ဖခင်ချင်း၏အဆင့်တက်ခြင်း
Vol. 4 Ch. 54
လျိုမြို.... မြို့တော်ဝန်၏ အိမ်တော်
မြို့တော်ဝန်သည် စာကြည့်ခန်းထဲတွင် ထိုင်နေပြီး စာအုပ်တစ်အုပ်ကို အလေးအနက် ကြည့်ရှုနေခဲ့သည်
အပြင်လူများ၏ အမြင်တွင် မြို့တော်ဝန်သည် လုံ့လဝီရိယရှိသူ ဖြစ်သော်လည်း အမှန်အားဖြင့် မြို့တော်ဝန် ကြည့်နေသောအရာမှာ ဤအချိန်အတောအတွင်း သူ ရှာဖွေခဲ့သော ငွေကြေးစာရင်းပင်။
"တကယ့်ကိုပဲ ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို သိမ်းလိုက်ကတည်းက ငါ နေ့တိုင်း ပိုက်ဆံ ပိုရနေတယ်....ပြီးတော့ ဒီတစ်ခေါက် ချန်ယန်မြို့ကို သွားတဲ့လမ်း ပိတ်သွားတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပဲ...ငါက ချန်မိသားစုနဲ့ ပူးပေါင်းပြီးကတည်းက နေ့တိုင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ဝင်နေတယ်...ဒါက မဆိုးဘူး"
မြို့တော်ဝန်သည် မကြာသေးမီကစတင်၍ ဘဝသည် အလွန်ကောင်းမွန်သည်ဟု ခံစားမိလေ၏။ နေ့စဉ်နေ့တိုင်း စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်နေရချိန်တွင် သူ အပျော်ရွှင်ဆုံးပင်။
"ငါ နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက် ထပ်ယူလို့ ရအုံးမယ်ထင်တယ်"
သူသည် တောက်ပသော အနာဂတ်ကို စိတ်ကူးယဉ်နေစဉ်မှာပင် လျင်မြန်သော တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
မြို့တော်ဝန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဝင်ခဲ့"
အဘိုးအိုတစ်ဦး အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ဤသည်မှာ သူ၏ အိမ်တော်ထိန်းပင်။
"သခင်ကြီး... ကိစ္စကြီး ဖြစ်နေပြီ...မကောင်းတော့ဘူး"
အဘိုးအိုက အလျင်စလို ပြောဆိုသည်။
မြို့တော်ဝန်က စားပွဲကို ပြင်းထန်စွာ ရိုက်ပုတ်ပြီး ပြောဆိုလိုက်၏။
"မင်းကို မြင်တာနဲ့ ငါ စိတ်တိုတယ်... မင်း သတင်းကောင်းတစ်ခုလောက်တောင် မပြောနိုင်ဘူးလား....အမြဲတမ်း သတင်းဆိုး သတင်းဆိုးပဲ..."
"ဟုတ်ကဲ့...ဟုတ်ကဲ့... ဒီတစ်ခါက ကိစ္စကြီးမလို့ပါ"
အဘိုးအိုက သူ၏နဖူးမှ ချွေးများကိုသုတ်ပြီး ပြောဆိုလိုက်သည်။
"ပြောစမ်းပါအုံး... ဘာသတင်းက မင်းကို ဒီလောက်တောင် ထိတ်လန့်သွားစေတာလဲ"
မြို့တော်ဝန်က စာရင်းစာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်ကာ အော်ငေါက်လိုက်သည်။
အိမ်တော်ထိန်းအိုကြီးက သတိထား၍ ပြောဆိုသည်။
"သခင်ကြီး လူတစ်ယောက်ဆီက သတင်းရထားတာကတော့ ချင်းမိသားစုမှာ မဟာဆေးဆရာကြီးတစ်ယောက် ရောက်နေတယ်...ဒါ့ပြင် သူက အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်တဲ့ မဟာဆေးဆရာကြီးတစ်ယောက်ပဲ..."
"ဘာ...."
မြို့တော်ဝန်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူ့ထံတွင် တည်ငြိမ်အေးဆေးမှု အနည်းငယ်ပင် မရှိတော့ချေ။
"မင်း ဘာလို့ စောစောက မပြောတာလဲ"
"ကျွန်တော် ဝင်လာကတည်းက ပြောမလို့ပါ သခင်ကြီးကပဲ ကျွန်တော့်ကို...."
အိမ်တော်ထိန်းအိုကြီးက တီးတိုးရေရွတ်လိုက်သည်။
မြို့တော်ဝန်သည် အိမ်တော်ထိန်းအိုကြီး၏ ရေရွတ်သံကို သဲသဲကွဲကွဲ မကြားလိုက်သဖြင့် ဆက်လက်၍ မေးမြန်းလိုက်သည်။
"ဒီကိစ္စက ဘယ်တုန်းက ဖြစ်သွားတာလဲ"
"ခုဏလေးတင်ပါပဲ..."
