အရှုံးကို အနိုင်အဖြစ် ပြောင်းလဲခြင်း
Vol. 3 Ch. 45
ကွန်ယက်ချိတ်ဆက်နေကြောင်း သတိပေးချက်ကို စုရှောင်ယာ မြင်လိုက်ရသည်။
သူ(မ) အသက်ပြင်းပြင်းရှိုက်ရှူ၍ တည်ငြိမ်အောင်လုပ်လိုက်သည်။ ပလက်ဖောင်းပေါ်ရှိ ဂဏန်းတစ်လုံးတည်းသာရှိသော ဖော်လိုဝါအရေအတွက်ကိုကြည့်၍ စုရှောင်ယာ စိတ်ဓာတ်ကျမိသည်။
ဤချိတ်ဆက်မှုတွင်သာ သူ(မ) ရှုံးခဲ့ပါက အလုပ်လည်းဆုံးရှုံးရပြီး ဝင်ငွေကလည်း တစ်ထောင်ပင် ပြည့်မည်မဟုတ်။
ဤငွေနည်းနည်းလေးက အိမ်ငှားခနှင့် အစားအသောက်ဖိုးပင် ကာမိမည်မဟုတ်ချေ။ ထို့ကြောင့် သူ(မ) နောက်တစ်နည်းရှာမှဖြစ်မည်။
တင်!
စနစ်မှ ချိတ်ဆက်မှုအောင်မြင်ကြောင်း ပြလာသည်။
ဖန်သားပြင်ထက်တွင် ဟိတ်ဟန်များလှသော မိန်းမလှလေးတစ်ယောက်ကို မြင်လိုက်ရသည်။
ယဲ့ချန်းလည်း တစ်ချက်ကြည့်လိုက်လေရာ ထိုမိန်းကလေး၏ရုပ်ရည်က အလွန်ဆုံးရှိလှ အမှတ်ရှစ်ဆယ်ဝန်းကျင်သာဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူ(မ)က ဝတ်တတ်စားတတ်ပြီး အလှအပသက်ရောက်မှုများကိုလည်း သုံးတတ်သောကြောင့် ဖန်သားပြင်ပေါ်တွင် သူ(မ)၏ဆွဲဆောင်မှုက စုရှောင်ယာနှင့်ပင် ယှဉ်နိုင်လေသည်။
စုရှောင်ယာမှာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီးနောက် ဤပြိုင်ပွဲမှာသာ ရှုံးခဲ့ပါက သူ(မ) ချက်ချင်းထွက်ရမည်ဖြစ်ကြောင်း စိတ်ပိုင်းဖြတ်လိုက်သည်။
"မင်္ဂလာပါ မိန်းကလေး.. ကျွန်မက အန်နီပါ။ တွေ့ရတာဝမ်းသာပါတယ်"
အန်နီက ပြုံးပြလျက် စုရှောင်ယာကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
သူ(မ)သည် အကောင့်တုကိုသုံးပြီး စုရှောင်ယာ၏တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဝင်ကြည့်ထားပြီးဖြစ်၏။
ပရိသတ်အရေအတွက် စုစုပေါင်း၉ယောက်သာရှိပြီး ကြည့်ရှုသူကလည်း အယောက်သုံးဆယ်မကျော်ပေ။
ထိုမျှအားနည်းလှသော ပြိုင်ဘက်မျိုးမှာ သူ(မ)အနေနှင့် ကြိုးစားနေစရာပင် မလိုဘဲ အသာလေးအနိုင်ယူနို်ငကြောင်း သေချာစေသည်။
အန်တီက ကိုးပွဲဆက်တိုက် အနိုင်ရထားပြီးဖြစ်၏။ ဤတစ်ပွဲသာ အနိုင်ရပါက နေရာကောင်းတစ်ခုရပြီး သူ(မ)၏အဆင့်ကလည်း တက်သွားပေလိမ့်မည်။
"မိန်းကလေး.. ငါတို့ အဆိုပြိုင်ကြမှာလား။ ဒါမှမဟုတ် အကပြိုင်ကြမှာလား"
အန်နီက ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
စုရှောင်ယာခမျာ ရှက်နေဟန်ပင်။ သူ(မ) ထိုနှစ်ခုလုံးတွင် ညံ့ပေသည်။
"တောင်းပန်ပါတယ်။ ကျွန်မက နှစ်ခုလုံးမလုပ်တတ်ဘူး"
