အဘက်ဘက်တွင် ပြိုင်ဘက်မရှိ။ ရန်သူတစ်ထောင်ကို အသာလေးခွဲထုတ်ခြင်း။ (၂)
Vol. 15 Ch. 212
နတ်ဘုရားလက်တံဒူးလေးသည် တောနက်စီရင်စု၏ ထိပ်တန်းတပ်မတော်အတွက် အထူးသီးသန့်ဖြစ်သော သေစေနိုင်လောက်သည့် လက်နက်တစ်ခုဖြစ်သည်။ ခြေလှမ်း ၈၀၀ ကျော်အကွာမှ လေးလံသော ချပ်ဝတ်တန်ဆာကို ဖောက်ထွင်းနိုင်ပြီး ၎င်းကို ရင်ဆိုင်ရသည့် စွမ်းအားအကြီးဆုံး သိုင်းပညာရှင်ပင်လျှင် ပွဲချင်းပြီး သေဆုံးသွားမည်ဖြစ်သည်။ စူးချန်ခုန်းထံမှ မျက်လုံးဖောက်ခံလိုက်ရသော ယင်ယန်သည် ချီသွေးအသွင်ပြောင်းခြင်းအဆင့်လေးသို့ရောက်ရှိခဲ့သော်လည်း နေရာတွင်ပင် ပစ်သတ်ခံခဲ့ရသည်။
စူးချန်ခုန်းသည် ယခုအချိန်တွင် မီတာရာနှင့်ချီအကွာအဝေးမှ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို မမျှော်ထားပုံမရဘဲ ငြိမ်သက်နေ၏။ ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှု သိုင်းပညာရှင်က နတ်ဘုရားလက်တံဒူးလေးကို ပစ်လွှတ်လိုက်သောအခါ ကြီးမားသော မြှားသည် စူးချန်ခုန်းရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားသည်။
"ဖောက်!"
သို့သော် စူးချန်ခုန်းသည် အခင်းဖြစ်နေရာတွင် ဖောက်ထွင်းခံရမည့် မြင်ကွင်းမျိုး ဖြစ်မလာခဲ့။ မြှားသည် အသံခပ်တိုးတိုးအသံဖြင့် သူ၏ရင်ဘတ်ကို ထိမှန်သွားပြီး ခရုပတ်ပုံသဏ္ဍာန်ရှိသော သတ္တုမြှားခေါင်းသည် သုံးလက်မအထူ ချီသံချပ်ကာထဲသို့ တစ်လက်မအောက်ဝင်သွားသောအခါ ၎င်း၏ အရွေ့စွမ်းအင်အားလုံး ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
စူးချန်ခုန်းသည် မီတာရာနှင့်ချီဝေးသော ကင်းမျှော်စင်ကို အေးစက်စွာ မော့ကြည့်လိုက်သည်။နတ်ဘုရားလက်တံဒူးလေးကို ထိန်းချုပ်နေသော ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုရှိသည့် ပင်လယ်ဓားပြသည် နောက်ယိုင်သွားကာ မျှော်စင်ပေါ်မှ ပြုတ်ကျလုနီးပါးပင်။ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို သူ့နဖူးမှ ချွေးတွေထွက်ကာ ရင်ထိတ်သွားလေ၏။ လူတစ်ယောက်သည်နတ်ဘုရားလက်တံဒူးလေး တိုက်ရိုက် ထိမှန်ပြီးနောက် ဘာမှ မထိခိုက်ဘူးပေါ့။ ဒါက သူနားလည်နိုင်စွမ်းကို ကျော်လွန်သွားလေပြီ။
"ဒီ စစ်ခုန်းယုံက ဘယ်လောက်ထိများ လေ့ကျင့်ထားတာလဲ။" ထျဲကျင့်ကန်းက ဒါကိုမြင်တော့ အလွန်အံ့သြသွားသည်။
ထျဲကျင့်ကန်းသည် ခန္ဓာကိုယ်မာကျောခြင်းကျင့်စဉ်တွင် ထူးကဲကောင်းမွန်အောင်လုပ်ခဲ့ပြီး မာကျောမှုနှင့် ပျော့ပျောင်းမှု မျှတသည်အထိ ရောက်ရှိခဲ့ပြီး ဓါးနှင့်လှံများကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားသည်။ သူသာပြင်ဆင်ထားလျှင် မီတာရာနှင့်ချီအကွာမှ နတ်ဘုရားလက်တံဒူးလေး၏ ထိမှန်မှုကို ခံနိုင်ရည်ရှိမည်ဟု သူယုံကြည်ခဲ့သော်လည်း စူးချန်ခုန်းကဲ့သို့ မထိမခိုက်ဘဲ မတုန်မလှုပ်မနေနိုင်ပေ။
"ငါ...မင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထုရိုက်ပစ်မယ်!"
ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုစိတ်များက စူးချန်ခုန်း၏ မျက်နှာထက်တွင် ပေါ်လာပြီး သူ၏အသံနက်ကြီးက လှိုင်းလုံးကြီးလိမ့်တက်လာသလို ထွက်ပေါ်လာပြီး သူ့ခြေဖဝါးကို မြေပြင်ပေါ်တွင် ဆောင့်နင်းလိုက်သည်။
“အား!”
စူးချန်ခုန်းရပ်နေသည့် နေရာတွင် အားကြီးသော ချီစွမ်းအင်သည် ဆယ်ပေနီးပါးရှိသော မီးတောင်ပေါက်တစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ပြင်းထန်စွာ ချီတက်လာပြီး ထျဲကျင့်ကန်း၏ နားထဲတွင် အလွန်တရာကျယ်လောင်သောအသံ ပေါက်ကွဲထွက်ကာ သူ့အား မူးဝေသွားစေသည်။
"မကောင်းတော့ဘူး!"
ထျဲကျင့်ကန်း၏ အာရုံများ ခေတ္တမျှ မှုန်ဝါးလာသည်နှင့် စူးချန်ခုန်းသည် သူ့အပေါ်၌ ရှိနေပြီဖြစ်သည်။ ထူထဲသော ချီစွမ်းအင် ကိုင်ဆောင်ထားသော သူ၏ညာလက်သီးသည် ထျဲကျင့်ကန်း၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိမှန်သွားသည်။
"သံအင်္ကျီ၊ သံမဏိအရိုးသံချပ်ကာ။"
အံ့ဩသွားသော်လည်း ထျဲကျင့်ကန်းသည် ထိတ်ပျာနေခြင်းမရှိပေ။ ရှောင်ရန်အချိန်မရှိတော့သဖြင့် ချီစွမ်းအားနှင့် သွေးများကို သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ပြီး မာကျောခြင်းစွမ်းရည်ကို ကန့်သတ်ချက်အထိ တွန်းပို့လိုက်သည်။ သူ၏ကြွက်သားများသည် သတ္တုကဲ့သို့ တင်းမာကာ အသားနှင့်အသွေးမှ သံနှင့်ကျောက်တုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ သူ့အသားမှတစ်ဆင့် မြင်ရသော သတ္တုအရောင်တောက်တောက်ကို ထုတ်လွှတ်နေလျက်။
သို့သော်…
ဧရာမဝေလငါးစွမ်းရည်၊ အဆုံးမဲ့ဒေါသပင်လယ်။
"ဘန်း!!"
စူးချန်ခုန်း၏ပြင်းထန်သော လက်သီးသည် ထျဲကျင့်ကန်း၏ ရင်ဘတ်ထဲသို့ ထိမှန်သွားပြီး ခက်ထန်ကြမ်းတမ်းလှသော ချီစွမ်းအင်များက တစ်နေရာတည်းတွင်စုဝေးကာ ဒေါသပင်လယ်ကြီးကဲ့သို့ ကြီးမားလှသော ဒီရေလှိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အပြင်းအထန် ထွက်ကျလာသည်။
"ဂျွတ် ဂျက်!"
