မြို့တော်ဝန်နှင့်ချန်မိသားစု
Vol. 4 Ch. 58
မိသားစုခေါင်းဆောင် ချင်းယွမ်သည်လည်း အလျင်အမြန် ကြိုဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင် တုံ့ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ်...ကျေးဇူးပြုပြီး ထိုင်ကြပါအုံး..
"ခင်ဗျား အလုပ်များနေတာကို ဆက်လုပ်ပါ.. ကျွန်တော်တို့ကို ဧည့်ခံနေစရာ မလိုပါဘူး...ကျွန်တော်တို့က ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားလိုက်ပါ့မယ်..."
အဘိုးအိုးယန်က နောက်ပြောင်လိုက်သည်။
"ခင်ဗျားက ဒီနေရာကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားသင့်ပါတယ်.....လာကြစမ်း....အိုးယန်မိသားစုခေါင်းဆောင်အတွက် လက်ဖက်ရည် ပြင်ဆင်ပေးကြစမ်း..."
ချင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ရယ်ပြုံးနေသော ချင်းယွမ်ကို ကြည့်ပြီး ချင်းချင်းက တီးတိုးရေရွတ်လိုက်သည်။
"အဖေက ဟိတ်ဟန်ထုတ်ရတာကို တော်တော်လေး သဘောကျနေပုံပဲ"
ဤသည်မှာ အမှန်ပင်။
ညစာစားပွဲ စတင်ကတည်းက ချင်းယွမ်သည် အလွန်အမင်း စိတ်လှုပ်ရှားသည်။ သူသည် ဤကဲ့သို့ ချီးကျူးဂုဏ်ပြုမှုမျိုးကို ကြိုက်နှစ်သက်သည်မှာ သိသာထင်ရှားလှ၏။
ချင်းယွမ်၏သမီးတစ်ဦးအနေဖြင့် ချင်းချင်းသည်လည်း သူမ၏ဖခင်အကြောင်း အသိဆုံးလူဖြစ်သည်။
ချင်းယွမ်သည် မျက်နှာသာပေးမှုကို နှစ်သက်ကြောင်း အာဏာကို နှစ်သက်ကြောင်းနှင့် တခြားသူများ၏ ချီးကျူးဂုဏ်ပြုမှုများကို နှစ်သက်ကြောင်း သူမ သိရှိသည်။
ဤသည်ကြောင့် ချင်းမင်သည် သူ၏ဖခင်နှင့် အကြီးအကဲများအား အိုးယန်မိသားစုနှင့် မဟာမိတ်ဖွဲ့မှုအတွက် ဆွေးနွေးရန် စေလွှတ်ခဲ့ခြင်းဖြစ်ပေ၏။
အကယ်၍ ချင်းမင်၏အတွေးအတိုင်းသာ ဖြစ်ပါက ဤကဲ့သို့အရေးမပါသည့် မဟာမိတ်ဖွဲ့မှုကို သူကိုယ်တိုင်ပင် ကိုင်တွယ်နိုင်ပေရာ ကျူရှန်စားသောက်ဆိုင်တွင် အထူးတလည် တွေ့ဆုံမည်မဟုတ်ချေ။
ဆေးနတ်ဘုရားဖြစ်ခဲ့သော သူ့အနေဖြင့် အိုးယန်မိသားစု၏အခွင့်အာဏာသည် ထည့်တွက်ရန်မလိုသော အသေးအမွှားအရာတစ်ခုပင်။
အကယ်၍ ချင်းမိသားစုအား လေ့ကျင့်ပေးရန် မဟုတ်ပါက ချင်းမင်သည် ချင်းမိသားစုထက် ပို၍အစွမ်းထက်သော အင်အားစုတစ်စုကို တည်ထောင်ခဲ့ပြီး ဖြစ်ပေမည်။
သို့ရာတွင် ချင်းမိသားစုအပေါ် မှီခို၍ အမှုကိစ္စများကို လုပ်ဆောင်ခြင်းသည် ချင်းမင်အတွက် အကျိုးကျေးဇူးများစွာရှိသည်။
အနည်းဆုံးအနေဖြင့် ချင်းမိသားစု၏အင်အားကို သူ ပွင့်လင်းစွာ အသုံးပြုနိုင်သည်။ အကယ်၍ ချင်းမင်သည် သူ၏ကိုယ်ပိုင်အင်အားစုကို တည်ထောင်ပါက သူသည် အမှောင်ထဲတွင်သာ ရှိနေနိုင်ပေလိမ့်မည်။
ထိုအချိန်မှာပင် နောက်ထပ်ကြေညာသံတစ်သံ ထွက်ပေါ်လာသည်။
"ချန်မိသားစုခေါင်းဆောင်နှင့် မြို့တော်ဝန်တို့ အတူတကွ လာရောက်လည်ပတ်ပြီး စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာ... လက်ဆောင်ပေးပါတယ်..."
