← Chapters

အဆုံးသတ်

Vol. 27 Ch. 395-Final

အဆုံးသတ်

Vol. 27 Ch. 395-Final

ချုံးချိက ဟွမ်း၏ တိုက်ခိုက်မှုကို တားဆီးလိုက်နိုင်ပြီဟု တွေးထင်ခဲ့သည်။ သို့သော် ထူးဆန်းလှသည့် ဗိမာန်တစ်ခုက ကျဆင်းလာခဲ့၏။

‘ဒါကဘာလဲ...’

ချုံးချိ၏ မျက်ဝန်းများက လေးနက်သွားသည်။

ထိုဗိမာန်မှ ထူးဆန်းသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး သူ့ကို အသက် အန္တရာယ်ချိန်းခြောက်နိုင်သည်ဟု တွေးမိသွား၏။

ဗိမာန်၏ အရှိန်က မြန်ဆန်လွန်းသည်။ တစ်ခဏအတွင်း ချုံးချိ၏ ကြီးမားသည့် ခန္ဓာကိုယ်ပေါ်သို့ အုပ်မိုးသွား၏။

“သေစမ်း...”

ချုံးချိက ဒေါသတကြီး အော်ဟစ်လိုက်ကာ ဗိမာန်ကို တားဆီးလိုက်သည်။

သို့သော် ဗိမာန်၏ ခွန်အားက ချုံးချိတွေးထားသည်ထက် ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ၏ ခန္ဓာကိုယ်ကို အပြင်းအထန်ဖိနှိပ်ထားကာ လှုပ်ရှားမှုများကို ခက်ခဲစေသည်။

ချုံးချိက ဗိမာန်ကို တွန်းလှန်ရန်ကြိုးစားနေသော်လည်း အချည်းအနှီးပင်။

“ဝိညာဉ်နှုတ်ယူခြင်း...”

ထိုစဉ်တွင် ဗိမာန်အတွင်းမှ ရွှမ်းလင်၏ အသံပေါ်ထွက်လာ၏။

သူမက တားဆီးနေသည့် ချုံးချိ၏ ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။

“ရပ်စမ်း...၊ ဒီအရှင်ကို မင်းတို့လုပ်ချင်တိုင်းလုပ်လို့မရဘူးကွ...”

ချုံးချိက အော်ဟစ်လိုက်၏။

သို့သော် သူ၏ ဝိညာဉ်က ဒဏ်မခံနိုင်သည့်အလား သူ၏ ခန္ဓာကိုယ်နှင့် စတင်ကင်းကွာလာသည်။

“ရပ်စမ်း...ရပ်စမ်း...”

ချုံးချိက အထိတ်ထိတ်အလန့်လန့်နှင့် အော်ဟစ်မိသွား၏။

သို့သော် သူ၏ ခန္ဓာကိုယ်ကြီးက ဗိမာန်၏ ဖိခြေမှုကို ခံစားသွားရကာ သူ၏ ဝိညာဉ်က ဗိမာန် အတွင်း ရောက်ရှိသွားတော့သည်။

“ဒါ...ဒါ...ဘယ်နေရာလဲ...”

ချုံးချိက အလွန်အမင်း ထိတ်လန့်နေ၏။ သူ၏ စိတ်တွင်း မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။ ပျက်သုန်းခြင်းအရှင်က သူ့ကို ချိတ်ပိတ်ရုံသာ ပြလုပ်နိုင်ခဲ့သော်လည်း ယခုတွင် သူ၏ ဝိညာဉ်က နှုတ်ယူခံခဲ့ရ၏။

ဤသို့ အခြေအနေမျိုး မျှော်လင့် မထားခဲ့ချေ။

“ဒါက...၊ မင်းရဲ့ ဘဝတစ်လျှောက်လုံး နေထိုင်သွားရမဲ့ နေရာပဲ...”

ချုံးချိက တွေဝေနေစဉ် ဟွမ်းက အေးစက်သည့် လေသံနှင့် ဆိုလိုက်၏။

“ငါ့ကို ဒီလိုချုပ်နှောင်လို့ရမယ်ထင်နေလား...”

