← Chapters

ချန်မိသားစု၏ ဆေးပညာရှင်ထံမှ ရန်စမှု

Vol. 4 Ch. 57

ချန်မိသားစု၏ ဆေးပညာရှင်ထံမှ ရန်စမှု

Vol. 4 Ch. 57

ချင်းမင်သည် စဥ်းစားတွေးတောရင်းဖြင့် ချင်းမိသားစု၏ဆိုင်သို့ ရောက်ရှိလာသည်။

"သခင်လေး..."

အစေခံအားလုံးသည် ချင်မင်အား သိရှိကြသည်မှာ သိသာထင်ရှားပြီး သူ လျှောက်လှမ်းလာသည်ကို မြင်တွေ့သည်နှင့် သူတို့အားလုံး ကျယ်လောင်စွာအော်ဟစ်ပြီး နှုတ်ဆက်လိုက်ကြသည်။

ချင်းမင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒီဆိုင်က ဘာရောင်းတာလဲ...."

ချင်းချင်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"သခင်မလေးက နောက်နေတာပဲ...ကျွန်တော်တို့ချင်းမိသားစုဆိုင်တွေအားလုံးက ဆေးလုံးတွေ ရောင်းတာလေ...အခု ဒီဆိုင်တွေမှာ စိတ်ဝိညာဉ်ဆေးပင်တွေ စုဆောင်းတဲ့ လုပ်ငန်းတစ်ခုပဲ ထပ်တိုးလိုက်တာပါ...ဒါကြောင့် အခြေခံအားဖြင့်တော့ အတူတူပါပဲ"

ဤဆိုင်၏တာဝန်ခံက အပြုံးနှင့် ပြောဆိုလိုက်သည်။

ချင်းချင်းသည် ပုံမှန်အားဖြင့် သူမ၏လက်အောက်ငယ်သားများအပေါ် အလွန်ကောင်းမွန်သောကြောင့် ဤလူများက သူမကို အနည်းငယ် နောက်ပြောင်ဝံ့ကြခြင်း ဖြစ်သည်။

ချင်းချင်းသည် ဤစကားကို ကြားချိန်၌ သူမ၏လျှာကို ထုတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ချင်းမင်၏နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။

"ဒါပေမဲ့ သခင်လေး....သတင်းဆိုးတစ်ခု ပြောစရာ ရှိပါတယ်...ချန်မိသားစုက လမ်းတစ်ဖက်မှာ ဆိုင်တစ်ဆိုင် ဖွင့်လိုက်တယ်...ဒါ့ပြင် တခြားဆိုင်တွေနားမှာလည်း ချန်မိသားစုက ဖွင့်ထားတဲ့ ဆိုင်တွေ ရှိနေတယ်"

ဆိုင်တာဝန်ခံသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

"အမ်..."

ချင်းမင်က သူ၏ခေါင်းကိုလှည့်၍ လမ်းတစ်ဖက်သို့ ကြည့်လိုက်သည်။ အမှန်တကယ်ကိုပင် ထိုနေရာ၌ ပြင်ဆင်နေဆဲဖြစ်သော အသစ်ဖွင့်ထားသည့် ဆိုင်တစ်ဆိုင် ရှိနေခဲ့သည်။

ပြင်ဆင်ထားသော ပုံစံကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ ဆေးဆိုင်တစ်ဆိုင်ဖြစ်ကြောင်း သိသာထင်ရှားသည်။

"သူတို့က ဒီလောက်ထိမြန်မြန် တန်ပြန်တိုက်ခိုက်မှုကို စတင်လိမ့်မယ်လို့ ငါ ထင်မထားဘူး...လျိုမြို့က ထိပ်သီးမိသားစုကြီးသုံးစုထဲကတစ်စုဖြစ်လာနိုင်တာက တကယ့်ကို လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူးပဲ..."

ချင်းမင်က ခေါင်းညိတ်ပြပြီး နှစ်သိမ့်လိုက်၏။

"စိတ်မပူပါနဲ့...ချန်မိသားစုကို ဘာမှကြောက်နေဖို့ မလိုဘူး...ဒါတွေအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"

"ဟုတ်ကဲ့"

ဆိုင်ရှိလူများအားလုံး တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

"သွားကြရအောင်...."

ချင်းမင်သည် ချင်းချင်း၏လက်ကို ဆွဲကိုင်ကာ ချင်းအိမ်တော်သို့ ပြန်လှည့်လာခဲ့သည်။

ယနေ့တွင် ချင်းအိမ်တော်၌ စားသောက်ပွဲကြီးတစ်ခု ကျင်းပမည်ဖြစ်ရာ အိမ်ရှင်ဖြစ်သော သူတို့အနေဖြင့် များစွာပြင်ဆင်ထားရပေမည်။ အိမ်တော်၏သခင်လေးတစ်ဦးအနေဖြင့် သူသည် အပြင်တွင် အချိန်အကြာကြီးနေ၍ မဖြစ်ချေ။

သူ၏ဖခင်နှင့်အကြီးအကဲတချို့သည် ကျူရှန်းစားသောက်ဆိုင်သို့ အိုးယန်မိသားစုနှင့် စကားပြောရန် သွားရောက်ကြပေ၏။ ထိုကြောင့် အကြီးအကဲတချို့နှင့်သူသာလျှင် ဧည့်ခံမည့်အိမ်ရှင်များအဖြစ် ရှိနေနိုင်ပေမည်။

ကံကောင်းထောက်မစွာဖြင့် စားသောက်ပွဲကို ညနေပိုင်းတွင် ကျင်းပခြင်း ဖြစ်သည်။ အကယ်၍ နေ့ဘက်တွင် ကျင်းပခဲ့ပါက သူတို့နှင့်အိုးယန်မိသားစုတို့၏ ချိန်းဆိုထားသော အချိန်ကို ပြောင်းလဲရပေလိမ့်မည်။

