← Chapters

ဝိုင်ခွက်ချင်းတိုက်ခြင်း

Vol. 3 Ch. 31

ဝိုင်ခွက်ချင်းတိုက်ခြင်း

Vol. 3 Ch. 31

သုန်းရှောင်ယာ ခဏမျှကြက်သေသေသွားရသည်။ သို့သော် သူ(မ)၏မျက်နှာထက်၌ ခါးသက်သက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

ဝိုင်နတ်ဘုရားက သူ့ခံစားချက်အပေါ် မူတည်၍သာ ကော့တေးများကို ဖော်စပ်လေ့ရှိသည်။

ပိုက်ဆံပေးမည်ဆိုလျှင်ပင် သူသာ စိတ်မပါလျှင် မည်သူ့အတွက်မှ အရက်ဖျော်စပ်ပေးမည်မဟုတ်ချေ။

ယဲ့ချန်းနောက်နေသည်ဟုသာ သူ(မ)ထင်နေခြင်းပင်။

သူ(မ)၏ဘေးရှိ လီနာကတော့ ယဲ့ချန်း၏စကားများကို ကြားသောအခါ အော်မရယ်ဘဲ မနေနိုင်တော့ပေ။

"ယဲ့ချန်း.. ရှင့်ကိုယ်ရှင် ဘယ်သူလို့များထင်နေတာလဲ။ ဝိုင်နတ်ဘုရားက တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် ကော့တေးဖျော်ပေးမတဲ့လား။ အိပ်မက်သာမက်နေလိုက်လေ"

လီနာက လှောင်ပြောင်သရော်လေသည်။

ဟူလိလိကလည်း သက်ပြင်းချလိုက်၏။

"ရှောင်ယာ.. နင့်ရည်းစားက ဘာအစွမ်းအစမှမရှိဘဲ ကြွားနေတော့တာ။ နင်တို့ပြန်တဲ့အခါကျရင် သူနဲ့ လမ်းခွဲသင့်ပြီထင်တယ်နော်"

လီထျန်းက အနားသို့လျှောက်လာပြီး စနောက်လေသည်။

"တက္ကစီဒရိုင်ဘာတစ်ယောက်ကို အထင်မသေးနဲ့နော်။ ဝိုင်နတ်ဘုရားက သူ့တက္ကစီကိုစီးဖူးလို့ သူနဲ့ တကယ်ကြီးခင်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ"

လီထျန်း၏စကားကို ကြားသည့်အခါ သူသည် ယဲ့ချန်းကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း လူတိုင်း သဘောပေါက်လိုက်သဖြင့် အော်ရယ်လိုက်မိကြသည်။

ဤအခိုက်အတန့်တွင် ဝိုင်နတ်ဘုရားက စင်ပေါ်သို့လျှောက်လာသောကြောင့် ဘားထဲရှိ သီချင်းသံလည်း တိတ်ဆိတ်သွားရသည်။

ချန်းကျူးက ဘားထဲကို အလျင်အမြန်စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူ့အကြည့်က ယဲ့ချန်းဆီသို့ ကျရောက်သွား၏။

ထိုအခါ သူ့မျက်နှာထက်တွင် ခပ်ဖွဖွအပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။

"ကျွန်တော်က ပိတ်ရက်တွေကျမှ ကော့တေးစပ်တတ်တယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ ဒီနေ့တော့ ဘားထဲမှာ အထူးဧည့်သည်တစ်ယောက်ရှိနေတဲ့အတွက် ကျွန်တော့်စည်းမျဉ်းကို ချိုးဖောက်ပြီး သူတို့အတွက် ကော့တေးနှစ်ခွက် စပ်ပေးပါ့မယ်"

ချန်းကျူး၏စကား ဆုံးသောအခါ လူအုပ်ကြီးမှာ ပွက်ပွက်ညံသွားလေသည်။

"ဘုရားရေ.. ချန်းကျူးကို စည်းမျဉ်းဖောက်ဖျက်ပြီး အရက်စပ်ပေးလာအောင် လုပ်နိုင်တဲ့လူက ဘယ်သူပါလိမ့်"

"ဟုတ်ပါရဲ့။ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ပဲဖြစ်မယ်"

"ဝိုင်နတ်ဘုရားသာ ငါ့အတွက် အရက်စပ်ပေးရင် ကောင်းမှာပဲ"

ဘားထဲရှိ ဧည်သည်များမှာ ပတ်ပတ်လည်ကို လှည့်ကြည့်၍ ချန်းကျူးပြောသည့်လူအကြောင်း သိချင်နေကြသည်။

ဟူလိလိမှာမူ တဒင်္ဂမျှကြက်သေသေပြီးနောက် ယဲ့ချန်ပြောထားသောစကားများကို ရုတ်တရက်အမှတ်ရလိုက်၏။

ယဲ့ချန်းများလား?

