မြို့တော်ဝန်နှင့်ချန်မိသားစု
Vol. 4 Ch. 59
မြို့တော်ဝန်နှင့်ချန်မိသားစုတို့သည် ကြိုးတစ်ချောင်းတည်းပေါ်မှ နှံကောင်များ ဖြစ်ပုံရသည်။
ချင်းမင်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ဖခင်ချင်းယွမ်သည် အာဏာကို နှစ်သက်သဖြင့် သူ၏ဖခင်အား အာဏာကို ခံစားစေသင့်သည်။ သူ၏ဖခင်သည် မြို့တော်ဝန် ဖြစ်လာသင့်ပေ၏။
အကယ်၍ ချင်းယွမ်သည် မြို့တော်ဝန် ဖြစ်လာခဲ့ပါက လျိုမြို့တစ်မြို့လုံးသည် ချင်းမိသားစု၏ အခြေစိုက်စခန်း ဖြစ်လာပေလိမ့်မည်။
မြို့တော်ဝန် ချင်းမိသားစုနှင့်အိုးယန်မိသားစုတို့သည် လျိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ရန် လုံလောက်ပေမည်။
လျိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်သရွေ့ ချင်းမင်သည် လျိုမြို့အား ချင်းမိသားစု၏ အခြေစိုက်စခန်းအဖြစ် တည်ဆောက်နိုင်ကာ ချင်းမိသားစုသည် ပို၍လုံခြုံမှုရရှိနိုင်ပေမည်။
ချင်းယွမ် မြို့တော်ဝန် မည်သို့ဖြစ်လာမည်ကိုမူ ချင်းမင်က အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။
သူ၏ဆရာသည် မဟာဆေးဆရာကြီးတစ်ဦး မဟုတ်လော....
သူသည် အဖိုးတန်ဆေးလုံးတချို့ကို ဖော်စပ်ကာ တော်ဝင်မိသားစုအား အကျိုးအမြတ်တချို့ ပေးအပ်လိုက်ပါက တော်ဝင်မိသားစုသည် ချင်းမိသားစု၏ တန်ဖိုးကို မြင်တွေ့နိုင်ပေလိမ့်မည်။
မြို့တော်ဝန်ရာထူးသည် ချင်းမိသားစုနှင့်လက်တကမ်းအကွာတွင် ရှိနေပေ၏။
ချင်းမင်သည် နှစ်တစ်သောင်းကျော် ရှင်သန်နေထိုင်ခဲ့ပြီးဖြစ်ရာ ဤကိစ္စများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ခဲ့သည်။
လောကကြီးတွင် အကျိုးအမြတ်များမှလွဲ၍ တခြားမည်သည့်အရာမျှ အရေးမပါချေ။ အကယ်၍ တစ်စုံတစ်ယောက်သည် တခြားလူများထက် ပို၍များပြားသော အကျိုးအမြတ်များကို ပေးနိုင်ပါက သူ လိုချင်သောအရာကို ရရှိနိုင်ပေလိမ့်မည်။
ဤသည်မှာ အကျိုးအမြတ် ဖလှယ်ခြင်းပင်။
မြို့တော်ဝန်ဆယ်ယောက် ပေါင်းစည်းထားလျှင် ပင် သူ၏ဆရာဆေးဘုရင်ကို လက်လှမ်းမမီနိုင်ရာ ဆေးနတ်ဘုရားဖြစ်သော သူ့အတွက် ထည့်တွက်ရန်ပင်မလိုချေ။
