← Chapters

လေနှင့်မိုးကြိုးချိတ်ထားသော ပုတီးစေ့များ။ မကြုံစဖူး အစွမ်းထက်သော ရန်သူ။ (၄)

Vol. 15 Ch. 225

လေနှင့်မိုးကြိုးချိတ်ထားသော ပုတီးစေ့များ။ မကြုံစဖူး အစွမ်းထက်သော ရန်သူ။ (၄)

Vol. 15 Ch. 225

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ကုန်းပါးက "ကောင်းလိုက်တဲ့‌မြှားအတတ်" လို့ အကျယ်ကြီး အော်မပြောဘဲ မနေနိုင်ခဲ့။

စူးချန်ခုန်း၏ မြားပစ်စွမ်းရည်သည် တောနက် စီရင်စုရှိ မည်သူမဆိုနှင့် ယှဉ်နိုင်ဖို့ ခက်ခဲသည်။

သတ္တမအဆင့်၏ လေမိုးကြိုးအတတ်နှင့် လိပ်အသက်ရှုနည်းပညာ၏ ကြံ့ခိုင်သော ချီစွမ်းအင်ကို အားကိုးခြင်းဖြင့် စူးချန်ခုန်း တစ်ယောက်တည်းနှင့် တောနက်စီရင်စုမြို့တွင် နာမည်ကြီးလာရန် လုံလောက်ပါသည်။

"ဒါက အသေးအဖွဲ့ စွမ်းရည်လေးတစ်ခုပါပဲ။ ပြောဖို့မတန်ပါဘူးဗျာ။ စစ်သူကြီးကုန်းရဲ့ ဓါးနည်းပညာကလည်း မဆိုးပါဘူး" ဟု စူးချန်ခုန်းက ရိုးရိုးသားသား ပြောလိုက်သည်။

ကုန်းပါးက ဟက်ဟက်ပက်ပက် ရယ်မောရင်း "ဂိုဏ်းခေါင်းဆောင် စစ်ခုန်း၊ ဒီနေ့ မင်းရဲ့အကူအညီအတွက် ငါကျေးဇူးတင်ပါတယ်ကွာ။ မင်းအခွင့်အရေးရရင် တောနက်စီရင်စုမြို့ကိုလာပြီး ငါ့ကိုလာရှာလှည့်။ ငါတို့နှစ်ယောက်အတူတူ သောက်ကြမယ်လေ။"

ကုန်းပါးက စိတ်ထဲမှာ တုန်လှုပ်သွားခဲ့သည်။ ဒီ စစ်ခုန်းယုံက သူထင်ထားတာထက်တောင် ပိုအစွမ်းထက်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် ရန်သူဖြစ်လျှင် အလုံးစုံ သုတ်သင်ပယ်ရှင်းရမည်။ ရန်သူမဟုတ်ရင် သူတို့ဘက်ပါအောင် ဆွဲသွင်းပြီး မိတ်ဖွဲ့ဖို့ အပြည့်အဝ ကြိုးစားရမည်။

မကြာသေးမီက ကုန်းမိသားစုနှင့် ဧရာမဝေလငါးဂိုဏ်းကြားတွင် ရန်ငြိုးရှိပုံရသည်ဟု ကုန်းပါး ကြားထားသည်။ သူပြန်သွားတဲ့အခါ သူ့မိသားစုအား ဒီကိစ္စကို ပိုအာရုံစိုက်စေပြီး ဖြစ်နိုင်ရင် ငြိမ်းချမ်းရေးအတွက် ရည်မှန်းထားရမည်။

“ရတာပေါ့ဗျာ။” သူက နှုတ်ခွန်းဆက်စကား ပြောပြီး နေရာကနေ ထွက်ခွာဖို့ မစီစဉ်ခင် ယဉ်ယဉ်ကျေးကျေးနှင့် နှုတ်ဆက်ဖို့ ပြင်လိုက်သည်။

"ဟိုဘက်က ဘယ်သူလဲ!"

