← Chapters

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး

Vol. 4 Ch. 60

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး

Vol. 4 Ch. 60

ကျီးဝူသည် သူ၏အကြံအစည် ထုတ်ဖော်ခံလိုက်ရသော်လည်း ထိတ်လန့်သွားခြင်း မရှိပေ။ ဤသည်မှာ ပွင့်လင်းသော အစီအစဉ်တစ်ခုပင်။

အကယ်၍ ချင်းမင် သဘောတူပါက သူတို့၏ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ပေမည်။ အကယ်၍ ချင်းမင် သဘောမတူပါက သူတို့သည် ချင်းမိသားစု၏စိတ်ဓာတ်ကို ဖျက်ဆီးမည့် ပန်းတိုင်ကို အောင်မြင်ပြီး ဖြစ်ပေမည်။

ချင်းမိသားစု သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူတို့အတွက် ကောင်းမွန်ပေ၏။

အမှန်အားဖြင့် သူတို့သည် ချင်းမင် သဘောတူညီမည်ဟု မျှော်လင့်နေကြဆဲပင်။ ထိုသို့ဖြစ်လာမှသာ သူတို့သည်

ချင်းမိသားစုကို သိမ်းပိုက်ရန် အခွင့်အရေးကို ရယူနိုင်ပေမည်။

အကယ်၍ ချင်းမိသားစု မရှိပါက မဟာဆေးဆရာကြီးသည် သူတို့အပေါ် လွှမ်းမိုးနိုင်မှု ဆုံးရှုံးသွားပေမည်။

ထိုမဟာဆေးဆရာကြီးကိုယ်တိုင် စိတ်ဝိညာဉ်ဆေးပင်များကို ရိတ်သိမ်းပြီး ဆေးလုံးများကို ရောင်းချခြင်း မပြုလုပ်သရွေ့ သူတို့အတွက် ပြဿနာမရှိနိုင်တော့ချေ။

ကျီးဝူသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ချင်းမင်၏စကားများကို တိုက်ရိုက်တုံ့ပြန်အဖြေမပေးဘဲ ပြောဆိုလိုက်သည်။

"ချင်းမင်...မင်း ပွင့်ပွင့်လင်းလင်း ပြောစမ်း...ဒီစိန်ခေါ်မှုကို မင်း လက်ခံမှာလား လက်မခံဘူးလား"

ချင်းယွမ်သည် ချင်းမင် သဘောတူလိုက်မည်ကို စိုးရိမ်သဖြင့် သူ၏သားအား ငြင်းဆန်ရန် မသိမသာအချက်ပြလိုက်၏။

လူတစ်ဦး၏စိတ်ပိုင်းဆိုင်ရာသည် ကျင့်ကြံမှုနှင့် များစွာသက်ဆိုင်သည်မှာ လူအများသိထားသော အချက်ပင်။

အကယ်၍ ချင်းမင်သည် ရှုံးနိမ့်ခြင်းမရှိခဲ့ပါက သူ၏ဆေးပညာတာအို လျင်မြန်စွာ တိုးတက်လာပေမည်။

အကယ်၍ ချင်းမင်သည် ဤတစ်ကြိမ် ဆေးပညာပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ဤသည်မှာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာစေပြီး ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူရပေလိမ့်မည်။

ထို့ပြင် ဤကိစ္စကြောင့် သူသည် အမြဲတစေ ထိုးနှက်ခံနေရပါက စိတ်ပိုင်းဆိုင်ရာ အရိပ်မည်း ဖြစ်ပေါ်စေမည်ဖြစ်ပြီး နှလုံးသားနတ်ဆိုးတစ်ကောင် မွေးဖွားလာပေလိမ့်မည်။

ဆေးပညာတာအိုရှိ မည်သည့်တိုးတက်မှုမဆို ရပ်တန့်သွားနိုင်ကာ ဤအခြေအနေမျိုးသည် မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

အထူးသဖြင့် ဆုတ်ယုတ်မှုများကို မခံစားဖူးသေးသော မျိုးဆက်သစ်လူငယ်များသည် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အား နည်းပါးကြခြင်းပင်။

ချင်းမင်သည် ကျီးဝူ၏ ထပ်ခါတလဲလဲ မေးမြန်းမှုများကို ကြားချိန်၌ အပြုံးနှင့် တုံ့ပြန်လိုက်၏။

"မင်းတို့က အရှက်ခွဲခံရဖို့ စိတ်အားထက်သန်နေမှတော့ ငါက မင်းတို့ကို ဖြည့်ဆည်းပေးရမှာပေါ့...ဒါ့ပြင် မင်းတို့ကျရှုံးဖို့အတွက် ကောင်းမွန်တဲ့ ပြပွဲတစ်ခုကို ငါ သေချာပေါက် ပြင်ဆင်ပေးမယ်"

ကျီးဝူသည် သူနှင့် ယှဥ်ပြိုင်မည်ဟူသည်မှာ သေမင်းကို ရှာဖွေနေခြင်း မဟုတ်လော...