စုရှောင်ယာ၏အဖြေကို ကြားလိုက်ရသောအခါ အန်နီလည်း ခနဲ့တဲ့တဲ့ပြုံးလိုက်မိသည်။
စုရှောင်ယာက အလွန်လှကြောင်း သိလိုက်ရစဉ်တုန်းက သူ(မ) စိတ်ပူမိခဲ့သေးသည်။ အချိန်အတော်ကြာအောင် သူ(မ)၏ပရိသတ်ဖြစ်လာခဲ့သူများက စုရှောင်ယာထံမှ ဆွဲဆောင်ခံလိုက်ရမည်ကို စိုးရိမ်ခဲ့မိသည်။
သို့သော် ဤအမျိုးသမီးက ရုပ်ရည်လှတာကလွဲ၍ ဘာအင်အားမှလည်းမရှိပေ။ သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လူခြေတိတ်နေသည်မှာလည်း မဆန်းပါချေ။
ယခု သူ(မ)၏ပရိသတ်များ လုယူခံရမည့်အရေးကို စိတ်ပူစရာမလိုတော့ချေ။
တွဲဖက်တိုက်ရိုက်ထုတ်လွှင့်မှုပြိုင်ပွဲကား ပွဲစဉ်သုံးခုခွဲထားပြီး ပွဲစဉ်တစ်ခုချင်းစီမှာ ဆယ်မိနစ်ကြာမြင့်ပြီး လက်ဆောင်အရေအတွက်ဖြင့် အနိုင်အရှုံးခွဲမည်ဖြစ်၏။
ဖန်သားပြင်နှစ်ဖက်စလုံးတွင် သွေးဘားတစ်ခု ပေါ်နေလေသည်။ ပွဲစဉ်စသည်နှင့် အန်နီဘက်က အပြတ်အသတ်သာနေပေသည်။
စုရှောင်ယာဘက်မှာတော့ လက်ဆောင်အနည်းငယ်ရှိသော်ငြား အန်နီကတော့ ဆက်တိုက်ရနေခြင်းပင်။
စုရှောင်ယာ၏သွေးဘားက ငါးပုံတစ်ပုံလျော့သွားသည်။ ဤပွဲစဉ်၏အဆုံးသတ်ကို ခန့်မှန်း၍ပင် ရနေလေပြီ။
ထိုအချိန်တွင် ဘုရင့်အဆင့် အကောင့်တစ်ခုက စုရှောင်ယာ၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၌ ပေါ်လာခဲ့သည်။
ထိုနာမည်မှာ အလွန်လွှမ်းမိုးနိုင်စွမ်းရှိ၏။ အစ်ကိုဟောင်ဟန့်(အန်နီတစ်ယောက်တည်းကို တုန်နေအောင်ချစ်သူ)…
ယဲ့ချန်းက ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည်ဖြစ်ရာ ဤအစ်ကိုဟောင်ဟန့်က တစ်ချီတည်းနှင့် ငါးထောင်တန်ဖိုးရှိသော ဒုံးပျံငါးခုပေးပြီး စုရှောင်ဘာ၏သွေးဘားကို နောက်ဆုံးအမျှင်လေးအထိ ရောက်အောင် လုပ်ပစ်လိုက်ကြောင်း မြင်နေရသည်။
"အလှလေး… မင်းရဲ့ပရိသတ်အရေအတွက်က ငါတို့အန်နီကို ခြိမ်းခြောက်နိုင်စွမ်းတောင်မရှိဘူး။ ငါ မင်းကို ပန်းပွင့်ဆယ်ပွင့်ပို့ပေးမယ်။ ထောက်ပံ့ငွေအနေနဲ့ ဆယ်ဒေါ်လာပေါ့။ မင်း ရှုံးကြောင်းသာ ဝန်ခံလိုက်"
ထို့နောက် သူက အန်နီ၏တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ပြန်သွားပြီး ဒုံးပျံတစ်ခု ပို့ပေးလိုက်သည်။
စုရှောင်ယာ၏သွေးဘားမှာ မျှင်မျှင်လေးသာ ကျန်တော့သည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက တအားအနိုင်ကျင့်လွန်းတယ်။ မင်းက ဆယ်ဒေါ်လာနဲ့ သူတောင်းစားတစ်ယောက်ကို လာစွန့်ကြဲနေတာလား?"