သို့သော် ထိုအချိန်တွင် မေပယ်တောနက်ကြီးထဲက အကွာအဝေးတစ်ခုရှိ တောနက်စီရင်မြို့ တပ်သားများ၏ အသံတစ်သံ ထွက်ပေါ်လာသည်။

"နောက်ထပ် မိစ္ဆာနတ်ဆိုးလား။" ဤအော်သံက စူးချန်ခုန်းနှင့် ကုန်းပါးတို့ကိုလည်း အာရုံစိုက်စေခဲ့သည်။

မော့ကြည့်လိုက်တော့ မေပယ်တောရဲ့ တောနက်ကြီးထဲကနေ တရွေ့ လှုပ်ရှားလာတဲ့ လူအိုကြီးကို တွေ့လိုက်ရသည်။ ယင်းကြောင့် အနီးနားရှိ သံချပ်ကာ တပ်သားများ ချက်ချင်း သတိပေးကာ မေးမြန်းခဲ့ကြသည်။ ဤနေရာ၌ ပေါ်လာသော သူစိမ်းတစ်ယောက်သည် အလွန်သံသယဖြစ်စရာကောင်းပြီး မိစ္ဆာနတ်ဆိုးဖြစ်ရန် အလွန်တရာ အလားအလာ ရှိသည်။

“အို…ငါဗိုက်ပြည့်အောင်စားပြီး တစ်ရေးအိပ်လိုက်တာ… ခေါင်းတွေ အရမ်းမူးနေတယ်…”

သို့သော် ကုန်းကုန်းကိုင်းကိုင်း အသွင်သည် အက်ကွဲနေသည့် အသံဖြင့် အနည်းငယ် ရှုပ်ထွေးနေသောအသံ ထွက်လာသည်။

"ဒါက နတ်ဆိုးကောင် မဟုတ်ဘူးလား။" ထိုအသံကိုကြားတော့ စစ်သားတော်တော်များများ အံ့သြသွားကြသည်။

နတ်ဆိုးများသည် ဉာဏ်ရည်မြင့်မားခြင်းမရှိကြောင်း တောရိုင်းတိရစ္ဆာန်များနှင့် မခြားဘဲ ရိုးရိုးရှင်းရှင်း အသံများကိုသာ ပြုလုပ်နိုင်စွမ်းရှိကြောင်း သူတို့သိကြသည်။ သို့သော် ထိုလူ၏ ပြောစကားများက ဆက်စပ်မှုနေ၏။

အနီးကပ်ကြည့်ရင် ထိုအသွင်သည် အရင်က မိစ္ဆာနတ်ဆိုးတွေနဲ့ မတူပါ။ သူတို့ဟာ ဆံပင်တွေဖြူပြီး ရှုပ်ပွနေကာ သွားတစ်ဝက်လောက် ပျောက်နေတဲ့ အဘိုးကြီးကို တွေ့လိုက်ရသည်။

သို့ရာတွင် မည်သူမျှက သတိမလွတ်ရဲ။ ဆံဖြူ အဘိုးကြီး၏ အသွင်အပြင်မှာ မူမမှန်လွန်းလှပေ။

"ဟမ်?"

ထိုအချိန်တွင် စစ်သားတစ်ယောက် အံ့အားသင့်သွားသည်။ ဆံပင်ဖြူ အဘိုးအို၏ ခြေလှမ်းများတွင် သူ အပင်အချို့ကို နင်းလိုက်တိုင်း မီးခိုးရောင်အဖြစ်သို့ ညှိုးနွမ်းသွားကာ ခဏလေးနှင့် ပြာဖြစ်သွားသည်ကို မြင်လိုက်ရသည်။

"သူ့ကိုသတ်!"

အခြားစစ်သည်များ၏ မျက်ဆန်များသည် ကျုံ့ဝင်သွားပြီး တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိကာ ဆံဖြူ အဘိုးအိုအား ဓားရှည်များ ဝှေ့ရမ်းကာ ဒေါသတကြီး အော်ဟစ်ကြသည်။

“မင်းတို့တွေ အဘိုးကြီးကို ဒီလိုမညှာမတာနဲ့ ရိုက်နှက်ဖို့လား” အဘိုးအို၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာပြီး သူ၏ ပိန်ပိန်ပါးပါး လက်မောင်းကို လွှဲရမ်းလိုက်သည်။

“ဝူး!”

ပိန်လှီသော လက်မောင်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ပြီး နတ်ဘုရားလက်နက်ထက် ထက်မြက်ကာ ဓားကျိုးသံများနှင့် ချပ်ဝတ်တန်ဆာများ စုတ်ပြဲနေသည့် အသံများဆက်တိုက်ထွက်ပေါ်လာ၏။ ဆံဖြူ အဘိုးအိုဆီသို့ ဓားသွားများ ဝှေ့ရမ်းလိုက်သော စစ်သည် သုံးဦးသည် သူတို့၏ဓားများ ကျိုးကာ မျက်နှာပေါ်တွင် အံ့အားသင့်နေဆဲဖြစ်သည့် သူတို့၏ ဦးခေါင်းများသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်မကျမီ လေထဲသို့ မြှောက်တက်သွားခဲ့သည်။

"သေစမ်း!"