ချင်းမင်သည် သူ၏ဖခင် အဆင့်တက်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း ဤမျှထိ လျင်မြန်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူ၏ဖခင်သည် မစောင့်ဆိုင်းနိုင်တော့သည့်ပုံ ရသည်။

ညအချိန်တွင် ချင်းမိသားစု၏အိမ်တော်သည် ထိန်လင်းစွာ တောက်ပနေခဲ့ပြီး ခမ်းနားထည်ဝါသော ရထားလုံးများကို အိမ်တော်တံခါးဝ၏ရှေ့တွင် တန်းစီ၍ ရပ်တန့်ထားပေ၏။

ချင်းအိမ်တော်တွင် လူသံများဖြင့် ပြည့်နှက်နေခဲ့ပြီး မိသားစုအမြောက်အများသည် လက်ဆောင်များနှင့်အတူ ချင်းမိသားစုထံ လာရောက်လည်ပတ်ကြသည်။

ယခုအချိန်၌ လျိုမြို့နှင့်ချန်ယန်မြို့ကြားရှိ လမ်းများကို ပိတ်ဆို့ခံထားရချိန်တွင် ချင်းမိသားစု၌ မဟာဆေးဆရာကြီးတစ်ဦး ထွက်ပေါ်လာခဲ့ပြီး ချင်းမိသားစု၏ ခေါင်းဆောင်သည်လည်း မဟာသိုင်းဆရာကြီးတစ်ဦးအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

ဤမိသားစုများသည် သူတို့အတွက် အကျိုးအမြတ်များရနိုင်နိုင်သည်ကို မြင်တွေ့သဖြင့် ချင်းအိမ်တော်သို့ လာရောက်လည်ပတ်ကြသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။ ထို့ပြင် ယနေ့သည် ချင်းမိသားစုခေါင်းဆောင် မဟာသိုင်းဆရာကြီးအဆင့်သို့ တက်လှမ်းခြင်းအား ဂုဏ်ပြုသည့်ပွဲ ဖြစ်သည်။ ဤအချိန်တွင် သူတို့သည် ချင်းမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ပြုလုပ်ကြရပေမည်။

"ကျန်းမိသားစုခေါင်းဆောင်နှင့်ဇနီးတို့ လာရောက်ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးသုံးရာနှင့် စိတ်ဝိညာဉ်ဆေးပင်တစ်ရာကို လက်ဆောင်ပေးပါတယ်"

"ကျိုးမိသားစုခေါင်းဆောင် လာရောက်လာပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာနဲ့ စိတ်ဝိညာဉ်ဆေးပင်ငါးဆယ်ကို လက်ဆောင်ပေးပါတယ်..."

"ချင်းမိသားစုခေါင်းဆောင်....ဂုဏ်ယူပါတယ်"

လျိုချန်မြို့မှ မိသားစုငယ်လေးများသည် လက်ဆောင်များဖြင့်အတူ ချင်းအိမ်တော်သို့ ရောက်ရှိလာပြီး ဧည့်သည်များကို ကြိုဆိုနေသော ချင်းယွမ်အား အပြုံးနှင့်ပြောဆိုလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်... အထဲကို ကြွပါ..."

ချင်းယွမ်က အပြုံးနှင့် တုံ့ပြန်လိုက်သည်။

ချင်းမိသားစု၏ခေါင်းဆောင်ဖြစ်သည့်အပြင် မဟာသိုင်းဆရာကြီးအဆင့်ရှိ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူနှင့်စကားပြောဆိုရန် အရည်အချင်း ပြည့်မီသူများသည် အနည်းဆုံးအနေဖြင့် မိသားစုခေါင်းဆောင်အဆင့်တွင် ရှိကြသည်။

"အိုးယန်မိသားစု လာရောက်ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းနဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်ထောင်ကို လက်ဆောင်ပေးပါတယ်..."

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီးနောက် ခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။

"အိုးယန်မိသားစု ရောက်လာပြီးတော့ ဒီလောက်ထိ တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးတာပါလား.. ကြည့်ရတာတော့ ကောလာဟလတွေက အမှန်ဖြစ်ပုံပဲ"

"ဟုတ်တယ်....ငါလည်း ကြားထားတယ်...အိုးယန်မိသားစုနဲ့ချင်းမိသားစုက ဒီနေ့ မဟာမိတ်ဖွဲ့လိုက်ကြပြီတဲ့... ကြည့်ရတာတော့ ချင်းမိသားစုက လျိုမြို့ရဲ့ထိပ်သီးမိသားစုစာရင်းဝင် ဖြစ်လာတော့မယ့်ပုံပဲ"

စားသောက်ပွဲသို့ တက်ရောက်လာသော ဧည့်သည်များသည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။

လျိုမြို့သည် မူလကတည်းက ကြီးမားလှသည် မဟုတ်ချေ။ ထိုကြောင့် ချင်မိသားစုနှင့် အိုးယန်မိသားစုတို့၏ ကြီးမားသောလှုပ်ရှားမှုများကို အဆက်အသွယ်ကောင်းများရှိသော ဤလူများသည် မည်သည်ကြောင့် မသိရှိဘဲ နေမည်နည်း။

"ဂုဏ်ယူပါတယ်..."

အိုးယန်မိသားစုခေါင်းဆောင်သည် အကြီးအကဲ အနည်းငယ်နှင့်အတူ လျှောက်လှမ်းလာပြီး အပြုံးနှင့် ပြောဆိုသည်။

All Chapters