ချင်းမင်က သူ့အား မမေ့နိုင်လောက်သော သင်ခန်းစာတစ်ခု မဖြစ်မနေပေးရန် ဆုံးဖြတ်ချက်ချလိုက်၏။

ကျီးဝူအား ဘဝကို သံသယဝင်သည်အထိ လောကကြီးတစ်ခုလုံးကို သံသယဝင်သည်အထိ ခြေမွှဖျက်ဆီးရန် သူ ရည်ရွယ်ထားသည်။

"ဒါက မင်းပြောတာနော်"

ကျီးဝူသည် ချင်းမင်၏သဘောတူညီမှုကို ကြားချိန်၌ ချက်ချင်းဆိုသလိုပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

"ချင်းမင်... ငါတို့က အဆင့်အတန်းရှိတဲ့ပြိုင်ဘက်တွေ ဖြစ်မှတော့ ဘယ်လိုလုပ် ဆုလောင်းကြေး မရှိဘဲ ယှဥ်ပြိုင်နေမှာလဲ.... ဒီလိုလုပ် ငါတို့ဘက်က ဆိုင်ဆယ်ဆိုင် မင်းတို့ ချင်းမိသားစုဘက်က ဆိုင်နှစ်ဆယ်နဲ့ ငါတို့တွေ လောင်းကြေးထပ်ကြရအောင်... စိတ်မပူပါနဲ့... ဒီကိစ္စအတွက် မင်းတို့ နစ်နာမှာမဟုတ်ဘူး...ငါတို့ချန်မိသားစုရဲ့ဆိုင်တွေက လျိုမြို့မှာ နေရာတော်တော်ကောင်းတဲ့ ဆိုင်တွေချည်းပဲ... တန်ဖိုးက မင်းတို့ရဲ့ ဆိုင်နှစ်ဆယ်နဲ့ ညီမျှတယ်"

"ဒါက ကျားအစွယ်တွေ ထုတ်ပြနေတာပဲ....ချန်မိသားစုရဲ့ဝါးမြိုချင်စိတ်က ဒီလောက်ထိ ပြင်းထန်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး...ဒါက ချင်းမိသားစုကို လျိုမြို့ကနေ တိုက်ရိုက်မောင်းထုတ်ဖို့ ကြံရွယ်ထားတာပဲ"

"ချင်းမိသားစုမှာ ဆိုင်နှစ်ဆယ်ပဲ ရှိတာ... ဒီဆိုင်တွေအားလုံး ရှုံးသွားရင် ချင်းမိသားစု ပြန်ထူထောင်နိုင်ဖို့ အနည်းဆုံး ခြောက်လလောက် ကြာလိမ့်မယ်"

"ခြောက်လ ဟုတ်လား... ခြောက်လအတွင်းမှာ သူတို့ ပြန်ထူထောင်နိုင်မယ့် အခွင့်အရေး ရှိပါအုံးမလား"

လက်ရှိနေရာတွင်ရှိနေသော မိသားစုခေါင်းဆောင်များအားလုံးသည် အမြင်ကျယ်သူများဖြစ်လေရာ အနည်းငယ် သုံးသပ်ကြည့်ရုံမျှဖြင့် ချန်မိသားစု၏ ရည်ရွယ်ချက်ကို သိရှိနိုင်သည်။

ထိုမိသားစုခေါင်းဆောင်များ တွေးတောမိသကဲ့သို့ ချင်းယွမ်သည်လည်း မည်သည်ကြောင့် မတွေးတောမိဘဲ နေနိုင်မည်နည်း။ သူသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ကြားဖြတ်ပြောဆိုလိုက်၏။

"ငါတို့ချင်းမိသားစုက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူး"

"ဒါဆို မင်းတို့က အရှုံးပေးချင်တာပေါ့...မင်းတို့ ချင်းမိသားစုက ငါတို့ ချန်မိသားစုထက် နိမ့်ကျတယ်လို့ ပြောချင်တာလား...မင်းတို့ရဲ့ မဟာဆေးဆရာကြီးက တကယ်အရည်အချင်းရှိတာရော ဟုတ်ရဲ့လား"

ကျီးဝူက မောက်မာထောင်လွှားသောလေသံဖြင့် ပြောဆိုသည်။

ထိုအချိန်မှာပင် မြို့တော်ဝန်သည်လည်း မတ်တတ်ထရပ်ပြီး အပြုံးနှင့် ပြောဆိုသည်။

"ကြည့်ရတာတော့ မင်းတို့ ချင်းမိသားစုရဲ့ အခြေခံအုတ်မြစ်က နည်းနည်းတော့ နိမ့်ကျနေသေးပုံပဲ....လျိုမြို့က ဆေးလုံးဈေးကွက်ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်ပါတော့...မင်းတို့က ဈေးကွက်ကို နှောင့်ယှက်မနေနဲ့တော့"

မြို့တော်ဝန်သည် ချင်းမိသားစုအား သဘောတူရန် တွန်းအားပေးလိုက်၏။

"ကောင်းပြီလေ"

ချင်းမင်သည် တစ်စုံတစ်ခု ပြောလိုနေသော သူ၏ဖခင်အား ကြားဖြတ်ဟန့်တားပြီး ပြောဆိုလိုက်၏။

"လျိုမြို့က ထိပ်သီးမိသားစုကြီးသုံးစုထဲက တစ်စုဖြစ်တဲ့ ချန်မိသားစုက နည်းနည်းကပ်စေးနဲတယ်လို့ ကျွန်တော် ထင်တယ်..... ပြီးတော့ မြို့တော်ဝန်ကလည်း အရမ်းအမြင်ကျဥ်းလွန်းတယ်...ဒီလိုဆိုရင်ရော...ငါက ဒီချီစုစည်းခြင်းဆေးလုံးတစ်ပုလင်းကို လောင်းကြေးထပ်မယ်ဆိုရင် ဘယ်လိုသဘောရလဲ"

ထိုသို့ပြောဆိုပြီးနောက် ချင်မင်သည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ဆေးလုံးတချို့ကို သွန်ချလိုက်သည်။

"ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး..."

ဤချီစုစည်းခြင်းဆေးလုံးများကို မြင်ချိန်၌ မြို့တော်ဝန်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

Thank For Reading.

All Chapters