သူ့ရဲဘော်ရဲဘက်တွေ သေဆုံးသွားတာကိုမြင်လိုက်ရတော့ စစ်သားတစ်ယောက်ရဲ့ မျက်လုံးက ဒေါသတကြီး နီရဲသွားလေ၏။ သံချပ်ကာတပ်သားတစ်ဦးသည် နတ်ဘုရားလက်တံဒူးလေးခလုတ်ကိုဆွဲကာ ဆံပင်ဖြူအဘိုးအို၏ ဦးခေါင်းကို ချိန်လိုက်သည်။

“ဒုန်း”

လက်မောင်းကဲ့သို့ ထူထဲသော မြှားကြီးတစ်စင်းသည် အဘိုးအို၏ခေါင်းကိုဖြတ်သွားခဲ့သည်။ သို့သော် ၎င်းက နောက်ကျန် အရိပ်တစ်ခုကိုသာဖြတ်သွားခဲ့သည်ပင်။

ဆံဖြူ အဘိုးကြီးသည် ခေါင်းကို အနည်းငယ် ရွှေ့လိုက်ပြီး အသံ၏ အရှိန်ထက် ပိုမြန်သော မြှားသည် သူ့ပါးပြင်ကို ရှုပ်ထိသွားခဲ့သည်။ ထိုမျှသာမကဘဲ မြှား၏အမြီးစွန်းကို တိကျပြတ်သားစွာ ဖမ်းရန် လက်လှမ်းလိုက်သည်။

ဆံဖြူ အဘိုးကြီးက အပြုံးတစ်ခုနှင့် ပိန်လှီသော လက်မောင်းကို လွှဲရမ်းကာ မြှားကို ပုံရိပ်ယောင်နှယ် ပြန်ပစ်လွှတ်လိုက်ကာ ဆန့်ကျင်ဘက်ဦးတည်ရာသို့ ရောက်လာတုန်းက အရှိန်ကထက်ပင် အရှိန်ပြင်းပြင်းနှင့် လွှင့်ထွက်သွားခဲ့သည်။

“ဒုတ်!”

နတ်ဘုရားလက်တံဒူးလေးကို လည်ပတ်နေသည့် စစ်သားသည် ရှောင်ရန် အချိန်မရှိသဖြင့် ကြီးမားသော မြှားက ရင်ဘတ်ကို ဖြတ်သွားခဲ့သည်။ ကြီးမားလှသော စွမ်းအားက သူ့ကို မီတာပေါင်းများစွာ နောက်ပြန်ဆုတ်သွားစေကာ သစ်ပင်ကြီးတစ်ပင်၌ တွဲလောင်းဖြစ်သွားလေ၏။

“ဒီည တော်တော်များများ စားပြီးပြီ… ထပ်မစားချင်တော့ဘူး…” ဆံဖြူ အဘိုးအိုသည် ညှိုးငယ်သော အမူအရာဖြင့် သူ့လက်ဖဝါးပေါ်သို့ ပြန့်ကျဲနေသော သွေးများကို လျက်လိုက်သည်။

"နောက်ပြန်ဆုတ်! သူ့အနားကို မသွားနဲ့!"

ကုန်းပါးက အော်ပြောပြီး သူ့မျက်နှာက အရင်ကထက် ပိုလေးနက်လာကာ ဆံပင်ဖြူနဲ့ ဒယိမ်းဒယိုင်ဖြစ်နေတဲ့ အဘိုးအိုကို စိုက်ကြည့်နေသည်။

ဆံဖြူအဘိုးကြီးသည် စိတ်ကူးယဉ်ထားတာထက် သာလွန်ကောင်းမွန်သော ပြိုင်ဘက်ကောင်းဖြစ်ကြောင်း အခြားစစ်သားများက သဘောပေါက်ကြသည်။ ကုန်းပါး၏ အမိန့်ကို လိုက်နာကာ မလှုပ်ရှားရဲတော့ဘဲ လူတိုင်းက လက်နက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြသည်။

"ဒီသတ္တဝါက ဘာလဲ၊ မိစ္ဆာနတ်ဆိုးလား။ အဲဒါက ငါ့ကို ဘာကြောင့် ဒီလို ကျောချမ်းစေတဲ့ ခံစားချက်မျိုး ပေးနေတာလဲ။"

စူးချန်ခုန်းသည်လည်း ဆံဖြူ အဘိုးအိုကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့မျက်ဆန်များက လေးနက်ပြီး အံ့သြထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။