သံထက်ပို၍ မာကျောသော ထျဲကျင့်ကန်း၏ ကြွက်သားများ ပျက်စီးကာ ပြင်းထန်စွာ ကွဲထွက်သွားသည်။ စူးချန်ခုန်း၏ လက်သီးချက်သည် အတွင်းသို့ နစ်မြုပ်သွားသည်နှင့်အမျှ သံမဏိကဲ့သို့ ခိုင်မာသော အရိုးများ ကျိုးကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
“အား”
ထျဲကျင့်ကန်းသည် အတွင်းအင်္ဂါများနှင့် ရောနှောနေသော သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။ သူ့ကိုယ်သူ ဂုဏ်ယူမိသော မာကျောခြင်းစွမ်းရည်သည် စူးချန်ခုန်း၏ စွမ်းအားပြည့် ချီစွမ်းအင်လက်သီးနှင့် ယှဉ်လျှင် အလွန်နုနယ်လှ၏။
ထျဲကျင့်ကန်း၏ မာကျောခြင်းစွမ်းရည်သာ ဤမျှအဆင့်မမြင့်ခဲ့ပါက ဤလက်သီးချက်သည် သူ့အား ပေါက်ကွဲစေပြီး တစ်စစီဖြစ်သွားစေနိုင်သည်။
ထျဲကျင့်ကန်း၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ နောက်သို့ ဆုတ်သွားသော်လည်း စူးချန်ခုန်း၏ ဘယ်ဘက်လက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အတင်းပြန်ဆွဲလိုက်ရာ ရုတ်တရက် ရပ်တန့်သွားသည်။
"ငါ့ဆီက လက်သီးတစ်ချက်ကိုတောင် မခံနိုင်ဘူး။ မင်းကိုယ်မင်း ထျဲကျင့်ကန်းလို့ ခေါ်ရဲတယ်ပေါ့။" စူးချန်ခုန်းက ထေ့ငေါ့ကာ မြေပြင်ပေါ်တွင် တစ်ဝက်ကျိုးပြီး လှဲလျောင်းနေကာ သွေးချောင်းဆိုးတိုင်း သွေးထွက်နေသော ထျဲကျင့်ကန်းကို ငုံ့ကြည့်နေသည်။
“အဟွတ် အဟွတ် … ဘယ်လိုဖြစ်နိုင်မှာလဲ…” ထျဲကျင့်ကန်းသည် သွေးများ အဆက်မပြတ် ချောင်းဆိုးကာ ပြန်တိုက်ရန် ကြိုးစားသော်လည်း သူ့ရင်ဘတ်ပျက်ဆီးကာ အရိုးများ ကွဲအက်သွားခြင်းကြောင့် ခွန်အားမရှိတော့ပေ။ သူ လက်ခံရ ခက်နေလေ၏။
စစ်ခုန်းယုံကို ထျဲကျင့်ကန်းက သန်မာသည်ဟု အသိအမှတ်ပြုထားသော်လည်း သူက နဝမမြောက် ဓားပြဖြစ်ခြင်းကြောင့် သူတို့ကြားတွင် ကွာဟချက်အနည်းငယ်ရှိပေမယ့် အကွက်အနည်းငယ်လောက်တော့ ဖလှယ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ သူ၏ပြိုင်ဘက်သည် ဤမျှလောက် အစွမ်းထက်ပြီး လက်သီးတစ်ချက်တည်းဖြင့် ဒဏ်ရာရသွားသည်အထိ ကူကယ်ရာမဲ့ဖြစ်နေသည်ကို တွေးဆ၍မရနိုင်ခဲ့။ ဤမျှ ကွာခြားလှသော ခြားနားချက်ကိုသာ သူသိခဲ့ပါက ဒီလို မရေရာသော အခြေအနေတွင် သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့မည် မဟုတ်။
ဝှစ်!
