ငွေတစ်သန်း။ မလွှမ်းမိုးနိုင်သော စွမ်းအား။ (၃)
Vol. 15 Ch. 217
'စစ်ခုန်းယုံ' အယောင်ဆောင်ခြင်းဖြင့် ပင်လယ်ဓားပြ မဟာမိတ်အဖွဲ့ကို အနိုင်ယူခဲ့သည့် မှတ်တမ်းကို ဖန်တီးနိုင်ခဲ့ချိန်၌ စူးချန်ခုန်းက လူငယ်တစ်ယောက်သာ ရှိသေးသည်ကို စစ်ခုန်းဝမ် သိပါ၏။ တကယ့် စစ်ခုန်းယုံပင် မအောင်မြင်ခဲ့သည့် ကျက်သရေရှိသော အောင်မြင်မှုတစ်ခုကို သူရရှိခဲ့သည်။
စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့သည်လည်း စူးချန်ခုန်း၏ ဆုတ်ခွာသွားသောအသွင်ကိုကြည့်ရင်း သူတို့အဖေသာ တကယ်အသက်ရှင်နေသေးရင် ဘယ်လောက်တောင် အံ့သြစရာကောင်းမလဲလို့ တွေးနေကြသည်..
"ဒီတိုက်ပွဲကို အနိုင်ရပြီ။ လုယက်လို့ရတဲ့ ပစ္စည်းတွေ အများကြီးပဲ ရလိမ့်မယ်!"
ထိုအချိန်တွင် စူးချန်ခုန်းသည် အလွန် စိတ်ကောင်းဝင်နေ၏။
အစောပိုင်းသဘောတူညီချက်အရ သူသည် ဤတိုက်ပွဲမှရရှိသော လုယက်၍ရရှိသော ပစ္စည်းဥစ္စာများ၏ ခြောက်ဆယ်ရာခိုင်နှုန်းကို ခံစားခွင့်ရှိသည်။
စူးချန်ခုန်းသည် သူသတ်ခဲ့သော ပင်လယ်ဓားပြခေါင်းဆောင် ဦးခေါင်းများ၏ ဆုကြေးငွေအားလုံးကို သိမ်းဆည်းထားမည်ဖြစ်သည်။
ယခင်က နဝမမြောက် သူခိုး ဝမ့်ထျန်းယွမ်အား တောနက်စီရင်စု တရားရုံးမှ အလိုရှိသည်ဟု သူ၏ ဦးခေါင်းအား တန်ကြေးငွေ ငါးသောင်းဖြင့် ဆုကြေး တင်ထားခဲ့ပြီး လီဟွင်းနဲ့ ထျဲကျင့်ကန်းတို့လို သူ့အထက်က တခြားသူတွေ အတွက်တော့ သူတို့ရဲ့ ဦးခေါင်းတွေက ပိုလို့တောင် အဖိုးတန်လိမ့်မည်။ သူတို့ကို တောနက်စီရင်စု တရားရုံးတော်သို့ပို့ဆောင်ခြင်းသည် ငွေကြေးမြောက်မြားစွာ တိုးပွားစေလိမ့်မည်။
စူးချန်ခုန်းသည် ဤတိုက်ပွဲတစ်ခုတည်းမှ သိန်းထောင်ပေါင်းများစွာ သို့မဟုတ် ငွေတစ်သန်းဆုကြေးငွေ ရနိုင်သည်ဟု ခံစားမိသည်။
သူသည် ချီစွမ်းအင်ကို အကျိုးပြုပြီး သွေးအားပြန်လည်ဖြည့်တင်းရန် ဤငွေကြေးများကို အသုံးပြုရန် စီစဉ်ထားပြီး သူ၏ အဂ္ဂိရတ်ကျွမ်းကျင်မှုနှင့်အတူ စူးချန်ခုန်းက သူသည် သွေးသန့်စင်ခြင်းဖြစ်စဉ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လျှင်မြန်စွာ ပြီးမြောက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
"ဒီနတ်ဘုရားလက်တံဒူးလေးတွေကို... တောနက်စီရင်စု စစ်တပ်မှာသာ တွေ့နိုင်တာ မဟုတ်ဘူးလား။ ဒီပင်လယ်ဓားပြတွေမှာ ဘယ်လိုဖြစ်လို့ ရှစ်ခုတောင်ရှိနေတာလဲ"
တစ်ချိန်တည်းမှာပင် စူးချန်ခုန်းသည် ထိုနတ်ဘုရားလက်တံရှစ်ချောင်းကို မမေ့ခဲ့ပေ။ ဒါတွေက သူတို့လက်ထဲ ဘယ်လိုရောက်လာတာလဲဆိုတာကို သူ သိချင်မိသည်။