"ပြဿနာရှာမယ့်သူတွေ လာပြီ"
"ဟုတ်တယ်... ဒီလောက် ချမ်းသာကြွယ်ဝတဲ့ လူတွေက စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာတည်း ယူလာတယ်....ဒါက ချင်းမိသားစုခေါင်းဆောင်ကို အရှက်ခွဲဖို့ လာတယ်ဆိုတာ အရမ်းသိသာတယ်"
"ဒီနေ့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ရှိမယ့်ပုံပဲ... ချင်းမိသားစုက လျိုမြို့ရဲ့ စတုတ္ထမြောက် ထိပ်သီးမိသားစု ဖြစ်ချင်ရင် ဒီအခက်အခဲကို ကျော်ဖြတ်ရလိမ့်မယ်"
ဧည့်သည်များအားလုံးသည် သူတို့၏စိတ်အတွင်းမှနေ၍ မြို့တော်ဝန်နှင့်ချန်မိသားစုတို့သည် ချင်းမိသားစုအား ပြဿနာရှာရန် လာရောက်ခြင်း ဖြစ်သည်ကို သိရှိထားကြသည်။
ထိုင်ခုံပေါ်တွင် ထိုင်နေသော ချင်းမင်သည် သူ၏မျက်လုံးများကို မှိတ်ထားရာမှ ထိုအော်ဟစ်သံကို ကြားချိန်တွင် တည်ငြိမ်စွာ ဖွင့်လိုက်သည်။
အမှန်အားဖြင့် သူသည် ဤသည်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
"ချင်းယွမ်..ဂုဏ်ယူပါတယ်.... မင်း မဟာသိုင်းဆရာကြီးအဆင့်ကို ဒီလောက်မြန်မြန် တက်လှမ်းသွားလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒီလောက်မြန်မြန် မင်း အဆင့်တက်သွားတာက ဘာ လျှို့ဝှက်အန္တရာယ်မှ မရှိဘူးမလား.... ဒါက တို့ ချန်မိသားစုက ဆေးပညာရှင်ရဲ့တပည့်ကျီးဝူပဲ....သူက ဆေးပညာ နည်းနည်းတတ်ကျွမ်းတယ်... သူ့ကို မင်းအတွက် ကြည့်ခိုင်းလိုက်ချင်လား"
ချန်မိသားစုခေါင်းဆောင်က ထူးဆန်းသော လေသံဖြင့် ပြောဆိုလိုက်သည်။
ယနေ့သည် ချင်းမိသားစု အလွန်ပျော်ရွှင်နေသော နေ့ဖြစ်သော်လည်း ချန်မိသားစု၏ ခေါင်းဆောင်က ဤနေရာတွင် ချင်းယွမ် နေမကောင်းဖြစ်နေသည်ဟု ပြောဆိုခဲ့လေ၏။ ဤသည်မှာ ချင်းမိသားစုကို ရန်စစော်ကားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဒါက ကျီးဝူလား....."
ချင်းယွမ်သည် ချန်မိသားစုခေါင်းဆောင်၏ ဘေးတွင်ရပ်နေသော လူအား လှမ်းကြည့်လိုက်ပြီး သရော်တော်တော်ပြောဆိုလိုက်သည်။
"တကယ့်ကို ခွေးတစ်ကောင်နဲ့ တူတာပဲ..."
"မင်း..."
ချင်းယွမ်၏လှောင်ပြောင်သံကို ကြားချိန်၌ အတွေ့အကြုံ မရှိမှန်း သိသာသော လူငယ်၏မျက်နှာ ဒေါသကြောင့် နီမြန်းသွားသည်။
"ဘာလဲ...ငါတို့က စိတ်စေတနာကောင်းနဲ့ ဂုဏ်ပြုဖို့ လာတာ.... ချင်းမိသားစုခေါင်းဆောင်က ငါတို့အတွက် နေရာထိုင်ခင်းတောင် စီစဉ်မပေးဘူးလား"
မြို့တော်ဝန်က အော်ဟစ်၍ မေးမြန်းလိုက်သည်။
"ဟမ့်.."
ချင်းယွမ်က အေးစက်စက် နှာမှုတ်လိုက်သည်။
"မြို့တော်ဝန်.... မိသားစုခေါင်းဆောင်ချန်...ပြီးတော့ ကျီးဝူ...ကျေးဇူးပြုပြီး ထိုင်ကြပါအုံး"
သူသည် ဤမြို့တော်ဝန်အား သူ၏မျက်စိထဲတွင် ထည့်မထားခဲ့ချေ။ သို့ရာတွင် မြို့တော်ဝန်သည် အုပ်ချုပ်ရေးအာဏာကို ကိုယ်စားပြုသည်။ မြို့တော်ဝန်၏ အမိန့်ကို နာခံခြင်းသည် အုပ်ချုပ်ရေးအဖွဲ့အား မျက်နှာသာပေးခြင်းပင်။
အကယ်၍ သူသည် အမိန့်ကိုမနာခံလျှင်လည်း ဖြစ်ရိုးဖြစ်စဥ်သာ ဖြစ်ပေမည်။
တစ်စုံတစ်ယောက်တွင် စွမ်းအား ရှိနေသရွေ့အကျိုးအမြတ်အချို့ ပေးကမ်းကာ မြို့တော်ဝန်နေရာအတွက် အစားထိုးရန်မှာ လွယ်ကူသည်။
ဤလောကသည် သိုင်းပညာကိုသာ လေးစားတန်ဖိုးထားသည်။ ထိုကြောင့် တစ်စုံတစ်ယောက်ထံတွင် စွမ်းအားရှိနေသရွေ့ အရာအားလုံးကို ရရှိနိုင်ပေမည်။
ဤသည်မှာ မြို့တော်ဝန်လေးတစ်ဦးမျှသာ ဖြစ်သည်။ သူသည် မဟာသိုင်းဆရာကြီးအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် မြို့တော်ဝန်နှင့်တန်းတူ ရပ်တည်နိုင်သူပင်။
ချင်းမင်သည်လည်း ပြုံးလိုက်သည်။ ဤမြို့တော်ဝန်၏အမူအယာကို မြင်တွေ့ပြီးနောက် ချင်းမင် အလွန်စိတ်မကျေမနပ် ဖြစ်မိလေ၏။
မြို့တော်ဝန်နှင့် ချန်မိသားစုအကြားတွင် ဆက်ဆံရေးတစ်ခုရှိသည်ဟု ယခင်ကတည်းက သူ ကြားသိထားသော်လည်း ဤသည်မှာ အမှန် ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။