မဟာမိတ်ဖွဲ့မှု အောင်မြင်ခြင်း
Vol. 4 Ch. 53
"အဘိုးအိုးယန်....လျိုမြို့က အခု ဒုက္ခရောက်နေတာကို ခင်ဗျား မြင်နိုင်မှာပါ....ဒါက ရှောင်လွှဲလို့ရတဲ့ကိစ္စ မဟုတ်ဘူး...ရှောင်လွှဲလို့မရဘူးဆိုရင် ဘာလို့ လက်ဦးမှုယူပြီး လှုပ်ရှားမှုကို မလုပ်ဘဲနေရမှာလဲ... ကျွန်တော်တို့က တွေဝေတုံ့ဆိုင်းနေမယ်ဆိုရင် အချိန်ကောင်းကို လွဲချော်သွားလိမ့်မယ်"
ချင်မင်က အပြုံးနှင့် ပြောဆိုလိုက်သည်။ အိုးယန်မိသားစုခေါင်းဆောင်သည် ဤကိစ္စကို စိတ်ဝင်စားနေပြီဖြစ်ကြောင်း သူ သိရှိသည်။
အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်သော မဟာဆေးဆရာကြီးတစ်ဦးသည် အိုးယန်မိသားစုခေါင်းဆောင်အတွက် တိုက်ပွဲဝင်ရန် လုံလောက်ပေ၏။
အိုးယန်မိသားစုခေါင်းဆောင်က ချင်မင်အား ကြည့်ပြီး ပြောဆိုသည်။
"ချင်းမိသားစုက ကောင်လေး... မင်းတို့ ချင်းမိသားစုရဲ့ ဓားပြသင်္ဘောပေါ်ကို ငါ တက်လာမိပြီလို့ မင်း ပြောခဲ့တယ်... ငါ ပြန်ဆင်းလို့ ရသေးလား"
ချင်မင်က ပြုံးလိုက်သည်။ ဤကိစ္စ ပြီးမြောက်သွားပြီဖြစ်ကြောင်း သူ သိလိုက်သော်လည်း ဤသည်မှာ မလုံလောက်သေးချေ။ သူသည် နောက်ဆုံးလောင်စာတစ်ခု ထည့်ပေးရန် လိုအပ်နေသေးသည်။
"ခင်ဗျားကို သတင်းကောင်းတစ်ခု ပြောပြရဦးမယ်... ကျွန်တော့်ရဲ့အဖေက မဟာသိုင်းဆရာကြီးအဆင့်ကို ချိုးဖျက်ဝင်ရောက်တော့မယ်"
"ဘာ..."
အိုးယန်မိသားစုဝင်ခေါင်းဆောင် ထိတ်လန့်တုန်လှုပ်သွားပြီး မေးမြန်းလိုက်သည်။
"ဒါက တကယ်ကြီးလား"
"တကယ်ပေါ့...အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးတွေ ဒီလောက်ထိ အများကြီး ရှိနေမှတော့ ကျွန်တော့်ရဲ့အဖေက ဘယ်လိုလုပ်ပြီး မဟာသိုင်းဆရာကြီးအဆင့်ကို မတက်လှမ်းနိုင်ဘဲ နေမှာလဲ"
ချင်းမင်က ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်သည်။
ဤသည်ကား မဟာဆေးဆရာကြီးတစ်ဦး၏ တန်ဖိုးပင်။ မဟာဆေးဆရာကြီးတစ်ဦး ရှိနေသရွေ့ မိသားစုအတွင်း၌ ချီစုစည်းခြင်းဆေးလုံးများကို မပြတ်လပ်အောင် ထုတ်လုပ်ပေးနိုင်သည်။
ချီစုစည်းခြင်းဆေးလုံး အမြောက်အများ ထောက်ပံ့မှု ရှိနေခြင်းနှင့်အတူ ဤကဲ့သို့ မိသားစုတစ်စုသည် မည်သည်ကြောင့် ခိုင်မာတောင့်တင်းမှုမရှိဘဲ နေမည်နည်း။