စူးချန်ခုန်းသည် နတ်ဘုရားလက်တံဒူးလေးကို ဂရုတစိုက် စစ်ဆေးကြည့်ရာ ၎င်းအပေါ်တွင် တောနက်စီရင်စု စစ်တပ်မှဖြစ်ကြောင်း ညွှန်ပြနေသော စိမ်းပုပ်ရောင် သစ်ရွက် အမှတ်အသားကို သတိပြုမိသည် ။
" တောနက်စီရင်စုတရားဝင် ရုံးတော်က ဧရာမဝေလငါးဂိုဏ်းကို ရှင်းချင်လို့ ဖြစ်နိုင်တယ်။ အဲ့တာကြောင့် သူတို့က ဒီနတ်ဘုရားလက်တံရှစ်ချောင်းကို ထောက်ပံ့ပေးခဲ့တာပဲ ။"
စူးချန်ခုန်းသည် တုံးအနေတာ မဟုတ်သလို ဤဖြစ်နိုင်ချေကို အမြန်စဉ်းစားမိသည်။
ဧရာမဝေလငါးဂိုဏ်းသည် စွမ်းအားကြီးပြီး မိုးပြာပင်လယ်၏ သင်္ဘောလမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ တောနက်စီရင်စု ရုံးတော်သည် ဧရာမဝေလငါးဂိုဏ်းကို အနိုင်ယူလိုတာ ဖြစ်နိုင်သော်လည်း ပွင့်ပွင့်လင်းလင်း မလုပ်ဆောင်လိုသောကြောင့် သူတို့သည် လီဟွင်းထံသို့ နတ်လက်တံရှစ်ချောင်းကို ငှားရမ်းပေးခဲ့သည်။
သို့သော် သူတို့ မမျှော်လင့်ထားခဲ့သော အရာမှာ ထိုကဲ့သို့ သေစေနိုင်လောက်သည့် အခြေအနေမျိုးတွင်ပင် စူးချန်ခုန်းသည် သူ၏ ခွန်အားဖြင့် ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရား လက်တံရှစ်ချောင်းသည် ဧရာမဝေလငါးဂိုဏ်း၏ လက်ထဲတွင် အဆုံးသတ်သွားခဲ့ရသည်။
“ဟိုးအရင်တုန်းက ငါ ဒီနတ်ဘုရားလက်တံဒူးလေးတွေကို လေ့လာခဲ့သင့်တာ။ သူတို့က ငါ့ရဲ့ ပန်းပဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်”
စူးချန်ခုန်းက ထိုအကြောင်း သိပ်ကြာကြာ တွေးမနေခဲ့။ နတ်ဘုရားလက်တံဒူးလေး၏ ထုတ်လုပ်မှုနည်းပညာသည် ဆန်းပြားသော်လည်း သတ္တမအဆင့် ပန်းပဲပညာ နယ်ပယ်သို့ရောက်ရှိခဲ့သော သူ့အတွက် ၎င်းတို့ကိုလေ့လာခြင်းဖြင့် အပြည့်အဝနားလည်နိုင်ပြီး နတ်ဘုရားလက်တံဒူးလေးကို သူ့ဘာသာသူဖန်တီးနိုင်မည်ဖြစ်သည်။
ဧရာမဝေလငါးဂိုဏ်းသားများသည် စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်နေကြပြီး နှစ်ရက်အကြာတွင် ဧရာမဝေလငါးဂိုဏ်းသည် သူတို့၏ခရီးမှ အောင်ပွဲခံကာ ပြန်လည်ရောက်ရှိလာခဲ့သည်။
"ဧရာမဝေလငါးဂိုဏ်းက မိုးပြာပင်လယ်မှာ မဟာမိတ်ဖွဲ့ထားတဲ့ ပင်လယ်ဓားပြ အားလုံးနီးပါးကို အောင်ပွဲခံပြီး ပြန်လာခဲ့တယ်တဲ့လား"
"ကောင်းလိုက်တာ။ အရာရှိတွေက ဂရုမစိုက်ခဲ့တဲ့ ပင်လယ်ဓားပြကြီးတွေကို ဧရာမဝေလငါးဂိုဏ်းက ကောင်းကင်ကြီးကိုယ်စား တရားမျှတမှုရအောင် လုပ်ပေးလိုက်တာပဲ!"