ခပ်စူးစူး အသံခပ်တိုးတိုးလေး လေထဲတွက် ထွက်ပေါ်လာသည်။ စူးချန်ခုန်းသည် ထျဲကျင့်ကန်းကို လက်သီးတစ်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်အခါ အရိပ်တစ္ဆေအကြီးအကဲသည် သူ့ဘေးနားရှိ အရိပ်တစ်ခုမှ ထွက်ပေါ်လာ၏။ သူ၏ မျက်နှာအိုကြီးတွင်ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ခပ်မှိန်မှိန် တောက်ပနေသော ဓားမြှောင်သည် စူးချန်ခုန်း၏နံရိုးဘက်သို့ အပြင်းအထန် ထိုးချလိုက်သည်။
အရိပ်တစ္ဆေအကြီးအကဲ၏ ဓားမြှောင်သည် သံကို ရွှံ့အား လှီးဖြတ်သလို လှီးဖြတ်နိုင်ပြီး ၎င်လည်ချောင်းမှ သွေးထွက်လာစေနိုင်သည့် သေစေနိုင်လောက်သော အဆိပ်သုတ်ထားသည်။ အရေပြားပေါ်တွင် ခြစ်မိလျှင်ပင် ချီသွေးနယ်ပယ်သိုင်းပညာရှင်ကို ချက်ချင်းသတ်ပစ်နိုင်သည်။
စူးချန်ခုန်း၏ အနောက်ဘက်တွင် ဝိညာဉ်ကွဲလက် လီဟွင်းက ထပ်မံတိုက်ခိုက်ပြီး သူ၏လက်ဖဝါးများသည် စွမ်းအားအပြည့်ဖြင့် သွေးရောင်နှင့် ရောနှောနေသော စိမ်းပုပ်ရောင်ကို ထုတ်လွှတ်လိုက်သည်။
“ဝုန်း!”
ပြင်းထန်သော လက်ဖဝါးရိုက်သံသည် စူးချန်ခုန်း၏ နောက်ကျောတွင် ပေါက်ကွဲသွားသည်။ ရက်စက်ကြမ်းတမ်းသော လက်ဖဝါးစွမ်းအားသည် နှလုံးကို ကွဲကြေစေရန်နှင့် သွေးကြောများကို ကွဲထွက်စေရန် ရည်ရွယ်သော်လည်း စူးချန်ခုန်း၏ ချီသံချပ်ကာသည် ပင်လယ်နက်ကြီးကဲ့သို့ ဖောင်းပွလာပြီး သူ့နောက်ကျောက အနည်းငယ် တုန်ခါသွားသည်။ လက်ဖဝါး၏ တွန်းအား ဝင်သွားသည်နှင့် ရွှံ့ရုပ်နွားက သမုဒ္ဒရာထဲသို့ ထိုးကျသွားသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားလေသည်။
လိပ်အသက်ရှူနည်းပညာက တိုက်စစ်နဲ့ ယှဉ်ရင် ခုစစ်က ပိုကောင်းသည်။ ချီသံချပ်ကာကို မချိုးဖျက်နိုင်သရွေ့ စူးချန်ခုန်းကို နည်းနည်းလေး တောင် ဒုက္ခပေးဖို့ ခက်ခဲလိမ့်မည်။
အရိပ်တစ္ဆေအကြီးအကဲရဲ့ အဆိပ်သင့်ဓားမြှောင်ကို စူးချန်ခုန်းက ချီစွမ်းအားနဲ့ သူ့လက်ဖဝါးကို တိုက်ရိုက် ထုပ်ပိုးပြီး လက်တစ်ဖက်တည်းနဲ့ ဖမ်းကိုင်လိုက်သည်။ သံကို ရွှံ့ကဲ့သို့ လှီးဖြတ်နိုင်သော ဓားသည် နောက်ထပ် မထိုးဖောက်နိုင်တော့သလို စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းချီသံချပ်ကာကိုလည်း မဖောက်ထုတ်နိုင်ခဲ့။
"ဒီစစ်ခုန်းယုံက မိစ္ဆာများလား?" အရိပ်တစ္ဆေအကြီးအကဲနှင့် လီဟွင်းတို့နှစ်ယောက်လုံး တွေးပြီး ကြောက်လန့်သွားကြသည်။
ချီသွေးနယ်ပယ်သိုင်းပညာရှင်အများစုသည် မာကျောခြင်းစွမ်းရည်ကို လေ့ကျင့်ထားတာ မရှိရင် သို့မဟုတ် ဖြုံရလောက်သော ခန္ဓာကိုယ် မရှိရင် အဆင့်တူချင်းဆီက ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ။