← Chapters

ဆိုင်သစ်

Vol. 4 Ch. 55

ဆိုင်သစ်

Vol. 4 Ch. 55

"သခင်ကြီး....ညစာစားပွဲ အဆင်သင့် ဖြစ်ပါပြီ"

အကြီးအကဲတစ်ဦးသည် လူအုပ်ထဲမှထွက်လာပြီး ချင်းယွမ်အား ပြောဆိုလိုက်သည်။

"သွားကြစို့...ညစာစားပွဲကို ကျင်းပကြရအောင်"

ချင်းယွမ်က ဦးဆောင်ကာ ရှေ့သို့လျှောက်လှမ်းသွားသည်

ချင်းမိသားစုဝင်များအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။

ချင်းမိသားစုခေါင်းဆောင်၏ အဆင့်တက်ခြင်းသည် ချင်းမိသားစု ပို၍သန်မာလာသည်ဟု ဆိုလိုခြင်းပင်။ အနာဂတ်တွင် ချင်းမိသားစုသည် ပို၍များပြားသော အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကာ မိသားစု၏ဘေးကင်းလုံခြုံမှုကိုလည်း ကိုယ်စားပြုပေ၏။

ချင်းမိသားစု၏မိသားစုဝင်များဖြစ်သော သူတို့အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

"ဝိုး...အရသာရှိတာတွေ ထပ်စားရတော့မယ်"

ချင်းချင်းက သူမ၏ပြားချပ်နေသော ဗိုက်လေးကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်သည်။

ချင်းမင်က ချင်းချင်း၏ခေါင်းလေးကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။ ဤကောင်မလေးသည် ချင်းမိသားစုဝင်များ မည်သည်ကြောင့် စိတ်လှုပ်ရှားနေကြသည်ကို ကောင်းစွာ နားလည်နိုင်ခြင်း မရှိသေးချေ။

သူမသည် အနည်းငယ် နားလည်ကောင်း နားလည်နိုင်သော်လည်း ရှင်းလင်းသော နားလည်သဘောပေါက်မှု မရှိပေ။

ဤလောကတွင် ခွန်အားသည် အရာအားလုံးကို ကိုယ်စားပြုပေ၏။

မဟာသိုင်းဆရာကြီးအဆင့်တွင်ရှိသော ချင်းယွမ်ကြောင့် ချင်းမိသားစုသည် လျိုမြို့ရှိ ထိပ်သီးမိသားစုနေရာကို တိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း ဆိုလိုသည်။

ယခင်က ချင်းမိသားစုသည် မဟာဆေးဆရာကြီးအပေါ် အားကိုးရန် ရည်ရွယ်ခဲ့သော်လည်း ထိုကိစ္စတွင် မတည်ငြိမ်မှုတချို့ ရှိနေသည်။

ပထမတစ်ချက်မှာ မည်သို့ပင်ဆိုစေကာမူ မဟာဆေးဆရာကြီးသည် အပြင်လူတစ်ဦးပင်။

ဒုတိယတစ်ချက်မှာ မဟာဆေးဆရာကြီး၏ ကျင့်ကြံဆင့်သည် မဟာသိုင်းဆရာကြီးအဆင့်သို့ ရောက်ရှိနေသော်လည်း သူသည် ဆေးပညာရှင်တစ်ဦးသာ ဖြစ်သဖြင့် ချင်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဆေးလုံးကိစ္စများတွင်သာ ဖြစ်သည်။

သူ့ထံ၌ ချင်းမိသားစုအတွက် လှုပ်ရှားပေးရန် တာဝန် မရှိပေ။

နောက်တစ်နေ့တွင် ချင်းမင်သည် သူ၏ကျင့်ကြံမှု ပြီးဆုံးပြီးနောက် သူသည် စားသောက်ခန်းသို့ မနက်စာစားရန် သွားခဲ့သည်။

သူသည် ချင်းချင်းကို စောင့်ဆိုင်းလိုက်၏။ သူနှင့် သူ၏ညီမငယ်သည် ယနေ့၌ ဈေးဝယ်ထွက်ရန် ချိန်းဆိုထားခဲ့သည်။

"အစ်ကို အစောကြီး နိုးနေတာလား..."

အချိန်တခဏအကြာတွင် ချင်းချင်း ရောက်ရှိလာပြီး သူမ၏အစ်ကိုက သူမအား စောင့်ဆိုင်းနေသည်ကို မြင်ချိန်၌ ချက်ချင်း ပြေးလာခဲ့သည်။

"မင်းက ငါ့တို့အားလုံး မင်းလို ငပျင်းလေးလို့ ထင်နေတာလား"

ချင်းမင်က ချင်းချင်း၏နှာခေါင်းကို ဆွဲညှစ်ရင်း အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဟွန့်... ညီမလေးက ငပျင်းမလေး မဟုတ်ပါဘူး.. မနေ့ညက အရမ်းနောက်ကျမှ အိပ်ဖြစ်လို့ ဒီနေ့မနက် စောစောမနိုးတာပါ"

မနေ့က ချင်မိသားစုသည် သန်းခေါင်ယံအထိ ညစာစားပွဲ ကျင်းပခဲ့ကြပြီး ချင်းချင်းသည်လည်း ပျော်ရွှင်စွာဖြင့် ကခုန်နေခဲ့သည်။

"ကောင်းပြီလေ.. ဒါဆို ငါတို့ အပြင်သွားကြရအောင်"

ချင်းမင်သည် ခေါင်းခါလိုက်ပြီး သူ့ညီမငယ်၏ လက်ကိုဆွဲကာ အပြင်သို့ လျှောက်လှမ်းသွားလိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိသားစုသည် ဆိုင်သစ်များစွာ ဖွင့်လှစ်ခဲ့သဖြင့် ချင်းမင်က သေချာစွာ ကြည့်ရှုရန် စီစဉ်ထားသည်။

ထိုဆိုင်များတွင် စိတ်ဝိညာဉ်ဆေးပင်များ စုဆောင်းသည့် လုပ်ငန်းကို တိုးချဲ့လိုက်သည်။ ချင်းမိသားစုတွင် ယခုအချိန်၌ ကိုယ်ပိုင်ဆေးပညာရှင် ရှိနေသောကြောင့် စိတ်ဝိညာဉ်ဆေးပင်များကို ဝယ်လိုအား ကြီးမားနေသည်။

ချင်းမိသားစုသည် ချန်ယန်မြို့မှ ဝယ်ယူမှုအချို့မှလွဲ၍ စိတ်ဝိညာဥ်ဆေးပင်အများစုကို လျိုမြို့ရှိ ကျင့်ကြံသူများထံမှ ဝယ်ယူခဲ့သည်။

ချန်ယန်မြို့သို့ သွားသော လမ်းသည် ပိတ်ဆို့ခံထားရသော်လည်း ဆေးလုံးများ ဝယ်ယူခွင့် မပြုခဲ့ခြင်းသာဖြစ်သည်။ တခြားအရာများကိုမူ တားမြစ်ထားခြင်း မရှိချေ။

အကယ်၍ အရာအားလုံးကို တားမြစ်ထားပါက လျိုမြို့တစ်မြို့လုံးရှိ အင်အားစုများအားလုံး ပေါင်းစည်းပြီး ထိုတောပုန်းဓားပြများကို ပူးတိုက်ခိုက်ကြပေလိမ့်မည်။

ယခုအချိန်၌ တိုက်ခိုက်မှု မရှိသေးသည့် အကြောင်းအရင်းမှာ တစ်ဖက်တွင် မြို့တော်ဝန်သည် အကျိုးအမြတ် ရရှိနေသဖြင့် လမ်းကို ဆက်လက်၍ ပိတ်ထားလိုသောကြောင့်ပင်။

တောပုန်းဓားပြများကမူ ချန်မိသားစု၏ခိုင်းစေချက်ကြောင့် ပြုလုပ်ခြင်းဖြစ်သဖြင့် ဆေးလုံးများမှလွဲ၍ တခြားအရာများကို ရောင်းဝယ်ခွင့်ပြုခဲ့သည်။

"အစ်ကို....ကျွန်မတို့ မိသားစုက ဆိုင်သစ်တွေ အများကြီး ဖွင့်ထားတယ်လို့ ကြားတယ်... ဟုတ်လား"

ချင်းချင်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။

သူမသည် မိသားစုကိစ္စများကို အလွန်အကျွံ ဂရုမစိုက်ခဲ့ချေ။ ဤကိစ္စကို သူမ မနေ့က ကြားသိခဲ့ရသဖြင့်သာ ယခုအချိန်တွင် ချင်းမင်အား မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ချင်းမင်သည် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံသူဖြစ်သဖြင့် မိသားစု၏အဓိကကိစ္စရပ်များကို ရှင်းလင်းစွာ သိရှိထားပေမည်။

ချင်းမင်က ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ...ငါတို့ မိသားစုက အခု ဆိုင်တွေကို ဝယ်ယူနေပြီးတော့ ဆိုင်သစ် တော်တော်များများ ဖွင့်ပြီးပြီ...နောက်လည်း ဆက်ဖွင့်အုံးမယ်"

အမှန်အားဖြင့် ချင်းမင်၏ အတွေးမှာ ချန်မိသားစု၏ဆိုင်များကို တိုက်ရိုက်သိမ်းပိုက်ရန်ပင်။

ယခု ဖွင့်လှစ်ထားသော ချင်းမိသားစုဆိုင်များ၏နေရာများသည် အလွန် မကောင်းလှချေ။ နေရာကောင်းများကိုမူ ထိပ်သီးမိသားစုများနှင့် မြို့တော်ဝန်တို့က သိမ်းပိုက်ထားပေ၏။

သို့ရာတွင် ဤဆိုင်များကို ဝယ်ရသည်မှာ အလွန်ဈေးပေါပြီး မိသားစု၏အကျိုးစီးပွားကို တိုးပွားစေနိုင်သဖြင့် ချင်မင်၌ ကန့်ကွက်စရာ မရှိပေ။

"ဒါဆိုရင် ကျွန်မတို့တွေ အသစ်ဖွင့်တဲ့ဆိုင်ကို သွားကြရအောင်....ချင်းမိသားစုရဲ့ သခင်မလေးတစ်ယောက်အနေနဲ့ မိသားစုဆိုင်ကိုတောင် မသိလို့ မဖြစ်ဘူးလေ"

ချင်းချင်းက အပြုံးနှင့် ပြောဆိုသည်။

ချင်းမင်သည် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ်ရှက်ရွံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ပြန်လည်မွေးဖွားလာခါစအချိန်တွင် မိသားစု၏လုပ်ငန်းများနှင့် မရင်းနှီးခဲ့သည်မှာ အမှန်ပင် မဟုတ်လော။ ထို့ကြောင့် သူမ၏စကားများသည် သူ့အား သရော်သကဲ့သို့ ဖြစ်နေပေ၏။

All Chapters