ဤတိုက်ပွဲသတင်း ပြန့်နှံ့သွားသောအခါတွင် တောနက်စီရင်စုမြို့တော်ကို တုန်လှုပ်သွားစေခဲ့သည်မှာ သေချာပါသည်။
ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံသည် လက်ရွေးစင်တပ်များကို စစ်တိုက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ပြီး မိုးပြာပင်လယ်ဓားပြများကို အနိုင်ယူကာ အောင်ပွဲဆင်နိုင်ခဲ့သည်။
ဒီသတင်းကြောင့် လူအများစုက ဝမ်းသာအားရ ဖြစ်နေကြ၏။ ပင်လယ်ဓားပြများသည် မိုးပြာပင်လယ်တွင် သောင်းကျန်းနေခဲ့ပြီး တာဝန်ရှိသူများက ဂရုမစိုက်ခဲ့ပေ။ ဧရာမဝေလငါးဂိုဏ်းသည် အကာအကွယ်ပေးငွေများကို ကောက်ခံသော်လည်း ဖြတ်သန်းသွားသော ကုန်သည်သင်္ဘောများ၏ ဘေးကင်းမှုကို သေချာစေရန် သူတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။
ဤအောင်ပွဲသည် ဧရာမဝေလငါးဂိုဏ်း၏ သြဇာလွှမ်းမိုးမှုကို များစွာ မြှင့်တင်ပေးခဲ့လေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မိုးပြာပင်လယ်တိုက်ပွဲ ခုနစ်ရက်ကြာသွားခဲ့ပြီး အရာအားလုံးဟာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
"မိတ်ဆွေလေးစူး၊ ဒီမိုးပြာပင်လယ်တိုက်ပွဲမှာ လုံးဝ ပကတိအတိုင်း စစ်သင်္ဘောတစ်စင်းနဲ့ ပင်လယ်ဓားပြ သင်္ဘောအများအပြားကို တစ္ဆေပင်လယ်ဓားပြအဖွဲ့ရဲ့ စုဆောင်းငွေတွေနဲ့အတူ ရရှိခဲ့တယ်။ လုယက်မှုပစ္စည်းရဲ့ ခန့်မှန်းတန်ဖိုးက ငွေ ၁.၆ သန်းကျော် ရှိတယ်။ အဖိုးတို့ရဲ့ အစောပိုင်း သဘောတူညီချက်အရ လူလေးက ငွေ တစ်သန်းလောက်ရသင့်တယ်" ဟု ဧရာမဝေလငါးဂိုဏ်း၏ အခန်းတစ်ခုအတွင်း၌ စုဆောင်းရရှိမှုများကို စစ်ခုန်းဝမ် ပြောကြားခဲ့ပါသည်။
“ကောင်းပါပြီ!”
ထိုစကားကိုကြားတော့ စူးချန်ခုန်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားလေ၏။
စစ်ခုန်းဝမ်နှင့် ယခင်က သဘောတူညီချက်တွင် စူးချန်ခုန်းသည် စစ်ခုန်းကျန့်ကို တစ္ဆေကျွန်းမှကယ်ထုတ်ပြီး တိုက်ပွဲကြီးတွင်ပါဝင်ရန် 'စစ်ခုန်းယုံ' အဖြစ် ထပ်မံ အယောင်ဆောင်ခဲ့ပြီး ဆုကြေးကတော့ စစ်ပွဲမှရရှိသော လုယက်ပစ္စည်းများ၏ ၆၀% ဖြစ်သည်။
ယခုရေတွက်လို့ ပြီးသွားသောအခါ စစ်ခုန်းဝမ်သည် သူ၏ဝင်ငွေများကို စူးချန်ခုန်းထံသို့အကြောင်းကြားခဲ့သည်။
စူးချန်ခုန်းသည် စစ်ခုန်းဝမ်က တမင်တကာ လျော့ပေါ့ပြီး အစီရင်ခံမည်ဟု သံသယမရှိခဲ့ပေ။ တကယ်တော့ စူးချန်ခုန်းလိုလူကို သိမ်းသွင်းဖို့ လိုအပ်တယ်ဆိုတာ သူနားလည်တာကြောင့် လိုအပ်တာထက်ပိုပြီး တင်ပြတာတောင် ဖြစ်နိုင်သည်။
" ထျဲကျင့်ကန်း၊ လီဟွင်းနဲ့ တခြားသူတွေရဲ့ ဆုကြေးငွေနဲ့ ငါ့ရဲ့ စုစုပေါင်းအမြတ်က ၁.၃ သန်းလောက် ဖြစ်သင့်တယ် " လို့ စူးချန်ခုန်းက သူ့ကိုယ်သူ တွေးပြီး အတော်လေး ကျေနပ်သွားသည်။