အိမ်တော်ထိန်းအိုကြီးက တုံ့ပြန်အဖြေပေးသည်။
"ပြဿနာများတဲ့ ဆောင်းဦးရာသီပဲ...တကယ့်ကို ပြဿနာများတယ်..."
မြို့တော်ဝန်သည် စာကြည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်နိုင် ဖြစ်နေသည်။
မဟာဆေးဆရာကြီးတစ်ဦးသည် လျိုမြို့၏ အာဏာချိန်ခွင်လျှာတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည်။ ဤသည်မှာ သူ မြင်လိုသောအရာ မဟုတ်ချေ။
မဟာဆေးဆရာကြီးအား ခြိမ်းခြောက်၍ ချင်းမိသားစုနှင့် မပူးပေါင်းရန် တောင်းဆိုခြင်းအတွက်မူ ဤသည်မှာ သူ စဉ်းစားဝံ့ခြင်းပင် မရှိသော ကိစ္စတစ်ခု ဖြစ်သည်။ ဤသို့ပြုလုပ်ပါက သူ အသက်မရှင်ချင်တော့သောကြောင့် ဖြစ်ပေမည်။ ဆေးပညာမဟာမိတ်အဖွဲ့သည် အလကားသက်သက် တည်ရှိနေခြင်း မဟုတ်ချေ။
အကယ်၍ သူ ဤသို့ ပြုလုပ်ဝံ့ပါက မနက်ဖြန်မနက်တွင် သူ မြေမြှုပ်ခံရခြေရှိသည်။
"သွားကြစို့...ချန်အိမ်တော်ကို သွားမယ်"
မြို့တော်ဝန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
လျိုမြို့၏ညသည် ယခင်ကဲ့သို့ ဆိတ်ငြိမ်နေဆဲ ဖြစ်သော်လည်း ချင်းအိမ်တော်တွင်မူ ထိန်လင်းစွာ တောက်ပနေခဲ့သည်။
ချင်းမိသားစု၏လူငယ်များသည် ခန်းမထဲတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး ရိုသေလေးစားရသော အကြီးအကဲများပင်လျှင် ခန်းမထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ထိုအကြီးအကဲများ၏ ကုလားထိုင်ကို ဆုပ်ကိုင်ထားသောလက်များ အနည်းငယ် တုန်ရီနေလေရာ သူတို့၏စိတ်နှလုံးသားများ အလွန်မတည်မငြိမ်ဖြစ်နေကြောင်း သိသာထင်ရှားသည်။
"ဒါက ပြီးသွားပြီ..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ဤအသံကိုကြားချိန်၌ အကြီးအကဲများအားလုံးသည် ကျင့်ကြံခန်းဆီသို့ အလျင်အမြန် ပြေးသွားကြ၏။
ကျင့်ကြံခန်း၏အပြင်ဘက်တွင် အကြီးအကဲများသည် စိုးရိမ်ပူပန်တကြီး မတ်တတ်ရပ်နေပြီး အတွင်းမှလူ ထွက်လာမည်ကို စောင့်ကြည့်နေကြသည်။
"ကျွီ"
ကျင့်ကြံခန်း၏ တံခါးသည် တွန်းဖွင့်ခြင်းခံလိုက်ရပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ချင်းယွမ် ထွက်လာပေ၏။
ချင်းယွမ်သည် လူများအားလုံး၏အကြည့်များနှင့် ဆုံမိချိန်၌ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"ငါ လုပ်နိုင်ခဲ့တယ်"
"အရမ်းကောင်းတယ်..."
အကြီးအကဲများအားလုံး ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
တခြားချင်းမိသားစုဝင်များသည်လည်း ဝမ်းမြောက်စွာဖြင့် ခုန်ပေါက်နေကြ၏။
ချင်းမင်က သူ၏ဖခင်အား အပြုံးနှင့် ကြည့်နေမိသည်။ သူ၏ဖခင် ထွက်လာသည်နှင့်တပြိုင်နက် သူ၏ဖခင်သည် မဟာသိုင်းဆရာကြီးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ ခံစားမိသည်။
သူ့ဖခင်၏အရည်အချင်းသည် အမှန်အားဖြင့် ဆိုးရွားလှသည် မဟုတ်ပေ။ သို့ရာတွင် ချင်းမိသားစု၏အရင်းအမြစ်များသည် အလွန်နိမ့်ပါးသဖြင့် သူ၏ဖခင်အား အဆင့်ချိုးဖျက်နိုင်မှု မရှိစေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်၌ ချီစုစည်းခြင်းဆေးလုံးနှင့် ကောင်းကင်အဆင့်ကျင့်စဉ်တို့ ရှိနေသောကြောင့် သူ့ဖခင်၏ကျင့်ကြံမှုဆင့်သည် လျင်မြန်စွာ တိုးတက်လာခဲ့ပေ၏။
သူသည် မဟာသိုင်းဆရာကြီးနယ်ပယ် ပထမအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
မကြာမီမှာပင် သူ၏ဖခင်သည် ဆက်လက်၍ ကျင့်ကြံဆင့်ချိုးဖျက်နိုင်မည်ဟု သူ ယုံကြည်သည်။