မြို့တော်ဝန်နှင့်ချန်မိသားစုခေါင်းဆောင်တို့သည် နေရာ၌ ထိုင်ပြီးနောက် သူတို့သည် ချင်းမင်အား ကြည့်လိုက်ပြီး သရော်တော်တော်အပြုံးဖြင့် ပြောဆိုသည်။
"ဒါက မင်းရဲ့သား မဟုတ်လား... တကယ့်ကို ထူးချွန်တဲ့ လူငယ်တစ်ယောက် ဖြစ်ပုံပဲ"
သူတို့ရရှိခဲ့သော သတင်းများအရ ချင်းမိသားစုနှင့်အိုးယန်မိသားစုတို့ မဟာမိတ်ဖွဲ့ခဲ့ကြခြင်းမှာ ချင်းမင်၏ပေါင်းစည်းပေးမှုကြောင့်ပင်။
ထို့ကြောင့် ချင်းမင်အပေါ်တွင် သူတို့သည် အလွန်အမင်း မုန်းတီးနေပေ၏။
အကယ်၍ ချင်းမိသားစုတစ်စုတည်း ဖြစ်ပါက သူတို့ ကိုင်တွယ်ရန် အလွန်လွယ်ကူပေလိမ့်မည်။ ယခုချိန်၌ ချင်းမိသားစုနှင့်အိုးယန်မိသားစုတို့ ပေါင်းစည်းသွားလေရာ သူတို့သည် မြို့တော်ဝန်နှင့်ချန်မိသားတို့ ဖြစ်နေသည့်တိုင် ဤတိုက်ပွဲတွင် အနိုင်ရမည်ဟု အာမမခံနိုင်ချေ။
"ဟုတ်ပါတယ်... ဘာများ အကြံပေးစရာ ရှိလို့လဲ"
ချင်းမင်သည် ရင်းနှီးဖော်ရွေခြင်း မရှိဘဲ တိုက်ရိုက်မေးမြန်းလိုက်သည်။
"မင်းက မဟာဆေးလုံးဆရာကြီးရဲ့ တပည့်ဖြစ်ပြီးတော့ လက်ထောက်ဆေးပညာရှင်တစ်ယောက် ဖြစ်သွားပြီလို့ ငါ ကြားတယ်...ဒါက အမှန်ပဲလား"
ချန်မိသားစုခေါင်းဆောင်က မေးမြန်းသည်။
"ကိစ္စရှိရင် မြန်မြန်ပြော... လိုရင်းကိုသာ ပြောစမ်းပါ"
ချင်းမင်က ခံစားချက်ကင်းမဲ့စွာဖြင့် တုံ့ပြန်လိုက်၏။
"ကောင်းပြီလေ....ချင်းမိသားစုက သခင်လေးချင်းရဲ့ဆေးပညာစွမ်းရည်က အရမ်းမြင့်မားတယ်လို့ ငါ ကြားဖူးတယ်...ကျီးဝူကလည်း လူတော်တစ်ယောက်ပဲ...မင်းတို့နှစ်ယောက်လုံးက လက်ထောက်ဆေးပညာရှင်တွေ...ကျီးဝူရဲ့ဆရာက ဆေးဆရာကြီးအဆင့်ရှိပေမဲ့ မင်းရဲ့ဆရာက မဟာဆေးဆရာကြီးအဆင့်မှာ ရှိတယ်...မင်းရဲ့ ဆေးပညာအစွမ်းကို ငါတို့အားလုံးကို ပြသပေးနိုင်မလား..."
ချန်မိသားစုခေါင်းဆောင်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"အရှက်မရှိလိုက်တာ...."
အိုးယန်မိသားစုခေါင်းဆောင်သည် စားပွဲကို ရိုက်ပုတ်ပြီး မတ်တတ်ထရပ်လိုက်၏။
"ချင်းမင်က ဆေးပညာ လေ့လာတာ ဘယ်လောက်ကြာသေးလို့လဲ... ကျီးဝူ လေ့လာတာက ကြာလှပြီ...ချင်းမင်က ကျီးဝူကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ...."