သို့သော် ထိုအတွေးကို သူ(မ) အလျင်အမြန်ပယ်ချလိုက်သည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်၏။ ဝိုင်နတ်ဘုရားက သူ့အတွက် အရက်စပ်ပေးစရာ အကြောင်းမရှိပေ။

လီနာလည်း ခဏလောက်ကြောင်အသွားသည်။ ဝိုင်နတ်ဘုရား၏အကြည့်က သူတို့ရှိရာဆီသို့ အဆက်မပြတ်ကျရောက်နေကြောင်း သူ(မ) မြင်နေရသည်။ လီထျန်းဖြစ်ဟန်တူ၏။

ဤသည်မှာ လီထျန်းထံမှ နောက်ထပ်စပရိုက်တစ်ခုများလား?

သူ(မ)၏နှလုံးသားထဲဝယ် မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်သွားသည်။

သုန်းရှောင်ယာကတော့ အတည်ငြိမ်ဆုံးပင်။ ယဲ့ချန်းက မိုတုကဖြစ်လေရာ ဝိုင်နတ်ဘုရားနှင့် ဘယ်လိုလုပ်သိနိုင်မည်နည်း။

ဝိုသ်နတ်ဘုရားထံမှ အရက်ကို သောက်ရဖို့အတွက် မည်သူကများ ဤမျှကံကောင်းနိုင်မလဲ။

သီချင်းသံ ထွက်ပေါ်လာချိန်တွင် မျက်စိကျိန်းဖွယ်အလင်းရောင်ကလည်း ဘား၏စင်မြင့်ထက်၌ ထွက်ပေါ်လာ၏။

ချန်းကျူးက လက်တစ်ဖက်တွင် ခြေတံရှည်အရက်ခွက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် အနီရောင်ကော့တေးကို ကိုင်ထား၏။

မျက်စိကျိန်းဖွယ်အလင်းရောင်အောက်၌ ချန်းကျူးသည် မှော်အတတ်ကို ခင်းကျင်းပြသနေသည့်အလား ခြေတံရှည်ခွက်နှင့် ကော့တေးကို လက်နှစ်ဖက်အကြား ကူးချည်သန်းချည် လဲနေပေသည်။

ထို့နောက် ခြေတံရှည်အရက်ခွက်ထဲ၌ မတူကွဲပြားသော ကော့တေးများကို ရောစပ်လိုက်၏။

ခြေတံရှည်အရက်ခွက်ထဲရှိ ဝီစကီများမှာလည်း အလျင်အမြန်ပင် အရောင်အသွေးစုံလင်ပြီး တောက်ပလာလေတော့သည်။

ဘုရားရေ လှလိုက်တာ...

ကြည့်ရှုနေသူများလည်း ထိတ်လန့်အံ့သြကုန်ကြသည်။ ဆယ်မိနစ်အကြာတွင် ကော့တေးနှစ်ခွက် အဆင်သင့်ဖြစ်နေလေပြီ။

ချန်းကျူးက ထိုကော့တေးနှစ်ခွက်ကို ကောက်ယူ၍ လင်ပန်းတစ်ခုပေါ်သို့ တင်ကာ အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်သည်။

"ဒီကော့တေးနှစ်ခွက်ကို 'အတူတကွပျံသန်းခြင်း'လို့ ခေါ်တယ်။ ကျွန်တော် ဒါကို ဘားထဲမှာရှိတဲ့ လေးစားရတဲ့ဧည့်သည်တော်နှစ်ယောက်ကို ပေးမှာပါ"

ချန်းကျူး၏စကားများကို ကြားသောအခါ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

အားလုံး၏မျက်လုံးများကလည်း လင်ပန်းပေါ်ရှိ ထိုကော့တေးနှစ်ခွက်ထံသို့ ရောက်သွားကြသည်။

