အိုးယန်မိသားစုခေါင်းဆောင်
Vol. 4 Ch. 52
ဆွေးနွေးခန်းမသို့ ရောက်ရှိသွားပြီးနောက် အိုးယန်မိသားစုခေါင်းဆောင်သည် အဓိကနေရာတွင် ထိုင်လိုက်ပြီး ချင်းမင်အား ပြောဆိုသည်။
"ချင်းမင်... ထိုင်ပါအုံး"
ချင်းမင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ညီမငယ်နှင့်အတူ ထိုင်လိုက်သည်။
"သခင်ကြီးအိုးယန်... ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ချင်းမိသားစုက အိုးယန်မိသားစုအတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့ပါတယ်....ကျေးဇူးပြုပြီး လက်ခံပေးပါ"
ထိုသို့ပြောပြီးနောက် ချင်းမင်သည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး အိုးယန်မိသားစုခေါင်းဆောင်ထံ လက်ကမ်းပေးလိုက်၏။
"ဒါက...."
အိုးယန်မိသားစုခေါင်းဆောင်က ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ရာ လတ်ဆတ်သောရနံ့တစ်ခု ပျံ့လွင့်သွားသည်။
ထိုရနံ့ကို ရလိုက်သည်နှင့် ဤသည်မှာ ဆေးလုံးတစ်လုံးဖြစ်ကြောင်းနှင့် ဖော်စပ်ထားသည်မှာ မကြာသေးကြောင်း သူ သိရှိလိုက်သည်။
ကျောက်စိမ်းပုလင်းအတွင်းမှ အရာများကို သွန်ချလိုက်ပြီးနောက် ချီစုစည်းခြင်းဆေးလုံးများက တစ်လုံးပြီးတစ်လုံး သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။
"ဒါတွေက ကျွန်တော့်ရဲ့ဆရာ မဟာဆေးဆရာကြီး ဖော်စပ်ထားတာပါ...ဆေးလုံးဆယ်လုံး ရှိပြီးတော့ ဒါတွေအားလုံးက အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံးတွေပဲ"
ချင်းမင်က တည်ငြိမ်စွာ ပြောဆိုသည်။
ချင်းမင်၏အသံသည် မကျယ်လောင်သော်လည်း အိုးယန်မိသားစုခေါင်းဆောင်အဖို့ ထိုစကားလုံးတိုင်းသည် သူ၏စိတ်နှလုံးသားထဲတွင် ခတ်နှိပ်ထားသည့်အလားပင်။
'သူ၏ဆရာ မဟာဆေးဆရာကြီးမှ ဖော်စပ်ထားခြင်း...'
အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိခြင်းသည် အံ့ဩဖွယ်ရာ တည်ရှိမှုတစ်ခုပင်။
ဤအဆင့်ရှိ ဆေးပညာရှင်တစ်ဦးအား ချင်းမင်၏ဆရာအဖြစ် ရရှိထားခြင်းဖြင့် သူသည် မကြာမီ ထွန်းတောက်လာပေတော့မည်။
ချင်းမင် ထွန်းတောက်လာမည်ဟု ဆိုခြင်းမှာ ချင်းမိသားစု ထွန်းတောက်လာတော့မည်ဟု ဆိုလိုခြင်းပင်။
ထို့ပြင် ဤအဆင့်ရှိ ဆေးပညာရှင်တစ်ဦးသာ ချင်းမိသားစုသို့ ဝင်ရောက်လာပါက အချိန်ကာလတစ်ခု ကြာပြီးနောက် ချင်းမိသားစုသည် လျိုမြို့၏ထိပ်သီးမိသားစုကြီးလေးစုအနက်မှ တစ်စု ဖြစ်လာပေလိမ့်မည်။
"မင်းက ဘာကို ဆိုလိုတာလဲ"
အိုးယန်မိသားစုခေါင်းဆောင်က မျက်လုံးအပြူးသားဖြင့် ချင်းမင်အား စူးစိုက်၍ကြည့်လိုက်သည်။
ချင်းမင်သည် ဤမျှထိ တန်ဖိုးကြီးသော လက်ဆောင်ကို ပေးခြင်းကြောင့် နောက်ကွယ်တွင် မရိုးဖြောင့်သော ရည်ရွယ်ချက်များ ရှိနေသည်မှာ သိသာထင်ရှားသည်။
မဟာဆေးဆရာကြီးတစ်ယောက်မှ ဖော်စပ်ထားသော ဆေးလုံးကို လက်ဆောင်ပေးအပ်ခြင်းတွင် အဓိပ္ပာယ်တချို့ ရှိနေပေမည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ကျွန်တော် ဘာကိုဆိုလိုတာလဲဆိုတော့... ကျွန်တော်က အိုးယန်မိသားစုနဲ့ ပူးပေါင်းချင်တာပဲ"
"ပူးပေါင်းမှာလား....ဘယ်လို ပူးပေါင်းမှာလဲ"
အိုးယန်မိသားစုခေါင်းဆောင်က မေးမြန်းသည်။
"ဒါက ဆေးလုံးတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ပေါ့...အိုးယန်မိသားစုက လျိုမြို့ရဲ့ ဆေးလုံးဈေးကွက်တစ်ခုလုံးကို စုစည်းချင်စိတ် မရှိဘူးလား"
ချင်မင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