ချုံးချိက ဟွမ်းကို တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။ သူက အလွန်အမင်း ဒေါသထွက်နေရ၏။

သို့သော် ဟွမ်းက အသာယာနှင့် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“အား....”

ချုံးချိက နာကျင်စွာ ဟိန်းဟောက်လိုက်ရ၏။ သူ၏ ဝိညာဉ်တွင် ရုတ်ချည်းဆိုသလို ထူးဆန်းသည့် ဖိအားတစ်ခု ပေါ်ထွက်လာကာ ဖိနှိပ်ခံလိုက်ရသသည်။

ထိုဖိအားကြောင့် အလူးအလဲ ခံစားနေရကာ နာကျင်မှုများနှင့် ပြည့်နှက်နေ၏။ သူ၏ မျက်နှာက ရှုံ့မဲ့နေသည်။ ဝိညာဉ်ကို ညှစ်ချေ ခံနေရသည့်အလား ခံစားနေရ၏။ ထိုသို့ ဝေဒနာကို ခံစားနိုင်စွမ်း မရှိတော့ချေ။

သူက အခြားလောကတစ်ခုမှ မောင်းထုတ်ခံလိုက်ရခြင်းကြောင့် နတ်ဘုရားလောကကို ကျုးကျော်လာခြင်း ဖြစ်သည်။

ဤလောက၏ ထိပ်သီးတည်ရှိမှုများက အားနည်းလှ၏။ ထို့ကြောင့် နိမ့်ကျသည့် နတ်ဘုရားလောကတွင် သူ၏ မျိုးနွယ်နှင့် အခြေချရန် ရွေးချယ်ခဲ့သည်။

သို့သော် မထင်မှတ်ပဲ ပျက်သုန်းခြင်းအရှင်ကြောင့် နှစ်ပေါင်းများစွာ ချိတ်ပိတ် ခံခဲ့ရ၏။

သူက ချိတ်ပိတ်ခံရမည်ကို သိလိုက်ချိန်တွင် သူ၏ သွေးဝိညာဉ်ကို ခွဲထုတ်ကာ နတ်ဆိုးမျိုးနွယ်ကို ဖန်တီးခဲ့သည်။

တစ်ချိန်တွင် သူ၏ ချိတ်ပိတ်မှုကို ဖြေရှင်းပေးရန် အစီအစဉ်ချထားခဲ့ခြင်းပင်။

ချိတ်ပိတ်စည်း၏ အားနည်းလာမှုနှင့် အတူ သူ၏ အစီအစဉ်က အောင်မြင်ခဲ့သည်။ မော့ရွှယ်အာ၏ စိတ်ကို ခြယ်လှယ်ကာ ချိတ်ပိတ်စည်းကို ဖျတ်စီးစေခဲ့၏။

ထို့ကြောင့်ပင် လွတ်မြောက်လာကာ သူ၏ ကျဆုံးခဲ့သည့် ကျုးကျော်မှုကို ပြန်လည် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည်။

သို့သော် အဖြူရောင်ဆံနွယ်များနှင့် လူငယ်၏ တည်ရှိမှုကို သတိမထားခဲ့မိပေ။ ထိုလူငယ်ကြောင့် သူ၏ အစီအစဉ်များ ပျက်စီးသွားခဲ့ကာ ကြမ်းတမ်းလှသည့် သူ၏ ဝိညာဉ်ပင် ချုပ်နှောင်ခံခဲ့ရသည်။

သူမည်သို့မျှ ယုံနိုင်စွမ်း မရှိတော့ပေ။ ဤသို့ ဖြစ်ပျက်မည်ဟု တွေးပင်မတွေးမိခဲ့။ ဤလောကတွင် သူ့ကို အနိုင်ယူနိုင်သူ မရှိဟု တွက်ချက်ထားသည်။

သို့သော် ထူးဆန်းသည့် ဗိမာန်က သူ၏ တွက်ချက်မှုကို မှားယွင်းသွားစေခဲ့၏။

“မင်း...ငါ့ကို ထာဝရ ချုပ်နှောင်ထားလို့ မရဘူးကွ...”

“တစ်ချိန်မှာ ငါ့ကို ကူညီမဲ့သူတွေ ဒီလောကကြီးကို ရောက်လာလိမ့်မယ်...”