ဝိုင်းနတ်ဘုရားရည်ညွှန်းချင်သည့် လေးစားရသော ဧည့်သည်တော်နှစ်ယောက်က ဘယ်သူလဲဆိုသည်ကို လူတိုင်း သိချင်နေကြသည်။

လင်ပန်းကိုကိုင်ထားသည့် ချန်းကျူးက စင်မြင့်ပေါ်မှတစ်ဆင့် တစ်လှမ်းချင်းလျှောက်လာပြီးနောက် ယဲ့ချန်းရှိရာဆီသို့ ဦးတည်သွားလေသည်။

လီနာခမျာ ပါးစပ်ကိုအုပ်ကာထားလိုက်မိပြီး ထိုအခိုက်အတန့်လေးတွင် သေချာသွားခဲ့သည်။

"လီထျန်းပဲဖြစ်ရမယ်။ သူ ငါ့ကို စပရိုက်အကြီးစားကြီးပေးချင်လို့ပဲဖြစ်ရမယ်"

"လီထျန်း ကျေးဇူးတင်ပါတယ်"

လီနာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ကိုယ့်ကိုကျေးဇူးတင်နေတာလား"

လီထျန်းကတော့ အံ့အားသင့်သွားသလို အနည်းငယ်လည်း စိတ်ရှုပ်ထွေးသွားရသည်။

ဝိုင်နတ်ဘုရားက အရက်မှာယူခြင်းကို တားမြစ်ထားသည့်အပြင် သူကိုယ်တိုင်ကလည်း ဝိုင်နတ်ဘုရားနှင့် ဘာပတ်သက်မှုမှမရှိထားချေ။

ဝိုင်နတ်ဘုရား ညွှန်းဆိုချင်သည့် အထူးဧည့်သည်တော်ဆိုသည်မှာ သူများ ဖြစ်နေမလား။

ဖြစ်နိုင်သည်။ သူ့တွင် ဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများ ရှိသည်ဖြစ်ရာ အထူးဧည့်သည်တော်ဟု ဆိုလျှင်လည်း မမှားပေ။

လီထျန်း၏အတွေးများမှာ တစ်ဖက်သတ်ဆန်လာလေသည်။ ဤအချိန်အခါမှာ ဟိတ်ဟန်ထုတ်သင့်သည့် အချိန်ကောင်းပင်မဟုတ်လား။

လီထျန်း ခပ်ဖွဖွပြုံးလိုက်သည်။

"ရှောင်နာ.. မင်း ကိုယ့်လက်ဆောင်ကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်"

ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဟူလိလိခမျာ သေမတတ်အားကျသွားသည်။

"ရှောင်ယာ တွေ့လား။ နင် လီထျန်းလို ရည်းစားမျိုးကို ရှာသင့်တာ။ သူ့ရည်းစားကို ကြည့်လိုက်။ ပြီးရင် နင့်ရည်းစားနဲ့ယှဉ်ကြည့်လိုက်စမ်းပါ"

သုန်းရှောင်ယာလည်း အားကျမိသော်ငြား တည်တည်ငြိမ်ငြိမ်တုံ့ပြန်လိုက်၏။

"ငါလိုချင်တာ ဒါမျိုးမဟုတ်ဘူး။ အားမကျပါဘူး"

"ကျစ် လာငြင်းနေသေးတယ်"

လီနာက စက်ဆုပ်ရွံရှာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။

ထိုအချိန်လေးတွင် ချန်းကျူးက လင်ပန်းကိုကိုင်၍ သူတို့နားသို့ ရောက်လာလေပြီ။

လီနာကလည်း စိတ်လှုပ်ရှားစွာဖြင့် အနားသို့ချဉ်းကပ်သွားလိုက်သည်။

"ဝိုင်နတ်ဘုရား.. ကျွန်မအတွက် ဒီအရက်ကိုစပ်ပေးလို့ ကျေးဇူးတင်ပါတယ်"

"ဘုရားရေ..ကံကောင်းသူလေးက ဟိုမိန်းကလေးပဲ"

"သူက အရမ်းကံကောင်းတာပဲနော်!"

"ငါသာဖြစ်လိုက်ပါတော့လား!"

