ပြန်လည်ဆုံစည်းခြင်း
Vol. 27 Ch. 391
အရှင်မြတ်နှစ်ဦးက မတက်သာသည့် အခြေအနေကြောင့် လက်ခံလိုက်ရသည်။ သူတို့ မည်သို့ပင် တားဆီးပါစေ ဟွမ်း၏ အသွင်က ချိတ်ပိတ်နယ်မြေကို သွားရောက်ရန် ဆုံးဖြတ်ထားပြီးဟန်ရ၏။
“ဂရုစိုက်ပါ ရောင်းရင်းလေး...”
အရှင်မြတ်နှစ်ဦးက အမှာစကားဆိုလိုက်၏။
ထို့နောက် အရှင်မြတ်နှစ်ဦး၏ ညွှန်ပြမှုနှင့်အတူ ဟွမ်းက ချိတ်ပိတ်နယ်မြေသို့ ထွက်ခွာသွားတော့သည်။
“ချင်းလုံရဲ့ အမွေခံက ရည်ညွှန်းခဲ့တာ ဒီလူငယ်များဖြစ်နေမလား...”
ပိုင်ဟူက သက်ပြင်းချရင်း ဆိုလိုက်၏။
“ကျရောက်လာတော့မဲ့ ကပ်ဘေးမှာ ကျုပ်တို့ နတ်ဘုရားလောက အတွက် ကြီးမားတဲ့ အကူအညီဖြစ်ရင်ကောင်းလိမ့်မယ်...”
ရွှမ်းဝူက မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည့် အကြည့်များနှင့် ဆိုလိုက်၏။
ထို့နောက် သူတို့က ချိတ်ပိတ်နယ်မြေကို ဦးတည်နေသည့် ဟွမ်းကို ကြည့်နေမိကြသည်။
ဟွမ်းက အချိန်မဆွဲပဲ ချိတ်ပိတ်နယ်မြေသို့ အလျင်အမြန် ခရီးနှင်နေ၏။ သူ၏ ခရီးလမ်းတစ်လျှောက်တွင် လေဟာနယ်များ၏ မူမမှန်မှုများကို ခံစားမိနေသည်။
‘လေဟာနယ် လမ်းကြောင်းတွေကနေ ထပ်ပြီး ကျုးကျော်ဖို့ ကြိုးစားနေကြတာပဲ...’
ဟွမ်းက ထိုအခြေအနေကြောင့် မျက်မှောင်ကြုတ်မိ၏။ သို့သော် သူ၏ အရှိန်ကို ရပ်တန့်ခြင်း မရှိချေ။
‘ချုံးချိကို တားဆီးနိုင်ရင်...၊ နတ်မိစ္ဆာတွေ ထပ်ပြီး ဝင်ရောက်နိုင်မှာ မဟုတ်လောက်ဘူး...’
ထို့အတွေးကြောင့် ဟွမ်းက သူ၏ အရှိန်ကို ပို၍ မြင့်တင်က ချိတ်ပိတ်နယ်မြေကို ဦးတည်နေ၏။
ရက်ပေါင်းအနည်းငယ် ကြာသွားပြီးနောက် ထူးဆန်းသည့် လေဟာနယ်တံခါးဝတစ်ခုကို တွေ့မြင်လိုက်ရသည်။
‘ဒါက ချိတ်ပိတ်နယ်မြေရဲ့ ဝင်ပေါက်ဖြစ်နိုင်တယ်...’