အိုးယန်မိသားစုခေါင်းဆောင် ဤမျှထိ ဒေါသထွက်ရသည့် အကြောင်းအရင်းမှာ ချန်မိသားစုခေါင်းဆောင်သည် ဆရာနှစ်ယောက်၏အဆင့်ဖြင့် တပည့်နှစ်ယောက်ကို နှိုင်းယှဉ်ခဲ့ခြင်းကြောင့်ပင်။
ဤသည်မှာ မဟာဆေးဆရာကြီး၏တပည့်ဖြစ်သော ချင်းမင်သည် ဆေးဆရာကြီးတစ်ဦး၏ တပည့်အား ရှုံးနိမ့်ခဲ့ပါက သူ့ဆရာ၏အရည်အချင်း နိမ့်ပါးသည်ဟု ဆိုလိုခြင်းပင်။
ထို့ကြောင့် အိုးယန်မိသားစုသည် ချန်မိသားစုခေါင်းဆောင်အား အရှက်မရှိဟု ခံစားမိခြင်း ဖြစ်ပေ၏။
အကယ်၍ ချန်မိသားစုထံတွင် အစွမ်းအစ ရှိပါက မဟာဆေးဆရာကြီးကိုသာ ရှာဖွေသင့်သည်။ မည်သည်ကြောင့် သူ၏တပည့်ကို ရှာဖွေနေသနည်း။
ချန်မိသားစုခေါင်းဆောင်သည် အိုးယန်မိသားစုခေါင်းဆောင်၏ကျိန်ဆဲသံကို ကြားသော်လည်း ခံစားချက်ကင်းမဲ့သောလေသံဖြင့် အေးစက်စက်တုံ့ပြန်သည်။
"ပညာသင်ယူမှုမှာ စောတယ် နောက်ကျတယ်ဆိုတာ မရှိဘူး....အရည်အချင်းကသာ အရာရာပဲ... ချင်းမင် မင်း သတ္တိမရှိဘူးလား...."
"ချင်းမင်"
ကျီးဝူသည်လည်း ချန်မိသားစုခေါင်းဆောင်၏စိန်ခေါ်မှုကို သံယောင်လိုက်ပြီး မေးမြန်းလိုက်သည်။
"မင်းက ယောက်ျားတစ်ယောက်ဆိုရင် ငါနဲ့ယှဉ်ပြိုင်ဖို့ မင်းမှာ သတ္တိရှိရမယ် မဟုတ်လား...တကယ်လို့ မင်းမှာ သတ္တိမရှိဘူးဆိုရင်တော့ မင်း အိပ်ရာထဲကိုပြန်ပြီး ကလေးမွေးနေလိုက်တော့...."
ချင်းမင်သည် ချန်မိသားစုခေါင်းဆောင်အား ကြည့်လိုက်ပြီးနောက် ကျီးဝူအား ကြည့်ကာ အပြုံးနှင့် ပြောဆိုသည်။
"ဘာလဲ...ငါ့ကို စိတ်ဆွပေးနေတာလား..."
ချန်မိသားစုသည် ဤကဲ့သို့ လှည့်ကွက်ငယ်လေးများကို ကစားမည်ဟု သူ မျှော်လင့်ထားမိခြင်း မရှိပေ။
"အရှက်မရှိဘူး.... တကယ့်ကို အရှက်မရှိဘူး... ချန်မိသားစုက ချင်မင်းကို တိုက်ခိုက်ဖို့ တွန်းအားပေးနေတာပဲ...တကယ်လို့ ချင်းမင်သာ မတိုက်ခိုက်ဘူးဆိုရင် သူက အနာဂတ်မှာ ခေါင်းဖော်နိုင်မှာ မဟုတ်တော့ဘူး... သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်သွားလိမ့်မယ်...."
"ဟုတ်တယ်...ပြီးတော့ ဒီလောက် အရေးကြီးတဲ့နေ့မှာ ချင်းမင်သာ မတိုက်ခိုက်ဘူးဆိုရင် ဒီတစ်ခေါက်မှာ ချင်းမိသားစုက အရှက်ရတော့မှာပဲ.."
ဧည့်သည်များအားလုံး ဤအကြောင်းကို ပြောဆိုနေကြသည်။ သူတို့အတွက်မူ ချင်းမိသားစုဖြစ်စေ ချန်မိသားစုဖြစ်စေ စစ်မှန်သော ကွဲပြားခြားနားခြင်း မရှိပေ။
သူတို့သည် စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှုရသည်ကို ပျော်ရွှင်နေကြရုံသက်သက်ပင်။