ငွေ ၁.၃ သန်းက သေချာပေါက် များပြားလှသည်ပင်။
ချီသွေးဆေးပြား ပြုလုပ်ရန် ပစ္စည်းများသည် တစ်စုံလျှင် ငွေ ၃၀၀၀ ကုန်ကျသည်။ ဤငွေတစ်သန်းကျော်ဖြင့် ချီသွေးဆေးပြားအတွက် ပစ္စည်းအစုံ ၄၀၀ ကို ဝယ်ယူနိုင်သည်။ ၎င်းတို့အားလုံးကို ချီသွေးဆေးပြားအဖြစ် ပြောင်းလဲလိုက်သည်နှင့် စူးချန်ခုန်း၏ အဂ္ဂိရတ်ကျွမ်းကျင်မှုဖြင့် ဆေးပြား ရာဂဏန်းမှ တစ်ထောင်နီးပါးကို ရရှိနိုင်ခြင်းသည် စံနှုန်းတစ်ခုဖြစ်သည်။
"ဒီအရင်းအမြစ်တွေက ချီသွေးပြောင်းလဲခြင်းအဆင့်ခုနစ်ကို တိုက်ရိုက် တက်လှမ်းဖို့ လုံလောက် ပါ့မလားလို့ တွေးမိတယ်။ ချီသွေးနဂါးရှည်နယ်ပယ်ကို ရောက်ဖို့က စိန်ခေါ်မှုဖြစ်နိုင်ပေမယ့် ချီသွေးပြောင်းလဲခြင်းအဆင့်ခြောက်ကို ရောက်ဖို့က ပြဿနာမရှိလောက်ဘူး!"
စူးချန်ခုန်းက စိတ်ထဲတွင် တိတ်တဆိတ် စိတ်လှုပ်ရှားနေ၏။
များမကြာမီ စစ်ခုန်းမိသားစုမှ တပည့်တစ်ဦး က စစ်ခုန်းဝမ်ကို လာရှာခဲ့သည်။ သူ့မှာ ဆွေးနွေးစရာတွေ ရှိပုံရ၏။ သူက စူးချန်ခုန်းကို ငုံ့ကြည့်ပြီး တုံ့ဆိုင်းသွားခဲ့သည်။
စစ်ခုန်းဝမ်၏မျက်နှာ မည်းမှောင်သွားကာ "ဆရာစူးက အပြင်လူမဟုတ်ဘူး။ မင်းပြောစရာရှိတာ ပြော!"
ဒါကိုကြားတော့ တပည့်က တလေးတစားနှင့် ဆိုလေ၏။ "လူတစ်ယောက် အပြင်မှာရောက်နေပါတယ်... သူ့မျိုးရိုးနာမည်က ကုန်းလို့ဆိုတဲ့တောနက်စီရင်စုမြို့ရုံးတော်က လူတစ်ယောက်ပါ"
"မျိုးရိုးနာမည် ကုန်းလား။ ကုန်းမိသားစုက လူတစ်ယောက်လား။ သူတို့က တစ်ယောက်ယောက်ကို ပို့ပြီး ဘာလုပ်ဖို့လဲ။"
ထိုစကားကိုကြားတော့ စစ်ခုန်းဝမ် အံ့သြသွားသည်။
စူးချန်ခုန်းလည်း အနည်းငယ် အံ့သြသွား၏။ တောနက်စီရင်စုမြို့၏ ကုန်းမိသားစုက နာမည်ကြီးဖြစ်သည်။
ကုန်းမိသားစုသည် တောနက်စီရင်စုမြို့တော်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့ခြင်းကြောင့် သူတို့တွင် ကြီးမားသော အာဏာရှိပြီး နောက်လိုက်များ ထွန်းကားကာ လက်ရှိ တောနက်စီရင်စု၏ တရားသူကြီးဖြစ်သည့် ကုန်းယွိလုံသည် ကုန်းမိသားစုမှ ဖြစ်သည်။ တောနက်စီရင်စုမြို့တော်တွင် လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည်ဟုပြောလျှင်တောင် ချဲ့ကားတာ မဟုတ်ပါ။
စစ်ခုန်းမိသားစုမှ သတင်းပေးပို့သော တပည့်က ပြန်ဖြေ၏ ။ "တစ်ဖက်လူက ဆုကြေးငွေ လာပို့တာလို့ ဆိုပါတယ်။ နောက်ပြီး... သူက ဂိုဏ်းခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ လွှဲပေးချင်ပါတယ်တဲ့။ သူ့ကို ဧည့်ခန်းမမှာ စောင့်နေဖို့ ကျွန်တော် စီစဉ်ပေးထားပါတယ်"