“အဲ့ဒီအချိန်ကျရင် မင်းတို့လူသားတွေရဲ သွေးနဲ့ လောကကြီးကို ဆေးကြောပစ်မယ်...”

ချုံးချိက လူးလှိမ့်နေရင်း ကြုံးဝါးလိုက်၏။

“နတ်ဘုရားလောကမှာ ရှိတဲ့ ကျင့်ကြံသူတွေကြောင့် မင်းတို့ နတ်မိစ္ဆာတွေ လုပ်ချင်တိုင်းလုပ်ခွင့်ရမှာ မဟုတ်ဘူး...”

“ငါမဟုတ်ရင်တောင် အခြားအစွမ်းထက်ကျင့်ကြံသူတွေက အချိန်နဲ့ အမျှ ပေါ်ထွက်နေမှာပဲ...”

ဟွမ်းက တည်ငြိမ်သည့် လေသံနှင့် ဆိုကာ ချုံးချိကို ဗိမာန်၏ ဒုတိယအလွှာသို့ ပို့ဆောင်လိုက်၏။ ချုံးချိ၏ ရုန်းကန်မှုများက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ထိုနတ်မိစ္ဆာကို ထာဝရပိတ်လှောင်လိုက်ခြင်းပင်။ ပြင်ပအကူအညီနှင့်တောင် လွတ်မြောက်ရန် မလွယ်ကူတော့ပေ။

ဟွမ်း၏ မျက်ဝန်းများက တည်ငြိမ်နေသည်။ သူက ချုံးချိ၏ ကြုံးဝါးမှုများကို သုံးသပ်နေခဲ့၏။

ကြည့်ရသည်မှာ နတ်ဘုရားလောကထက်မြင့်မားသည့် လောကများ ရှိနေသေးဟန်ရသည်။

ထို့ကြောင့် သူ့အနေနှင့် ထပ်မံကျုးကျော်မှုများကို ကာကွယ်နိုင်ရန် တွေးတောလိုက်၏။

သူ့အနေနှင့် နတ်ဘုရားလောကကို အေးချမ်းစေရန် တာဝန်ကို ပခုံးထမ်းထားရသည် ဖြစ်၏။

ထို့နောက် ဗိမာန်မှ ထွက်ခွာလာခဲ့ကာ နတ်ဘုရားလောက၏ အခြေအနေများကို ရှုစိမ့်နေသည်။

“ထင်ထားတာထက် လောကကြီးရဲ့ လေဟာနယ်က လျော့ရဲနေတာပဲ...”

ဟွမ်းက တီးတိုးရေရွတ်လိုက်၏။ သူက ဟန်ရှန့်၏ ဝိညာဉ်နှင့် ပေါင်းစည်းပြီးချိန်တွင် နတ်ဘုရားလောကတစ်ခုလုံးက သူ့အတွက် သေးငယ်သည့် နေရာတစ်ခုအလား ဖြစ်တည်သွားသည်။

သူစိတ်ရှိသည့် နေရာတိုင်းသွားရောက်နိုင်ပြီး လောကကြီး၏ အခြေအနေကို စောင့်ကြည့်နေနိုင်သည်။

သို့သော် ထူးဆန်းစွာနှင့် မော့ရွှယ်အာ၏ အရိပ်အယောင်ကို ရှာမတွေ့ချေ။

‘ဒီမိန်းကလေး...၊ ဘယ်ကိုရောက်သွားတာလဲ...’

ဤသို့နှင့် အချိန်များက စီးဆင်းနေရင်း နတ်ဘုရားလောကကြီးက တည်ငြိမ်လာခဲ့သည်။

ထို့အတူ ဟွမ်းရှန့်နန်းတော်ဟူသည့် နတ်ဘုရားလောကကို အုပ်ချုပ်သည့် အဖွဲ့အစည်းကြီးက ကျော်ကြားလာသည်။ ၎င်း၏ အာဏာစက်က နတ်ဘုရားလောကတစ်ခုလုံးကို ပျံ့နှံ့စေကာ ကျင့်ကြံသူများအားလုံး ရိုသေလေးစားကြ၏။