အားကျနေလေဟန် စကားသံများက ပတ်ပတ်လည်မှ ထွက်ပေါ်လာသည်။

လီနာခမျာ ဘားထဲမှာ ဘုရင်မတစ်ပါးဖြစ်သွားသလို ခံစားလိုက်ရသဖြင့် ပို၍ပင် မာန်တက်သွားသည်။

"တောင်းပန်ပါတယ်။ ဒီကော့တေးက ခင်ဗျားအတွက်မဟုတ်ပါဘူး"

လီနာ စိတ်ကူးယဉ်နေဆဲမှာပင် အေးစက်စက်အသံတစ်သံက သူ(မ)နားထဲသို့ ရောက်လာသည်။

ချန်းကျူးက လင်ပန်းကိုကိုင်ထားရင်း သူ(မ)ကို ကျော်သွားပြီးနောက် သုန်းရှောင်ယာရှေ့တွင် ရပ်လိုက်သည်။

"မိန်းကလေး ဒီကော့တေးက မင်းအတွက် ကျွန်တော်စပ်ပေးထားတာပါ။ သဘောကျဖို့ မျှော်လင့်ပါတယ်"

"ကျွန်မအတွက်လား"

သုန်းရှောင်ယာခမျာ အကြောင်သားဖြစ်သွားလေသည်။ ထိုနေရာတစ်ခုလုံးလည်း လုံးဝတိတ်ဆိတ်သွားချေသည်။ ဤဇာတ်လမ်းအလှည့်အပြောင်းမှာ နည်းနည်းထူးဆန်းလှသည်။

"ဒီမိန်းကလေးကမှ တကယ်ကံကောင်းတဲ့လူပဲ"

"ဟိုမိန်းကလေးက တော်တော်ရယ်ရတယ်နော်။ ဒီကော့တေးကို သူ့အတွက်လို့ထင်နေတာ"

"ကောင်းလိုက်တဲ့လပါးဖြတ်ရိုက်ခံလိုက်ရတဲ့မြင်ကွင်းလေး.. အဲဒီမိန်းကလေးအတွက် စိတ်တောင်မကောင်းဘူး"

သူ(မ)အကြောင်း ပတ်ပတ်လည်က ဝေဖန်ပြောဆိုနေသည်ကို ကြားရသောအခါ လီနာ၏မျက်နှာမှာ ရဲရဲနီသွားပြီး တွင်းတစ်တွင်းရှာ၍ ပုန်းနေချင်စိတ်ပေါက်သွားသည်။

သုန်းရှောင်ယာကမူ ဝိုင်နတ်ဘုရားပေးလာသော ကော့တေးခွက်ကိုကြည့်ရင်း အနည်းငယ်အံ့သြမှင်တက်နေမိသည်။

ချန်းကျူး ခပ်ဖွဖွပြုံးလိုက်၏။

"ဒီကော့တေးကို ဥက္ကဋ္ဌယဲ့က ခင်ဗျားအတွက် ဖျော်ပေးခိုင်းထားတာပါ"

"ဘာ?"

လီနာခမျာ အထိတ်တလန့်ဖြစ်သွားလေသည်။ ဟူလိလိလည်း ကြက်သေသေသွားရှာသလို လီထျန်းလည်း အံ့သြသွားရသည်။

ဥက္ကဋ္ဌယဲ့တဲ့လား?

သူတို့ပြောနေတာ ယဲ့ချန်းလား?

လူတိုင်း၏မျက်လုံးက ယဲ့ချန်းထံသို့ ရောက်သွားလေသည်။

ထိုအခိုက်အတန့်ဝယ် ယဲ့ချန်းက လင်ပန်းပေါ်ရှိ ကော့တေးနောက်တစ်ခွက်ကို ကောက်ကိုင်လိုက်သည်။

"အားကျူး ကျေးဇူးပဲ။ ငွေစာရင်းဌာနကိုသွားပြီး ဒီလအတွက် ဘောနပ်စ်နှစ်ဆယူလိုက်"

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"

ချန်းကျူးက တလေးတစားပြောလိုက်သောအခါ လူတိုင်း လုံးဝထိတ်လန့်ကုန်ကြသည်။ တစ်နေရာလုံးလည်း တိတ်ဆိတ်သွားသည်။

ယဲ့ချန်းက ဘားပိုင်ရှင်များလား?