အရှင်မြတ်နှစ်ဦး၏ စကားအရ ချုံးချိကို ကြယ်နယ်မြေအောက်တွင် ချိတ်ပိတ်ထားခြင်း ဖြစ်သည်။
ထို့နောက် ဟွမ်းက လေဟာနယ်တံခါးအတွင်း ဝင်ရောက်ရန် ကြိုးစားလိုက်၏။ လေဟာနယ်တံခါးက ဟွမ်းချည်းကပ်လာသည့်နှင့် တပြိုင်နက် သူ့အလိုလို ပွင့်ဟသွားသည်။
၎င်းက အသိဉာဏ်ရှိနေသည့်အလားပင်။
ဟွမ်းက ချိတ်ပိတ်နယ်မြေအတွင်း ရောက်ရှိသွားချိန်တွင် မီးချော်ရည်များနှင့် ပြည့်နှက်နေသည့် ပင်လယ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
၎င်းက ပူလောင်လွန်းပြီး တည်နေရာတစ်ခုလုံး ရဲရဲတောက် နီမြန်းနေ၏။
ထို့အပြင် မသတီစရာ အငွေ့အသက်များနှင့် ပြည့်နှက်နေပြီး ၎င်းတို့က ဟွမ်း၏ ခန္ဓာကိုယ်ကိုပင် တိုက်စားရန် ကြိုးစားနေသည်။
သူက ပတ်ဝန်းကျင်ကို စူးစမ်းနေရင်း ချော်ရည်ပင်လည်အထက်မှ လျှောက်လှမ်းနေချိန်တွင် တည်ငြိမ်သည့် အသံကိုကြားလိုက်ရ၏။
“ရှင်....နောက်ဆုံးတော့ ရောက်လာပြီပေါ့...”
သူက ဤအသံကို အလွန်အမင်း ရင်းနှီးနေသည်ဟု ခံစားမိသွားကာ သူ၏ ခြေလှမ်းများက ပိုမိုမြန်ဆန်လာသည်။
မီးချော်ရည်ပင်လယ်၏ နက်ရှိုင်းသည့် အတွင်းပိုင်းသို့ ရောက်ရှိချိန်တွင် လှပသည့် ပုံရိပ်နှစ်ခုက ချိတ်ပိတ်စည်း အတွင်း စွမ်းအင်များ ဖြည့်စွက်နေကြသည်။
သူက ထိုပုံရိပ်နှစ်ခုလုံးကို ရင်းနှီးနေကာ သူ၏ စကားများပင် ပျောက်ရှသွား၏။
“မင်းတို့...”
“ကျွန်မတို့ ရှင့်ကို စောင့်နေတာ...”
ချင်းလုံ၏ အမွေခံဖြစ်သူ စုန့်ချင်းက အပြုံးများနှင့် ဆိုလိုက်၏။ ထို့နောက် သူမက ဟွမ်း၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေသည်။
ဟွမ်းကတော့ စကားပင် မပြောနိုင်၊ သူ၏ မြင်ကွင်းကို သူယုံကြည်ရန် ခက်ခဲနေ၏။
တစ်ဦးက စုန့်ချင်းဖြစ်နေသည်။ အခြားတစ်ဦးသည်တော့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသည့် ပုံရိပ်တစ်ခု၊ အချိန်များစွာ ရှာဖွေခဲ့သော်လည်း မတွေ့ရှိနိုင်ခဲ့သည့် အမျိုးသမီးပင်။
သူမက တစ်ခြားသူ မဟုတ်ပေ။ ချုးယွီဟွာ တဖြစ်လဲ ဖုန့်ဟွမ်အရှင်မြတ်ပင်။
သူမက ယခင်ကကဲ့သို့ အစိမ်းရောင်ပိုးသားဝတ်စုံနှင့် မဟုတ်တော့ပေ။ အရှင်မြတ်တစ်ဦး၏ ဟန်ပင်နှင့် ပြည့်စုံနေပြီး ဝတ်ဆင်ထားသည့် ရွှေရောင်ဝတ်ရုံရှည်က အေးချမ်းဟန်ရှိသည့် သူမ၏ အသွင်ကို ထည်ဝါအောင် ထောက်ပံ့ပေးနေသည်။
ချုးယွီဟွာက လှပစွာပြုံးပြလိုက်ရင်း ပြောလိုက်၏။
“ကျွန်မထင်ထားတဲ့ အချိန်ထက် စောပြီး ရောက်လာတာပဲ...”
ဟွမ်း၏ စိတ်က ပြန်လည်တည်ငြိမ်လာပြီးနောက် အပြုံးနှင့် ပြန်လည်တုန့်ပြန်လိုက်သည်။
“ဒီမှာ တွေ့ဆုံကြလိမ့်မယ်လို့ မမျှော်လင့်ထားတာ အမှန်ပဲ...”
ထိုအချိန်တွင် စုန့်ချင်းက သူမ၏ အဖြစ်အပျက်များကို ပြန်လည် ရှင်းပြပြောဆိုလိုက်သည်။
ဟွမ်းက စုန့်ချင်း၏ စကားများကို တိတဆိတ်နားထောင်ပေးနေ၏။
သူက တဖြည်းဖြည်းနှင့် အဖြစ်မှန်များကို သိရှိလာရသည်။ ထို့နောက် အံ့ဩတကြီးနှင့် ဆိုလိုက်၏။
“ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲ...”
“ယွီဟွာက ပိုပြီး ဆန်းကြယ်တယ်...”
စုန့်ချင်းက သူမ၏ မျက်ခုံးကိုပင့်ရင်း ချုးယွီဟွာကို ညွှန်ပြကာဆိုလိုက်၏။
ထိုအချိန်တွင် ဟွမ်း၏ အကြည့်က ချုးယွီဟွာထံ ကျရောက်သွားသည်။
ထိုအမျိုးသမီးက ယခင်ကနှင့် များစွာခြားနားသွားခြင်း မရှိသော်လည်း အနည်းငယ်တော့ ထူးခြားသွား၏။
သူမ၏ အမူအယာက ပို၍ တင့်တယ်လာပြီး ယခင်ကကဲ့သို့ ရှက်ရွံ့ဟန်များထက် ပို၍ တည်ငြိမ်လာသည်။ ထိုအရာကပင် သူမ၏ ဆွဲဆောင်မှုကို ပို၍ တိုးသွားစေ၏။
ချုးယွီဟွာက ဟွမ်းကို ကြည့်ရင်း လွန်ခဲ့သည့် နှစ်တစ်ခါနီးပါးခန့်က အချိန်များကို ပြန်လည်တွေးတောမိသွားသည်။
“အဲ့ဒီတုန်းက ကျွန်မရဲ့ အချိန်တံခါးမှာ ကျင့်ကြံနေရင်း ကျွန်မရဲ့ မှတ်ဉာဏ်တွေက တစ်ခုပြီး တစ်ခုပေါ်လာခဲ့တာ...”
ထိုစဉ်က သူမက အချိန်တံခါးမှ တဆင့် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထိုအရာက တစ်ခြားနေရာသို့ ရောက်ရှိခြင်းမဟုတ်ပဲ ဖုန့်ဟွမ်ကြယ်နယ်မြေ၏ ဝင်ပေါက်တစ်ခုဖြစ်နေ၏။
သူမ၏ မှတ်ဉာဏ်များ နိုးထလာမှုနှင့် အတူ ချုံးချိ၏ တည်ရှိမှုကို သတိရသွားခဲ့ပြီး ဖုန့်ဟွမ်ကြယ်နယ်မြေသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။
သို့မှသာ သူမ၏ မူလကျင့်ကြံမှုအဆင့်ကို အချိန်တိုအတွင်း ပြန်လည်ရယူနိုင်မည်ဖြစ်၏။
ချုံးချိနှင့် တိုက်ပွဲတွင် သူမက သေဆုံးခဲ့ရသည်။ သို့သော် ပြန်လည်မွေးဖွားနိုင်စွမ်း ရှိနေသောကြောင့် ကမ္ဘာငယ်တစ်ခုတွင် ပေါ်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
“ချုံးချိရဲ့ အရေးကိစ္စက ကြီးမားလို့ အလောတကြီး ထွက်လာခဲ့ရတာ...”
ချုးယွီဟွာက ဝမ်းနည်းသည့် အသွင်နှင့် ဆိုလိုက်၏။ သူမက ဟွမ်းကို နှုတ်ဆက်နိုင်ခဲ့ခြင်း မရှိချေ။ ထို့ပြင် ဝေးကွာလှသည့် တည်နေရာသို့ ရောက်ရှိသွားပြီမို့ နောက်တစ်ကြိမ် ပြန်လာနိုင်ခြင်း မရှိခဲ့ချေ။
သို့သော် တစ်နေ့တွင် ဟွမ်းက ဤနေရာသို့ ရောက်ရှိလာနိုင်မည်ဟု ယုံကြည်နေသည်။
ထို့ကြောင့် သူမက ချုံးချိကို ချိတ်ပိတ်ရင်း ဟွမ်းကို တစ်လျောက်လုံးစောင့်ဆိုင်းခဲ့၏။ ယခုတွင်တော့ သူမ ဆန္ဒများ ပြည့်ဝသွားပြီဖြစ်သည်။
“ပြသနာမရှိပါဘူး...”