လွန်ခဲ့သည့်ရက်အနည်းငယ်က စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းမှ အဖွဲ့ဝင်များသည် ထျဲကျင့်ကန်း၊ လီဟွင်းနှင့် အခြားသော နဝမမြောက် ဓားပြများ၏ ဦးခေါင်းများကို တောနက်စီရင်စုမြို့၏ရုံးတော်သို့ ဆုကြေးငွေတောင်းခံရန် ပေးပို့ခဲ့သည်။
စုစုပေါင်း ၃၀၀,၀၀၀ တန်ကြေးရှိပြီး ၎င်းသည် များပြားလှသော ပမာဏဖြစ်သောကြောင့် အတည်ပြုရန် အချိန်လိုအပ်သည်။ ယခု အတည်ပြုပြီးသောအခါ တရားသူကြီး ကုန်းယွိလုံသည် စစ်ခုန်းယုံထံ လွှဲပြောင်းပေးဖို့ ဧရာမဝေလငါးဂိုဏ်းသို့ ဆုငွေများယူဆောင်သွားရန် သူ၏တပည့်အား ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့သည်။
"အင်း ငါနားလည်ပြီ။ မင်း အခုသွားလို့ရပြီ"
စစ်ခုန်းဝမ်က ခေါင်းညိတ်လိုက်ပြီး ထိုတပည့်ကို ပြန်လွှတ်လိုက်သည်။
အခန်းအတွင်းတွင် စစ်ခုန်းဝမ်သည် စူးချန်ခုန်းကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူက ဆုကြေးငွေကို 'စစ်ခုန်းယုံ' သို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လိုသည်။
"ဒါဆို ကျွန်တော် သူ့ကို သွားတွေ့လိုက်မယ်" စူးချန်ခုန်းသည် ဤဆုကြေးကို ထုံးစံအတိုင်း လက်လွှတ်မခံဘဲ စစ်ခုန်းယုံအဖြစ် ထပ်မံအယောင်ဆောင်ကာ ကုန်းသားစုမှ အနှီတပည့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
သူ့ကိုယ်သူ ရုပ်ဖျက်ပြီးနောက် စူးချန်ခုန်းသည် စစ်ခုန်းယုံ၏အသွင်အပြင်ကိုယူကာ ဧရာမဝေလငါးဂိုဏ်း၏တပည့်များကို ဦးဆောင်ပြီး ကုန်းမိသားစုမှလူနှင့်တွေ့ဆုံရန် ဧည့်ခန်းမသို့သွားခဲ့သည်။
ဧည့်သည်များကို လက်ခံရန် အသုံးပြုသည့် ခမ်းနားကြီးကျယ်သော ခန်းမကြီးထဲတွင် စူးချန်ခုန်းဝင်လာပြီးနောက် အထဲမှာ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်က ခါးမှာဓားချိတ်ထားတဲ့ အဖြူရောင် ဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး အတော်လေး သူရသတ္တိရှိသည့်ပုံပင်။ သူသည် ငယ်ရွယ်သော်လည်း ထက်မြက်သော အရိပ်အယောင်များ ထွက်ပေါ်နေပြီး စွမ်းအား အသေးအမွှား ပိုင်ဆိုင်ထားသည့်ပုံ မရဘဲ ဘေးတွင် ရပ်နေ၏။
အခြားသူတစ်ဦးသည် လက်ဖက်ရည်သောက်ရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူက အသက်သုံးဆယ်ကျော် အရွယ်ရှိ အပြာရောင်ဝတ်ဆင်ထားသော ပညာတတ်တစ်ယောက်ဖြစ်သည်။
စူးချန်ခုန်းရောက်လာသည်နှင့် စူးချန်ခုန်းမှ ထွက်ပေါ်လာသော ထူးကဲသော ရောင်ဝါကို သူ ခံစားသိရှိနိုင်သဖြင့် အဖြူရောင်အဝတ်အစားဝတ် လူငယ်လေးသည် တောင့်တင်းသွားကာ သူ၏ အကြည့်များ ပြင်းထန်လာခဲ့သည်။