သူ့မောင့်ယီအကောင့်ထဲတွင် ဒင်္ဂါးတစ်သန်းရှိနေသည်ဖြစ်ရာ သူ့ရှေ့တွင် ချမ်းသာကြောင်း လာကြွားပြနေခြင်းမှာ ပြဿနာကို လက်ယပ်ခေါ်နေခြင်းသာ ဖြစ်၏။
ပန်းပွင့်ဆယ်ပွင့်ဆိုသည်မှာ ဤညနေအတွက် စုရှောင်ယာရထားသမျှထဲတွင် အများဆုံးဖြစ်၏။
သူ(မ) ခါးသက်သက်ပြုံးလိုက်မိသည်။ သူ(မ)၏ရင်ထဲ ခါးသက်နေသော်ငြား မျက်နှာထက်မှာတော့ အပြုံးတစ်ပွင့် ဆင်မြန်းထားဆဲပင်။
"ကျေးဇူးတင်ပါတယ် အစ်ကိုဟောင်ဟန့်"
ဆယ်ဒေါ်လာဆိုသည်မှာ တကယ်တမ်းတွင် အရှက်ခွဲနေခြင်းမျှသာ ဖြစ်သည်။ စုရှောင်ယာက ထိုအရာကို နားမလည်ဘဲ နေပါ့မလား။
သို့သော် ဤသည်မှာ လက်တွေ့စစ်စစ်ဖြစ်ကြောင်း သူ(မ)သိသည်။ ကိုယ့်ဘက်က အားနည်းနေလျှင် သူများအနိုင်ကျင့်တာကိုလည်း သည်းခံရပေမည်။
တစ်ဖက်ရှိ အန်နီကတော့ ပြိုင်ပွဲကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။
"မိန်းကလေး… ငါ့ကိုအနိုင်ပေးလိုက်တော့။ ငါတို့ နောက်ပွဲစဉ်ကို ဆက်ပြိုင်စရာလိုတော့လို့လား"
"ဟေး.. ဆယ်ဒေါ်လာလောက်နဲ့ ထောက်ပံ့တယ်လို့ခေါ်တယ်ပေါ့။ ငါတို့ရှောင်ယာက သူတောင်းစားများမှတ်နေလား"
ယဲ့ချန်းက ဖန်သားပြင်ထက်တွင် စာတစ်စောင်ရိုက်လိုက်သည်။
အစ်ကိုဟောင်ဟန့်(အန်နီတစ်ယောက်တည်းကိုသာ တုန်နေအောင်ချစ်သူ) : ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ ငါက အန်နီကိုပဲ တုန်နေအောင်ချစ်တာ။ ပြဿနာရှိလို့လား"
"ဒီတော့ ပိုက်ဆံရှိတာနဲ့ပဲ လုပ်ချင်ရာလုပ်လို့ရတယ်ပေါ့"
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်မိသည်။
အစ်ကိုဟောင်ဟန့်(အန်နီတစ်ယောက်တည်းကိုသာ တုန်နေအောင်ချစ်သူ) : "အမှန်ပဲ လူငယ်လေးရ.. မင်းရဲ့အကောင့်မှာ ပရိသတ်အရေအတွက် သုညဆိုတာ ငါမြင်တယ်နော်။ မင်းက ဘာမှမဟုတ်တဲ့ကောင်ပဲ။ ဒီတော့ လူချမ်းသာတွေရဲ့ကမ္ဘာကို မင်း နားလည်မှာမဟုတ်ပါဘူး"
ဓားသမား : "အဲဒီလိုဆိုရင် ငါလည်း လုပ်ချင်တာလုပ်လို့ရတယ်ပေါ့"
ယဲ့ချန်း နောက်နေသည်ဟု စုရှောင်ယာထင်လိုက်မိသည်။
"ဓားသမားအစ်ကို… ရှင် ကျွန်မကိုကူညီမလို့တော့မဟုတ်ဘူးမလား"
"ဒါပေါ့.. ငါ အဲဒီStreamerကို ဘာလုပ်လုပ် ရတယ်လို့ ခံစားမိတယ်"
ပထမပွဲစဉ်ပြီးဖို့ စက္ကန့်အနည်းငယ်မျှသာ လိုတော့သည်။ ယဲ့ချန်းလည်း ရတနာမြေပုံနှစ်ခုကို ပို့လိုက်လေသည်။
