန်မိသားစု၏အစေခံသည် ဤစကားကို ကြားချိန်၌ သူ၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပါ...ကျွန်တော် အခုပဲ သတင်းပို့လိုက်ပါ့မယ်"
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး အိုးယန်မိသားစု၏အိမ်တော်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။
"ဧည့်သည် ဒီမှာ ခဏထိုင်ပါဦး... တစ်ယောက်ယောက် သတင်းပို့ဖို့ သွားနှင့်ပါပြီ... ဘာများ သောက်သုံးမလဲ...ကျွန်တော်တို့ဆီမှာ လက်ဖက်ရည် အမျိုးမျိုး ရှိပါတယ်"
အစေခံသည် ချင်မင်အား နားနေဆောင်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ချင်းမင်နှင့်ချင်းချင်းတို့အား နေရာပေးပြီးနောက် မေးမြန်းလိုက်သည်။
"ရိုးရိုးလက်ဖက်ရည် နှစ်ခွက်ပဲ ယူလာပေးပါ...ကျေးဇူးတင်ပါတယ်"
ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
အစေခံသည် ဂါရဝပြုလိုက်ပြီး ချက်ချင်းဆိုသလိုပင် အမိန့်အတိုင်းလုပ်ဆောင်ရန် ထွက်သွားလေ၏။
အချိန်တခဏအကြာတွင် အိမ်ဖော်မလေးတစ်ယောက်သည် လက်ဖက်ရည်နှစ်ခွက်နှင့်အတူ ရောက်ရှိလာသည်။
ချင်းမင်နှင့်ချင်းချင်းတို့သည် လက်ဖက်ရည် သောက်သုံးရင်း ပတ်ဝန်းကျင်ရှိ ရှုခင်းများကို ကြည့်ရှုကာ ပျော်မွေ့နေကြသည်။
အချိန်တခဏအကြာတွင် အစောပိုင်းက သတင်းပို့ရန် သွားခဲ့သော အစေခံသည် ပြန်ပြေးလာပြီး ရိုသေလေးစားစွာ ပြောဆိုသည်။
"သခင်လေးချင်း....အိုးယန်သခင်ကြီးက အိမ်တော်ထဲကို လာခဲ့ဖို့ ပြောပါတယ်"
ချင်းမင်သည် ခေါင်းညိတ်လိုက်ပြီး အစေခံ၏ ဦးဆောင်မှုနောက်သို့ လိုက်ကာ သူ၏ညီမငယ်နှင့်အတူ အိုးယန်မိသားစု၏ဧည့်ခန်းမဆီသို့ သွားခဲ့သည်။
"ဒါက ချင်းမိသားစုရဲ့ သခင်လေး ချင်းမင်လား... တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတာပဲ"
အဘိုးကြီးတစ်ဦးသည် ချင်းမင်နှင့်ချင်းချင်းတို့ ဝင်လာသည်ကို မြင်ချိန်၌ အပြုံးဖြင့် ပြောဆိုသည်။
"ချင်းမင်နဲ့ ညီမလေးချင်းချင်းက အဘိုးအိုးယန်ကို တွေ့ဆုံဂါရဝပြုပါတယ်..."
ချင်းမင်သည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။
ချင်ချင်းသည်လည်း ချင်မင်အား အတုယူပြီး ပြုမူလိုက်သည်။
"ကောင်းပြီ..."
အိုးယန်မိသားစုခေါင်းဆောင်က သူ၏လက်ကိုဆန့်တန်းကာ ဖိတ်ခေါ်လေသည်။
"ချင်းမင်...အထဲကို ဝင်ထိုင်ပါအုံး"
ချင်းမင်နှင့်ချင်းချင်းတို့သည် အိုးယန်မိသားစုခေါင်းဆောင်၏နောက်မှနေ၍ ဆွေးနွေးခန်းမထဲသို့ လိုက်ပါသွားကြသည်။
ရှေ့မှလျှောက်လှမ်းနေသော အိုးယန်မိသားစုခေါင်းဆောင်သည် အမှန်အားဖြင့် ယခုအချိန်၌ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
ချင်းမင်၏အမူအယာကို ကြည့်ရသည်မှာ သူနှင့် အရေးကြီးသော ကိစ္စများ ဆွေးနွေးမည့်ပုံရသည်။ သို့ရာတွင် ချင်းမင်သည် သူ၏ညီမငယ်ကို အတူခေါ်ဆောင်လာခဲ့သည်။
ဤသည်မှာ လာရောက်ကစားသည့်ပုံစံနှင့်လည်း အနည်းငယ် တူညီနေပြန်ရာ ဤသည်မှာ သူ့အား အမှန်တကယ်ကို စိတ်ရှုပ်ထွေးစေပေ၏။
ချင်းမင်သည် သူ၏ညီမငယ် ပျင်းနေသည်ကို မြင်သောကြောင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ကို အိုးယန်မိသားစုခေါင်းဆောင် မည်သည်ကြောင့် သိနိုင်မည်နည်း။ အိုးယန်မိသားစုနှင့် ဆွေးနွေးမည့် အကြောင်းအရာများမှာမူ သူ၏ညီမငယ်နှင့် နှိုင်းယှဉ်ပါက အရေးမပါချေ။
အနည်းဆုံးအနေဖြင့် ချင်းမင်၏စိတ်နှလုံးသားထဲတွင် လျိုမြို့ရှိ အင်အားစုများအားလုံး ပေါင်းစည်းလိုက်ပင်လျှင် သူ့ညီမငယ်လေး၏ ဆံချည်တစ်မျှင်မျှလောက် တန်ဖိုးမရှိချေ။