လျိုမြို့တွင် အမြတ်အစွန်းအရှိဆုံးမှာ ဆေးလုံးဈေးကွက်ဖြစ်ပြီး ထိပ်သီးမိသားစုကြီးသုံးစုနှင့် မြို့တော်ဝန်တို့က ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်ထားကြသည်။
အောက်ခြေရှိ မိသားစုများအတွက်မူ အမြတ်အစွန်းအနည်းငယ်မျှသာ ချန်ထားပေးခဲ့သည်။
အိုးယန်မိသားစုခေါင်းဆောင်သည် ချင်းမင်၏ စကားများကို ကြားချိန်၌ အံ့အားသင့်သွားသည်။ ချင်းမင်သည် ဤကဲ့သို့ စကားများကို ပြောဆိုလိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။
ဤလူငယ်လေးသည် ရည်မှန်းချက်အလွန်ကြီးမားပေ၏။
အိုးယန်မိသားစုခေါင်းဆောင်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ရုတ်တရက် စားပွဲကို ရိုက်ပုတ်ပြီး မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်သည်။
"ချင်းမင်....မင်း ပူးပေါင်းချင်တာက အတုအယောင်ပဲ...ချန်မိသားစုကို သိမ်းပိုက်ချင်တာကမှ မင်းရဲ့ရည်ရွယ်ချက်အမှန်ပဲ....မင်း ဒီလောက်ထိ သတ္တိကောင်းလိမ့်မယ်လို့ ငါ ထင်ထားခဲ့ဘူး"
အိုးယန်မိသားစုခေါင်းဆောင်သည် အရာအားလုံးကို တွက်ဆမိသွားလေပြီ။ ဆေးလုံးဈေးကွက်တစ်ခုလုံးကို စုစည်းလိုပါက အကြီးမားဆုံးသောရန်သူမှာ ချန်မိသားစုပင်။ ယခုချိန်၌ လျိုမြို့မှ ချန်ယန်မြို့သို့ သွားသောလမ်းမှာ ပိတ်ဆို့ခံထားရပြီး ချန်မိသားစုသည် လျိုမြို့တွင် အရှိန်အဝါ ကြီးမားနေသည်။
ဤအစီအစဉ်ကို စတင်လိုက်ခြင်းသည် ချန်မိသားစုအား ရန်စခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထိုသို့ဆိုလျှင် ချင်းမင်၏ရည်ရွယ်ချက် ဖြစ်နိုင်ခြေဟူ၍ တစ်ခုတည်းသာ ရှိတော့သည်။ ဤသည်မှာ သူသည် ချန်မိသားစုနှင့် ရန်သူဖြစ်လိုခြင်းပင်။
ယခုချိန်၌ ချင်မင်သည် သူ့ထံ ဆေးလုံးများ ပေးပို့ပြီး ဆေးလုံးစျေးကွက်မှ ရရှိမည့် အကျိုးအမြတ်ကို သူ့အားခွဲဝေပေးခြင်းသည် အိုးယန်မိသားစုအား ချင်းမိသားစု၏သင်္ဘောပေါ်သို့ ဆွဲတင်လိုခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။
ဤမျှ ကြီးမားသော လှုပ်ရှားမှုနှင့်အတူ ချင်းမင်ထံ၌ ကြီးမားသော တောင်းဆိုချက်များ ရှိရပေမည်။ သူသည် စဉ်းစားဆင်ခြင်ပြီးနောက် ချန်မိသားစုတစ်ခုလုံးကို သိမ်းပိုက်ခြင်းကသာလျှင် ချင်းမင်၏ဝါးမြိုလိုစိတ်ကို ကျေနပ်စေနိုင်မည်ဟု တွေးထင်မိလေ၏။
"ချင်းမင်...မင်းတို့ ချင်းမိသားစု ပျက်စီးသွားမှာ မကြောက်ဘူးလား"
အိုးယန်မိသားစုခေါင်းဆောင်က အော်ဟစ်လိုက်သည်
ချင်းချင်း ထိတ်လန့်သွားသည်။ နောက်ဆုံးတွင် မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း။
မည်သည်ကြောင့် ပျော်ရွှင်မှုနှင့် ဒေါသကို မမြင်နိုင်ဟု ကောလာဟလ ထွက်ရှိထားသော အိုးယန်မိသားစုခေါင်းဆောင်သည် ဤမျှထိ စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်နေသနည်း။
သူမ၏အစ်ကိုသည် မည်သည့်အရာကို ပြောလိုက်သနည်း။ သူမသည် စကားလုံးတစ်လုံးတိုင်းကို နားလည်သော်လည်း အရာအားလုံးကို ပေါင်းစည်းလိုက်ချိန်၌ မည်သည်ကြောင့် နားမလည်နိုင် ဖြစ်နေသနည်း။
ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြောဆိုသည်။
"ငတ်သေတာထက်စာရင် ဗိုက်ကွဲသေတာက ပိုကောင်းတယ်...ကျွန်တော်တို့ ချင်းမိသားစုနဲ့ အိုးယန်မိသားစုသာ ပူးပေါင်းလိုက်မယ်ဆိုရင် ဒီအရာအားလုံးကို ဝါးမြိုနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
အိုးယန်မိသားစုခေါင်းဆောင်သည် ချင်းမင်ကဲ့သို့ တည်ငြိမ်ခြင်း မရှိချေ။ သူသည် ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး အကျိုးအပြစ်များကို သုံးသပ်နေသည်မှာ သိသာထင်ရှားသည်။