ဒုံးပျံတစ်စင်းက ဒင်္ဂါးတစ်ထောင်တန်ပြီး ရတနာမြေပုံတစ်ခုကတော့ ငါးထောင်ပေးရသည်။
ယဲ့ချန်းကတော့ ထိုရတနာမြေပုံနှစ်ခုကို တန်းပို့လိုက်သည်။
ပထမပွဲစဉ်အပြီးတွင် စုရှောင်ယာက နောက်ကောက်ကျနေရာမှ ရုတ်တရက်ကြီး နိုင်သွားလေသည်။
ဖန်သားပြင်ပေါ်ရှိ အနိုင်ရရှိသူကို ကြေညာထားသည့် သတိပေးစာကိုမြင်သောအခါ စုရှောင်ယာတစ်ယောက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ၍ လုံးဝကြက်သေသေသွားရသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံးလည်း အုန်းအုန်းကျက်ကျက်ဖြစ်သွားချေသည်။
"သေစမ်း ရတနာမြေပုံကြီး"
"ရှောင်ယာရဲ့ကံဇာတာက ပြောင်းသွားပြီပဲ။ ဓားသမားအစ်ကိုက ရတနာမြေပုံနှစ်ခုကို တန်းပို့လိုက်တာဟ"
"သူလာပြီဟေ့.. ရှောင်ယာရေ..နောက်ဆုံးတော့ မင်းရဲ့သူရဲကောင်းကြီး ရောက်လာပြီ"
"မိုက်လိုက်တာ။ ဦးညွှတ်ပြီးအရိုအသေပေးပါတယ်"
……
စပရိုက်က ရုတ်တရက်ဆန်ဆန် ရောက်ချလာသဖြင့် စုရှောင်ယာ ငေးငိုင်နေဆဲပင်။
"ကျေးဇူးအများကြီးတင်ပါတယ် ဓားသမားအစ်ကို.. ဒီStreamerလေးက တကယ်ကျေးဇူးတင်မိပါတယ်။ ဆက်ပြီးထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်နော်"
ထိုဓားသမားဟူသော အကောင့်ပိုင်ရှင်က အလကားကြည့်ရုံသာကြည့်တတ်သော အကောင့်ပိုင်ရှင်တစ်ယောက်ဟု စုရှောင်ယာထင်ထားမိသည်။ ထို့ကြောင့် ဤမျှအဆင့်မြင့်နေလိမ့်မည်ဟု လုံးဝထင်မထားချေ။
ရတနာမြေပုံနှစ်ခုကို ပို့လိုက်ခြင်းမှာ ဒင်္ဂါးတစ်သောင်းနှင့် ညီမျှသည်။
ယခုလိုထောက်ပံ့မှုမျိုးမှာ သူ(မ)အတွက် ပုံပြင်တစ်ခုသက်သက်ဖြစ်သည်ဟု အမြဲတွေးထင်ခဲ့မိသည်။ သူ(မ) တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
ဒင်္ဂါးတစ်သောင်းဆိုလျှင် အနည်းဆုံးတော့ သူ(မ) အိမ်ငှားခအတွက် လုံလောက်သွားပြီဖြစ်ပြီး နောက်လအတွက် အစားအသောက်မပူရတော့ပေ။
တစ်ဖက်တွင်မူ အန်နီ၏မျက်နှာမှာ မည်းခနဲဖြစ်သွားရသည်။
အစကမူ ဤပွဲစဉ်ကို လွယ်လင့်တကူအနိုင်ရလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ထင်မှတ်မထားပါဘဲ အဆုံးနားတွင် မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အစ်ကိုဟောင်ဟန့်(အန်နီတစ်ယောက်တည်းကိုသာ တုန်နေအောင်ချစ်သူ) : အန်နီ မငိုနဲ့နော်။ ဒီပွဲစဉ်မှာ ကိုယ် သတိလက်လွတ်ဖြစ်သွားလို့.. နောက်တစ်ပွဲကျရင် နိုင်စေရမယ်"