အကယ်၍ အိုးယန်မိသားစုတွင် မဟာဆေးဆရာကြီးတစ်ဦး ဝင်ရောက်လာပါက အိုးယန်မိသားစုသည် ချန်ယန်မြို့ရှိ မိသားစုကြီးတစ်စု ဖြစ်လာရန်ပင် ဦးတည်နိုင်ပေမည်။
"မင်းရဲ့ဆရာဖြစ်တဲ့ မဟာဆေးဆရာကြီးက ချင်းမိသားစုထဲကို ဝင်လာပြီလား"
အိုးယန်မိသားစုခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ချင်းမင်က ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့"
"ဘာကြောင့်လဲ"
"ကျွန်တော့်ရဲ့ အရည်အချင်းကြောင့်ပဲ"
ချင်းမင်က ယုံကြည်ချက်ရှိစွာ ပြောဆိုသည်။
"ကျွန်တော် ဆေးပညာကို လေ့လာတာ ခုနစ်ရက်ပဲ ရှိသေးတယ်...အခု ကျွန်တော်က လက်ထောက်ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီ"
"မဟာဆေးဆရာကြီးက ကျွန်တော့်ရဲ့မျက်နှာကြောင့် ချင်းမိသားစုထဲကို ဝင်ခဲ့တာပဲ...အချိန်တန်ရင် ကျွန်တော်က မဟာဆေးဆရာကြီးအဆင့်ကို ရောက်သွားနိုင်တယ်"
"ကောင်းတယ်"
အိုးယန်မိသားစုခေါင်းဆောင်က စားပွဲကို ရိုက်ပုတ်ပြီး အော်ဟစ်လိုက်သည်။
"ငါတို့ မဟာမိတ်ဖွဲ့လိုက်ပြီ"
"အဘိုးအိုးယန်က တကယ်ကို ဩဇာအာဏာ ရှိတာပဲ...လောကကြီးထဲက ကောလာဟလတွေက တကယ်ကို မှန်တာပါလား"
ချင်းမင်က အားရပါးရရယ်မောပြီး ပြောဆိုသည်။
"လောကကြီးထဲမှာ ငါ့ အကြောင်း ဘယ်လို ကောလာဟလမျိုးတွေ ထွက်နေလို့လဲ"
အိုးယန်မိသားစုခေါင်းဆောင်က မေးမြန်းသည်။
"အိုးယန်မိသားစုခေါင်းဆောင်က အသက်ကြီးပေမဲ့ မြင်းကောင်းတစ်ကောင်လိုပဲ..သူ့ရဲ့ရည်မှန်းချက်က မိုင်ထောင်ချီ ရှည်လျားနေတုန်းပဲ"
ချင်းမင်က ပြောဆိုသည်။
အိုးယန်မိသားစုခေါင်းဆောင်က ရယ်မောလိုက်၏။
"ဟား ဟား ဟား....ချင်းမိသားစုက ကောင်လေး... ငါ့ရဲ့သားသာ မင်းရဲ့တစ်ဝက်လောက် အရည်အချင်းရှိရင် ငါက စိတ်အေးလက်အေးနဲ့ သေသွားနိုင်ပြီ”
"အဘိုးအိုးယန်က နောက်နေပြန်ပြီ....အိုးယန်မိသားစုက ချန်ယန်မြို့က မိသားစုကြီးတစ်စု မဖြစ်သေးဘူးလေ....ခင်ဗျားက ဘယ်လိုလုပ်ပြီး အရင် သေသွားနိုင်မှာလဲ"
ချင်းမင်က ပြောဆိုသည်။
"အဘိုးအိုးယန်ကသာ ကျွန်တော် ချင်းမင်ကို ယုံကြည်ရင်....ကျွန်တော်က အိုးယန်မိသားစုနဲ့ ချင်းမိသားစုကို တောက်ပတဲ့ အနာဂတ်ဆီကို သေချာပေါက် ခေါ်ဆောင်သွားမှာပါ"
"ဟား ဟား ဟား..."