ဟွမ်းက ချုးယွီဟွာကို ညင်သာသည့် လေသံနှင့် ဆိုလိုက်၏။ သူမက အရေးကြီး တာဝန်တစ်ခုကို ယူဆောင်ထားရခြင်း ဖြစ်သည်။ ထို့အတွက်နှင့် အပြစ်ဆို၍ မရချေ။
ထို့နောက် သူက ချိတ်ပိတ်နယ်မြေ၏ အခြေအနေကို မေးလိုက်၏။
“ချုံးချိကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သေးလဲ...”
“အလွန်ဆုံး တစ်နှစ်ပဲ....”
ချုးယွီဟွာက ဝမ်းနည်းစွာ ဆိုလိုက်၏။ သူမ၏ စွမ်းရည်ကလည်း အကန့်အသတ်ရှိနေသည်။
“ပိုဆိုးတာက စွမ်းအား မလုံလောက်တာထက် ပျက်စီးခြင်းအရှင်ရဲ့ ချိတ်ပိတ်မှုက ပြယ်လွင့်လာတာ...”
ထိုအရာက စုန့်ချင်းနှင့် သူမတို့၏ နှစ်ဦးပေါင်း စွမ်းအင်ဖြည့်စွက်မှုကြောင့် တစ်နှစ်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ စုန့်ချင်း၏ ရောက်ရှိလာမှုကလည်း သူမကို အသက်ရှုချောင်စေခဲ့၏။
“အချိန်က သိပ်မကျန်တော့ဘူး...၊ ပြီးတော့ လေဟာနယ်လမ်းကြောင်းတွေလဲ ဆက်တိုက်ပြိုလဲနေတယ်...၊ သိပ်မကြာခင် နတ်မိစ္ဆာတွေ ဝင်ရောက်လာလိမ့်မယ်...”
ဟွမ်းက လမ်းတွင် သူခံစားမိခဲ့သည့် အကြောင်းအရာများကို ပြောလိုက်၏။ ၎င်းတို့က အင်မော်တယ်နတ်မိစ္ဆာ ဝင်ရောက်လာသည့် ပုံစံနှင့် ဆင်တူနေသည်။ ထို့ကြောင့် အနှေးနှင့် အမြန်တော့ ရောက်ရှိလာမည်မှာ ကျိန်းသေပင်။
“ချိတ်ပိတ်စည်းသာ ကျိုးပေါက်သွားရင်...၊ အပြင်က နတ်မိစ္ဆာတွေရော ချုံးချိရောကို ထိန်းနိုင်မှာ မဟုတ်တော့ဘူး...”
ချုးယွီဟွာ၏ မျက်ဝန်းများက အတော်လေး တင်းမာနေ၏။ သူမတို့အနေနှင့် နတ်မိစ္ဆာများ ဝင်ရောက်လာမှုကို ထိန်းထားနိုင်သော်လည်း ချုံးချိသာ လွတ်မြောက်သွားပါက အလွန်ဆိုးဝါးပေမည်။
“ချိတ်ပိတ်စည်းကို အားဖြည့်ဖို့ တခြားနည်းလမ်း မရှိဘူးလား...”
ဟွမ်းက ချုးယွီဟွာ ထံမှ အကြံတောင်းခံလိုက်သည်။ ထိုသို့ နည်းလမ်းမျိုးရှိပါက အနည်းနှင့် အများတော့ တောင့်ခံနိုင်ပေဦးမည်။
သို့သော် ချုးယွီဟွာက ခေါင်းခါယမ်းကာ ဆိုလိုက်၏။
“အဲ့ဒီလို နည်းလမ်းက မရှိဘူး...၊ ပျက်သုန်းခြင်းအရှင်ရဲ့ စွမ်းအားတွေက ထူးခြားတယ်...၊ သူရဲ့ နည်းစနစ်အတိုင်း နားလည်အောင်လုပ်ဖို့က မလွယ်ကူလှဘူး...”