အန်နီ : "အစ်ကိုဟောင်ဟန့်.. အန်နီ အစ်ကို့ကိုပဲ အားကိုးမယ်နော်။ ဒီပွဲစဉ်သာနိုင်ရင် ကျွန်မ အစ်ကိုနဲ့အတူ ညစာစားဖို့ သဘောတူပေးမယ်"
ထိုစကားကိုကြားသောအခါ အစ်ကိုဟောင်ဟန့်၏မျက်လုံးများမှာ တောက်ပသွားရလေသည်။
သူ ယခုလို အရူးအမူးငွေပုံပေးနေရသည့် အကြောင်းအရင်းမှာ ဤမိန်းကလေးနှင့် တွေ့ဆုံချင်သောကြောင့်ပင်။
ယခင်က သူဖိတ်ခေါ်ထားသမျှ ငြင်းပယ်ခံခဲ့ရသည်။ သို့သော် ယခုတော့ အန်နီကိုယ်တိုင်က သူနှင့် ညစာအတူစားဖို့ ကတိပေးထားပြီဖြစ်၏။
အစ်ကိုဟောင်ဟန့်မှာ တက်ကြွသွားရပြီး ယနေ့ ဤပြိုင်ပွဲတွင် ဘာပဲဖြစ်ဖြစ် အန်နီကို အနိုင်ရအောင်လုပ်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
"စိတ်မပူနဲ့။ ကိုယ်ရှိနေရင် မင်း သေချာပေါက်မရှုံးစေရဘူး"
အစ်ကိုဟောင်ဟန့်က စိတ်ပါလက်ပါ ပြောလိုက်သည်။
ဒုတိယပွဲစဉ် စတင်ချေပြီ။
စုရှောင်ယာလည်း အလွန်စိတ်လှုပ်ရှားနေမိသည်။
အကြောင်းမှာ ဓားသမားအစ်ကိုက ကူညီပေးပါ့မလားဆိုသည်ကို မသိသောကြောင့်ပင်။
တစ်ဖက်လူ၏အကောင့်က ဘုရင်အဆင့်ဖြစ်လေရာ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဖြစ်မည်မှာ အသေအချာပင်။
အန်နီဘက်ကမူ တစ်ပွဲရှုံးထားသော်ငြား အစ်ကိုဟောင်ဟန့်၏ အာမခံချက်ရှိထားသဖြင့် ယုံကြည်မှုအပြည့်ပင်။
ချိတ်ဆက်မှုစတင်သောအခါ အန်နီက ပြောလိုက်၏။
"မိန်းကလေး… ဒီပွဲစဉ်ကတော့ ငါ ပြန်လက်စားချေမှာနော်"
စုရှောင်ယာလည်း အပြုံးအီမိုဂျီတစ်ခု ပို့လိုက်၏။
အကြောင်းမှာ သူ(မ)တွင် အားကိုးစရာမရှိပေ။ ဓားသမားအစ်ကိုက ဤပွဲစဉ်တွင် သူ(မ)ကို ကူညီပေးဖို့ မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
အစ်ကိုဟောင်ဟန့်(အန်နီတစ်ယောက်တည်းကိုသာ တုန်နေအောင်ချစ်သူ) : "ကိုယ့်လူ.. ခုနက ပွဲစဉ်မှာ မင်းဘက်က မတရားဘူးနော်။ အနားနီးမှ ကပ်ပြီးအနိုင်ပိုင်းသွားတာ။ မင်းသာ ယောကျ်ားစစ်ရင် ဒီတစ်ခေါက် မျှမျှတတယှဉ်ပြိုင်ကြမယ်"
ယဲ့ချန်းလည်း လှောင်ပြုံးပြုံးလိုက်လေသည်။
"ရတယ်လေ။ လေလုံးထွားမနေဘဲ လုပ်ရပ်နဲ့ပဲ သက်သေပြစမ်းပါ"
***************