အိုးယန်မိသားစုခေါင်းဆောင်က ရယ်မောလိုက်သည်။
"မင်းရဲ့ စကားအတိုင်း ဖြစ်လာပါစေလို့ ငါ ဆုတောင်းတယ်"
"ချင်းမင်... ငါတို့တွေက အခု မဟာမိတ်ဖွဲ့ပြီးပြီဆိုတော့ အကျိုးအမြတ် ခွဲဝေမှုနဲ့ ဘယ်လို မဟာမိတ်ဖွဲ့မလဲဆိုတာ သေချာဆွေးနွေးရမယ်...မင်းက ချင်းမိသားစုကို ကိုယ်စားပြုနိုင်ရဲ့လား"
"ဒါပေါ့"
ချင်းမင်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်က ချင်းမိသားစုရဲ့ အနာဂတ်ဆက်ခံသူ.... ပြီးတော့ လက်ထောက်ဆေးပညာရှင်တစ်ယောက်လည်း ဟုတ်တယ်...ဘယ်လိုလုပ်ပြီး ချင်းမိသားစု ကိုယ်စားမပြုနိုင်ဘဲ နေမှာလဲ"
"ဒါဆိုရင် ကောင်းပြီ လေ...ငါက အကြီးအကဲတွေအကုန်လုံးကို စုဝေးလိုက်မယ်...မဟာမိတ်ဖွဲ့တဲ့ကိစ္စကို ငါတို့ အသေးစိတ် ဆွေးနွေးကြတာပေါ့"
အိုးယန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။
ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။
"အဘိုးအိုးယန်... ဒီလို မဟုတ်သေးဘူး... မဟာမိတ်ဖွဲ့တဲ့ အသေးစိတ် ကိစ္စတွေကို ဆွေးနွေးတာက ကိစ္စကြီးတစ်ခုပဲ...ကျွန်တော်တို့ ချင်းမိသားစုကလည်း အကြီးအကဲတွေကို စုဝေးရမယ်...ဒီလို လုပ်ပါလား..ကျွန်တော်တို့တွေ အချိန်တစ်ခု သတ်မှတ်ပြီးတော့ ကျွန်တော်တို့မိသားစုနှစ်စုက ကျူရှန်းစားသောက်ဆိုင်မှာ ဆွေးနွေးကြရင် ကောင်းမလား"
အိုးယန်မိသားစုခေါင်းဆောင်သည် အချိန်တခဏကြာစဉ်းစားပြီးနောက် ဤသည်မှာ ကျိုးကြောင်းဆီလျော်ကြောင်း နားလည်သွားသည်။
အကယ်၍ သူသည် ချင်းမင်နှင့်ဆွေးနွေးပါက မသိနားမလည်သူများသည် သူတို့၏အိုးယန်မိသားစုမှ လူငယ်များကို အနိုင်ကျင့်သည်ဟု ပြောဆိုပေလိမ့်မည်။
မိသားစုနှစ်စုကို အတူတကွ စုဝေးစေပြီး ကျူရှန်းစားသောက်ဆိုင်တွင် ဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်ပေမည်။
"ကောင်းပြီလေ ဒီလိုပဲ လုပ်ကြတာပေါ့... ငါတို့မိသားစုတို့တွေ မနက်ဖြန်မနက် ကျူရှန်းစားသောက်ဆိုင်မှာ တွေ့ပြီးတော့ မဟာမိတ်ဖွဲ့ဖို့ကိစ္စကို ဆွေးနွေးကြမယ်"
"သဘောတူတယ်"
ချင်းမင်နှင့်အိုးယန်မိသားစုခေါင်းဆောင်တို့သည် လက်ဝါးချင်းရိုက်ကာ ချိန်းဆိုမှုကို သဘောတူလိုက်ကြ၏။