ဒရင်းမ်ဘားက ကျိုတိုမြို့မှာ အကြီးဆုံးဘားဟု လူသိများပြီး နှစ်စဉ်အမြတ်ငွေကလည်း ဘီလျံနှင့်ချီသည်။

သုန်းရှောင်ယာက ကော့တေးခွက်ကို ကောက်ကိုင်လိုက်၏။ ကော့တေးထဲတွင် အသရေတင့်တယ်စွာ ကနေသော ငှက်သေးသေးလေးတစ်ကောင် ရှိနေပေသည်။

ဤသည်မှာ အံ့သြဖွယ်ကောင်းလှသည်။

ချန်းကျုး ပြုံးလိုက်လေသည်။

"ဘော့စ်.. ဒီအရက်ကို 'အတူတကွပျံသန်းခြင်း'လို့ ခေါ်ပါတယ်။ ခင်ဗျား မိန်းကလေးနဲ့အတူ ခွက်ချင်းယှက်ပြီး မသောက်ချင်ဘူးလား"

"ဟုတ်တယ်။ ခွက်ချင်းယှက်ပြီးသောက်ကြပါ!"

"ခွက်ချင်းယှက်ပြီး သောက်ကြပါ"

"ခွက်ချင်းယှက်ပြီး သောက်ကြပါ!"

ထိုနေရာရှိ မိန်းကလေးများအားလုံးက သုန်းရှောင်ယာကို မနာလိုအားကျစွာ ကြည့်နေမိကြသည်။

သူတို့အားလုံးက အထက်တန်းလွှာများ၊ လုပ်ငန်းစုကြီးများ၏ အမွေဆက်ခံသူများဖြစ်ကြသော်လည်း ဝိုင်နတ်ဘုရားကိုယ်တိုင်ဖျော်ပေးထားသော အရက်ကို သောက်ရခြင်းမှာမူ အလွန်ရှားလှသည်။

ယဲ့ချန်း သုန်းရှောင်ယာကို လှည့်ကြည့်လိုက်သည်။ သုန်းရှောင်ယာ၏မျက်ဝန်းထဲ၌ ရှက်ရိပ်သမ်းနေချေသည်။ သို့သော် ရှက်ရဲရဲဖြင့် ခေါင်းညိတ်ပြလိုက်ဆဲသာ။

သူတို့နှစ်ယောက်သား လက်မောင်းချင်းချိတ်၍ ကော့တေးကို မော့သောက်လိုက်ကြသည်။

ကော့တေးမှာ ချိုမြမြလေးဖြစ်ပြီး ခါးသက်မှုနည်းနည်းမှမပါဘဲ အလွန်အရသာရှိလှသည်။ ကြည့်ရှုနေသူအပေါင်းမှာ လက်ခုပ်သြဘာပေးလိုက်ကြသည်။

"သူက တော်တော်ကံကောင်းတာပဲ"

"ဟုတ်တယ်။ ငါ့မှာလည်း အဲဒီလိုခန့်ညားပြီး ဂရုစိုက်ပေးတတ်တဲ့ကောင်လေးမျိုး ရှိရင်ကောင်းမှာပဲ"

"အိုး..သူက သူများရည်းစားဖြစ်နေတာတော့ နှမြောစရာပဲ"

ဘေးပတ်ပတ်လည်ရှိ မိန်းကလေးများထံမှ အားကျနေဟန်စကားသံများ ပဲ့တင်ထပ်လာသည်။

လီနာ၊ ဟူလိလိနှင့် လီထျန်းတို့ခမျာ စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ဘဲ ဘားတစ်ခုလုံး၏အာရုံစိုက်မှုကို ရရှိသွားသော လူနှစ်ယောက်ကို မနာလိုအားကျစွာ ငေးကြည့်ရင်း ဘေးနားမှာသာ ကိုးရိုးကားရားမတ်တတ်ရပ်နေခဲ့သည်။

အစောပိုင်းတုန်းက သူတို့ ယဲ့ချန်းကို ဘယ်လိုလှောင်ပြောင်ခဲ့သလဲဆိုသည်ကို သတိရလိုက်မိသောအခါ သုံးယောက်လုံး ရှက်သွားလေတော့သည်။

*************

All Chapters