အကြောင်းမှာ နန်းတော်သခင်က လောကကြီးကို ဖျတ်ဆီးရန်ကြံရွယ်ထားသည့် ချုံးချိကို အနိုင်ယူကာ နတ်မိစ္ဆာများကို ရှင်းလင်းခဲ့သောကြောင့်ပင်။

ထို့ကြောင့် ကျင့်ကြံသူများက ရိုသေလေးစားကြရသည့် အပြင် ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်နိုင်ရန်မှာ သူတို့၏ အိမ်မက်ဖြစ်လာတော့သည်။

အချိန်များစွာ မကြာလိုက် ဟွမ်းရှန့်နန်းတော်တွင် နန်းတော်သခင်မတစ်ဦးပေါ်ထွက်လာ၏။

သူမသည်တော့ ဖုန့်ဟွမ်အရှင်မြတ်ဖြစ်သူ ချုးယွီဟွာပင်။

“အစ်ကို...၊ ရွှမ်းဝူကြယ်နယ်မြေမှာ ထူးဆန်းတဲ့ လေဟာနယ်အက်ကြောင်းတွေ ပေါ်ထွက်လာတယ်လို့ သတင်းပို့ထားတယ်...”

ချုးယွီဟွာက ညင်သာစွာ လျှောက်လှမ်းလာရင်း ဆိုလိုက်၏။

“ဒီကောင်တွေက အမြဲလိုလို ကျုးကျော်ဖို့ စိတ်အားထက်သန်နေတာပဲ...”

ဟွမ်းက အခြေအနေကို သုံးသပ်ရင်း ဆိုလိုက်၏။ နတ်မိစ္ဆာများက လေဟာနယ်‌လမ်းကြာင်းဖောက်ကာ ကျုးကျော်ရန် စိတ်မလျော့သေးချေ။

ဟွမ်းက ဤနှစ်ပိုင်းများတွင် ထိုအရာများကို တာဝန်ယူဖြေရှင်းနေခဲ့ရသည်။

“ကျွန်မ...သွားပြီး ဖြေရှင်းလိုက်ရမလား...”

ချုးယွီဟွာက ဟွမ်း၏ အနားသို့ ဝင်ထိုင်လိုက်ရင်း ပြောလိုက်၏။ သူမအနေနှင့် ဟွမ်းက ကောင်းမွန်စွာ အနားမယူရသေးမှန်း သိနေသည်။

နတ်မိစ္ဆာများ ကျုးကျော်လာတိုင်း သွားရောက်ကာ ဖြေရှင်းနေရခြင်းကြောင့် သူ့တွင် အေးအေးချမ်းချမ်း မနေထိုင်နိုင်သေးချေ။

“အဲ့ဒီအတွက် စိတ်မပူတော့...အစ်မယွီဟွာ...”

ချိုသာသည့် အသံနှင့် အတူ ပုံရိပ်ငါးခုက သူမတို့နှစ်ဦးရှိရာခန်းမသို့ ဝင်ရောက်လာသည်။

“ဒီလေဟာနယ်အက်ကြောင်းတွေကို ဒီနေ့ကစပြီး ဆရာကိုယ်စား ဖြေရှင်းပစ်မယ်...”

ယွဲ့ဝူယောင်က ကျော့ရှင်းစွာ လျှောက်လှမ်းလာရင်း ဆိုလိုက်၏။

သူမ၏ နောက်တွင် ဂျုနီယာလေးဦးလည်း ပါရှိသည်။ သူတို့၏ ခန္ဓာကိုယ်မှ အရှိန်အဝါများက ပြင်းထန်နေ၏။

သူတို့၏ ဆရာက တစ်ချိန်လုံး အကာအကွယ်ပေးခဲ့ပြီးဖြစ်သည်။ ယခုတွင် သူတို့၏ ဆရာကို ပြန်လည်ကာကွယ်ပေးရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်၏။

ထို့ကြောင့် ဟွမ်း၏ တာဝန်များကို လက်လွှဲယူကာ နတ်ဘုရားလောကကြီးကို စောင့်ရှောက်ကြတော့မည်ဖြစ်သည်။

“မင်းတို့ အရွယ်ရောက်လာပြီ...”