စူးချန်ခုန်း၏ နှလုံးခုန်နှုန်းသည် ထိန်းမနိုင်သိမ်းမရ မြန်နေသောကြောင့် သူ့ခန္ဓာကိုယ်တွင်းရှိ ချွေးပေါက်များအားလုံးကို မသိစိတ်က ကျယ်လာကာ သူ့ရှေ့ရှိ ခပ်ကုန်းကုန်း အဘိုးအိုသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သကဲ့သို့ သူ့ပင်ကို အသိစိတ်က သူ့ကို အလွန်တရာ အန္တရာယ်များကြောင်း သတိပေးနေပြီး သူ့ခန္ဓာကိုယ်အတွင်း သိမ်မွေ့သော အပြောင်းအလဲများကိုပင် ဖြစ်ပေါ်စေသည်။

"ရပ်လိုက်!"

အဘိုးအိုသည် ခြေလှမ်းဆယ်လှမ်း လှမ်းပြီးပြီဖြစ်ရာ ကုန်းပါးက မနေနိုင်တော့ဘဲ သတိပေးကာ လှမ်းအော်လိုက်သည်။

ဆံပင်ဖြူဖြူနှင့် ကုန်းကုန်းကွကွ အဘိုးကြီးသည် သူ့လမ်းကြောင်း၌ ရပ်ကာ မျက်လုံးများကို ပွတ်သပ်လျက် အခုမှ အိပ်ယာမှထလာသည့်ပုံနှင့် ကုန်းပါးကို အကဲဖြတ်လိုက်သည်။ "မင်းရဲ့နှလုံးက ခန္ဓာကိုယ်အတွင်းမှာ ချီစွမ်းအင်နဲ့ သွေးတွေနဲ့ နဂါးတစ်ကောင်လို အားကောင်းကောင်းနဲ့ ခုန်နေတာပဲ။ မင်းကတောနက် စီရင်စုမြို့ရှိ သိုင်းပညာရှင်ရဲ့ ထိပ်တန်းအဆင့်မှာ ရှိလောက်တယ်။ ငါ လောလောဆယ် မင်းနဲ့ မတိုက်ချင်သေးဘူး။"

ခပ်ကုန်းကုန်း အဘိုးအိုသည် ကုန်းပါးကို အကြည့်တစ်ချက်ဖြင့် အကဲဖြတ်ပြီး သူ့အကြည့်များက လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ အဝါရောင်တောက်တောက် မျက်လုံးအစုံသည် တောရိုင်းတိရိစ္ဆာန်တစ်ကောင်က သူ့အစာကို အကဲဖြတ်နေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေပြီး သူမြင်လိုက်ရသည့်အရာမှာ လူတစ်စုမဟုတ်ဘဲ အရသာရှိသော သိုးအုပ်တစ်အုပ်လို ဖြစ်နေသည်။

အဘိုးအိုရဲ့ အကြည့်တွေက စူးချန်ခုန်း ဖြတ်သွားတဲ့အခါ ရပ်တန့်သွားပြီး သူ့မျက်နှာမှာ ဖုံးကွယ်မထားနိုင်သည့် အံ့အားသင့်နေသော အကြည့်များ ပေါ်လာ၏။ "ဟမ်? မင်းက? မင်းက သေသွားပြီ မဟုတ်ဘူးလား။"

အမတတစ်ပါး၏လမ်းစဥ်

#ကျင့်ကြံအဆင့်ရှင်းလင်းချက်#

👉ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်

၁။ခွန်အားသန့်စင်ခြင်း

၂။အတွင်းခွန်အား

၃။နတ်ဘုရားစွမ်းအား

၄။ နတ်ဘုရားရဲစွမ်းသတ္တိ

*ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှု အဆင့်ကိုဖြတ်ပြီးရင် ချီသွေးနယ်ပယ်ကိုရောက်သည်။

👉ချီသွေးနယ်ပယ်

၁။ချီသွေးအလွှာ၊ချီသွေးအကာ

၂။ချီသွေးဝံပုလွေမြူ

၃။ချီသွေးနဂါးရှည်

၄။ချီသွေးမီးပြင်းဖို

*ချီ‌သွေးနယ်ပယ်မှာ ချီသွေးအသွင်ပြောင်းခြင်း ၁၂ခု ခံယူရပြီး အသွင်ပြောင်းမှု ၃ခုစီတိုင်းက တစ်ဆင့်ဖြစ်သည်။

All Chapters