ထိုအချိန်တွင် ဝတ်စုံအပြာနှင့်လူက ချက်ချင်းထရပ်လိုက်ပြီး "ဂိုဏ်းခေါင်းဆောင် စစ်ခုန်းရဲ့သူရဲကောင်းဂုဏ်သတင်းကို ကျွန်တော် ကြားရတာကြာပါပြီ။ ဒီနေ့ လူချင်းတွေ့တာ ကံကောင်းလိုက်တာဗျာ။ ကျွန်တော့်နာမည်က ကုန်းယွိဟူလို့ခေါ်ပါတယ်။ ကုန်းယွိလုံက ကျွန်တော့်ရဲ့ အစ်ကိုကြီးပါ။"
အပြာရောင်နှင့်လူက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ အစ်ကိုဖြစ်သူက တောနက်စီရင်စုမြို့တော်ဝန် ကုန်းယွိလုံဖြစ်ရာ သူ၏နောက်ခံက အလွန်မှတ်သားဖွယ်ကောင်းလှသည်။
"အင်း အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ။ ကျေးဇူးပြုပြီး ထိုင်ပါ သခင်လေးကုန်း။" စူးချန်ခုန်းကလည်း သူ့ကို ယဉ်ကျေးစွာ ပြောကာ ထိုင်ခိုင်းလိုက်သည်။
ကုန်းယွိဟူ ထိုင်ပြီးတာနဲ့ အားရဝမ်းသာ ဆိုလေ၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂိုဏ်းခေါင်းဆောင် စစ်ခုန်းက ဓားပြကြီး တော်တော်များများကို ခေါင်းဖြတ်သတ်ပြီး လူတွေကို စိတ်သက်သာရာ ရစေခဲ့တယ်လို့ ကြားလိုက်ရတာ တကယ်ကို အားရစရာကောင်းတယ်ဗျာ။ ကျွန်တော့်ရဲ့ အစ်ကိုက ဂိုဏ်းခေါင်းဆောင် စစ်ခုန်းဆီကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒီမှာ ငွေစက္ကူ သုံးသိန်းပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါခင်ဗျ။"
ကုန်းယွိဟူသည် သူ့ရင်ဘတ်ထဲမှ ငွေစက္ကူ ၃ ရွက်ကို ထုတ်ယူလိုက်ပြီး တစ်ရွက်လျှင် ငွေစက္ကူ တစ်သိန်း တန်ကြေးရှိသည်။
"ဒါဆို တရားသူကြီးကုန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ။" စူးချန်ခုန်းက ထုံးစံအတိုင်း မငြင်းခဲ့ပါ။ လီဟွင်းနှင့် နဝမအဆင့် လူဆိုးများကို ဖယ်ရှားခြင်းအတွက် တရားဝင် ဆုကြေးငွေဖြစ်ပြီး အားလုံးကို လက်ခံခဲ့သည်။
သို့သော်လည်း ကုန်းယွိဟူသည် သူ့စိတ်ထဲတွင် ပြောစရာ ထပ်ရှိပုံပေါ်ပြီး ကိစ္စရှင်းပြီးနောက် ပြောရန် ချီတုံချတုံ ဖြစ်နေပုံရသည်။
စူးချန်ခုန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "သခင်လေးကုန်း၊ တခြားပြောစရာတွေရှိသေးရင် လွတ်လွတ်လပ်လပ်ပြောပါ။"
ကုန်းယွိဟူက ရှက်ရွံ့သည့်ပုံနှင့် ဆိုလေ၏။ "တကယ်တော့ ပြောစရာတစ်ခု ရှိပါတယ်။ မကြာသေးမီက ကျွန်တော်တို့ရဲ့ တောနက်စီရင်စုမြို့တော်မှာ ဖောက်ထွင်းဝင်ရောက်ခံခဲ့ရပြီး နတ်ဘုရားလက်တံဒူးလေး အများအပြား အခိုးခံခဲ့ရပါတယ်။ ကျွန်တော်ကြားရတဲ့ ကောလဟာလတွေအရ ဧရာမဝေလငါးဂိုဏ်းက သူတို့ကို ပြန်ဆယ်ယူနိုင်တယ်ဆို။ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းက ကျွန်တော့်ကို ကူညီပေးရင် ကောင်းမှာပဲဗျာ။"