ဟွမ်းက သူ၏ တပည့်များကို ပြုံး၍ ကြည့်နေ၏။ မထင်မှတ်ပဲ တွေ့ဆုံခဲ့သည့် ကလေးများက ယခုတွင် လောကကြီးကို ကာကွယ်ရန်လုံလောက်သည်အထိ သန်မာလာကြပြီဖြစ်သည်။

သို့သော် သူ၏ မျက်လုံးထဲ တပည့်များကို ကလေးများအဖြစ်သာ ရှုမြင်ခဲ့၏။

“ဒီနေ့ကစပြီး...‌နတ်ဘုရားလောကကြီးကို ကာကွယ်ဖို့ မင်းတို့ကို တာဝန်ပေးလိုက်ပြီ...”

ဟွမ်းက တည်ငြိမ်သည့် အသံနှင့် တပည့်များကို ညွှန်ကြားလိုက်၏။

ယွဲ့ဝူယောင်တို့က ဟွမ်းကို အရိုအသေပြုလိုက်ကာ ခန်းမတွင်းမှ တခဏအတွင်း ပျောက်ကွယ်သွားကြသည်။ သူတို့၏ ဦးတည်ချက်က ရွှမ်းဝူကြယ်နယ်မြေပင်။

“အစ်ကို...”

တပည့်များ ထွက်ခွာသွားပြီးနောက် ချုးယွီဟွာက ညှင်သာသည့် လေသံနှင့် ခေါ်လိုက်၏။

ဟွမ်းက လှပနေ့သည့် ချုးယွီဟွာကို နွေးထွေးစွာကြည့်လိုက်သည်။ ချုးယွီဟွာက သူမ၏ ခေါင်းကို ဟွမ်း၏ ပခုံးထက်သို့ မှီလိုက်ရင်း တီးတိုးပြောဆိုနေ၏။

ဟွန်းရှန့်ခန်းမအတွင်း ကြည်နူးဖွယ် အငွေ့အသက်များနှင့် ပြည့်နှက်နေတော့သည်။

ဟွမ်းရှန့်နန်းတော်နှင့် ကွာဝေးလှသည့် တည်နေရာတစ်ခုတွင် ရဲရဲတောက် နီမြန်းနေသည့် မိန်းကလေးတစ်ဦးက ရပ်တည်နေ၏။

သူမ၏ တည်နေရာတစ်ခုလုံးက ရှုပ်ထွေးနေပြီး ထိုင်းမှိုင်းသည့် လေထုကို ဖြစ်ပေါ်နေသည်။

သို့သော် သူမ၏ အနီရောင်မျက်ဝန်းများက ဝမ်းနည်းဟန်ရကာ ညိုးငယ်နေ၏။

ပြီးပါပြီ...။

စာရေးသူ၏တောင်းပန်လွှာ...

ကျွန်တော် ဇာတ်လမ်းကို အမြန်သိမ်းလိုက်ရတဲ့အတွက် တောင်းပန်အပ်ပါတယ်ခင်ဗျာ...။ ဇာတ်လမ်းကို အကျဉ်းချုံးပြီး ဇာတ်သိမ်းလိုက်ရပါတယ်...။

ကျွန်တော် အသေချာလေးရေးချင်ပေမဲ့ အလုပ်များလာလို့ စာရေးတဲ့ဘက် မလှည့်နိုင်မှာစိုးလို့ပါ။ နောက်ပိုင်းအချိန် မပေးနိုင်ရင် စာစဉ်က တန်းလန်းဖြစ်သွားမှာစိုးလို့ပါ။

အစကတော့ ဟွမ်းရဲ့ အခြားဝိညာဉ် ဟန်ရှန့်အကြောင်းကို ဒုတိယတစ်အုပ်အနေနဲ့ ရေးသားဖို့စဉ်းစားထားပေမဲ့ အချိန်မရလို့ မရေးနိုင်လောက်တော့ဘူး...။

ရေးဖြစ်ခဲ့ရင်တော့ ဇာတ်ကြောင်းကို အသေအချာလေး ရှင်းပြီး ပြန်ရေးပေးပါ့မယ်...။

စာစဉ်ဖတ်ပြီး အားပေးကြတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

All Chapters